တောင်ပင်လယ်၏ သန္ဓေပြောင်းသတ္တဝါများ
Vol. 47 Ch. 635
ချင်မူ လူသားဧကရာဇ်ခန်းမအပြင်သို့ ရောက်သည့်အချိန်တွင် ကောင်းကင်က မှောင်နေပြီဖြစ်သည်။ သူ့ခေါင်းထက်၌ ကြယ်တာရာများ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေ၏။
ချင်မူ ဟင်းခနဲ သက်ပြင်းချလိုက်ရင်း ချက်ချင်း မပြန်ဘဲ ကျောက်တုံးကြီးတစ်တုံးအပေါ်တွင် ထိုင်လိုက်သည်။
သူ ငေးငိုင်နေ၏။ ပထမလူသားဧကရာဇ်ကို ရိုက်နှက်ရင်း ဒေါသပြေသွားခဲ့သော်လည်း သူ့စိတ်ထဲ တနုံ့နုံ ဖြစ်နေသေးသည်။
‘ငါ သူ့ကို နောက်တစ်ကြိမ် ထပ်ရိုက်လိုက်ရင်တော့ အဲဒီခံစားချက် ပျောက်သွားလောက်တယ်... ဟင် ကောင်းကင်အတုရဲ့ ကြယ်လမ်းကြောင်းတွေ နည်းနည်း ဖရိုဖရဲ ဖြစ်နေသလိုပါလား... ကြယ်တာရာတွေကို ထိန်းချုပ်နေတဲ့ နတ်ဘုရားတွေ ပေါ့သထက် ပေါ့လာတာပဲ”
ချင်မူ မျက်လုံးပြူးလျက် မော့ကြည့်နေသည်။ ဖရိုဖရဲဖြစ်နေသော ကြယ်တာရာများကို ကြည့်နေစဉ် အရှေ့ဘက်ကောင်းကင်သည် ဖြည်းဖြည်းချင်း လင်းထိန်လာ၏။ တခဏကြာသော် ကောင်းကင်ယံရှိ ကြယ်တာရာများအားလုံး ပြေးနေသော မြင်းများသဖွယ် အရပ်လေးမျက်နှာသို့ ပြန့်ကြဲသွားသည်။ သူ သူ့ဘာသာသူ တွေးနေမိသည်။ ‘နေဧကရာဇ်က နေကို ထိန်းချုပ်ပေမယ့် ငါတို့ရွာရဲ့ ဘိုးဘိုးသားသတ်သမား သတ်တာ ခံလိုက်ရတယ်... ကောင်းကင်ယံမှာ နေကို ထိန်းချုပ်မယ့်သူ မရှိတော့ ကျန်တဲ့နတ်ဘုရားတွေ ပျာယာခတ်နေတာပဲ ဖြစ်မယ် ‘
ကောင်းကင်ယံရှိ ကြယ်များမှာ အတန်ကြာသည်အထိ ရုန့်ရင်းဆန်ခတ် ဖြစ်နေသည်။ အရှေ့အရပ်မှ နေထွက်လာသည့်အခါ နေရောင်သည် ကြယ်တာရာများအား လွှမ်းခြုံသွား၍ ဖရိုဖရဲဖြစ်နေသောပုံစံ မပေါ်တော့ပေ။
ချင်မူက ကျောက်တုံးပေါ်တွင် တိတ်ဆိတ်စွာ ထိုင်ပြီး ယခုလေးတင် ဖုံးလွှမ်းခံလိုက်ရသည့် ကြယ်များအား သရော်တော်သလို ကြည့်နေသည်။ မိုးကုပ်စက်ဝန်းမှ နေလုံးကြီး ထွက်လာသည့်အချိန်တွင် နေလမ်းကြောင်းမှာ အနည်းငယ် လွဲနေ၏။ တစ်ချက်တစ်ချက် လေတွင် လွင့်နေသော စွန်သဖွယ် ဘယ်ယိမ်းလိုက်၊ ညာယိမ်းလိုက် ဖြစ်နေသည်။
ဤအခြေအနေမှာ နေဧကရာဇ်သေဆုံးမှုကြောင့် ဖြစ်၏။ ယခု နေကို ထိန်းချုပ်နေသော နတ်ဘုရားများမှာ နေထိန်းချုပ်ပုံနှင့် မရင်းနှီးသောကြောင့် အမှားများ ပေါ်လွင်လာခြင်း ဖြစ်သည်။
နေဧကရာဇ်က ချင်မူ့ကို ရှာရန် ချီကျုံရီနှင့်အတူ ထိုက်ဧကရာဇ်ကောင်းကင်ဘုံသို့ လာခဲ့သော်လည်း ရန်သူတော်ကြီး သားသတ်သမားနှင့် ပက်ပင်းတိုးခဲ့သည်။ ရလဒ်အနေဖြင့် သားသတ်သမား၏ သတ်ဖြတ်ခြင်းခံခဲ့ရ၏။ နေဧကရာဇ် သေဆုံးပြီးနောက်တွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကြယ်တာရာများအနက် နေဝင်္ကပါကို ထိန်းချုပ်နိုင်သော နတ်ဘုရားမရှိတော့ပေ။ ကျန်နတ်ဘုရားများမှာ နေအား လွှဲပြောင်းယူခဲ့ရသော်လည်း ကောင်းကောင်းမွန်မွန် မလေ့ကျင်ရသည့်အတွက် အမှားများ ပါလာ၏။
ထာဝရငြိမ်းချမ်းအင်ပါယာ၏ နက္ခတ်တာရာများအား ဝင်္ကပါများဖြင့် ဖွဲ့တည်ထားခြင်းဖြစ်သည်။ နေ၊ လနှင့် ကြယ်များအတွက်လည်း အလားတူပင်။ ဤဝင်္ကပါများ၏ တာဝန်ကျနတ်ဘုရားများမှာ တာဝန်ကိုယ်စီယူထားရသောကြောင့် နေဧကရာဇ်၏ နေဝင်္ကပါကို ရုတ်တရက် လွှဲပြောင်းယူရသည့်အခါ ပျာယာခတ်သွားကြလိမ့်မည်။
ကောင်းကင်ထက်သို့ တဖြည်းဖြည်း တက်လာသည့် နေလုံးကြီးအား ချင်မူ ကြည့်နေမိသည်။ နေလုံးကြီးသည် နောက်ဆုံးတွင် ငြိမ်သွားသော်လည်း ဘယ်၊ ညာ ယိမ်းနေသေး၏။ နေရောင်ခြည်တို့က အရပ်လေးမျက်နှာသို့ ဖြန့်ကျက်လိုက်ပြီး တောင်ဘက်နယ်စပ်နှင့် တောင်ပင်လယ်အား လင်းထိန်လာစေသည်။
ထိုစဉ် လူသားဧကရာဇ်ခန်းမ၏ တံခါးဝ ပြန်ပေါ်လာပြီး ပထမလူသားဧကရာဇ် ထွက်လာ၏။
ချင်မူက သူ့ကို တစ်ချက်လှည့်ကြည့်ပြီး နေထွက်သည်ကို ပြန်ကြည့်လိုက်သည်။
ပထမလူသားဧကရာဇ်မှာ တခဏ ချီတုံချတုံ ဖြစ်နေသည်။ သူက ထွက်မသွားတော့ဘဲ ကျောက်တုံးဆီသို့ လာကာ ထိုင်လိုက်သည်။
ပထမလူသားဧကရာဇ်က နေကို တခဏကြည့်ပြီးနောက် ပြောလေသည်။ “ဒီနေက... မကြည့်ရက်စရာပဲ”
ချင်မူမှာ ရုပ်တည်တည်ထားပြီး သူ့အား လျစ်လျူရှုထားရန် ကြံထားသော်လည်း သူ့အသံကြားသည့်အခါ ရယ်ချင်သွား၏။ “သည်းခံလိုက်.... ဒီနေဝင်္ကပါ ထိန်းချုပ်တဲ့ နတ်ဘုရားကို ကျုပ်ရဲ့ဘိုးဘိုးသားသတ်သမားက သတ်ပစ်လိုက်ပြီ”
“အဲဒီလိုလား”
ပထမလူသားဧကရာဇ် ပြောလိုက်သည်။ “ငါ အဲဒီနေဧကရာဇ်ကို တစ်ခါတွေ့ဖူးတယ်... ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ကြယ်တာရာတွေ ဖုံးလွှမ်းခံလိုက်ရတုန်းကပေါ့... သူတို့တွေ ကန့်လန့်ကာလို အစတစ်စ ဖြန့်ခင်းပြီး နေ၊ လနဲ့ ကြယ်တွေ ချိတ်ဆွဲနေကြတာ ငါ မြင်ခဲ့ရတယ်... သူ့အတွက်လည်း နှစ်ပေါင်းနှစ်သောင်းတိုင်တိုင် နေအတုကို ထိန်းချုပ်ခဲ့ရတာ တော်တော် ခက်ခဲခဲ့မှာပဲ”
သူက ချင်မူ့ကို ကြည့်ပြီး အသံတိုးသွားသည်။ “ငါ တောင်းပန်ပါတယ်...”
ချင်မူ အတန်ငယ် ကြောင်သွား၏။ သူက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “ဘာလို့ ကျွန်တော့်ကို တောင်းပန်နေတာ... ကျွန်တော်က ခင်ဗျားကို ရိုက်ခဲ့တာလေ... တောင်းပန်သင့်တဲ့လူက ကျွန်တော်ပါ”
ပထမလူသားဧကရာဇ် ခေါင်းယမ်းလိုက်၏။ “ငါ အစတုန်းက မင်းရဲ့ ဆရာဖြစ်ချင်ခဲ့တယ်... ငါ့ရဲ့စွမ်းရည်တွေ၊ ငါ့ရဲ့ တွေးခေါ်နိုင်စွမ်းတွေအားလုံး မင်းဆီ သင်ပေးချင်ခဲ့တယ်... ဒါပေမဲ့ မင်းထွက်သွားတော့ ငါ သေသေချာချာ တွေးခဲ့ပြီးပြီ... ငါ့ကြောင့် လူသားဧကရာဇ်တွေ အထီးကျန်တဲ့ဘဝနဲ့ ဆင်းဆင်းရဲရဲ နေခဲ့ရပြီးပြီလေ... မင်းကိုလည်း အဲဒီလိုဖြစ်အောင် မလုပ်ရက်တော့ဘူး... မင်းအနေနဲ့ မင်းလမ်းမင်း လျှောက်သင့်ပါတယ်... ငါ့လမ်းကို လျှောက်စေချင်ခဲ့တာ ငါ မှားသွားတယ်”
ချင်မူ နှုတ်ခမ်းများ တင်းတင်းစေ့သွားသည်။ တခဏကြာသော် သူက လက်နှစ်ဖက်လုံး ဖြန့်ကာ အကြောဆန့်လိုက်၏။ “ကျွန်တော် ခင်ဗျားကို သိပ်မုန်းခဲ့တယ်... သေအောင် ရိုက်သတ်ချင်ခဲ့တယ်... ဒါပေမဲ့ အဆင့်တူမှာ ခင်ဗျားကို အနိုင်ပဲယူနိုင်ခဲ့တယ် မသတ်နိုင်ခဲ့ဘူး.... ဒါ့အပြင် ခင်ဗျားကို ဒီတစ်ကြိမ် ရိုက်ပြီးတော့ ကျွန်တော့်အမုန်းက အဲဒီလောက်မပြင်းထန်တော့ပါဘူး”
သူ့အမူအရာက တည်ငြိမ်သွား၏။ “ကျွန်တော့်ကို ခင်ဗျား စမ်းသပ်ချင်တာလည်း ဖြစ်လောက်တယ်... ကျွန်တော့်ကို ဖိအားပေးပြီး ကြိုးစားစေချင်တာမျိုး၊ ခင်ဗျားထက် သာစေချင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်... ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားရဲ့ နည်းလမ်းတွေကိုတော့ ကျွန်တော် ရွံနေတုန်းပဲ”
ပထမလူသားဧကရာဇ် အတန်ငယ် မှင်သက်သွားပြီး အော်လိုက်မိသည်။ “မင်း မြင်ခဲ့တယ်လား”
“ကျွန်တော်က အရူးမဟုတ်ဘူး”
ချင်မူက နေကို စိုက်ကြည့်ရင်း လေသံအေးအေးဖြင့် ဆက်ပြာသည်။ “ဒါပေမဲ့ ကျွန်တော်သာ ခင်ဗျားနေရာမှာဆို အဲဒီလိုရွံစရာနည်းလမ်းနဲ့ အငယ်တွေကို လှုံ့ဆော်မပေးဘူး... ကျွန်တော့်မိသားစုရဲ့ ကြိုးစားအားထုတ်မှုတွေ၊ ကျွန်တော့်မိသားစုရဲ့ အလောင်းတွေကိုလည်း မဖျက်စီးဘူး... ဒါပေမဲ့ ခင်ဗျားက အဲဒါတွေ လုပ်ခဲ့တယ်... ခင်ဗျားက တကယ် တပ်ပြေးပဲ... ကျွန်တော် ခင်ဗျားစရိုက်ကို ရွံတယ်... ဒါကြောင့် ခင်ဗျားကျင့်စဉ်နဲ့ ကောင်းကင်နတ်သိုင်းတွေကို မသင်ဖို့ ရွေးချယ်ခဲ့တာ”
ပထမလူသားဧကရာဇ် တိတ်ဆိတ်သွားသည်။ တခဏကြာသော် သူက မေးလေသည်။ “မင်းကို သင်ပေးခဲ့တဲ့လူတွေက ဘယ်သူတွေလဲ... ကောင်းကောင်းမွန်မွန် သင်ပေးခဲ့ကြတာပဲ”
ချင်မူက တမုဟုတ်ချင်း စိတ်အားတက်ကြွသွားပြီး သူ့မျက်နှာတွင် လေးစားရိုသေမှုတို့ ထင်ဟပ်လာသည်။ “သူတို့က တစ်လောကလုံးမှာ အကောင်းဆုံးလူတွေ၊ အကြင်နာတတ်ဆုံးလူတွေဗျ... ဉာဏ်ပညာကြီးကြတယ်၊ ဖြောင့်မတ်ကြတယ်၊ အမြင်ကျယ်ကြတယ်.. လူသားတစ်ယောက်အနေနဲ့ သူတို့က ခင်ဗျားထက် အဆတစ်ရာ၊ အဆတစ်ရာထောင် သာတယ်... ခင်ဗျား ရွာလူကြီးကို သိလား... သူကလည်း လူသားဧကရာဇ်ဟောင်းပဲ.... ဆရာကြီးချီကန်းနဲ့ ကျန်တဲ့သူတွေ နေ့တိုင်း ဝိုင်းရိုက်ခဲ့တဲ့သူပေါ့... သူက ကျွန်တော်တို့ရွာမှာ နံပါတ်တစ်ဘိုးဘိုးပဲ... သူ့အသိအမြင်တွေကတော့ ကျွန်တော် အလေးစားဆုံး... သူသာ ကျွန်တော်က လောကသခင်ခန္ဓာမှန်း မသိခဲ့ရင် ကျွန်တော် အခုအချိန် နွားပဲ ကျောင်းနေရလောက်ပြီ... ဘွားဘွားစစ်လည်း ရှိသေးတယ်၊ ရွာမှာ အလှဆုံး၊ အကြင်နာတတ်ဆုံး အမျိုးသမီးပေါ့... သူက ကျွန်တော့်ကို ကောက်ပြီး မွေးပေးခဲ့တာ....”
ရွာသားများနှင့်ပတ်သက်လာလျှင် ချင်မူ့တွင် ပြောစရာစကားများ မကုန်မခမ်းနိုင်အောင် ရှိသည်။ သူတို့၏အလေ့အကျင့်ကောင်းများအကြောင်း သူ မရပ်မနား ပြောနေမိတော့သည်။
ပထမလူသားဧကရာဇ်က တိတ်ဆိတ်စွာ နားထောင်နေသည်။ ချင်မူ စကားပြောပြီးသည့်အခါ ပြုံး၍သာ ခေါင်းညိတ်လိုက်၏။ “သူတို့က မင်းကို တကယ်ကောင်းကောင်းမွန်မွန် ပျိုးထောင်ပေးခဲ့တာပဲ.... မင်းကလည်း လိမ်မာတယ်”
ချင်မူ အံ့အားသင့်သွားပြီး တိတ်ဆိတ်သွားသည်။ သူ စိတ်ရှုပ်ထွေးနေမိ၏။ ‘ငါ ဘာလို့ သူ့ကို အများကြီး ပြောခဲ့မိတာပါလိမ့်... သူ့ကို မုန်းသင့်တာကို’
“မင်းက ချင်မိသားစုက.... ငါကလည်း ချင်မိသားစုက... တစ်မိသားစုတည်းပဲ.... မင်းအနေနဲ့ ငါ့ကို အကြီးတစ်ယောက်လို ဆက်ဆံသင့်တယ်”
ပထမလူသားဧကရာဇ်က သူ တွေးနေသည်ကို သိသည့်အလား ဆက်ပြောသည်။ “မိသားစုဝင်တစ်ယောက်နဲ့ တွေ့ရပြီဆိုတော့ မင်းမှာ ပြောချင်တာတွေ အများကြီး ရှိလောက်တယ်... အမျိုးတစ်ယောက်နဲ့မှ မတွေ့ဖူးဘူးမလား”
ချင်မူ ခေါင်းညိတ်လိုက်သည်။ သူက ဤလူသားဧကရာဇ်ဆီသို့ ကြည့်ကာ စပ်စုလိုက်၏။ “ခင်ဗျားနာမည်က ဘာလဲ”
“ချင်ဝူ”
ချင်မူ ချင်မိသားစု၏ အိမ်ထောင်စုစာရင်းစာအုပ်ကို ထုတ်၍ လှန်ကြည့်လိုက်သည်။ ချင်ဝူ၏နာမည်ကို မြင်သည့်အခါ အံ့အားသင့်သွား၏။ သူနှင့် မျိုးဆက်တစ်ရာ ခြားသော ဘိုးဘေးကြီးဖြစ်လေသည်။
ဤအခိုက်အတန့်တွင် တောင်ပင်လယ်ထက်၌ အလင်းရောင်များ တဖျတ်ဖျတ် လက်လာပြီး တိမ်တိုက်များသဖွယ် အဆုပ်လိုက် ဖြာထွက်လာသည်။ ရေပူစီဖောင်းများလည်း တပွက်ပွက် ထလာ၏။
ချင်မူ ထရပ်ပြီး ကောင်းကင်ကိုးဆင့်မျက်လုံးကျင့်စဉ်ကို ထုတ်ဖော်လျက် တောင်ပင်လယ်ဆီသို့ လှမ်းကြည့်လိုက်သည်။ ပင်လယ်အောက်မှ ဖြာထွက်လာသော ရောင်စုံအလင်းတန်းများကို မြင်လျှင် သူ အံ့ဩသွား၏။ အလင်းတန်းများက ရတနာတစ်ခုမှ ဖြန့်ကျက်နေသော အလင်းတန်းများနှင့် တူလေသည်။
သို့သော် ပင်လယ်ရေပြင်မှာ ဤနေရာမှ အလှမ်းဝေး၍ ပင်လယ်ကြမ်းပြင်ဆီသို့ မမြင်ရပေ။ မည်သည့်အရာမှ အလင်းတန်းများ ဖြန့်ကျက်နေကြောင်း သူ မသိ။
ပထမလူသားဧကရာဇ်လည်း ထရပ်ပြီး လှမ်းကြည့်သည်။ “ရေနက်လွန်းတယ်... ကြမ်းပြင်ကို မမြင်ရဘူး”
ချင်မူ တမုဟုတ်ချင်း လေပေါ် ခုန်တက်ကာ အလင်းတန်းများဖြာထွက်နေသည့် နေရာဆီသို့ ပြေးသွားလိုက်သည်။ ပထမလူသားဧကရာဇ် မျက်မှောင်ကြုတ်သွား၏။ “ဘာလို့ စပ်စုချင်နေတာလဲ... တစ်ယောက်ယောက်က မင်းကို ပစ်မှတ်ထားပြီး ထောက်ချောက်ဆင်ထားတာဆို မီးပုံထဲ ဝင်တိုးတဲ့ ပိုးဖလံ ဖြစ်သွားလိမ့်မယ်”
သူလည်း အလျင်အမြန် လိုက်လာသည်။
ထူးဆန်းသောနေရာနှင့် သူတို့ နီးကပ်လာသည့်အခါ ပထမလူသားဧကရာဇ်ပင် ထိတ်လန့်လာတော့သည်။ မျက်နှာပြင်ထက်တွင် ပလုံစီထနေသော ပူစီဖောင်းများမှာ အတိုင်းထက်အလွန် ကြီးမားပြီး ပူစီဖောင်းတစ်ခုစီတိုင်းက မိုင်တစ်ရာ ကျယ်သည်။ ပူစီဖောင်းများစွာ တစ်ပြိုင်တည်း ပလုံစီထနေ၍ ပင်လယ်ပြင်မှာ ပွက်ပွက်ဆူနေသည့်နှယ် ဖြစ်နေ၏။ ကောင်းကင်ယံသို့ပင် ထိတိုက်နေသော လှိုင်းကြီးများလည်း အရပ်မျက်နှာတစ်ခွင် ရိုက်ခတ်နေသည်။
ရေလှိုင်းပုတ်သံများက နားကွဲလုအောင် ကျယ်လောင်လှပြီး ချောက်ချားဖွယ်ရာကောင်းနေ၏။
ချင်မူ အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာဘက်သို့ လှမ်းကြည့်လိုက်သည်။ ထို့နောက် ချာခနဲ လှည့်၍ လှိုင်းလုံးကြီးများနောက်သို့ လိုက်သွားတော့သည်။
ပထမလူသားဧကရာဇ်က သူ့အနောက် ကပျာကယာ လိုက်လာကာ စပ်စုလေသည်။ “ဘာလို့ပြန်လှည့်တာလဲ”
“ဆူနာမီ”
ချင်မူက ကမ်းစပ်ဆီသို့ ကမန်းကတန်း ပြေးပြီး အလေးအနက် ပြောလိုက်သည်။ “ဒါ ဆူနာမီပဲ... ကမ်းစပ်ကို ဖျက်စီးလိမ့်မယ်... အဲဒီမှာ လူတွေ ရှိနေသေးတယ်”
ပထမလူသားဧကရာဇ် သဘောပေါက်သွား၍ ရုတ်တရက် ဦးစိုက်ကျွမ်းပြန်အနေအထားဖြင့် ကောင်းကင်ထက်မှ အောက်ဆင်းလိုက်သည်။ သူ့လက်ဝါးသည် ပင်လယ်မျက်နှာပြင်ထက်သို့ ညင်ညင်သာသာ ဖိချလိုက်၏။ ထို့နောက် သူ့ခန္ဓာကိုယ်က ချင်မူ့ဘေးသို့ ဖျတ်ခနဲ ပြန်ရောက်လာသည်။ “စိတ်မပူနဲ့တော့... ငါ အခုလေးတင် ဆူနာမီကို တားလိုက်ပြီ”
ချင်မူ တုံ့ခနဲ ရပ်ပြီး နောက်လှည့်ကြည့်လိုက်သည်။ ပထမလူသားဧကရာဇ်၏ မုဒြာစွမ်းအားအောက်တွင် ပင်လယ်ပြင်မှာ အေးချမ်းသွားပြီး တုန်လှုပ်ချောက်ချားဖွယ် ဆူနာမီလှိုင်းလုံးကြီးများလည်း ငြိမ်သက်သွား၏။
“အံ့ဩစရာပဲ”
ချင်မူ တလေးတစား စုတ်သပ်ရင်း လက်မထောင်ပြလိုက်သည်။ “တကယ် အံ့ဩစရာကောင်းတယ်... ကျွန်တော်က ကမ်းစပ်က လူတွေကို အမြင့်တစ်နေရာ ပို့ပေးဖို့ တွေးနေတာ.... ခင်ဗျား ဆူနာမီကို တစ်ခါတည်း ဖိနှိပ်နိုင်မယ်လို့ မထင်ထားခဲ့ဘူး... ကောင်းကင်နတ်သိုင်းက သိပ်ဆန်းတာပဲ”
ပထမလူသားဧကရာဇ်က ပြုံးလိုက်သည်။ “သင်ချင်လား... ဓားသိုင်းမှာတော့ ငါ မင်းထက် နိမ့်ကျပေမယ့် မုဒြာသိုင်းမှာ မင်းထက် သာတယ်... မင်း သင်ချင်ရင်...”
“စိတ်မဝင်စားဘူး”
ချင်မူက ချာခနဲ လှည့်ပြီး အလင်းတန်းများလာနေသော နေရာသို့ ပြန်ပြေးသွား၏။ ယခုတွင် ကြောက်မက်ဖွယ်ရာ ရေပူစီဖောင်းများ မရှိတော့ဘဲ ရောင်စုံအလင်းတန်းများသာ အဆက်မပြတ် ကွန့်မြူးတောက်ပနေလေသည်။
ပထမလူသားဧကရာဇ်က ခေါင်းတယမ်းယမ်းဖြင့် သူ့ကို မှီအောင် လိုက်လာကာ တွေးနေသည်။ ‘မင်း သင်ချင်အောင် လုပ်နိုင်တဲ့ နည်းလမ်းတွေ ငါ့မှာ ရှိပါတယ်’
ချင်မူ လေကို ရှိုက်သွင်းပြီးနောက် ပင်လယ်ထဲသို့ ထိုးဆင်းလိုက်သည်။ သူက ပင်လယ်ကြမ်းပြင်ဆီသို့ တန်းတန်းမတ်မတ် ငုပ်လျှိုးနေသည်။
ပထမလူသားဧကရာဇ်လည်း လိုက်လာ၍ ချင်မူ သူ့ဆီသို့ ကြည့်လိုက်မိသည်။ ချီစွမ်းအင်က ပထမလူသားဧကရာဇ်၏ ခန္ဓာကိုယ်ကို ရစ်သိုင်းလှည့်ပတ်ရင်း ပူစီဖောင်းကြီးသဖွယ် ဖွဲ့တည်ထားကြောင်း တွေ့လိုက်ရ၏။ သူက မြေပြင်ထက်တွင် လျှောက်နေသကဲ့သို့ ပင်လယ်ရေထဲ၌ လမ်းလျှောက်နေသည်။
ပထမလူသားဧကရာဇ်က သူ လှမ်းကြည့်နေသည်ကို မြင်လျှင် တောက်ပစွာ ပြုံးလိုက်သည်။ “သင်ချင်ရင်...”
“ဟမ့်”
ချင်မူက ဖန်ဆင်းပညာ ထုတ်လွှတ်၍ ငါးကြီးတစ်ကောင်အသွင်ပြောင်းကာ ကူးခတ်သွားလေသည်။
ပထမလူသားဧကရာဇ်မှာ ရယ်ရမလား၊ ငိုရမလား မသိတော့ဘဲ သူ့နောက်မှ လိုက်သွားသည်။ ချင်မူ ရေကူးနေသည်ကို ရပ်၍ ရှေ့သို့ကြည့်လိုက်၏။ ပထမလူသားဧကရာဇ်လည်း ရပ်ပြီး သူတို့အရှေ့တွင် ခမ်းနားကြီးကျယ်သော ရှေးဟောင်းမြေပြင်တစ်ခုအား မြင်လိုက်ရသည်။ ရှေးဟောင်းနန်းဆောင်များမှ အားကောင်းသော ကောင်းကင်အလန်းတန်းများ ထုတ်လွှတ်နေသည့်အပြင် မားမားမတ်မတ် ရပ်နေကြသည့် နတ်ဘုရားရုပ်တုများလည်း ရှိနေသည်။ ထိုနတ်ဘုရားရုပ်တုများအပေါ်ရှိ ရွှံအလွှာများ တဖြည်းဖြည်း ကွာကျနေ၏။
ချင်မူ တုန်လှုပ်သွားပြီး ဤရှေးဟောင်းမြေပြင်ဆီသို့ ကူးခတ်သွားလိုက်သည်။ ရုတ်တရက် လော့ဖူကောင်းကင်အထက်ရှိ ဆန်းကြယ်ကြယ်ကြီး၏ နန်းဆောင်ထဲတွင် မြင်ခဲ့ရသော ကြယ်မြေပုံအား သတိရလိုက်၏။ “လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၅၀၀၀ က အဲဒီကြယ်မြေပုံမှာ မှတ်ပြထားတဲ့ နေရာက ဒီနေရာပဲ... ဒါဆို ဒါက... ချိမင်ခေတ်ရဲ့ ဘိုးဘေးမြေ... နတ်ဘုရားချိရှီ ရှာချင်နေတဲ့ နေရာပေါ့”
အဆောက်အဦများကို ဖြတ်၍ ကူးခတ်နေစဉ် ဤနေရာတွင် သူတစ်ယောက်တည်း မဟုတ်ကြောင်း မြင်လိုက်ရသည်။ ထူးဆန်းသောသတ္တဝါများလည်း ရှိနေ၏။ အများစုက ခေါင်းသုံးလုံး၊ ဆူးတောင်ခြောက်ခုဖြင့် ငါးကြီးများ ဖြစ်ကြလေသည်။ သူတို့က ဤမြေပြင်ထက်၌ ကူးခတ်သွားလာရင်း စောင့်ရှောက်နေကြပုံရသည်။
သူတို့ခေါင်းပေါ်မှ အစိမ်းရောင်နှင့် အဖြူရောင် စပ်ထားသော ငါးကြီးတစ်ကောင် ပျံသန်းသွားပြီး အော်သံတစ်ချက် ထုတ်လွှတ်လိုက်၏။ အသံက သူတို့၏ရင်ခေါင်းထဲ၌ ပဲ့တင်လာရိုက်သည်။
“ဒီငါးကြီးတွေက....”
ပထမလူသားဧကရာဇ်၏အမူအရာ ပြောင်းလဲသွားပြီး သူက ချင်မူ၏ ငါးအမြီးကို လှမ်းဆွဲကာ ချီစွမ်းအင်ပူဖောင်းထဲ ဆွဲသွင်းလိုက်သည်။ ထို့နောက် အလေးအနက် ပြောလိုက်၏။ “ဒီငါးကြီးတွေက ထူးဆန်းတယ်... မင်းဘာသာမင်း မသွားနဲ့”
ချင်မူက လူအသွင်ပြန်ပြောင်း၍ စပ်စုလိုက်သည်။ “ဘာက ထူးဆန်းတာလဲ”
“ခိုင်ဧကရာဇ်ခေတ်ရဲ့ နတ်ဘုရားတွေက ရုပ်ခန္ဓာတွေကို ကျောက်ရုပ်တုပုံစံပြောင်းပြီး မူလဝိညာဉ်အသွင်နဲ့ ဖုန်းတုထဲမှာ ပုန်းနေကြတာ မင်း သိတယ်မလား”
ပထမလူသားဧကရာဇ်၏အကြည့်က ခေါင်းသုံးလုံး၊ ဆူးတောင်ခြောက်ခု ငါးကြီးများအား ဝေ့ကြည့်လိုက်သည်။ “ချိမင်ခေတ်ရဲ့ နတ်ဘုရားတွေက တခြားနည်းလမ်း သုံးခဲ့လောက်တယ်... သူတို့က သတ္တဝါကြီးတွေ အသွင်ပြောင်းပြီး ကောင်းကင်နတ်ဘုံ ရှာမတွေ့အောင် ပုန်းနေကြတာနေမယ်”