နှလုံးသွေး မြေခခဲ့သော နှစ်ပေါင်းနှစ်သောင်း
Vol. 47 Ch. 634
ပထမလူသားဧကရာဇ်မှာ ငိုင်ငိုင်ကြီး ကျန်ခဲ့သည်။ ချင်မူ၏ တရစပ်တိုက်ကွက်များကြောင့် စိတ်နှင့်ကိုယ် ပြန်မကပ်သေးသကဲ့သို့ ထင်ရသော်လည်း ချင်မူ သူ၏ကျင့်စဉ်နှင့် ကောင်းကင်နတ်သိုင်းများကို မသင်ချင်၍ ယခုလို ဖြစ်နေမှန်း ဒုတိယဘိုးဘေးကြီးနှင့် ကျန်ရှိသူများ သိကြလေသည်။ ရှင်းရှင်းပြောရလျှင် ချင်မူ၏ ငြင်းဆန်မှုကြောင့် ပထမလူသားဧကရာဇ် ငိုင်သွားခြင်းဖြစ်၏။
သူ၏မူလရည်ရွယ်ချက်က ချင်မူ့ကို လှုံ့ဆော်ပေးပြီး အလားအလာများ တိုးတက်လာအောင် လေ့လာခွင့်ပေးပြီးမှ သူ၏ကိုယ်ပိုင်ကျင့်စဉ်နှင့် ကောင်းကင်နတ်သိုင်းများအား သင်ပေးရန် ဖြစ်သည်။
ချင်မူသည် သူ့ကြောင့် အမှန်တကယ် တက်ကြွလာခဲ့ပြီး ထိုက်ဧကရာဇ်ကောင်းကင်ဘုံသို့ပင် သက်စွန့်ဆံဖျား ဝင်သွားခဲ့သည်။ အခက်အခဲများကို ကျော်လွှား၍ သေဘေးအန္တရာယ်များကိုလည်း အကြိမ်ပေါင်းများစွာ ရင်ဆိုင်ခဲ့သည်။ နောက်ဆုံးတွင် ချင်မူ၏ကျင့်စဉ်သည် လမ်းစဉ်အဆင့်သို့ ရောက်ရှိသွား၍ အဆင့်တူတွင် သူ၏ပြိုင်ဘက် ဖြစ်လာနိုင်ခဲ့၏။ တခြားလူတစ်ယောက်သာဆိုလျှင် ထိုက်ဧကရာဇ်ကောင်းကင်ဘုံမှ အသက်ရှင်လျက် ပြန်ထွက်လာရန်ပင် ခက်ခဲလိမ့်မည်။ အန္တရာယ်က စိတ်ကူးဖြင့် မှန်းဆမကြည့်နိုင်လောက်အောင် များပြားလှသည်။
သို့သော် ချင်မူက များစွာအားထုတ်ပြီးနောက် ‘အချိန်ပေးဖို့ မတန်ဘူး’ ဟူသော စကားတစ်ခွန်းဖြင့် သူ၏ကျင့်စဉ်နှင့် ကောင်းကင်နတ်သိုင်းများအား ငြင်းပယ်ခဲ့သည်။
သူ၏ကျင့်စဉ်နှင့် ကောင်းကင်နတ်သိုင်းတို့အား သင်ယူရန် ရွံရှာခြင်းလား၊ သို့မဟုတ် သူ၏လုပ်ရပ်များအား ရွံရှာခြင်းလား။
နှစ်ခုလုံးပဲလား။
လူသားဧကရာဇ်များ တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီးနောက်ဆုံးတွင် ဒုတိယဘိုးဘေးကြီးအား ကြည့်လိုက်ကြသည်။ သူတို့အားလုံး လက်ညှိုးများဖြင့် သူ့ခါးကို လှမ်းတို့လိုက်ကြ၏။
ဒုတိယလူသားဧကရာဇ်မှာ ရှေ့သို့ မလျှောက်ချင်၊ လျှောက်ချင်ဖြင့် လျှောက်သွားသည်။ “အဘိုးကြီး... ခင်ဗျားက ကျုပ်ထက်တောင် ငယ်တဲ့ပုံပေါ်သေးတယ်.... ဆရာ၊ လူသားဧကရာဇ်ချင်မှာလည်း သူ့မာနနဲ့သူ ရှိပါတယ်... ကျုပ်တို့ သွေး၊ ချွေး၊ မျက်ရည်တွေကို ဆရာ မဖျက်စီးခဲ့ရင်၊ ကျုပ်အရိုးစုနဲ့ ကမ္ဗည်းကျောက်စာတိုင်ကို မရိုက်ချိုးခဲ့ရင် သူ ဒီလိုလုပ်မှာမဟုတ်ပါဘူး... နောင်တရမနေပါနဲ့... သူ မသင်ချင်ရင်လည်း ကျုပ်ကို သင်ပေးပေါ့”
ပထမလူသားဧကရာဇ်က သူ့ကို တစ်ချက်ကြည့်၍ ခေါင်းယမ်းလိုက်၏။ “နှစ်ပေါင်းရှစ်ရာ အချိန်ပေးခဲ့တာတောင် မင်းက တတ်မှမတတ်တာ.... မင်းအပေါ်မှာ ငါ မျှော်လင့်ချက်မရှိတော့ဘူး.. လောကသခင်ခန္ဓာနဲ့ လူသားဧကရာဇ်ချင်ကတော့ လပိုင်းလောက်နဲ့ တတ်သွားနိုင်တယ်“
ဒုတိယလူသားဧကရာဇ် ဒေါသတကြီး လှည့်ပြန်လာသည်။ “စော်ကားလိုက်တာ... ငါ သူ့ကို ဆက်နားမချနိုင်တော့ဘူး... နားချင်သပဆို မင်းတို့ဘာသာ သွားချကြ... ဒီလိုစိတ်မျိုးနဲ့ သေတဲ့အထိ ရိုက်သတ်ခံလိုက်ရသင့်တာ”
ကျန်လူသားဧကရာဇ်များ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။
ပထမလူသားဧကရာဇ်က လျှောက်လာသည်။ စောစောက သူ၏တွေဝေမှု၊ စိတ်ပျက်မှုအားလုံး ပျောက်ကွယ်သွားချေပြီ။ “ဒီနေရာက နန်းဆောင် ၃၆ ခု ထဲက ကျောက်စိမ်းလင်းရောင်နန်းဆောင်ပဲ... မင်းတို့အားလုံးက လူသားဧကရာဇ်တွေဆိုပေမယ့် လူသားဧကရာဇ်ခန်းမအနားပဲ ရောက်ဖူးကြတယ်.... ငါ မင်းတို့ကို ကျောက်စိမ်းလင်းရောင်နန်းဆောင်ဆီ ခေါ်သွားပေးမယ်... လိုက်ခဲ့ကြ”
လူသားဧကရာဇ်အားလုံး ဇဝေဇဝါ ဖြစ်သွားကြသည်။ စောစောကလေးတင် ပထမလူသားဧကရာဇ်သည် စိတ်ဓာတ်ကျနေခဲ့သော်လည်း ယခုတွင် သူတို့အား ကျောက်စိမ်းလင်းရောင်နန်းဆောင်ဆီသို့ ခေါ်သွားပေတော့မည်။ ပထမလူသားဧကရာဇ် မည်သို့တွေးတောနေမှန်း သူတို့ မသိတော့ပေ။
သို့သော် ပထမလူသားဧကရာဇ် မမှားပေ။ သူတို့အားလုံး အသက်ရှိစဉ်က လူသားဧကရာဇ်ခန်းမသို့ မကြာခဏ ရောက်လာခဲ့သော်လည်း ခန်းမအကြောင်း များများစားစား မသိခဲ့ပေ။ လူသားဧကရာဇ်ခန်းမ၏ နေရာဟင်းလင်းပြင်မှာ သူတို့ မြင်နေရသော ဤမြေပြင်သာ မဟုတ်ကြောင်း ခံစားခဲ့ရသော်လည်း မြူခိုးများအပြင်သို့ ထွက်လိုက်တိုင်း လူသားဧကရာဇ်ခန်းမအရှေ့သို့ ပြန်ရောက်လာတတ်သည်။
ပျံသန်းလျှင်ဖြစ်စေ၊ အသားကုန်ပြေးလျှင်ဖြစ်စေ၊ ရလဒ်က အတူတူပင်။ လူသားဧကရာဇ်ခန်းမသာ သူတို့အရှေ့၌ ပြန်ပြန်ပေါ်လာတတ်၏။ မည်သည့်အရပ်မျက်နှာဘက်သို့ သွားသွား၊ ထိုအတိုင်းသာ လည်နေတတ်သည်။
ထိုအချိန်တုန်းက လူသားဧကရာဇ်ခန်းမ၏ လျှို့ဝှက်ချက်များကို အခြားသူများ ရှာမတွေ့စေချင်ခဲ့သော လူတစ်ယောက်က အားကောင်းလှသော မှော်စွမ်းအင်ဖြင့် လူသားဧကရာဇ်ခန်းမ၏ ပတ်ဝန်းကျင်ဟင်းလင်းပြင်ကို ခေါက်ထားခဲ့ခြင်း ဖြစ်ကြောင်း သူတို့ သဘောပေါက်ခဲ့ကြ၏။ ထိုလူမှာ ပထမလူသားဧကရာဇ်သာ ဖြစ်နိုင်ပေသည်။
ပထမလူသားဧကရာဇ်တွင် ကျောက်စိမ်းလင်းရောင်နန်းဆောင်ကို ဝှက်ထားခဲ့သော အကြောင်းရင်းရှိလျှင် အဘယ့်ကြောင့် ယခုမှ နန်းဆောင်ကို ပြန်ဖွင့်နေသနည်း။
ပထမလူသားဧကရာဇ်က သူတို့ကို ရှေ့သို့ ခေါ်သွားသည်။ “ကျောက်စိမ်းလင်းရောင်နန်းဆောင်က အာဏာသိပ်ရှိတဲ့ နေရာတော့ မဟုတ်ဘူး.. ဒါပေမဲ့ ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံမှာ အမြင့်စံနေရာတစ်နေရာပဲ... ပညာသင်ကြားရတဲ့ နန်းဆောင်ဖြစ်ပြီး ကောင်းကင်ဆရာသခင်လေးဦး ခန့်အပ်ထားတယ်... ကပ်ဆိုးကြီး ဖြစ်တဲ့နေတုန်းက ငါ ဒီမှာ ပညာသင်နေခဲ့တာ”
ဒုတိယဘိုးဘေးကြီးက တခဏတွေးကာ ပြောလေသည်။ “ကောင်းကင်ဆရာသခင်တစ်ယောက်က သစ်ခုတ်သမားပုံစံနဲ့လား... ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ တည်ထောင်သူဂိုဏ်းသခင်က သူ့ကို သူတော်စင်လို့ ထင်နေတယ်”
ပထမဘိုးဘေးကြီးက ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်.... ကပ်ဆိုးကြီးဖြစ်တော့ သူက ကျောက်စိမ်းလင်းရောင်နန်းဆောင်ကနေ ရှေ့တန်းဆီ ထွက်သွားပြီး စစ်ပွဲအတွက် ဗျူဟာတွေခင်းခဲ့တယ်.... ကျောက်စိမ်းလင်းရောင်နန်းဆောင်မှာ ပြောင်းလဲမှုတစ်ခု ဖြစ်တော့ သူ သေသွားပြီလို့တောင် ငါ ထင်ခဲ့တာ... သူက ငါ စစ်ဝင်မတိုက်မှန်း သိတော့ ထွက်သွားတယ်.... အဲဒီအချိန်ကတည်းက ငါ့ကို လျစ်လျူရှုထားတာပဲ”
“ကျောက်စိမ်းလင်းရောင်နန်းဆောင်မှာ ပြောင်းလဲမှုတစ်ခုဖြစ်တယ်ဟုတ်လား”
လူသားဧကရာဇ်အားလုံး သိချင်နေကြသည်။ တတိယဘိုးဘေးကြီးက မေးလေသည်။ “ပထမဘိုးဘေးကြီး၊ ဘာပြောင်းလဲမှု ဖြစ်သွားတာလဲ”
ပထမဘိုးဘေးကြီးက သူ့မေးခွန်းကို အဖက်မလုပ်ဘဲ ရှေ့ဆက်လျှောက်သွားသည်။ ရုတ်တရက် မြူခိုးများ လွင့်ပျယ်သွားပြီး ခံ့ညားထည်ဝါသောမြင်ကွင်းတစ်ခု သူတို့မျက်စိရှေ့တွင် ပေါ်လာ၏။ ကောင်းကင်နန်းဆောင်အစုအဝေးများ သူတို့အရှေ့၌ ရှိနေချေသည်။ အဆောက်အဦးများ၊ စံအိမ်များက အတန်းလိုက် အထပ်ထပ် စီတန်းနေကြ၏။ နွေဦးပေါက်စရာသီ၏ အငွေ့အသက်များလည်း နေရာတိုင်းတွင် ရစ်ဝဲနေ၏။
ခံ့ညားလှပသော အဆောက်အဦးများမှာ ဆယ့်ခြောက်နှစ်ရွယ် မိန်းမပျိုလေးများနှင့်တူပြီး နန်းဆောင်များ၏ လေသာဆောင်များမှာ အလှဆင်ဖဲကြိုးများ ဆင်မြန်းထားသကဲ့သို့ ဖြစ်နေသည်။ တံခါးဝများမှ စာအုပ်နံ့၊ စက္ကူနံ့များ သင်းပျံ့နေပြီး ကျောင်းသူကျောင်းသားတို့၏ စာဖတ်သံများပင် ခပ်သဲ့သဲ့ ကြားယောင်လာရသည့်အလား ထင်ရသည်။
လူသားဧကရာဇ်များ ဇဝေဇဝါ ဖြစ်သွားကြသည်။ ဤနေရာတွင် စစ်ပွဲဖြစ်ပွားခဲ့သော အရိပ်အယောင်တစ်စက်မှ မရှိပေ။ ကောင်းကင်နတ်သိုင်းကြောင့် ပျက်စီးခဲ့ရသည့် အနေအထားလည်း မတွေ့ရ။
နန်းဆောင်များ၊ အဆောက်အဦးများ၊ စံအိမ်များနှင့် စေတီအားလုံးသည် မကြာသေးခင်ကမှ တည်ဆောက်ထားသကဲ့သို့ သစ်လွင်နေသည်။ အချိန်၏တိုက်စားမှုဒဏ် ခံခဲ့ရဟန်လည်း မတူ။
ဤသည်မှာ မဖြစ်နိုင်သောအရာပင်။
ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံမှာ ဖျက်စီးခဲ့ရပြီး ကျောက်စိမ်းလင်းရောင်နန်းဆောင်၏အပြင်တွင် စစ်ပွဲ၏အကြွင်းအကျန် ခြေရာလက်ရာများအား မြင်ရနိုင်သည်။ တိုက်ပွဲကျသွားသည့် နတ်ဘုရားတို့၏ အုတ်ဂူများ၊ မီးလောင်ကျွမ်းနေသည့် မြေပြင်များလည်း ရှိနေရာ အဘယ်သို့ပြု၍ ဤနေရာမှာ စစ်ဘေးမသင့်ဘဲ နေမည်နည်း။
ပထမဘိုးဘေးကြီးက စကားတစ်ခွန်းမပြောဘဲ ရှေ့မှ လျှောက်သွားပြီး ခန်းမကြီးတစ်ခုအား ဖြတ်လာကြသည်။ ခန်းမထဲတွင် ဖျာများ ခင်းထားပြီး လူငယ်များ၊ မိန်းမငယ်လေးများ ထိုင်နေကြ၏။ သူတို့က သင်ခန်းစာ နားထောင်နေသကဲ့သို့ ခေါင်းမော့ထားကြသည်။
လူသားဧကရာဇ်အားလုံး ပြင်းပြင်းထန်ထန် တုန်လှုပ်သွားကြ၏။ ဤလူငယ်များနှင့် မိန်းမငယ်လေးများသည် အသက်ရှိနေသည့်အလား ထင်ရသော်လည်း သေဆုံးသွားခဲ့သည်မှာ နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာခဲ့ချေပြီ။
ခန်းမ၏အရှေ့တွင် စာပေသမားတစ်ယောက်၏ ဟန်ပန်မျိုးဖြင့် နတ်ဘုရားတစ်ပါး ရှိသည်။ သူက လက်တစ်ဖက် မြှောက်ထားပြီး ထိုင်နေသော လူငယ်လေးများအား ကောင်းကင်နတ်သိုင်းများနှင့်ပတ်သက်၍ ဟောပြောပို့ချနေသယောင် ထင်ရ၏။
ဤနတ်ဘုရားမှာလည်း အလောင်းသာ ဖြစ်သည်။ အသက်တစ်စက်မှ မရှိပေ။
“အလောင်းတွေက မဆွေးသွားပါလား... ဘာဖြစ်နေတာလဲ” လူသားဧကရာဇ်ချီကန်းက ခပ်တိုးတိုး မေးလိုက်သည်။
မည်သူမျှ ပြန်မဖြေပေ။
လမ်းတွင် ပို၍ပင်ထူးဆန်းသော မြင်ကွင်းများအား သူတို့တွေ့ခဲ့ရသည်။ လမ်းထောင့်တွင် ကျစ်ဆံမြီးလေးနှစ်ချောင်းဖြင့် ကလေးမတစ်ယောက် ပြေးနေသောအနေအထားဖြင့် ရပ်တန့်နေသည်ကို မြင်ရ၏။ သူမက အနက်ရောင်နတ်ခွေးလေးတစ်ကောင်နောက် လိုက်နေပြီး ထိုနတ်ခွေးလေးမှာ အလွန်စနောက်တတ်ဟန်တူသည်။ သူက ကလေးမလေးအား သူ့နောက် လိုက်ခွင့်ပြုထားပြီး သူ့မျက်လုံးထဲတွင် ကျီစယ်နေသောအရိပ်အယောင်ပင် ထင်ဟပ်နေ၏။ ကလေးမလေးကလည်း ပြုံး၍ လက်ခုပ်လက်ဝါးတီးကာ တစ်ခုခုပြောနေသယောင် ရှိသည်။
သို့သော် ဤကလေးမလေးနှင့် နတ်ခွေးလေးမှာ တောင့်တင်းနေသည်။ နှစ်ယောက်လုံး ထိုအခိုက်အတန့်တွင် သေဆုံးသွားခြင်းဖြစ်၍ မသေခင်တုန်းက လှုပ်ရှားမှုများအတိုင်း ရပ်တန့်နေခြင်း ဖြစ်၏။
လူသားဧကရာဇ်အားလုံး ဘေးဘီဝဲယာကြည့်ရင်း ပိုမိုတုန်လှုပ်လာကြသည်။
မလှမ်းမကမ်းတွင် စာပေသမားပုံစံနှင့် နတ်ဘုရားတစ်ပါး ရှိပြီး သူ့အရှေ့၌ မိန်းကလေးတစ်ယောက် ရပ်နေသည်။ မိန်းကလေးက လက်ထဲတွင် စာအုပ်များစွာ သယ်ထားပြီး စာပေသမားအား မော့ကြည့်ကာ ခက်ခဲသော မေးခွန်းတချို့ မေးနေဟန်တူသည်။
ခြံဝင်းထဲ၌ ကောင်းကင်နတ်သိုင်း ကျင့်ကြံနေသည့် လူငယ်များလည်း ရှိကြသည်။ လူငယ်နှစ်ယောက်က နှစ်ယောက်ချင်း သိုင်းပြိုင်နေ၏။ တိုက်ခိုက်တော့မည့် ကိုယ်အနေအထား၊ မုဒြာလက်ဟန်တို့ ဖွဲ့တည်ထားရာ မုဒြာကောင်းကင်နတ်သိုင်း ထုတ်လွှတ်နေကြပုံရသည်။ သူတို့ဘေးတွင် လူငယ်များ ရပ်နေကြသည်။ သူတို့က ပြုံးရယ်နေကြပြီး ခေါင်းချင်းဆိုင်ကာ မည်သူက ပိုသန်မာကြောင်း ဆွေးနွေးနေကြဟန်တူ၏။
လူသားဧကရာဇ်အားလုံး အကြည့်လွှဲပြီး ရင်ထဲရှိ တုန်လှုပ်မှုများကို မြိုသိပ်ကာ ပထမဘိုးဘေးကြီးနောက် ဆက်လိုက်သွားကြသည်။
ပိုမိုမြင်ရလေလေ၊ သူတို့အားလုံး အံ့ဩရလေလေပင်။ ဤနေရာတွင် အချိန်မှာ ရပ်တန့်ခံထားရသည့်အလား ထင်ရသည်။ အသံတစ်သံမှလည်း မရှိပေ။ ဤနေရာရှိ လူအားလုံးသည် မသေခင် နောက်ဆုံးလှုပ်ရှားခဲ့သော အမူအရာအတိုင်း ရပ်တန့်ခံထားရ၏။
တိတ်ဆိတ်နေသည်။
မဖော်ပြတတ်လောက်အောင် တိတ်ဆိတ်နေသည်။
တိတ်ဆိတ်မှုက သူတို့အား မွန်းကြပ်လာစေ၏။
“ကျောက်စိမ်းလင်းရောင်နန်းဆောင်မှာ ပညာသင်ကြားဖို့ ရောက်လာသူတိုင်းက ခိုင်ဧကရာဇ်ကောင်းကင်းနတ်ဘုံရဲ့ လူငယ်မျိုးဆက်ကြားမှာ ပါရမီရှင်တွေချည်းပဲ.... ကပ်ဆိုးကြီး ဖြစ်ပွားတော့ တခဏအတွင်း ခိုင်ဧကရာဇ်ခေတ်၏ မျိုးဆက်သစ်အားလုံး အသတ်ခံလိုက်ရတယ်”
ပထမဘိုးဘေးကြီးက မှင်သေနေသော အမူအရာဖြင့် ပြောလေသည်။ “ဒီနေရာကို တိုက်ခိုက်ခဲ့တဲ့လူက ယိုတုကောင်းကင်နတ်သိုင်းကို သုံးသွားခဲ့တာ... ကောင်းကင်နတ်သိုင်းလေး တစ်ခုတည်းနဲ့ ခိုင်ဧကရာဇ်ခေတ်ရဲ့ မျှော်လင့်ချက်အားလုံး ရိုက်ချိုးပစ်ခဲ့တာပဲ.... ငါကတော့ ကံကောင်းလို့ ထွက်ပြေးနိုင်ခဲ့တယ်... နောက်ကိုတောင် လှည့်မကြည့်ရဲခဲ့ဘူး... အသည်းအသန်ပဲ ပြေးနေခဲ့မိတာ... ငါ့ကိုယ်ငါ ငါ့တာအိုနှလုံးသားက ခိုင်မာလှပြီ၊ ဘယ်သူ့မှာ ငါ့ကို ကြောက်အောင် မခြောက်နိုင်ဘူးထင်ခဲ့ပေမယ့်... ငါ့မိတ်ဆွေတွေ၊ လူငယ်တွေ၊ နတ်ဘုရားတွေ သေနေတာ မြင်တော့ ငါ ပြိုလဲသွားခဲ့တယ်... အဲဒါကြောင့်....”
လူသားဧကရာဇ်အားလုံး တိတ်ဆိတ်သွားကြသည်။ ယခုလို တမုဟုတ်ချင်း ပြောင်းလဲသွားမှုအား ရင်ဆိုင်ရသည့်အခါ မည်သူက မပြိုလဲဘဲ ရှိမည်နည်း။
“ငါ ထွက်ပြေးတယ်... ဘာကိုမှ မတွေးနိုင်ခဲ့ဘူး... မိသားစုကို ဆုံးရှုံးလိုက်ရတဲ့ ခွေးတစ်ကောင်ကို ကြောက်လန့်တကြား ပြေးနေခဲ့မိတယ်”
ပထမဘိုးဘေးကြီး၏အသံက ဩရှနေ၏။ “လမ်းမှာ ငါတို့ကို ကယ်ဖို့ ရောက်လာတဲ့ စစ်တပ်နဲ့ တွေ့ပေမယ့် ငါ လုံးဝကြောက်နေခဲ့တာ... သူတို့နဲ့ မပူးပေါင်းဘဲ ငါ ဆက်ပြီးပြေးခဲ့တယ်... အသိစိတ်ပြန်ဝင်တဲ့အချိန်မှာတော့ ငါ့မှာ ပြေးစရာနေရာမရှိတော့ဘူး... ဘယ်ကို ငါ သွားနိုင်မှာမလို့လဲ... ဒီတော့ ငါ လှည့်ပြန်ခဲ့တယ် ... ဒါပေမယ့်...”
သူ့မျက်နှာမှာ အတန်ငယ် ရှုံ့မဲ့လာသည်။ သူ့နှလုံးသားထဲရှိ နာကျင်မှုအား မည်သူမှ ခံစားနိုင်မည်မဟုတ်ပေ။ သူက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ “သူတို့အလောင်းတွေကို ငါ မြင်ခဲ့ရတယ်... ငါ သူတို့နဲ့အတူ တိုက်ခိုက်ခဲ့သင့်တာ... သူတို့နဲ့အတူ ဒီနေရာမှာ သေခဲ့သင့်တာ.... ဒါပေမဲ့ ထွက်ပြေးခဲ့မိတယ်... ငါကတော့ အသက်ရှင်နေပေမယ့် သူတို့ကတော့ ဒီမှာ ထာဝရမြှုပ်နှံခံလိုက်ရပြီ...”
သူ့မှာ မျက်ရည်မကျအောင် ထိန်းနေသဖြင့် ပခုံးနှစ်ဖက်လုံး တုန်ရီနေသည်။ “ဒီမှာ တဝဲလည်လည် လျှောက်သွားရင်း ငါ့အတွက် အသက်ရှင်ရမယ့် အကြောင်းရင်း မတွေ့တော့ဘူး... သူတို့နဲ့အတူ သေချင်လာတယ်... ဒါပေမဲ့ အဲဒီအချိန်မှာ အသက်ရှင်ဖို့ ထွက်ပြေးနေကြတဲ့ မျိုးနွယ်စုတွေကို မြင်လိုက်ရတယ်... ကောင်းကင်နတ်သိုင်းပညာရှင်တချို့ကလည်း သာမန်လူတွေကို ကယ်တင်ရင်း ကာကွယ်ပေးနေကြတယ်... ဒါကြောင့် ငါ သူတို့ကို ဦးဆောင်ပြီး အခြေချနိုင်မယ့် နေရာတစ်နေရာ ရှာတွေ့တဲ့အထိ ကာကွယ်ပေးခဲ့တယ်
“အကြာကြီး လိုက်ရှာပြီးနောက်ဆုံးမှာတော့ ကောင်းကင်နတ်ဘုံ ပြုတ်ကျသွားတဲ့ နေရာကို ရှာတွေ့ခဲ့တယ်... အားလုံး ငါ့ကို ကျေးဇူးတင်ကြတာပေါ့... ပြေးရလွန်းလို့ မောပန်းနေတဲ့ အဲဒီလူတွေဟာ သူတို့ရဲ့ နောက်ဆုံးလက်ကျန် ရတနာတွေ သုံးပြီး လူသားဧကရာဇ်တံဆိပ်တုံးတစ်ခု သွန်းလုပ်ပေးခဲ့တယ်... ငါ့ကျေးဇူးကို မျိုးရိုးစဉ်ဆက် အမှတ်ရနေပါ့မယ်၊ ဘယ်တော့မှ သစ္စာမဖောက်ပါဘူးလို့ သစ္စာဆိုခဲ့ကြတယ်... ဒါပေမဲ့ ဘယ်သူသိမလဲ... ငါက သူတို့အလိုရှိတဲ့ လူသားဧကရာဇ်မဟုတ်ဘူးဆိုတာ... ငါဆိုတဲ့ကောင်က ကြောက်အားလန့်အား ထွက်ပြေးခဲ့တဲ့ တပ်ပြေးလေးတစ်ယောက်ထက် မပိုဘူး”
သူက သူ့ကိုယ်သူ ဟားတိုက်ရယ်၍ ခေါင်းယမ်းလိုက်သည်။ “အခြေအနေကြောင့် သူရဲကောင်းဖြစ်လာခဲ့ပေမယ့် ငါ သူရဲကောင်းမလုပ်ချင်ခဲ့ဘူး... လူသားဧကရာဇ် မဖြစ်ချင်ခဲ့ဘူး... သူတို့က ငါ့ကို ဒီနေရာဆီ တွန်းပို့ခဲ့တာ”
ဒုတိယဘိုးဘေးကြီးက မေးလိုက်သည်။ “ဒါဆို နောက်ပိုင်း ကျုပ်ကို တပည့်အဖြစ် လက်ခံပြီး လူသားဧကရာဇ်တံဆိပ်တုံး ပေးခဲ့တာက ခင်ဗျားကိုယ်ခင်ဗျား လူသားဧကရာဇ်တံဆိပ်တုံးနဲ့ မထိုက်တန်ဘူး ထင်လို့လား”
ပထမလူသားဧကရာဇ်က ခေါင်းညိတ်လိုက်သည်။
သူက ကိုးထပ်အဆောင်တစ်ဆောင် အရှေ့သို့ သွား၍ မော့ကြည့်လိုက်သည်။ “ဒါက ကျောက်စိမ်းလင်းရောင်စံအိမ်ပဲ... ထိုက်ဧကရာဇ်ကောင်းကင်ဘုံထက် ပိုကောင်းတဲ့ ခိုင်ဧကရာဇ်ခေတ်ရဲ့ ကျင့်စဉ်တွေ၊ ကောင်းကင်နတ်သိုင်းတွေ ရှိတယ်... မင်းတို့အားလုံး ဝင်ပြီး စိတ်တိုင်းကျသာ လေ့လာလိုက်”
ထို့နောက် သူက ဝမ်းနည်းကြေကွဲနေသော အမူအရာဖြင့် ကျောက်စိမ်းလင်းရောင်စံအိမ်၏ လှေကားထစ်များအပေါ် ထိုင်ချလိုက်ပြီး ကျောက်စိမ်းလင်းရောင်စံအိမ်အရှေ့၌ သေဆုံးသွားကြသည့် မျက်နှာများအား ကြည့်နေ၏။ နှစ်ပေါင်းနှစ်သောင်းတိုင်တိုင် ကြာခဲ့ပြီဖြစ်သော်လည်း သူတို့နာမည်များအား သူ မှတ်မိနေသေးသည်။
ဒုတိယဘိုးဘေးကြီးနှင့် ကျန်ရှိသူများက ကျောက်စိမ်းလင်းရောင်စံအိမ်ထဲသို့ မဝင်ဘဲ သူ့ကို ကြည့်ကြသည်။
ရုတ်တရက် ဒုတိယဘိုးဘေးကြီးက ခါးသီးနေသောအသံဖြင့် မေးလိုက်သည်။ “ဆရာ၊ ဆရာ့မှာ ပိုကောင်းတဲ့ ကျင့်စဉ်တွေ ကောင်းကင်နတ်သိုင်းတွေ ရှိရဲ့သားနဲ့ ဘာကြောင့် ကျုပ်ကို မသင်ပေးခဲ့တာလဲ... ဘာကြောင့် ဒီကမ္ဘာပေါ်က လူသားတွေကို မသင်ပေးခဲ့တာလဲ... ခင်ဗျားကယ်တင်ခဲ့တဲ့ လူအားလုံးက သာမန်လူတွေလို့ ထင်တာလား.... ဒီသနားစရာကောင်းတဲ့ လူတွေက ခင်ဗျားကျင့်စဉ်တွေနဲ့ မထိုက်တန်လို့လား”
သူက ခနဲ့သလို ကျယ်လောင်စွာ အော်ပြောလိုက်တော့သည်။ “ဟုတ်တာပေါ့... ခင်ဗျားက မျိုးနွယ်စုအားလုံး လေးစားကြတဲ့ လူသားဧကရာဇ်ကြီးလေ... ကျုပ်တို့က ခင်ဗျားကယ်ခဲ့တဲ့ သာမန်လူဆင်းရဲတွေကိုး... ခင်ဗျားရဲ့ တော်ဝင်သွေးဆက်နဲ့ ဘယ်ယှဉ်နိုင်ပါ့မလဲ... ခင်ဗျားက ဟိုးအမြင့်က မင်းသား၊ ကျုပ်တို့က အုတ်ကြားမြက်ပေါက်တွေဆိုတော့ ခင်ဗျားကျင့်စဉ်နဲ့ ဘယ်တန်ပါ့မလဲ... ခင်ဗျားသာ သင်ပေးချင်တဲ့စိတ်ရှိရင် လွန်ခဲ့တဲ့ နှစ်နှစ်သောင်းထဲက သင်ပေးပြီးနေပြီ... ဘာကြောင့် မသင်ပေးခဲ့တာလဲ”
သူ့မှာ ရင်ထဲရှိ နာကြည်းမှုအား မမြိုသိပ်ထားနိုင်တော့ပေ။ “ခင်ဗျား ထွက်သွားတော့ ကျုပ် အထက်ကောင်းကင်ဘုံကို တစ်ယောက်တည်း တိုက်ခိုက်ခဲ့တာ ခင်ဗျားသိလား... ကျုပ် သူတို့လက်ထဲမှာ ခဏခဏ သေရမလို ဖြစ်ခဲ့ရတယ်... ဒါပေမဲ့ ခင်ဗျား ကျုပ်ကို ပေးခဲ့သမျှက သုံးစားမရတဲ့ တံဆိပ်တုံးတဲ့လေ... ကျုပ်က လူသားဧကရာဇ်၊ လူသားမျိုးနွယ်အတွက် တစ်ခုခုလုပ်ပေးသင့်တယ်ဆိုတဲ့ ခံစားချက်ကြောင့်သာ ကျုပ် ဆက်အားတင်းနိုင်ခဲ့တာ... ခင်ဗျား ကျုပ်ကို သင်ပေးခဲ့သင့်တယ်”
ပထမလူသားဧကရာဇ် ငိုင်ကျသွားသည်။
ဒုတိယလူသားဧကရာဇ်က ကျန်လူသားဧကရာဇ်များဆီသို့ လက်ညှိုးထိုးပြရင်း ဒေါသတကြီး ပြော၏။ “ဒီလူတွေ .... သူတို့လည်း ခင်ဗျားရဲ့ ချီးတံဆိပ်တုံးကို လက်ခံခဲ့ရတယ်... ခင်ဗျားအတွက် သူတို့အိပ်မက်တွေကို စွန့်လွှတ်ပြီး တစ်သက်လုံး တိုက်ခိုက်ခဲ့ကြရတယ်... တစ်ဘဝလုံး ကြိုးစားခဲ့ကြရတယ်... သူတို့ထဲမှာ အိမ်ထောင်ကျတဲ့သူ၊ ကလေးမွေးတဲ့သူတောင် မရှိဘူး.... ဘာကြောင့်လဲသိလား.... လူသားဧကရာဇ်ဆိုတဲ့ အဆင့်အတန်းက သူတို့မျိုးဆက်အပေါ် ထိခိုက်မှာစိုးလို့ပဲ... ချစ်သူထားရင် လူသားဧကရာဇ်တစ်ယောက်ရဲ့ တာဝန်ဝတ္တရားတွေကို လစ်ဟင်းစေမှာစိုးလို့ မထားခဲ့ကြဘူး... ဒါပေမဲ့ ခင်ဗျားကရော၊ ခင်ဗျားက တစ်သက်လုံး ပုန်းနေခဲ့တယ်... နှစ်နှစ်သောင်းတိုင်တိုင် ပုန်းနေခဲ့တယ်... ခင်ဗျားက ကျုပ်တို့ကို ပစ်ထားခဲ့တာ”
ပထမလူသားဧကရာဇ်၏ ခန္ဓာကိုယ် တုန်ရီသွားသည်။ သူက ခေါင်းယမ်းပြ၏။ “ငါ သင်ပေးလို့ မဖြစ်လို့ပါ... ခိုင်ဧကရာဇ်ခေတ်က ကျန်ခဲ့လူတွေ နည်းနည်းပဲ ရှိတယ်လေ.... ငါ မင်းတို့ကို သင်ပေးလိုက်ရင် မင်းတို့ကို လာသတ်ကြလိမ့်မယ်”
သူက ခေါင်းမော့လိုက်ပြီး သူ့မျက်လုံးများတွင် မျက်ရည်များ ပြည့်နေသည်။ “ငါ မင်းတို့ကို သင်ပေးလိုက်ရင် မင်းတို့အားလုံး ဒုက္ခရောက်လိမ့်မယ်.... ငါ မသင်ပေးနိုင်ဘူး...”
ဒုတိယဘိုးဘေးကြီး မှင်သက်သွားသည်။ အတန်ကြာသော် သူက ခါးသီးစွာ ပြောလိုက်၏။ “အခု ကျုပ်တို့လည်း သေနေပြီ၊ မူလဝိညာဉ်တွေပဲ ကျန်တော့တယ်... အခုမှ ခင်ဗျား ကျုပ်တို့ကို သင်ပေးလို့လည်း ဘာထူးတော့မလဲ”
ပထမလူသားဧကရာဇ်က မျက်နှာကို လက်ဖြင့် အုပ်ထားပြီး အက်ကွဲနေသော အသံဖြင့် ပြောလေသည်။ “ကျောက်စိမ်းလင်းရောင်နန်းဆောင်မှာ ရုပ်ခန္ဓာတွေ အများကြီးရှိတယ်.... သူတို့သေခဲ့ရတာ မြန်လွန်းတော့ ရုပ်ခန္ဓာတွေ မပုပ်သိုးသွားဘူး... မင်း၊ မင်းတို့အားလုံး သူတို့ကိုယ်ထဲ ဝင်လိုက်ကြပါ... လူသားဧကရာဇ်ချင် မင်းတို့ကို လိုတယ်... သူတစ်ယောက်ပဲ လူသားဧကရာဇ်ဖြစ်လာဖို့ ထိုက်တန်တယ်... သွားကြတော့ သွားကြတော့၊ ငါ မင်းတို့ကို မကြည့်ပါရစေနဲ့”
ဒုတိယဘိုးဘေးကြီးနှင့် ကျန်ရှိသူအားလုံး ငေးကြောင်သွားကြသည်။ ရုတ်တရက် ဒုတိယဘိုးဘေးကြီးက ဒူးထောက်ချလိုက်၏။ “ဆရာ”
ကျန်လူသားဧကရာဇ်များလည်း ဒူးထောက်လိုက်ကြပြီး သူတို့ ခေါင်းပြန်မော့သည့်အချိန်တွင် ပထမလူသားဧကရာဇ်က မျက်နှာကို အုပ်ကာ ထွက်သွားချေပြီ။
“ပထမဘိုးဘေးကြီး ပြန်လာဦးမှာလား” ရီရှန်းက မေးလိုက်၏။
ဒုတိယဘိုးဘေးကြီး၏ ရင်ထဲတွင် ခံစားချက်များ လေးလံနေသည်။ “သူက လူသားဧကရာဇ်ချင်အပေါ် မျှော်လင့်ထားပေမယ့် ငါတို့ သူ့မိတ်ဆွေဟောင်းတွေရဲ့ ခန္ဓာကိုယ်ထဲ ဝင်သွားမှာ ဘယ်မြင်ချင်ပါ့မလဲ... ပြန်လာပါ့မလား ငါ မပြောတတ်ဘူး... သူ ပြန်လာပြီး ငါတို့မျက်နှာတွေကို မြင်ရင် သူ့မိတ်ဆွေဟောင်းတွေကို သတိရနေလိမ့်မယ်”