← Chapters

စိတ်ဝိညာဥ်

Vol. 8 Ch. 26

စိတ်ဝိညာဥ်

Vol. 8 Ch. 26

ပထမဆုံး ဟင်းကိုမြည်းစမ်းခွင့်ရတာက မက်ဒါနာအဖွဲ့ထဲက လူတစ်ယောက်မဟုတ်ပါဘူး။ ဒီအတိုင်း ပွဲလာကြည့်တဲ့ ရေကစားကွင်းအလည်လာသူတစ်ယောက်ပါ။ အဲဒီအမျိုးသားက အရင်ဟင်းပွဲကိုအထင်သေးတဲ့အကြည့်နဲ့ ကြည့်လိုက်တယ်။ အဲဒီနောက်မှ အပိုင်းသေးသေးလေးကို ခက်ရင်းနဲ့ထိုးပြီး ပါးစပ်ထဲထည့်တယ်။

ခရက်...

ဂေါ်ဖီအပိုင်းကို ဝါးသံတဲ့အတူ သူ့ခန္ဓာကိုယ်က ကြွက်သားတွေအကုန်လုံး တောင့်တင်းသွားပြီး တွေတွေကြီးရပ်နေတယ်။ အဲဒီနောက်တော့ သူ့ပါးပြင်ပေါ်ကို မျက်ရည်တွေစီးကျလာရော။ အဲဒီနောက်တော့ တရှုံ့ရှုံ့နဲ့အခုလို မှတ်ချက်ပေးလိုက်လေရဲ့။

“ဒီဟင်းပွဲက ဘာမှားနေမှန်းမသိပေမဲ့ ရုတ်တရက်ကြီး ကျွန်တော့်အမေကို သတိရလာသလိုပဲ။” သူက မက်ဒါနာကို အနိုင်မဲပေးလိုက်ပြီး ဘောင်းဘီအိတ်ထဲထည့်ထားတဲ့ ဖုန်းကိုနှိပ်ပြီး အိမ်လို့ရေးထားတဲ့ဖုန်းနံပါတ်ကို လှမ်းဆက်တယ်။

“အမေရေ၊ အမေ့ကိုအဆက်အသွယ်မလုပ်တာကြာပြီဖြစ်တဲ့ သားဆိုးသားမိုက် ဒီတစ်ပတ်အိမ်ပြန်လာတော့မယ် အမေ။ သားအမေ့ကိုလွမ်းတယ်။”

“.....” ကြည့်နေတဲ့သူများ။

စားဖိုမှူးကြီးရေမီကတော့ အဲဒီမြင်ကွင်းကိုကြည့်ပြီး မျက်ခုံးပင့်လိုက်တယ်။ ဟင်းပွဲတစ်ပွဲက ဘယ်လောက်ကောင်းလို့ ယောက်ျားရင့်မာကြီးတစ်ယောက်ကို မျက်ရည်နဲ့မျက်ခွက်ဖြစ်အောင် လုပ်နိုင်တာလဲ။

လိုင်းပေါ်က ကြည့်နေတဲ့သူတွေလည်း အတူတူပါပဲ။အကုန်လုံးက အဲဒီလူကို မက်ဒါနာက ငွေပေးထားပြီး လံကြုပ်ဇာတ်သွင်းတယ်လို့ပဲ ယူဆနေကြတာ။ “မျက်နှာပြောင်တိုက်လိုက်တာ၊ အဲဒီကောင်မလေးက ပရိသတ်ဘယ်နှစ်ယောက်ကို လာဘ်ထိုးနိုင်မှာမလို့လဲ။ စားဖိုမှူးကြီးရေမီပဲနိုင်မှာ။” ဒီလိုပြောဆိုမှုမျိုးတွေအများကြီးရှိနေတာကို တိုက်ရိုက်ထုတ်လွှင့်မှုရဲ့မန့်ထဲမှာ တွေ့နိုင်ပါတယ်။ ဒါပေမဲ့...

“ယောက်ျားရေ၊ အောင်မလေး ယောက်ျား။ ဒီအရသာက ရှင်ကျွန်မကိုချက်ကျွေးနေကျ လက်ရာအတိုင်းပဲ။ အလုပ်မလုပ်ဘဲ အိမ်မှာပဲနေနေတဲ့ အလုပ်လက်မဲ့ယောက်ျားလို့ ရှင့်ကိုပြောပြီးထွက်လာမိတာ နောင်တရပါပြီ။ ဒီညနေ ကျွန်မပြန်လာခဲ့မယ်၊ မနေ့ကပေးခဲ့တဲ့ ကွာရှင်းစာချုပ်ကို ရှင်လက်မှတ်မထိုးရသေးဘူးဆိုရင် ဖြဲပစ်လိုက်တော့ ဟုတ်ပြီလား။” ဘဏ်မန်နေဂျာရုပ်ပေါက်နေတဲ့ သတ်လတ်ပိုင်း မိန်းမဝဝကြီးက မက်ဒါနာရဲ့ဟင်းပွဲကို မြည်းကြည့်ပြီးနောက် ယောက်ျားလုပ်တဲ့သူဆီ ဖုန်းဆက်ပြီး အပြေးတစ်ပိုင်း ပွဲခင်းထဲကနေ ထွက်သွားတယ်။

“အူးဝါး၊ ဒီဟင်းပွဲက ဆုံးသွားတဲ့ သားမေမေလက်ရာနဲ့ တအားတူတာပဲ။ အူးဝါး။” ငယ်ငယ်လေးနဲ့ အမေကိုဆုံးရှုံးလိုက်ရတဲ့ ကလေးလေးတစ်ယောက်လည်း မြည်းကြည့်ရင်းငိုပြီး သူ့အဖေနဲ့သူ ပြန်သွားပြန်ပါပြီ။

ဒီထိတ်လန့်ဖွယ်ရာမြည်ကွင်းကို ရေကစားကွင်းစားဖိုမှူးက အထိတ်ထိတ်အလန့်လန့်နဲ့ ကြည့်နေပါတယ်။ တစ်ယောက်နှစ်ယောက်ဆိုရင် လာဘ်ထိုးထားတာဖြစ်နိုင်ပေမဲ့ အခုသုံးယောက်ရှိသွားပြီလေ။ ပြီးတော့ ကလေးက မလိမ်လောက်ဘူးမဟုတ်လား။ နောက်ပြီး စားဖိုမှူးကြီးရေမီရဲ့အဲဒီကောင်မလေးအပေါ် ကြည့်တဲ့အကြည့်တွေ ပြောင်းလဲလာတဲ့ပုံစံအရ သူ့အတွက်အခြေအနေ မကောင်းဘူး။ ဖြစ်နိုင်ရင် သူဒီက ထွက်ပြေးချင်တာမလို့ အသာလေးလစ်ထွက်သွားဖို့ကြံပေမဲ့ လူအုပ်ထဲမှာရှိနေတဲ့ တခြားစားဖိုမှူးနှစ်ယောက်က သူ့ပခုံးကို ဆုပ်ကိုင်ထားလိုက်ပါတယ်။ သူရက်ဖ်တေးရီးယားကို ကြည့်လိုက်တော့ ရက်ဖ်တေးရီးယားက သူ့ကိုစေ့စေ့ကြည့်ပြီး ပြုံးပြလေရဲ့။

“သေချာပြီ၊ ဒီကောင်မလက်ချက်ပဲ။” သူဘာမှာလုပ်လို့မရတော့ဘူး။

...

ဖရာလီတာက သူ့ရှေ့ရောက်လာတဲ့ ဟင်းပွဲကိုကြည့်လိုက်တယ်။ ရှေ့မှာ လူတစ်ဒါဇင်ကျော်လောက်က မက်ဒါနာရဲ့ဟင်းပွဲကိုစားပြီး အရူးတွေလိုမျိုးဖြစ်ကုန်တာကြည့်ပြီး ဟင်းပွဲလေးတစ်ပွဲအတွက် အဲဒီလိုမျိုး ဖြစ်စရာလိုလို့လားလို့တွေးမိပြန်ရော။ မက်ဒါနာက သူ့ချစ်ချစ်လေးမလို့ ထုတ်မပြောရဲပေမဲ့ အားပေးတဲ့အနေနဲ့ သူ့ကိုပန်းကန်ကမ်းပေးနေတဲ့ မက်ဒါနာကို ပြုံးပြလိုက်ပြီး ခတ်စားလိုက်တယ်။

ခရက်....

“.....” တစ်ကိုက်ကိုက်ပြီးတဲ့နောက်တော့ ဖရာလီတာတစ်ယောက် ဆက်မဝါးနိုင်တော့ဘဲ ကြောင်ကြောင်ကြီးရပ်နေမိတယ်။ သူ့စိတ်ထဲမှာ အနာဂတ်ကိုရောက်သွားပြီး မက်ဒါနာနဲ့အတူ အိမ်ထောင်ကျနေပြီလို့ တွေးလိုက်မိလို့ပါ။

ခင်ပွန်းဖြစ်တဲ့ ဖရာလီတာက ပင်ပင်ပန်းပန်းအလုပ်ကနေ ပြန်လာချိန် ဇနီးဖြစ်တဲ့မက်ဒါနာက အေပရွန်လေးဝတ်ပြီး ညစာဟင်းပွဲနဲ့ အသင့်စောင့်နေတယ်။

ပြီးတော့ အနားကပ်လာပြီး “ဒါလင်ရေ။ ရေအရင်ချိုးမလား၊ ညစာအရင်စားမလား ဒါမှမဟုတ် ကျွန်မကိုလား။”လို့ တီးတိုးလာပြောနေသလိုပဲ။

“သေချာပေါက် တကယ်မိုက်တဲ့ ဟင်းပွဲပဲ။” ဖရာလီတာက ရုတ်တရက်ခွန်အားတွေ အပြည့်ရှိလာသလို ခံစားလိုက်ရပြီး ဂေါ်ဖီထုပ်ကိုအားရှိပါးရှိဝါးမျိုချလိုက်တယ်။ ချိုမြိန်မြိန်အရသာနဲ့ ကြွပ်ဆတ်တဲ့အထိအတွေ့ကြောင့် သူ့တစ်ကိုယ်လုံးတုန်တက်သွားတယ်။ နောက်တော့ မက်ဒါနာရဲ့ဟင်းပွဲကို ကြိုက်တဲ့အကြောင်း မဲပေးလိုက်တယ်။

ရက်ဖ်တေးရီးယားက မဲရေရင်း မျက်မှောင်ကြုတ်လိုက်တယ်။ အခုလူတိုင်းက မက်ဒါနာရဲ့ဟင်းပွဲကိုပဲ မဲပေးသွားကြတယ်။ တကယ်လို့ တခြားဟိုတယ်တစ်ခုက ကြယ်ငါးပွင့်စားဖိုမှူးနဲ့ပြိုင်မယ်ဆိုရင်တောင်မှ စားဖိုမှူးရေမီအနေနဲ့ အပြတ်အသတ်ရှုံးဖို့ဆိုတာက မဖြစ်နိုင်တဲ့ကိစ္စပါ။ အနည်းဆုံးတော့ သုံးချိုးနှစ်ချိုးတို့ဘာတို့ဖြစ်သင့်တယ်မဟုတ်လား။ အခုက ဘယ်ကမှန်းမသိတဲ့ ကောင်မလေးတစ်ယောက် အနိုင်ပိုင်းတာကို ခံနေရပုံပဲ။

ဒါပေမဲ့ တစ်ဖက်မှာတော့ စားဖိုမှူးကြီးက ဒေါသထွက်နေတဲ့ပုံမပေါ်ဘဲ မက်ဒါနာရဲ့ဟင်းပွဲကိုသာ ကိုယ်တိုင်မြည်းကြည့်ဖို့စောင့်နေပါတယ်။

...

ဒီလိုနဲ့ဖလေရာအလှည့်ရောက်လာတယ်။ ဖလေရာကလည်း မြည်းကြည့်ပြီးနောက် စက္ကန့်ပိုင်းလောက်ကြာတဲ့အထိ ကြောင်ကြောင်ကြီးရပ်နေမိတယ်။ အဲဒီနောက် သူက မက်ဒါနာကို လက်မထောင်ပြလိုက်ပါတယ်။ လင်ဒါကိုယ်ထဲရောက်နေတဲ့ ဆိုဖီယာကလည်း မြည်းကြည့်ပြီးတဲ့နောက် ခေါင်းညိတ်ပြပြီး မက်ဒါနာကို မဲပေးတယ်။ နောက်ဆုံးမြည်းဖို့ကျန်တဲ့ နတ်သူငယ်မလေးကိုယ်ထဲက လင်ဒါကတော့ ဟင်းပွဲကို အင်မတန်ရင်းနှီးနေပါတယ်။

“ဒါက ငါတို့စတွေ့တုန်းက နင်ချက်ကျွေးတဲ့ဟင်းပွဲမဟုတ်လား။” မွှေးပျံတဲ့ရနံကို တစ်ချက်ရှုလိုက်ရကတည်းကကို လင်ဒါက အရင်အချိန်တွေကို ပြန်ရောက်သွားသလို ခံစားနေရတာပါ။ အဲဒီတုန်းက မက်ဒါနာကို လင်ဒါက Silver Knightမှန်း မသိသေးဘူး။ လီဆာလည်း သူ့တိုက်ခန်းငယ်လေးမှာအတူနေပြီး မနက်ပိုင်း Silver Knightက ဟင်းလာကူချက်ပေးရတဲ့အချိန်တွေပေါ့။

ကြာခဲ့ပြီဆိုပေမဲ့ အများကြီးရိုးရှင်းပြီး ပျော်ခဲ့ရတဲ့ အချိန်တွေပေါ့။ ဟင်းပွဲကို မြည်းပြီးတဲ့နောက် မက်ဒါနာကို လင်ဒါကြည့်လိုက်တယ်။ မက်ဒါနာကလည်း သူ့ကိုပြုံးပြနေပါတယ်။ လင်ဒါဘာတွေးနေလဲ မက်ဒါနာသိတာပေါ့။ အဲဒီတုန်းကလည်း ဂေါ်ဖီကြော်တစ်မျိုး လင်ဒါနဲ့လီဆာအတွက်ကြော်ပေးခဲ့သေးပေမဲ့ အခုလိုဗားရှင်းတော့မဟုတ်ပါဘူး။ ဒါပေမဲ့ လင်ဒါကို အတိတ်ကိုပြန်တမ်းတစေဖို့တော့ လုံလောက်ပါတယ်။

“ဟင်း....” လင်ဒါက သက်ပြင်းရှည်ကြီးချလိုက်ပါတယ်။ နတ်သူငယ်မလေးကိုယ်ထဲရောက်နေလို့ ဆယ်ကျော်သက်အစောပိုင်းအရွယ် ကလေးမလေးက သက်ပြင်းရှည်ကြီးချနေတာ သိပ်တော့သဘာဝမကျဘူး။ ဒါပေမဲ့ လင်ဒါက လက်ငါးချောင်းထောင်ပြလိုက်ပြီး “ပေါ်လီယာနာကို အမှတ်ငါးမှတ်အပြည့်ပေးမယ်။”

ရက်ဖ်တေးရီးယားက စာအုပ်ထဲမှာ လင်ဒါရဲ့မဲကိုချရေးလိုက်တယ်။ လူနှစ်ဆယ်မှာ အမှတ်နှစ်ဆယ်ရခဲ့တဲ့ မက်ဒါနာကို သူမယုံနိုင်ဘူးဖြစ်နေတယ်။ စားဖိုမှူးကြီးရေမီကတော့ မက်ဒါနာနားကို ကပ်လာတယ်။

“ကလေးမ၊ ဦးလေး အဲဒီဟင်းပွဲကို မြည်းကြည့်လို့ရမလား။” စားဖိုမှူးကြီးက ထုံးတမ်းစဥ်လာတွေကို မေ့ပစ်လိုက်ပြီး မေးတယ်။

“ဟုတ်၊ ရပါတယ်။” မက်ဒါနာကလည်း တစ်ဝက်တောင်မကျန်တော့တဲ့ နောက်ဆုံးပန်းကန်လုံးကို စားဖိုမှူးကြီးရဲ့လက်ထဲ ထည့်ပေးလိုက်တယ်။ စားဖိုမှူးကြီးက ပန်းကန်လုံးကို အမြတ်တနိုးကိုင်ပြီး ဆိုင်စားပွဲတစ်ခုမှာ ဝင်ထိုင်လိုက်တယ်။ အဲဒီနောက် စစားတယ်။ တစ်လုပ်စားပြီးတဲ့နောက်မှာပဲ သူ့အကြည့်တွေက ပိုညင်သာပျော့ပြောင်းသွားပြီး တွေတွေကြီးရပ်နေတယ်။

“ဆရာ..” ရက်ဖ်တေးရီးယားက စိတ်ပူတဲ့အတွက် ခါးကိုင်းပြီး မေးလိုက်ပေမဲ့ စားဖိုမှူးကြီးက ပြုံးရုံသာပြုံးပြီး ခေါင်းခါပြကာ ဆက်စားတယ်။ စားနေရင်းနဲ့ သူ့အပြုံးက ပိုပြီးပီပြင်လာတယ်။ ပြီးတော့ ထမင်းလုံးတွေ ဘေးကိုဖိတ်စင်သွားမှာကိုတောင် ဂရုမစိုက်ဘဲ ပါးစပ်ထဲကို ထမင်းနဲ့ဂေါ်ဖီထုပ်ကြော်ကို အပြည့်ထိုးသွပ်စားတယ်။ ဒါပေမဲ့ မြန်မြန်ဆန်ဆန် ကုန်သွားမှာ စိုးရိမ်တဲ့အလား ဖြည်းဖြည်းနှေးနှေးသာဝါးပါတယ်။

ကင်မရာမန်းကလည်း စားဖိုမှူးကြီးစားသောက်နေတာကိုပဲ အသေးစိတ်ရိုက်ပြနေပြီး အွန်လိုင်းပေါ်က ပရိသတ်တွေရော အပြင်က ပရိသတ်တွေပါ ငြိမ်သက်နေပါတယ်။ သူစားနေတဲ့အချိန် တိုက်ရိုက်ထုတ်လွှင့်မှုမှာ ကောမန့်လေးတစ်ကြောင်းတောင် တက်မလာဘူး။

ဂေ့...

နောက်ဆုံးတော့ စားဖိုမှူးကြီးက ဟင်းပွဲကို ပြောင်စင်နေအောင် စားပြီးသွားပြီဖြစ်ပြီး လေချဥ်တက်လိုက်တယ်။ အဲဒီနောက် မက်ဒါနာကို ပြုံးပြလိုက်ပြီးတော့

“မိန်းကလေးပေါ်လီယာနာရဲ့ဟင်းပွဲက အပြည့်စုံကြီးတော့မဟုတ်ဘူး၊ မကောင်းတာလဲမဟုတ်ဘူး။ အိမ်ချက်လက်ရာအတိုင်းဖြစ်နေပြီး ကျုပ်ကိုတောင် ငယ်ဘဝကို တမ်းတသွားစေတယ်။ ဂေါ်ဖီကြော်နဲ့ထမင်းက အာရှနိုင်ငံမဟုတ်တဲ့ ကျုပ်တို့နိုင်ငံမှာတောင်မှ အိမ်တိုင်းရဲ့နေ့စဥ်ဟင်းလျာလို ဖြစ်နေခဲ့တာကြာပြီ။ တကယ့်ကိုပြောင်မြောက်တဲ့ ရွေးချယ်မှုပါပဲ။”

“ကျွန်မကို ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ်။” မက်ဒါနာက ထုံးတမ်းအတိုင်း ဂါရဝပြုတော့ စားဖိုမှူးကြီးကလည်း ပြောလိုက်ပါတယ်။

“ကဲ၊ ကျုပ်တော့ ရှုံးသွားပြီ။ ဒီတော့ အပေးအယူအတိုင်းမသွားခင် ဘာကြောင့်ကျုပ်တပည့်ကို နှင်ထုတ်ရလဲဆိုတာ အရင်ပြောပါဦး။”

“ဆရာ၊ သူတို့လှည့်စားတာတွေ မယုံပါနဲ့။” ရေကစားကွင်းစားဖိုမှူးက ရှေ့ကိုပြေးတက်လာပြီး တားဖို့လုပ်ပေမဲ့ အရံစားဖိုမှူးနှစ်ယောက်က သူ့ကိုဆွဲထားလိုက်တယ်။ မက်ဒါနာရဲ့လက်ထောက်အဖြစ်လုပ်နေတဲ့ အေမီက ရှေ့ကိုတက်လာပြီး စားဖိုမှူးကြီးကို လမ်းပြပါတယ်။

“ဒီကိုကြွပါရှင့်။” အေမီက ပြောလိုက်ပြီးတဲ့နောက် စားဖိုမှူးကြီးကို အော်တိုဟင်းချက်စက်တွေဆီခေါ်သွားလိုက်တယ်။

“ဒီလိုချက်ပြုတ်စက်တွေက စားဖိုမှူးတစ်ယောက်ရဲ့စားဖိုချောင်နဲ့ မသင့်တော်ပါဘူး။ စားဖိုမှူးတွေက ဟင်းပွဲတစ်ပွဲရဲ့အစပ်အဟပ်ကို စောင့်ကြည့်ဖို့လိုပြီး

ဒီစက်တွေကတော့ အလိုလျှောက်လည်ပတ်နေတာဖြစ်လို့ စားဖိုမှူးရဲ့အာရုံစိုက်နိုင်စွမ်းကို လျှော့နည်းစေပါတယ်။ အလျင်အမြန်ကျက်လွယ်တာကြောင့်လည်း စားဖိုမှူးအနေနဲ့ အရသာမြည်းစမ်းချိန်မရလိုက်ဘဲ ဟင်းပွဲချက်ပြီးသွားနိုင်ပါတယ်။ စားဖိုမှူးကြီးရေမီရဲ့တပည့်က ဒီစက်တွေကို လူမကျချိန်မှာတောင် အလွန်အကျွံသုံးနေခဲ့ပြီး ဟင်းအမယ်တွေကို သေချာမတိုင်းတာပဲ ပစ်ထည့်ခဲ့ပါတယ်။”

“ဒီတော့ ဟင်းပွဲတွေကို မြန်မြန်နဲ့များများပြီးဖို့နဲ့ ဂရုစိုက်ရမယ့်အခြေခံတွေကိုပါ မေ့သွားတယ်ပေါ့။”

နောက်တော့ အေမီက ဗီရိုထဲက ပန်းကန်ပြားတွေကိုပါ ဆွဲထုတ်လာပြီး နှိုင်းယှဥ်ပြတယ်။ “ဒီဆိုင်ရဲ့ဟင်းပွဲသုံးပန်းကန်ချပ်တွေက ကြီးပေမဲ့ အလယ်ကအဝိုင်းလေးထဲမှာပဲ ဟင်းပွဲပြည့်အောင်ထည့်တာတွေ့ရတယ်။ ဆိုင်စဖွင့်ဖွင့်ချင်းသုံးတဲ့ပန်းကန်တွေရဲ့နှုတ်ခမ်းကပါးပြီး အလယ်ဝိုင်းကကြီးတာကြောင့် များများပါပေမဲ့ ပန်းကန်အသစ်တွေက နှုတ်ခမ်းပိုထူလာပြီး အဝိုင်းက သေးသေးသွားတယ်။ နှစ်တွေကြာလေ စားသုံးသူတွေက စျေးအတူတူပေးနေရပြီး ပမာဏပိုနည်းတဲ့ စားစရာကိုရလေပဲ ဖြစ်လာပေမဲ့ ပန်းကန်ကြောင့် ချက်ချင်းသတိမထားမိတော့ဘူး။ ငွေကြေးဖောင်းပွတာမဟုတ်ဘဲ ပစ္စည်းကျုံသွားတဲ့ ဖြစ်စဥ်ကိုခံစားနေရတာပဲ။”

နောက်တော့ အေမီက ဆိုင်သုံးခွက်တစ်လုံးကိုယူလာပြီး ရေခဲသေတ္တာထဲက ရေခဲတချို့ထည့်လိုက်တယ်။ အဲဒီနောက် အသင့်ဖောက်ပြီးသား အုန်းသီးထဲက အုန်းရည်ကိုထည့်ကာ ဆိုင်သုံးပိုက်ကြီးကြီးကို တပ်လိုက်တယ်။

“ရေခဲကြီးကြီးတွေက ခွက်ရဲ့နေရာအများစုကို ယူထားတဲ့အတွက် အုန်းရည်နည်းနည်းနဲ့ အပြကောင်းတဲ့ ခွက်ကြီးကြီးကိုရောင်းလို့ရမယ်။ ပိုက်ကိုကြီးထားတော့ မြန်မြန်ကုန်သွားပြီး မဝသေးတဲ့ဝယ်သူက နောက်တစ်ခွက်ထပ်မှာမယ်။”

“ဒီတော့ အမြတ်ကြီးစားဖို့သက်သက်ပဲ အိုးခွက်တွေရဲ့အားသာချက်ကို အလွဲသုံးစားပြုတယ်ပေါ့။”

စားဖိုမှူးကြီးရေမီက ဒေါသနဲ့ပြောလိုက်တယ်။ ဒါပေမဲ့ အေမီက ဒီလောက်နဲ့တင်မတော်သေးဘဲ ကလေးမစားလို့ နောက်ပြန်ယူလာတဲ့ ငါးကြော်ပန်းကန်ကို ယူလာပြီး စားဖိုမှူးကြီးလက်ထဲ ထည့်ပေးလိုက်တယ်။

“အနံခံကြည့်ပါ၊ ငါးရဲ့အညှီနံကိုပျောက်အောင်လုပ်နိုင်တဲ့ နည်းလမ်းပေါင်းများစွာရှိပါလျက်နဲ့ အခုလိုအနံမျိုးထွက်အောင်ကြော်ထားတယ်။ စားသုံးသူတွေကို စိတ်ပျက်စေခဲ့တယ်။”

ဒီတစ်ခါတော့ စားဖိုမှူးကြီးက ဘာမှမပြောတော့ဘဲ ရေကစားကွင်းစားဖိုမှူးကို ကြည့်လိုက်တယ်။ သူ့မျက်နှာဟာ ရထားစက်ခေါင်းထဲက ကျောက်မီးသွေးလိုမျိုး ရဲရဲနီရဲနေတယ်။

“ရက်ဖ်တေးရီးယား၊ ရာထူးချတဲ့ အခမ်းအနားလုပ်မယ်။” စားဖိုမှူးကြီးရေမီက ပြောတော့ ရေကစားကွင်းစားဖိုမှူးရဲ့မျက်နှာက သေမိန့်ချခံရတဲ့ လူတစ်ယောက်လိုမျိုး ဖြူဖျော့သွားတယ်။ ပါးစပ်ကနေလည်း ဗလုံးဗထွးနဲ့ပြောချင်ရာတွေ ပြောနေလေရဲ့။

“ဆရာ... ဆရာ၊ ကျွန်တော်တောင်းပန်ပါတယ်။ ကျွန်တော်မှားမှန်းသိပါပြီဗျ။ ရေကစားကွင်းမန်နေဂျာက အမြတ်ပိုရအောင်လုပ်ခိုင်းလို့ လုပ်တာပါ။”

ဒါပေမဲ့ စားဖိုမှူးကြီးကတော့ သူ့စကားတွေကို နားမထောင်ဘဲ သူ့ခေါင်းပေါ်က စားဖိုမှူးဦးထုပ်ကို ရိုက်ချလိုက်တယ်။ ရက်ဖ်တေးရီးယားကတော့ ဦးထုပ်ကို မြေပေါ်ကျမသွားအောင် စီးကောက်ပြီး စားပွဲတစ်လုံးပေါ်တင်ထားလိုက်တယ်။ ကင်မရာမန်းကတော့ အဲဒီမြင်ကွင်းကို ရိုက်နေပါတယ်။

“ဒီဝတ်စုံက မင်းနဲ့မတန်တော့ဘူး။” စားဖိုမှူးကြီးက ဒေါနဲ့မောနဲ့ပြောပြီး စားဖိုမှူးဝတ်စုံရဲ့ကြယ်သီးတွေကို စပြီးဆွဲဖြုတ်တယ်။ ကြယ်သီးတွေက ဒင်္ဂါးပြားတွေလိုမျိုး ကြမ်းပြင်ပေါ်ကို တချွင်ချွင်နဲ့ကျကုန်ပါတယ်။ ရေကစားကွင်းစားဖိုမှူးက နံပိုင်းငယ်လေးနဲ့ ကစားကွင်းထဲကနေ ပြေးထွက်သွားရပါတယ်။

အားလုံးပြီးသွားတော့ ရက်ဖ်တေးရီးယားက ရေကစားကွင်းစားသောက်ဆိုင်ကောင်တာကနေ ရာထူးချခံရတဲ့ စားဖိုမှူးရဲ့အကောင်းစားစတီးသားလှီးဓားအနီရောင်ကို ယူလာပြီး မက်ဒါနာကို ကမ်းပေးတယ်။ မက်ဒါနာက ထုံးစံကို နားမလည်တဲ့အတွက် ခေါင်းကိုစောင်းလိုက်တော့ စားဖိုမှူးကြီးက ရှင်းပြတယ်။

“ငါတို့လောကမှာ ထုံးစံတစ်ခုရှိတယ်။ ငါတို့အလုပ်အကိုင်ကို လောင်းကြေးထပ်ပြီး စားဖိုမှူးတိုက်ပွဲတိုက်ကြပြီဆိုရင် နိုင်တဲ့သူက ရှုံးတဲ့သူရဲ့သားလှီးဓားကိုယူပြီး ရှုံးသူကိုဟင်းထပ်မချက်နိုင်အောင် တားဆီးလေ့ရှိတယ်။ ငါတို့ကိစ္စမှာတော့ မင်းက ငါ့တပည့်ရဲ့ဓားကိုယူခွင့်ရှိတယ်။”

ဒါပေမဲ့ မက်ဒါနာက ခေါင်းခါလိုက်တယ်။ ဒီဓားက သူ့အတွက် အသုံးမဝင်ပါဘူး။ ဗီရိုထဲမှာ အလှပြထားရင်တောင်မှ ဟီးရိုးတစ်ယောက်အတွက်မသက်ဆိုင်သလိုပဲ ဖြစ်နေမှာ။ စားဖိုမှူးတိုက်ပွဲမှာနိုင်လို့ရတဲ့ဓားဆိုတာက စားဖိုမှူးတစ်ယောက်ရဲ့ဗီရိုထဲမှာပဲ တင့်တယ်ပါတယ်။

မက်ဒါနာရဲ့အူကြောင်ကြောင်ပုံစံကြောင့် အေမီက ရှေ့ထွက်လာပြီး ဓားကိုလက်ခံယူတယ်။ အဲဒီနောက်တော့ အခုလိုပြောလိုက်တယ်။

“ကျွန်မသခင်မလေးက ဒီဓားကို သိမ်းထားရလောက်အောင် ထိုက်တန်တယ်လို့ မထင်ပါဘူး။”

ထန်း....

အေမီက သူ့စကားကိုအဆုံးသတ်လိုက်ပြီးတဲ့နောက် ဓားကို နှစ်ပိုင်းချိုးချပြီး စားသောက်ဆိုင်စားပွဲတစ်ခုအောက်ခြေက အမှိုက်ပုံးထဲ ပစ်ထည့်လိုက်ပါတယ်။ စားဖိုမှူးကြီးရေမီကတော့ သက်ပြင်းချလိုက်တယ်။

“ဟုတ်ပါရဲ့၊ စိတ်ဝိညာဥ်ပျောက်ဆုံးနေတဲ့ စားဖိုမှူးတစ်ယောက်ရဲ့ဓားပေပဲကိုး။”

မက်ဒါနာကတော့ ဖုန်းကိုဖွင့်ပြီး နာရီကြည့်လိုက်ပါတယ်။ ညနေသုံးနာရီထိုးနေပြီ။ သမ္မတနဲ့ညစာစားပွဲရှိတာ သတိရတော့ မက်ဒါနာက အေမီကိုပြောလိုက်တယ်။

“အချိန်တော်လင့်နေပြီ၊ ကျောင်းသားတွေကို ပြန်လူစုခိုင်းပြီး အဝတ်လဲခိုင်းတော့။ ငါတို့လည်း အဝတ်လဲခန်းသွားပြီး ခရီးဆက်ထွက်ဖို့ပြင်ကြတာပေါ့။”

“ဟုတ်ကဲ့မမလေး။” အေမီက ဦးညွှတ်လိုက်ပြီးတော့အခုထိပွဲကြည့်ကောင်းနေသေးတဲ့ ကျောင်းသားတွေအုပ်စုကို အေးစက်တဲ့ မျက်နှာထားနဲ့ကြည့်လိုက်ပါတယ်။ ကျောင်းသားတွေကတော့ အဲဒီအကြည့်ကို ရင်းနှီးနေပြီမလို့ နေရာကနေထပြီး အဝတ်လဲခန်းတွေရှိရာဘက်ကို ဦးတည်သွားကြတယ်။ မကြာခင်မှာပဲ မက်ဒါနာတို့အုပ်စုလည်း စတင်ထွက်ခွာပါတယ်။

စားဖိုမှူးကြီးနဲ့အဖွဲ့ပဲ စားသောက်ဆိုင်မှာ ကျန်နေခဲ့ပြီး နောက်ဆုံးအသင့်ဖြစ်တဲ့အချိန်ကျမှ သူက ကင်မရာကို ကြည့်ပြီးပြောလိုက်ပါတယ်။

“ကျုပ်ဒီနေ့ သင်ခန်းစာတစ်ခုရလိုက်တယ်။ ကျုပ်တို့ဟင်းလျာဖန်တီးသူတွေရဲ့ရန်သူက စက်ရုပ်တွေမဟုတ်သလို ဉာဏ်ရည်တုတွေလည်းမဟုတ်ဘူး။ ကျုပ်တို့ရဲ့စိတ်နှလုံးသားကိုယ်တိုင်ပဲ။ ကျုပ်တို့ရဲ့ဟင်းလျာကိုချစ်တဲ့စိတ်နဲ့ ဖန်တီးချင်တဲ့စိတ်ပျောက်ကွယ်သွားရင် စားဖိုမှူးတွေအဖြစ်ကနေ လျှောကျသွားပြီး အမှိုက်တွေအဖြစ်နဲ့ ဉာဏ်ရည်တုတွေရဲ့အစားထိုးချင်းကို ခံရလိမ့်မယ်။”

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေတဲ့သူတိုင်းလည်း စားဖိုမှူးကြီးရဲ့စကားကို သဘောတူလက်ခံကြတယ်။သူတို့ရှေ့မှာတင် ဒီအဖြစ်အပျက်ကို တွေ့လိုက်ရတာလေ။

....

“သခင်မလေး၊ ကျွန်တော်ရှိမနေတုန်း ဘေးကင်းကင်းနဲ့ အသက်ရှင်နေသေးလို့ တော်ပါသေးရဲ့။”

မက်ဒါနာတို့ကားပါကင်ကိုရောက်တော့ ထင်မထားတဲ့သူတွေက စောင့်ကြိုနေတာ တွေ့လိုက်ရတယ်။ ဓာတ်တိုင်တစ်တိုင်ကိုမှီပြီး ယာကူဇာလိုမျိုးလက်ပိုက်ရပ်နေတဲ့ ကြောင်နက်နဲ့ ပိုပြီးသန်မာလာပုံရတဲ့ ဖရက်ပါ။ ဖရက်ကိုယ်မှာ ဗလတွေပိုများလာပြီး အရပ်ပိုမြင့်လာသလိုပဲ။ ပိုဆိုးတာက လေ့ကျင့်ခန်းလုပ်ထားပြီး အဝတ်မလဲထားရသေးတဲ့ ချွေးစိုစိုအဝတ်တွေနဲ့ သူ့ကိုပြေးလာပြီးဖက်ဖို့ကြံတာပဲ။

“ဟဲ့ဟဲ့၊ နင်ဘာလုပ်မလို့လဲ။” မက်ဒါနာက ပြောရုံရှိသေးတယ်။ အေမီက မက်ဒါနာနဲ့ဖရက်ကြားထဲမှာ ဝင်ရပ်လိုက်ပြီး ဖရက်ရဲ့ဝမ်းဗိုက်ကိုထိုးလိုက်တယ်။

ဘုန်း....

လေထုပေါက်ကွဲသံတစ်ချက်ထွက်လာပြီး အရှိန်ကြောင့် အနားက ကားတွေရဲ့လုံခြုံရေးအလန်းမြည်လာကာ ဆူညံ့ကုန်တယ်။ ဒါပေမဲ့ ဖရက်က အရင်တစ်ခါလိုမျိုး အဝေးကြီးလွင့်မသွားဘဲ နောက်ကို နည်းနည်းလေးပဲ ဆုတ်လိုက်ရတာပါ။

“သေချာပေါက်၊ ဒီကောင်ပိုသန်မာလာတာပဲ။” မက်ဒါနာက နာလိုဗိုက်ကိုလက်နဲ့ဆုပ်ကိုင်ထားတဲ့ ဖရက်ကိုကြည့်ပြီး မှတ်ချက်ချလိုက်တယ်။

All Chapters