အရေးကြီးသည့် မေးခွန်းများ(၂)
Vol. 55 Ch. 760
“မဟာမိတ် ဘယ်လောက်များများကို သတ်ရင် ကျုပ် အပြစ်ပေးခံရနိုင်လဲ...”
"..."
စစ်ဝိညာဥ်မှာ တစ်ခဏမျှ ငြိမ်သက်သွား၏။ ထိုအရာက သူမ အတွက် ပထမဆုံး အကြိမ် အဖြစ် ထိုကဲ့သို့ မေးခွန်းမျိုး အမေးခံရခြင်း ဖြစ်သည်။ အကယ်၍ ဝေ့ဝူယင်သာ သူမ၏ အမူအရာကို မြင်နိုင်ပါက ပြုံးပင်ပြုံးမိလိမ့်မည် ဖြစ်သည်။
ဆက်စပ်မှု စစ်မြေပြင်၌ စစ်သည်တော် အားလုံးမှာ မဟာမိတ်များ ဖြစ်သည်။ စစ်ဥပဒေသ အရဆိုလျှင် အချင်းချင်း ပြန်လည် သတ်ပါက အရေးယူ အပြစ်ပေးခြင်း ခံရနိုင်သည်။ သို့သော်လည်း အသက်နှင့် ရင်းကာ တိုက်ခိုက်ရသည့် စစ်မြေပြင်တွင် မတော်တဆ ဖြစ်ရပ်များ မကြာခဏ ဆိုသလို ဖြစ်ပေါ်လေ့ ရှိလေရာ အရေးယူခြင်း အပေါ် ကန့်သတ်ချက်များ ရှိပေသည်။
တစ်ခဏမျှတာမျှ အချက်အလက်များကို စုစည်းပြီးနောက် စစ်ဝိညာဥ်က ပြန်ဖြေလိုက်၏။
“စစ်ဥပဒေ ဖောက်ပြားခြင်းကို အရေအတွက် ရှစ်ကြိမ် အထိ ကန့်သတ်ထားတယ်... မတော်တဆ ဖြစ်ရပ်တွေ... မှားယွင်း တိုက်ခိုက်မိတာတွေကို ထည့်မတွက်ထားဘူး... ဒါပေမဲ့ စစ်မြေပြင်မှာ စစ်သည်တော်နဲ့ ကွန်မန်ဒါ တစ်ယောက်ချင်းစီတိုင်းရဲ့ အသက်က တန်ဖိုးရှိတယ်... ဆက်စပ်မှု စစ်မြေပြင်မှာ ပါဝင် ဆင်နွှဲနေသမျှ ကာလပတ်လုံး သူတို့ အပြစ်ပေး ခံရမှာ မဟုတ်ဘူး... စစ်မြေပြင်က ထွက်ခွာပြီး နောက်မှ သူတို့ကို တရား စီရင်လိမ့်မယ်... ပြစ်မှု ထင်ရှားရင် ကွပ်မြက်ခံရမယ်”
ဝေ့ဝူယင် ဖြူရော်စွာ ပြုံးလိုက်မိ၏။ ထိုအရာက သူ့ ယူဆချက်နှင့် ကိုက်ညီပေသည်။ မိန်းကလေးနှင့် ကွမ်ယုတို့မှာ စစ်မြေပြင်မှ ထွက်ခွာရန် ကြိုးပမ်းလျှင် ကြိုးပမ်းချင်း ကွပ်မြက် ခံရပေလိမ့်မည်။ သို့သော်လည်း ပြင်ပရှိ လူများကတော့ သူတို့ စစ်မြေပြင် အတွင်း သေဆုံးသွားကြခြင်းဟုသာ ထင်မှတ် ကြလိမ့်မည် ဖြစ်သည်။
“ဒါပေမဲ့ အများစုကတော့ လွတ်မှာပါ...”
ဝေ့ဝူယင် မှတ်ချက်ချလိုက်၏။ မိန်းကလေးအား သတ်ဖြတ်ခဲ့သည့် ပြစ်မှုက သူ့အား ကွပ်မြက်ရန် လုံလောက်သည့် အကြောင်းရင်း မဟုတ်ပါချေ။ စစ်သား တစ်ယောက်၊ နှစ်ယောက်ကို သတ်ဖြတ်မိသရွေ့ ထိုအရာက သတ်မှတ်ချက် အတွင်း ရှိနေဦးမည် ဖြစ်သည်။
သို့သော်လည်း ကွမ်ယုနှင့် မိန်းကလေးတို့ ကဲ့သို့ တက်တက်ကြွကြွ အမဲလိုက်ကြသူများကတော့ ကျိန်းသေပင် သေရလိမ့်မည် ဖြစ်သည်။ လူသစ်များကိုသာ အမဲလိုက်ခြင်းနှင့် စစ်ဝိညာဥ် တစ်ထောင်ကျော် အထိ စုစည်းနိုင်ခဲ့ခြင်း တို့ကို ထောက်ချင့်ရပါက... ကွမ်ယု သတ်ဖြတ်ခဲ့သည့် မဟာမိတ် အရေအတွက်က ရှစ်ယောက် မကလောက်တော့ချေ။
ဆက်စပ်မှု စစ်ပွဲတွင် ပါဝင်ကာ စစ်ဝိညာဥ် တစ်သောင်းကို တိုက်ခိုက်ခြင်း လမ်ကြောင်းမှ လွဲ၍ သူ၏ လမ်းကြောင်းက ကျိန်းသေ ကွပ်မျက် ခံရမှာ သေချာသည်။
“ကျုပ် ဆက်စပ်မှု စစ်မြေပြင်ဆီ ပြန်သွားချင်ပါတယ် စစ်ဝိညာဥ်...”
ဝေ့ဝူယင်မှာ မည်သည့်အရာကိုမှ မဝယ်ယူခဲ့ချေ။ သူက ရရှိနိုင်သမျှ အထွေထွေ ဗဟုသုတများကိုသာ စုစည်းခဲ့ခြင်း ဖြစ်သည်။ အဘယ့်ကြောင့်နည်း။ သူ့တွင် ရှိသည့် စစ်ဝိညာဥ်က အလွန် နည်းသောကြောင့်ပင်။ ထို့အပြင်... စစ်သည်တော် စာရင်းထက်၌ ရှိနေသည့် ထုတ်ကုန်များမှာ သူ့အမြင်အရ လဲလှယ်ရန် မထိုက်တန် သေးချေ။
"ထွက်သွားတော့မယ်...”
စစ်ဝိညာဥ်မှာ အံ့အားသင့် သွား၏။ သူမက အချိန်များစွာ အကုန်ခံကာ စာရင်းတစ်ခုလုံးကို ဖတ်ပြခဲ့ရသည်။ များစွာသော အရာများကို ရှင်းပြခဲ့ရသည်။ သူ ငူငိုင်နေသည်ကိုလည်း စောင့်ဆိုင်းခဲ့ရသေးသည်။ သို့သော်လည်း ယခုတွင်တော့ သူက သည်အတိုင်း ထွက်သွားတော့မည်ဟု ဆိုသည်။ ထိုအရာက အတော်လေး ဒေါသထွက်စရာ ကောင်းလှ၏။
“ကောင်းပြီ...”
စစ်ဝိညာဥ်၏ အသံက ဒေါသအငွေ့အသက်များဖြင့် ပြည့်နှက်နေသည့်တိုင် ဝေ့ဝူယင် ကြားလိုက်ရသည်က ချစ်စဖွယ် မိန်းမငယ်လေး တစ်ဦး၏ စူစူဆောင့်ဆောင့် အသံကလေး တစ်ခုသာ ဖြစ်သည်။ ထိုအရာက သေလောက်အောင် ချစ်စရာ ကောင်းလှ၏။
ဝမ်... ဝမ်...
ဝေ့ဝူယင် ပြုံးလိုက်ပြီး မကြာခင်မှာပင် ရောင်စုံ အလင်းတန်းများမှာ သူ့ကို ဝန်းရံလာကာ ဝါးမြို သွားခဲ့လေတော့၏။
...
ဝမ်... ဝမ်...
ကွမ်ယု၏ မျက်လုံးများက ပွင့်ဟလာကာ တော်ဝင် အလင်းတန်းများ တဖြည်းဖြည်း စုရုံးလာသည်ကို ကြည့်နေလိုက်၏။ ထို့နောက် မကြာခင်မှာပင် အဖြူရောင် ဆွတ်ဆွတ် ဝတ်ရုံ ဝတ်ဆင်ထားသည့် ဝေ့ဝူယင်၏ မျက်နှာ ပေါ်လာသည်ကို တွေ့မြင်လိုက်ရသည်။ ဝေ့ဝူယင် စစ်ဝိညာဥ်များဖြင့် မည်သည့် အရာအား လဲလှယ်ခဲ့သည်ကို သူ စိတ်ဝင်စား သွား၏။ သူက ထိုင်ရာမှ ထရပ်ကာ ဝေ့ဝူယင် အနားသို့ လျှောက်လာခဲ့လေသည်။
“မင်း ဒီနေရာမှာ လူဘယ်နှစ်ယောက် သတ်ပြီးပြီလဲ...”
ခရီးရောက်မဆိုက်ပင် ဝေ့ဝူယင်က မေးလိုက်၏။ ကွမ်ယုမှာ အံ့သြသွား၏။ ထို့နောက် သူ၏ အမူအရာက ထိတ်လန့်ကြောက်ရွံ့ခြင်းများနှင့် ပြည့်နှက် သွားခဲ့သည်။
"ကျုပ်... ကျုပ်က ဟိုမိန်းမလို မဟုတ်ပါဘူး... ရန်သူတွေကို ဝေဒနာ မခံစားရပဲ မြန်နိုင်သမျှ မြန်မြန် သေအောင် လုပ်ပေးခဲ့တာပါ... တကယ်လို့ ကျုပ်ရဲ့ စစ်ဝိညာဥ်တွေကို လိုချင်တယ် ဆိုရင် ပေးပါ့မယ်... နောက်ပြီး ခင်ဗျား ထပ်လိုချင်သေးရင် ကျုပ် စုဆောင်းပေးပါ့မယ်”
ကွမ်ယုက အလျင်စလိုပင် ပြောလိုက်၏။ ဝေ့ဝူယင် သူ့အား မိန်းကလေးကဲ့သို့ သတ်ဖြတ်မည်ကို အလွန်အမင်း ကြောက်လန့် နေခဲ့သည်။ ထိုလူငယ်မှာ ယခုလေးတင်မှ စစ်ဝိညာဥ် ဖလှယ်မှု ပြုလုပ်ခဲ့ရာ အကျိုးအမြတ်များ စာရင်းကို တွေ့မြင်ခဲ့ပြီး ဖြစ်နိုင်သည်။ လူတစ်ယောက်ထံတွင် လောဘစိတ်က ကြောက်စရာ အကောင်းဆုံးပင်။
ကွမ်ယုက အံကို တင်းတင်းကြိတ်ကာ ခြေတစ်လှမ်း နောက်ဆုတ်၍ ဖြည်းညင်းစွာပင် အကာအကွယ် ပုံစံကို ယူလိုက်၏။ အကယ်၍ ဝေ့ဝူယင် သူ့ကို စတင် တိုက်ခိုက်ပါက... စစ်မြေပြင်၏ အဆုံးကို အစွမ်းကုန် ပြေးလွှားကာ ဆက်စပ်မှု စစ်မြေပြင်မှ ထွက်ခွာရန် ကြိုးပမ်းတော့မည် ဖြစ်သည်။
“ကျုပ် မေးတာကိုပဲ ဖြေပါ...”
ဝေ့ဝူယင်က သက်ပြင်းတစ်ချက် ချရင်းပြောလိုက်၏။ ထိုကွမ်ယုမှာ ရဲရင့်သလို တစ်ချိန်တည်း၌လည်း သူရဲဘောကြောင်သူ တစ်ယောက် ဖြစ်သည်။ အခြေအနေကို နားလည်သူ ဟု ဆိုလျှင်လည်း မှားလိမ့်မည် မထင်ချေ။
“...”
ကွမ်ယုမှာ တစ်ခဏမျှ တိတ်ဆိတ်သွား၏။ ထို့နောက် သူက တုန့်ဆိုင်းစွာဖြင့် အဖြေပေးလိုက်သည်။
“ကျုပ် သုံးယောက် သတ်...”
“ငါ့ကို မညာနဲ့...”
စကား မဆုံးခင်မှာပင် ဝေ့ဝူယင်က အသံမာမာဖြင့် ဖြတ်ပြောလိုက်သည်။ ကွမ်ယု၏ နှလုံးသားက တဒိတ်ဒိတ် တုန်ရီသွားကာ သေခြင်းနှင့် ရှင်ခြင်းကို ဆုံးဖြတ်ပေးနိုင်သည့် အခိုက်အတန့်သို့ ရောက်ရှိနေသလို ခံစားလိုက်ရသည်။ သူက အသက်ကို ပြင်းပြင်းရှူကာ ပြန်လည် တည်ငြိမ်အောင် ကြိုးစားရင်း အဖြေပေးလိုက်၏။
“ကိုးယောက်... ကျုပ် ကိုးယောက် သတ်ပြီးပါပြီ”
ဝေ့ဝူယင်က သက်ပြင်း တစ်ချက် ချလိုက်၏။ ထိုစစ်သည်တော်ကား သေဒဏ် ချမှတ်ခံထားရပြီး ဖြစ်ပေသည်။ အကယ်၍ ကျင်းကျူးနှင့် မတွေ့ခဲ့ရလျှင်ပင် သူက အနှေးနှင့် အမြန် သေရလိမ့်မည် ဖြစ်သည်။ ထို့အပြင်... အပြစ်သား အော်ရာ အရ သူ ကျူးလွန်ခဲ့သည့် အခြား ပြစ်မှုများက မနည်းလောက်ချေ။
“ကျုပ် ခင်ဗျားကို မညာတော့ဘူး... အခု ခင်ဗျားက သေဒဏ်ချ ခံထားရပြီးပြီ... ဒီဆက်စပ်မှု စစ်မြေပြင်မှာ ခင်ဗျား မဟာမိတ်တွေ အပေါ် ကျူးလွန်ခဲ့တဲ့ အရေအတွက်က စစ်ဝိညာဥ် သတ်မှတ်ထားတာထက် ကျော်နေပြီ”
ဝေ့ဝူယင်က မကွယ်မဝှက်ပင် ပြောလိုက်၏။
“ဘာကြီး...”
ကွမ်ယုမှာ ခန္ဓာကိုယ် တစ်ခုလုံး တောင့်တင်းသွား၏။ ထို့နောက်... သူက လက်မခံနိုင်ဟန်ဖြင့် ခေါင်းကို ခါယမ်းလိုက်၏။
“မဖြစ်နိုင်တာ... ခင်ဗျား အဲဒါကို ဘယ်က သိလာတာလဲ... ကျုပ်ရဲ့ မျိုးနွယ်က ခင်ဗျားထက် အရင် နှစ်ပေါင်း မရေမတွက်နိုင်တည်းက ဒီဆက်စပ်မှု စစ်မြေပြင်ကို ဝင်ထွက်နေတာ... သေဒဏ် ဟုတ်လား... ဟဟ... ခင်ဗျား ကျုပ်ကို သေဒဏ်ပေးချင်ရင်...”
ကွမ်ယု ပိုမို၍ ပြောလေလေ ဝေ့ဝူယင်၏ အမူအရာက ပိုမို၍ တည်ငြိမ်လာလေလေ ဖြစ်သည်။ တစ်ချိန်တည်း၌... ထိုကဲ့သို့ ဝေ့ဝူယင်၏ အမူအရာ ပိုမို တည်ငြိမ်လာလေလေ ကွမ်ယုမှာ ပိုမို သွေးရူးသွေးတန်း ဖြစ်လာလေလေပင်။
“မဟုတ်ဘူး... မဟုတ်သေးဘူး... ငါ့ထက် ပိုသတ်တဲ့ လူတွေလည်း ရှိတာပဲလေ... ဟုတ်တယ် ပိုတောင် များသေးတယ်... နောက်ပြီး မဟာမိတ်တွေ ဆိုတာက ဘာလဲ... ငါ သတ်ခဲ့တဲ့ လူတိုင်းက ငါ့ရဲ့ ရန်သူတွေချည်းပဲလေ...နောက်ပြီး ဟိုမိန်းမ... ခင်ဗျားလည်း သိတာပဲ... သူက ကျုပ်တို့ရဲ့ မဟာမိတ်မှ မဟုတ်တာ... ကျုပ်တို့ မသတ်ရင် သူက ကျုပ်တို့ကို သတ်သွားမှာလေ... မဟုတ်ဘူးလား...”
ကွမ်ယုမှာ ပြောရင်း ပြောရင်း ပိုမို ဆောက်တည်ရာ မရ ဖြစ်လာခဲ့၏။ မည်သို့ပင် ဆိုစေ... စစ်မြေပြင် အပေါ် သူ့ဗဟုသုတက ဝေ့ဝူယင်ထက်ပင် ပိုမို သာလွန်သည် မဟုတ်ပါလား။
ထို့နောက် သူ့ခေါင်းအတွင်းပေါ်လာခဲ့သည်က “ဆက်စပ်မှု စစ်မြေပြင်၏ ရည်ရွယ်ချက်” ဆိုသော ခေါင်းစဥ်ပင်။
“မဟုတ်ဘူး... မဟုတ်ဘူးလေ... အဲဒါက”
ကွမ်ယုမှာ ခေါင်းငိုက်စိုက် ကျသွား၏။ သူ၏မျက်လုံးများက ရီဝေလာကာ မှေးမှိန်သွားသည်။ သူ ထိုအရာကို သဘောပေါက် သွားခဲ့ပြီ ဖြစ်လေသည်။
ဝေ့ဝူယင် လေးပင်စွာ သက်ပြင်းတစ်ချက် ချလိုက်မိ၏။ သူ ထိုခံစားချက်ကို နားလည်ပေသည်။ မျှော်လင့်ချက်များ အဆုံးသတ်ခြင်း...။
လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ငရဲ၏ ကပ်ဘေးများကို ရင်ဆိုင်ရမည် ဖြစ်ကြောင်း သိစဥ် အခါက အလားတူပင် သူ ခံစားခဲ့ရသည်။ သေမျိုး တစ်ယောက်က မည်ကဲ့သို့ ငရဲ၏ ကပ်ဘေးများမှ လွတ်မြောက်နိုင်ပါမည်နည်း။ ကောင်းကင်တာအို၏ သန့်စင်မှု စွမ်းအားကို မည်ကဲ့သို့ ခုခံနိုင်ပါမည်နည်း။
ထို့နည်းတူစွာပင် ကွမ်ယုတွင်လည်း စစ်ဝိညာဥ်၏ စွမ်းအားကို ခုခံရန် စွမ်းအားမရှိချေ။ သူ့ အသက်က အဆုံးသတ်ခဲ့ပြီ ဖြစ်လေသည်။ ထိုအရာကို ကောင်းကင်တာအို သိသည်။ စစ်ဝိညာဥ် သိသည်။ ဝေ့ဝူယင် သိသည်။ ကွမ်ယု ကိုယ်တိုင်လည်း သိရှိပေသည်။