← Chapters

ပထမဘဝ

Vol. 80 Ch. 1101

ပထမဘဝ

Vol. 80 Ch. 1101

ထို ရှေးဆန်သည့် စကားသံကြီးမှာ တိုးလွန်းနေ၏။ ၎င်းမှာ အဆုံးမရှိလောက်အောင် ကျယ်ပြောသည့် စကြဝဠာကြီးထဲ၌ နှစ်ပေါင်းမြောက်မြားစွာ ကျော်ဖြတ်လာခဲ့ပြီးနောက် သံသရာစက်ဝန်းထဲသို့ ရောက်ရှိလာသည့်အလားပင်။ ထို့နောက် ၎င်းမှာ မှောင်မိုက်နေသည့် ဟင်းလင်းပင်ကြီးထဲ၌ ပဲ့တင်ထပ်သွားပြီး ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲ၌ ပြည့်နှက်သွားတော့သည်။

ထိုစကားသံမှာ သူ၏ ဝိညာဉ်နှင့် ထိသွားသည့်ပုံပင်။ ထို့ကြောင့် ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲ၌ တုန်ခါမှုလှိုင်းများ ပေါ်ပေါက်လာရ၏။ အစတွင် ထို တုန်ခါမှုလှိုင်းများမှာ အားပျော့နေခဲ့ပါသော်လည်း ပဲ့တင်ထပ်သံများ ရောက်ရှိလာသည်နှင့် ၎င်းတို့မှာလည်း တဖြည်းဖြည်းနှင့် ပို၍ အားကောင်းလာ၏။ နောက်ဆုံးတွင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှာ အပြင်းအထန်တုန်ရီသွားပြီး သူ၏ အသိစိတ်မှာ ပြန်လည် နိုးထလာတော့သည်။ သူ၏ မျက်လုံးများမှာလည်း ပြန်ပွင့်လာ၏။

သူ မြင်လိုက်ရသည့်အရာမှာ ကံကြမ္မာဂြိုဟ် မဟုတ်သလို ကံကြမ္မာစာအုပ်လည်း မဟုတ်သည့်အပြင် ကောင်းကင်ဘုံဓမ္မသခင်ကြီးလည်း မဟုတ်ပေ။ ၎င်းမှာ... ကြယ်တာရာများဖြင့် ပြည့်နှက်နေသည့် ကောင်းကင်ကြီးတစ်ခုဖြစ်သည်။

ဝင်းလက်တောက်ပနေသည့် ကြယ်အလင်းရောင်များနှင့် မရေမတွက်နိုင်လောက်အောင်များပြားသည့် ကြယ်များမှာ အတူတကွ ပေါင်းစည်းကာ မျက်စိတစ်ဆုံး ကျယ်ပြောနေသည့် အာကာသကောင်းကင်ကြီးတစ်ခုအား ဖန်တီးပေးထားခြင်းဖြစ်သည်။

ထို အခြင်းအရာများမှာ တမူထူးခြားနေခြင်းတော့မရှိပေ။ ထို အာကာသကောင်းကင်ကြီးမှာ အလွန်အင်မတန်မှ လှပပါသော်လည်း ဝမ်ပေါင်လဲ့မှာ အဆုံးမဲ့တာအိုနယ်မြေထဲရှိ စကြဝဠာကြီးထဲ၌ ပျံသန်းသွားလာနေခဲ့စဉ်တုန်းက အလားတူ အာကာသကောင်းကင်ကြီးများကို မြင်ဖူးထားခဲ့ပြီးသားဖြစ်သည်။

သို့သော်... ၎င်းမှာ အနည်းငယ်ခန့် ကွဲပြားနေ၏။ ဤ အာကာသကောင်းကင်ကြီးမှာ အခြား အာကာသကောင်းကင်ကြီးများထက် ပို၍ နောက်ကျိနေသလို ပို၍လည်း ကျယ်ပြောနေ၏။ ထို့အပြင် အရာအားလုံးမှာ ရှေးဆန်သည့် အငွေ့အသက်များဖြင့် ပြည့်နှက်နေသေးသည်။ သို့ဖြစ်ရာ အကယ်၍ လူတစ်ယောက်မှာ ထို အာကာသကောင်းကင်ကြီးအား ကြည့်နေမည်ဆိုပါက မျက််စိတစ်မှိတ်အတွင်း အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားသည့်အလား ခံစားလိုက်ရမည်ဖြစ်သလို မိမိမှာ ဖုန်မှုန့်တစ်မှုန့်ကဲ့သို့ သေးဖွဲ့သိမ်နုပ်နေသည့်အလား ခံစားလိုက်ရမည်လည်း ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ အသက်မပါသည့် မျက်ဝန်းများဖြင့် ထို အခြင်းအရာများအားလုံးကို ကြည့်နေ၏။ သူ၏ အသိစိတ်မှာ ပဲ့တင်ထပ်သံများကြောင့် နိုးထလာပြီဖြစ်ပါသော်လည်း သူ၏ မှတ်ဉာဏ်များမှာ အပြည့်အဝ ပြန်လည်ပေါ်ပေါက်လာခြင်း မရှိသေးပေ။ သူသည် ကောင်းကင်ဘုံဓမ္မသခင်ကြီး၏ အကူအညီဖြင့် သူ၏ အတိတ်ဘဝများထဲသို့ ပြန်ရောက်သွားခဲ့သည့် အချက်ကိုသာ မှတ်မိနေသည်။ ထို ဖြစ်စဉ်ကြီးတစ်ခုလုံးမှာ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့သည့် အလားပင်။ သူသည် မကြာသေးမီတုန်းကမှ သူ၏ အသိစိတ် အောက်သို့ နစ်ဝင်သွားသည့်အလား ခံစားလိုက်ရကာ အတိတ်ဘဝများထဲသို့ ပြန်ရောက်သွားခဲ့ခြင်းဖြစ်ပြီး ယခု မျက်လုံးများ ပြန်ပွင့်လာချိန်တွင် ဤ အာကာသကောင်းကင်ကြီးအား မြင်လိုက်ရခြင်း ဖြစ်သည်။

သို့သော် ဝမ်ပေါင်လဲ့တစ်ယောက် ထိုကဲ့သို့ ရီဝေဝေဖြစ်နေစဉ် သူ၏ အတိတ်ဘဝ ခုနစ်ဆယ့်ရှစ်ခုထဲမှ မှတ်ဉာဏ်များမှာ သူ၏ အသိစိတ်ထဲ၌ ပေါ်ပေါက်လာ၏။ ဘဝ တစ်ခုချင်းစီတိုင်း၏ မှတ်ဉာဏ်များမှာ သူ၏ အသိစိတ်ထဲ၌ လျှပ်စီးတန်းများ ပေါက်ကွဲသွားသည့်အလား ပေါ်ပေါက်လာခြင်းဖြစ်သည်။ ထို့နောက် ၎င်းတို့မှာ အချက်အလက်များနှင့် ပုံရိပ်များအဖြစ် ပြောင်းလဲသွားကာ သူ၏ အသိစိတ်ထဲ၌ ပြည့်နှက်သွားသည်။

ထိုသို့ တစ်ကြိမ်ပြီးတစ်ကြိမ် ဖြစ်နေပြီး နောက်ဆုံးတွင် ခုနစ်ဆယ့်ရှစ်ဘဝစလုံးထဲမှ မှတ်ဉာဏ်များအားလုံး ပြန်လည် ပေါ်ပေါက်လာတော့သည်။ ထိုအခါ ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံးတုန်ရီသွား၏။ သူ၏ မျက်နှာအမူအရာမှာ နာကျင်မှုဝေဒနာများ ခံစားနေရသည့်ပုံ ပေါက်နေသည်။ ထိုနာကျင်မှုဝေဒနာများမှာ သူ၏ စိတ်ခံစားချက်များကြောင့် ထွက်ပေါ်လာခြင်းမဟုတ်ဘဲ မှတ်ဉာဏ်အမြောက်အမြား သူ၏ အသိစိတ်ထဲသို့ ရုတ်ခြည်းဆိုသလို ဝင်ရောက်လာသောကြောင့် ထွက်ပေါ်လာခြင်းသာ ဖြစ်သည်။ သူသည် အသိစိတ်တစ်ခုလုံး တစ်စစီ ဆုတ်ဖြဲခံနေရပြီး ပေါက်ကွဲသွားတော့မည့်အလား ခံစားနေရ၏။

" စွန်းသဲ့ "

" စွန်းသဲ့ "

" စွန်းသဲ့ "

ဝမ်ပေါင်လဲ့မှာ ထိုနာမည်အား အဆက်မပြတ် အော်ဟစ်နေ၏။ ၎င်းမှာ သူ၏ အတိတ်ဘဝ ခုနစ်ဆယ့်ရှစ်ခုစလုံးထဲ၌ ပေါ်ပေါက်လာခဲ့သည့် တစ်ဦးတည်းသောပုဂ္ဂိုလ် ဖြစ်သည်။

ပို၍ တိတိကျကျ ဆိုရလျှင် ထို ဘဝ ခုနစ်ဆယ့်ရှစ်ခုစလုံးထဲတွင် ဝမ်ပေါင်လဲ့အပြင် စွန်းသဲ့ ရှိနေခြင်းဖြစ်၏။ သူသည် ဘဝတစ်ခုပြီးတစ်ခု ပြောင်းလဲသွားတိုင်း စွန်းသဲ့၏ ဘဝအမျိုးမျိုးအား ကျော်ဖြတ်ခဲ့ရခြင်း ဖြစ်သည်။ သို့ဖြစ်ရာ သူသည် လမ်းကြောင်းတစ်ခုနှင့် အခွင့်အရေးတစ်ခုအား လိုက်လံရှာဖွေနေခဲ့သည့် အလားပင်။

ဝိညာဉ်အကြွင်းအကျန်အား ပြန်လည်နိုးထလာအောင်လုပ်နိုင်မည့် အခွင့်အရေးတစ်ခု ဖြစ်ပေသည်....

ဝမ်ပေါင်လဲ့မှာ တဆစ်ဆစ် နာကျင်ကိုက်ခဲနေသည့် သူ၏ နဖူးအား လက်ဖြင့် ဖိထား၏။ အတိတ်ဘဝမှ မှတ်ဉာဏ်များ ဒလဟော ပြန်လည်စီးဝင်လာသည့် အချက်ကြောင့် သူ၏ မျက်ဝန်းများထဲတွင်လည်း အနီရောင် သွေးကြောကြီးများဖြင့် ပြည့်နှက်နေပြီဖြစ်သည်။ သို့သော် သူသည် ထို မှတ်ဉာဏ်များအားလုံးကို အတူတကွပေါင်းစည်းကာ ၎င်းတို့အား ပြန်မှတ်မိအောင်လုပ်လိုက်သဖြင့် သူ၏ အသိစိတ်မှာလည်း တဖြည်းဖြည်းနှင့် ပြန်၍ ကြည်လင်ပြတ်သားလာ၏။ နောက်ဆုံးတွင် သူသည် မျက်လုံးများ မှေးသွားပြီး ဝင်းလက်တောက်ပသွားတော့သည်။

ယခုတွင် သူသည် အရာအားလုံးကို ရှင်းလင်းပြတ်သားစွာ နားလည်သွားပြီဖြစ်သည်။

ရှေးဟောင်းနတ်ဝိဇ္ဇာကြီး၏ ဝိညာဉ်အကြွင်းအကျန်ဖြစ်သော စွန်းသဲ့မှာ သူ၏ ဒုတိယဘဝကတည်းက ပြန်လည်နိုးထလာနိုင်ရန် ကြိုးစားနေခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ခုနစ်ဆယ့်ကိုးခုမြောက် ဘဝသို့ ရောက်သွားသည့်အချိန်အထိ သူ ပြန်လည်နိုးထလာနိုင်မည့် အခွင့်အရေးမှာ ပေါ်ပေါက်လာခဲ့ခြင်းမရှိပေ။ ဝမ်ရီရီနှင့် သူမ၏ ဖခင် ပေါ်ပေါက်လာခဲ့ပါသော်လည်း ထို ဝိညာဉ်အကြွင်းအကျန်မှာ နိုးထလာခဲ့ခြင်း မရှိပေ။ ထို့အပြင် ၎င်းမှာ ဤ ကမ္ဘာကြီးထဲမှ လုံးဝ ပျောက်ကွယ်သွားခဲ့၏။

ထိုသို့ဖြင့် စွန်းသဲ့၏ အဆုံးမရှိသော သံသရာစက်ဝန်းကြီးမှာလည်း အဆုံးသတ်သွားခဲ့ရသည်။

ထိုသို့ အဆုံးသတ်သွားခဲ့ပြီးနောက် ကမ္ဘာကြီးတစ်ခုလုံးမှာ အမှောင်ဖုံးသွားပြီး သက်ရှိများအားလုံး သေဆုံးပျောက်ကွယ်သွားရမည်ဖြစ်သည်။ သို့သော်လည်း ဝမ်ရီရီ၏ ဒဏ်ရာများနှင့် သူတို့ သားအဖနှစ်ယောက် ရောက်ရှိလာမှုကြောင့် ထိုအရာများအားလုံးမှာ ပြောင်းလဲသွားခဲ့ရခြင်း ဖြစ်သည်။

ထို့ကြောင့်လည်း ဤစကြဝဠာကြီး၏ ရှစ်ဆယ်ခုမြောက် ဘဝထဲတွင် ဝမ်ပေါင်လဲ့မှာ ရှုယင်လင်း၏ အတိတ်ဘဝကို အသုံးပြု၍ အိပ်မက်ပူစည်ဖောင်းများကို မြင်ခဲ့ရခြင်း ဖြစ်သည်။ သူသည် ၎င်းမှာ လောကကြီး ပထမဆုံးအကြိမ်အဖြစ် ပေါ်ပေါက်လာခဲ့သည့်အချိန် ဖြစ်မည်ဟု တွေးမိလိုက်၏။

ထို ပူစည်ဖောင်းများ၏ နောက်မှ ပေါ်ပေါက်လာခဲ့သည့် စာကြောင်းများ၊ ရုပ်ပုံများ၊ မှိုပွင့်များ၊ လိပ်ပြာများနှင့် အခြားအရာများမှာမူ လောကကြီး တဖြည်းဖြည်းနှင့် ရှင်သန်ကြီးထွားလာပြီး အရောင်အသွေး စုံလင်လာခြင်း ဖြစ်ရပေမည်။

" ဒီ စကြဝဠာကြီးထဲက နောက်ဆုံး ဘဝဆယ်ခုကို ဝမ်ရီရီနဲ့ သူ့ရဲ့အဖေက ဖန်တီးထားတာပဲ... " ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်တည်းရေရွတ်မိလိုက်၏။ ထို့နောက် သူသည် ' အထက်သုံးပေအကွာမှာ ဘုရားသခင်စောင့်ကြည့်နေတယ် ' ဆိုသည့် စကား၏ အဓိပ္ပါယ်အား နားလည်သွားတော့သည်။

ဝမ်ရီရီ၏ ဖခင်ဖြစ်သူ၏ ရည်မှန်းချက်ပန်းတိုင်ကိုလည်း ဝမ်ပေါင်လဲ့က သိထားပြီးဖြစ်သည်။ ၎င်းမှာ ဝမ်ရီရီ၏ ဒဏ်ရာများကို ကုသပေးရန်ဖြစ်၏။ သူတို့ သားအဖနှစ်ယောက် ဤ စကြဝဠာကြီးထဲ၌ ဘဝများ ဖန်တီးနိုင်စွမ်း ရှိနေရခြင်းမှာ... စွန်းသဲ့ သူ၏ ခုနစ်ဆယ့်ကိုးခုမြောက် ဘဝထဲ၌ သေဆုံးမသွားခင် အချိန်တုန်းက ပြောခဲ့သည့် စကားများကြောင့် ဖြစ်ပေသည်။

သူသည် ဝမ်ရီရီ၏ အသက်အား ကယ်တင်ပေးမည်ဟု သူမ၏ ဖခင်ဖြစ်သူအား ကတိပေးခဲ့သည်မဟုတ်ပါလော။

ဝမ်ပေါင်လဲ့မှာမူ သူ၏ ဒုတိယဘဝနှင့် ရှစ်ဆယ့်ကိုးခုမြောက် ဘဝကြားရှိ ဘဝများအားလုံး၏ မှတ်ဉာဏ်များအားလုံးကို အတူတကွ ပေါင်းစည်းလိုက်ပြီးနောက် နောက်ဆုံးတွင် သူသည် စွန်းသဲ့အပေါ် အကြွေးတင်နေသည်ဖြစ်ကြောင်း နားလည်သွားသည်။

စွန်းသဲ့မှာ သူ၏ ခုနစ်ဆယ့်ကိုးခုမြောက် ဘဝထဲ၌ သေဆုံးမသွားခင်တုန်းက အမွေအနှစ်တစ်မျိုးအား သူ့ဆီသို့ လွှဲပြောင်းပေးခဲ့သည် မဟုတ်ပါလော။ ထိုသို့သာ လွှဲပြောင်းပေးခဲ့ခြင်းမရှိပါက ဝမ်ပေါင်လဲ့မှာ အနက်ရောင် သစ်သားပျဉ်ပြားလေးတစ်ချောင်းအဖြစ် စကြဝဠာကြီးထဲ၌ မျောလွင်နေဦးမည်သာ ဖြစ်သည်။ ထို့အပြင် သူသည် ကမ္ဘာကြီးထဲ၌ စတင် ပေါ်ပေါက်လာသည့် အချိန်ကတည်းက အသိစိတ်တစ်မျိုး ပိုင်ဆိုင်ထားပြီးသား ဖြစ်ပါသော်လည်း ဘဝအစစ်အမှန်တစ်ခုအား ပိုင်ဆိုင်ခွင့်ရမည် မဟုတ်ပေ။

သွေးနီရောင် ကင်းခြေများကြီး၏ မူလဇာစ်မြစ်နှင့် ပတ်သက်၍မူ ဝမ်ပေါင်လဲ့မှာ ဖြစ်နိုင်ခြေနှစ်ခုအား ခန့်မှန်းမိထား၏။ သူသည် အတိအကျ မသိပါသော်လည်း ထို နှစ်ခုထဲမှ တစ်ခုမှာ မှန်ကန်နေလိမ့်မည်ဟု ယုံကြည်ထားသည်။

" ပထမ ဖြစ်နိုင်ခြေက... လော့နဲ့ဂူ အင်မော်တယ်အမွေအနှစ်အတွက် မရေမတွက်နိုင်လောက်တဲ့ ဘဝတွေထဲမှာ အားပြိုင်ခဲ့ပြီးတော့ နောက်ဆုံးမှာ လော့က အနိုင်ရရှိသွားခဲ့ပေမယ့် ဂူရဲ့ ဝိညာဉ်အကြွင်းအကျန်က လွတ်မြောက်သွားခဲ့တာ။ အဲတာမလို့ လော့ရဲ့ နတ်ဝိဇ္ဇာရာထူးက ပြီးပြည့်စုံမှု မရှိဘူး။ ဂူ မသိလိုက်တဲ့ အချက်က... သူ့ရဲ့ ဝိညာဉ်အကြွင်းအကျန်ထဲမှာ လော့ရဲ့ စိတ်ဆန္ဒအမျှင်အတန်းတစ်ခု ရှိနေသေးတယ်ဆိုတဲ့ အချက်ပဲ။ ဘာအကြောင်းကြောင့်မှန်း မသိပေမဲ့... အဲဒီ စိတ်ဆန္ဒက အသိစိတ်တစ်ခုကို မွေးဖွားပေးခဲ့တာ "

" ဒုတိယ ဖြစ်နိုင်ခြေကတော့... " ဝမ်ပေါင်လဲ့မှာ စိတ်ကို တည်ငြိမ်အောင်ထား၍ သူ၏ ဒုတိယဘဝအား ပြန်စဉ်စားကြည့်လိုက်၏။ ထိုအခါ သူသည် ထိုဘဝထဲ၌ သွေးနီရောင်အမျှင်အတန်း အော်ပြောခဲ့သည့် စကားအား ပြန်၍ မှတ်မိသွားသည်။

" နတ်ဝိဇ္ဇာတစ်ပါးကို ဖိနှိပ်ချုပ်တည်းရဲတယ်ပေါ့ ... " ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်တည်းရေရွတ်လိုက်၏။ ၎င်းမှာ ဒုတိယဖြစ်နိုင်ခြေ၏ သဲလွန်စဖြစ်သည်။

" ဒုတိယ ဖြစ်နိုင်ခြေကတော့... အဲဒီ သွေးနီရောင်အမျှင်အတန်းက လော့ရဲ့ စိတ်ဆန္ဒ မဟုတ်ဘူးဆိုတဲ့ အချက်ပဲ။ အဲဒီ အမျှင်အတန်းက... လော့နဲ့ဂူ သံသရာစက်ဝန်းတစ်လုံး လိုချင်တပ်မက်နေခဲ့ကြတဲ့ နတ်ဝိဇ္ဇာအမွေအနှစ်ပဲ။ အဲဒီ နတ်ဝိဇ္ဇာအမွေအနှစ်ဆီမှာ ဝိညာဉ်တစ်ခု ရှိရင်ရှိနေနိုင်သလို ရှိချင်မှလည်းရှိမှာ။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ထူးခြားတဲ့ တိုက်ဆိုင်မှုတစ်ခုကြောင့် အဲဒီ အမွေအနှစ်က အသိစိတ်တစ်ခုကို ဖွားမြင်ပေးခဲ့တာပဲ။ ငါ မြင်ခဲ့ရတဲ့ ကင်းခြေများကြီးကတော့ ပုံသဏ္ဍာန်အစစ်အမှန် မဟုတ်ဘဲ သင်္ကေတတစ်ခုကိုပဲ ကိုယ်စားပြုတာ "

ဝမ်ပေါင်လဲ့မှာ ထိုသို့ စဉ်းစားတွေးတောကြည့်လိုက်ပြီးနောက် နှုတ်ဆိတ်သွား၏။ သူ၏ ခန့်မှန်းချက် နှစ်ခုစလုံးမှာ မှန်ကန်နိုင်ခြေရှိပေသည်။ ထို့ကြောင့် သူသည် ဆုံးဖြတ်ချက် မချနိုင်ဘဲ ဖြစ်နေရ၏။ ထိုသို့ဖြင့် သူ အသေးစိတ်အချက်အလက်များကို သေသေချာချာ ပြန်စဉ်းစားကြည့်ရန် ပြင်လိုက်စဉ်မှာပင်... သူ၏ နှလုံးသားမှာ ရုတ်တရက်ဆိုသလို တုန်ရီသွား၏။ ထို့ကြောင့် သူသည် ခေါင်းမော့ကြည့်လိုက်သောအခါ ခပ်လှမ်းလှမ်းရှိ နောက်ကျိနေသော အာကာသကောင်းကင်ကြီးထဲတွင် အလင်းရောင်ပင်လယ်တစ်စင်းအား မြင်လိုက်ရသည်။

ထို အလင်းရောင်များမှာ မျက်စိတစ်ဆုံး ဖုံးလွှမ်းနေသလို ဖိနှိပ်အားကောင်းသည့် အငွေ့အသက်တစ်မျိူးကိုလည်း ထုတ်လွှတ်နေသေးသည်။ ၎င်းမှာ အာကာသကောင်းကင်ကြီးအား ဖြတ်သန်းလာနေ၏။ သေသေချာချာကြည့်လိုက်မည်ဆိုပါက ထို အလင်းရောင်ပင်လယ်ကြီးထဲတွင် စကြဝဠာကြီးတစ်ခု ရှိနေသည်ကို မြင်လိုက်ရမည်ဖြစ်သည်။ ထို စကြဝဠာကြီးမှာ အဆုံးအစမရှိလောက်အောင် ကြီးမားနေပြီး ၎င်းထဲ၌ အံ့ဩတုန်လှုပ်ဖွယ်ရာ တုန်ခါမှုလိုင်းများဖြင့် ပြည့်နှက်နေသေးသည်။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ နောက်သို့ လှည့်ကြည့်လိုက်သဖြင့် သူ၏ နောက်ရှိ စကြဝဠာကြီးထဲတွင် အဖြူရောင် ဧရာမသားရဲကြီးတစ်ကောင် ပေါ်ပေါက်လာပြီး အော်ဟစ်မြည်တမ်းနေသည်ကို မြင်လိုက်ရသည်။

၎င်းမှာ ဝေလငါးကြီးတစ်ကောင်နှင့် တူပြီး သူ၏ ရှေ့တွင် ရှိနေသည့် အလင်းရောင်ပင်လယ်ကြီးနီးပါး အရွယ်အစားကြီးမား၏။ သေသေချာချာ ကြည့်လိုက်မည်ဆိုလျှင် ၎င်း၏ ခန္ဓာကိုယ်ထဲတွင် ကုန်းမြေတိုက်ကြီးတစ်တိုက် ရှိနေသည်ကို မြင်လိုက်ရမည်ဖြစ်သည်။ မရေမတွက်နိုင်လောက်အောင် များပြားသည့် ကျင့်ကြံသူများမှာ ထို ကုန်းမြေတိုက်ကြီးထဲမှ ပျံထွက်လာကြပြီး ဧရာမ သားရဲကြီး၏ အသွေးအသားများအဖြစ် ပြောင်းလဲသွားကြ၏။ ထို အသွေးအသားများမှာ သားရဲကြီးအား နတ်ဘုရားများကိုပင် တုန်လှုပ်ချောက်ချားသွားစေနိုင်သည့် စွမ်းအားများကို ပေးစွမ်းနေသည်။

မျက်စိတစ်မှိတ်အတွင်းတွင် ထို ဧရာမသားရဲကြီးနှင့် အလင်းရောင်ပင်လယ်ကြီးတို့မှာ ဝင်တိုက်မိသွားကြ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့၏ ရှေ့၌ စကြဝဠာကြီး တစ်ခုလုံးအား တုန်လှုပ်သွားစေသည့် တိုက်ပွဲကြီးတစ်ခု ပေါ်ပေါက်လာတော့သည်။ ထိုအခါမှသာ ဝမ်ပေါင်လဲ့မှာ သူ သူ၏ ပထမဘဝထဲ၌ မြင်နေရသည့်အရာအား နားလည်သွား၏။

၎င်းမှာ...ဒုတိယသံသရာစက်ဝန်း၏ အစ၌ ပေါ်ပေါက်လာခဲ့သည့် ပထမ စကြဝဠာကြီးနှင့် ဒုတိယစကြဝဠာကြီးတို့၏ ချေမှုန်းရေးတိုက်ပွဲကြီး ဖြစ်ပေသည်။ ၎င်းမှာ... လွန်ခဲ့သည့် နှစ်ပေါင်းများစွာတုန်းက ဖြစ်ပွားခဲ့သည့် အဆုံးမဲ့တာအိုနယ်မြေနှင့် ကျယ်ပြန့်တာအိုနယ်မြေ၏ ကြားမှ စစ်ပွဲကြီး ဖြစ်ပေသည်။

ယခုတွင် စစ်မြေပြင်ပေါ်၌ ရှိနေသည့် ဝမ်ပေါင်လဲ့မှာ ထို စကြဝဠာကြီးနှစ်ခု၏ ကြားမှ စစ်ပွဲကြီးအား မျက်ဝါးထင်ထင် ကြည့်ရှုနေရခြင်းဖြစ်သည်။ သူသည် ထို စစ်ပွဲကြီး၏ အစမှ အဆုံးအထိ ကြည့်ရှုနေခဲ့သောကြောင့် လူပေါင်းများစွာ သေဆုံးသွားကြသည့် မြင်ကွင်းများနှင့် ရူးသွပ်ဖွယ်ရာ မြင်ကွင်းများကို မြင်ခဲ့ရသည်။

ကျယ်ပြန့်တာအိုနယ်မြေနှင့် အဆုံးမဲ့တာအိုနယ်မြေတို့ နှစ်ခုစလုံးမှာ အစွမ်းကုန်ထုတ်၍ တိုက်ခိုက်ခဲ့ကြ၏။ ၎င်းတို့မှာ အလွန်အင်မတန်မှ အစွမ်းထက်လွန်းနေသောကြောင့် ဝမ်ပေါင်လဲ့မှာ နှလုံးသားတစ်ခုလုံး တဆတ်ဆန်တုန်ရီလာရသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဝမ်ရီရီ၏ ဖခင် ရှေးဟောင်းနတ်ဝိဇ္ဇာ၏ ဝိညာဉ်အကြွင်းအကျန်ဖြစ်သော စွန်းသဲ့အား ပြောပြခဲ့သည့် လျှို့ဝှက်ချက်ကို မှတ်မိနေသောကြောင့်ပင်။

ထို အဆုံးမဲ့တာအိုနယ်မြေမှာ အဆုံးမဲ့တာအိုနယ်မြေ အစစ် မဟုတ်ပေ။

ထို စကားလုံးများ သူ၏ အသိစိတ်ထဲ၌ ပဲ့တင်ထပ်သွားချိန်တွင် ဝမ်ပေါင်လဲ့မှာ စစ်ပွဲထဲ၌ အရေးနိမ့်နေသည့် အဖြူရောင် ဧရာမသားရဲကြီးထဲရှိ ကျင့်ကြံသူများအားလုံး ဒူးထောက်ကာ ရှိခိုးဦးညွှတ်လိုက်ကြသည်ကို မြင်လိုက်ရသည်။

သူတို့ရှိခိုးနေသည့် အရာမှာ ရုပ်တုတစ်ခု ဖြစ်၏။

ပို၍ တိတိကျကျဆိုရလျှင် အဘိုးကြီးတစ်ယောက်၏ ရုပ်တုတစ်ခု ဖြစ်သည်။

၎င်းမှာ ကျယ်ပြန့်တာအိုနယ်မြေထဲ၌ ပထမဆုံး ပေါ်ပေါက်လာခဲ့သည့် ကျင့်ကြံသူကြီး ဖြစ်၏။ သူသည် ကျယ်ပြန့်တာအိုနယ်မြေထဲတွင် အားအကောင်းဆုံး စိတ်ဆန္ဒအား ပိုင်ဆိုင်ထားသည်။ ထို့အပြင် သူ့ဆီတွင် နာမည်မရှိဘဲ ဘွဲ့တစ်ခုသာ ရှိပေသည်။

၎င်းမှာ... ကျယ်ပြန့်ခေါင်းဆောင်ကြီး ဖြစ်၏။

All Chapters