← Chapters

မျှော်လင့်ချက်

Vol. 55 Ch. 761

မျှော်လင့်ချက်

Vol. 55 Ch. 761

ဝေ့ဝူယင် နေရာတွင်ပင် ငြိမ်သက်စွာ ထိုင်နေကာ ဟင်းလင်းပြင် လက်စွပ် အတွင်းရှိ အနန္တ သင်္ချိုင်း အဆိပ်ကို အာရုံစိုက် စစ်ဆေး နေခဲ့၏။ ကွမ်ယုကတော့ စစ်ဝိညာဥ်ထံမှ အတည်ပြုချက် ရယူရန် အတွက် စစ်ဝိညာဥ် ဖလှယ်ခြင်းကို အသက်သွင်းကာ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။

မိနစ်ပေါင်း များစွာ ကြာမြင့်ပြီးနောက် ဝေ့ဝူယင် ဝိညာဥ်အာရုံကို ပြန်လည် ပြန်လည် ရုတ်သိမ်းကာ ပင့်သက် တစ်ချက် ရှိုက်လိုက်၏။ အနန္တသင်္ချိုင်း အဆိပ်ကို ကြယ်တာရာ အထွတ်အထိပ် အဆင့် အဆိပ်ရည် တစ်မျိုး အဖြစ် သတ်မှတ်နိုင်ပေသည်။ ၎င်းက အရောင်အဆင်း ကင်းမဲ့သလို ခြေရာလည်း မကျန်ရှိချေ။ ဝိညာဥ်အာရုံကိုပင် ရှောင်တိမ်းနိုင်စွမ်း ရှိသည်။

ပန်းရနံ့ကို ပထမဆုံး စတင် ရတည်းက ထိုအရာက အဆိပ်ဖြစ်မှန်း ဝေ့ဝူယင် ရိပ်မိခဲ့သည်။ ၎င်းက သူ့ခန္ဓာကိုယ်ထဲ ချက်ချင်း ကျူးကျော်ကာ အဆိပ်ခတ်ရန် ကြိုးပမ်းခဲ့သည်။ သို့သော်လည်း အကျိုးသက်ရောက်မှု မဖြစ်ခင်မှာပင် ခရာတိုက ထိုအဆိပ်အားလုံးကို တစ်နေရာတွင် စုစည်းကာ သိမ်းဆည်းထားခဲ့သည်။

စစ်ပွဲရှိရာ နေရာသို့ သွားရောက်ရန် ဝေ့ဝူယင် ဆုံးဖြတ်ခဲ့ခြင်းမှာ ထိုအဆိပ်၏ ရင်းမြစ်ကို လေ့လာရန် ဖြစ်သည်။ ၎င်းက အတော်‌လေး အားနည်းသည့်တိုင် စိတ်၊ ရုပ်၊ အမတေနှင့် ဝိညာဥ် လေးခုစလုံးကို သက်ရောက်နိုင်သည့် စွမ်းရည်ကို ပိုင်ဆိုင်ထားသည်။

ပထမ၌... ထိုအဆိပ်က ကျင်းကျူး စစ်ကျောက်တိုင်ကို လေ့လာခွင့် ရရှိရန် အခွင့်အ‌ရေး တစ်ခုဟု ဝေ့ဝူယင် တွေးထင်ခဲ့သေးသည်။ သို့သော်လည်း သူ မှားယွင်းခဲ့သည်။ ကျင်းကျူး၏ ကံကြမ္မာက မိန်းကလေး၏ လက်စွပ်ထဲမှ ကောင်းကင်လောက လျှပ်စီး အမတေကို ရရှိရန် ဖြစ်ပေသည်။

ထိုဖြစ်စဥ်ကြီး တစ်ခုလုံးက သူ့အတွက် နောက်ထပ်တစ်ဆင့်ကို တက်လှမ်းရန် ကောင်းကင်တာအို၏ ပြင်ဆင်မှုများပင်။

အနန္တ သင်္ချိုင်း အဆိပ် အကြောင်း ပြန်သွားရလျှင် ၎င်းမှာ လျှို့ဝှက် အာဏာရှင် အဆင့်များကို သက်ရောက်နိုင်စွမ်း မရှိပါချေ။ ၎င်းက စိတ်၊ ရုပ်၊ အမတေနှင့် ဝိညာဥ် ဆိုသည့် စွမ်းအင် လေးမျိုးကို စားသောက် နိုင်သည့်တိုင် လျှို့ဝှက် အာဏာရှင် အဆင့်များမှာ ပဥ္စမမြောက် အမျိုးအစား ဖြစ်သည့် လျှို့ဝှက် စွမ်းအင်ကို ပိုင်ဆိုင်ထားကြပေသည်။ ၎င်း၏ အကူအညီဖြင့် သူတို့မှာ အဆိပ်ကို လွယ်ကူစွာပင် နှိမ်နင်းနိုင်စွမ်း ရှိသည်။

သို့သော်လည်း... နည်းလမ်း မရှိခဲ့သည်တော့ မဟုတ်ချေ။ သာလွန်ခြင်း အဆင့် ထုတ်ကုန်များ အကြောင်း သုတေသန ပြုလုပ်စဥ် အခါက... အလွန် စိတ်ဝင်စားဖွယ် ကောင်းသည့် အချက်အလက် တစ်ခုကို သူ ရှာဖွေ တွေ့ရှိခဲ့သည်။ အဂ္ဂိရတ် ထုတ်ကုန်များ ဖော်စပ်ရန် အတွက် အင်္ဂါရပ် ခုနစ်ခုအား ဖြတ်ကျော်ရန် လိုအပ်ကြောင်းကို အားလုံး သိရှိပြီး ဖြစ်သည်။ ဆေးတောင့်များတွင်လည်း အလားတူပင် လိုအပ်ချက်များ ရှိသည့်တိုင် ပိုမို ရိုးရှင်းသည့် နည်းလမ်းကို သုံးနိုင်ပေသည်။

ပထမ အဆင့်... ထုတ်ယူခြင်းနှင့် ဆက်သွယ်ခြင်း အဆင့် နှစ်ခုကိုသာ သုံးကာ လျှို့ဝှက် အဆင့် ရတနာများထဲမှ အမတေနှင့် စွမ်းအင်များကို ဟန်ချက်ညီညီ ပေါင်းစပ်ရသည်။ ပြီးသည်နှင့် ဂရုတစိုက် ချိပ်ပိတ်လိုက်ရုံသာ ဖြစ်သည်။

ထိုနည်းလမ်းက အရိုင်းဆန်သည်။ ပြောရလျှင် နို့နှင့် ရေကို ရောနှောခြင်း ကဲ့သို့ အကြမ်းထည် နည်းလမ်း တစ်ခုသာ ဖြစ်သည်။ ထိုအရာက အဂ္ဂိရတ်တာအိုနှင့် နီးကပ်ခြင်းပင် မရှိချေ။

အဆိပ်ပြင်းသည့် မိန်းကလေးနှင့် တွေ့ဆုံပြီး နောက်တွင် ဝေ့ဝူယင် အတွေးတစ်ခုကို ရရှိခဲ့သည်။ သူ ချက်ချင်းပင် ချိုက်လျှို့ယန်၏ လက်စွပ်ထဲမှ လျှို့ဝှက် အဆင့် ပစ္စည်းများကို စစ်ဆေးကြည့် ခဲ့သည်။ ကံကောင်း ထောက်မစွာပင် ချိုက်လျှို့ယန်မှာ သူမ ပိုင်ဆိုင်သည့် ပစ္စည်းများကို နာမည် စာရင်း၊ အကျိုး သက်ရောက်မှုများနှင့် အတူ မှတ်တမ်းတင်ထားကာ အမျိုးမျိုးသော ကျောက်စိမ်း သေတ္တာများထဲတွင် ထည့်သွင်းထား ခဲ့သည်။

အကြမ်းဖျဥ်း လျှို့ဝှက် အဆင့် ပစ္စည်းပေါင်း လေးဆယ်ခန့် ရှိသည့် အနက်... လောက ဝါးမြိုခြင်းနှင်းဆီ ပွင့်ချပ် တစ်ခုလည်း အပါအဝင်ပင် ဖြစ်သည်။ ၎င်းမှာ အဆိပ်ပစ္စည်း တစ်ခု မဟုတ်သည့်တိုင် လျှို့ဝှက် စွမ်းအင် အပါအဝင် လောကရှိ မည်သည့် စွမ်းအားကို မဆို စုပ်ယူနိုင်သည့် အကျိုးသက်ရောက်မှု တစ်ခုကို ပိုင်ဆိုင်ထားသည်။

ထို့ကြောင့်ပင်... ဝေ့ဝူယင် အနန္တ သင်္ချိုင်း အဆိပ်ကို လောက ဝါးမြိုခြင်းနှင်းဆီ ပွင့်ချပ် ပေါင်းစပ်၍ အဆိပ်အမျိုးအစားသစ် တစ်ခုကို ဖော်စပ်လိုက်သည်။ထိုအဆိပ်မှာ မိန်းကလေး အပေါ် သူ အသုံးပြုခဲ့သည့် အဆိပ်ပင် ဖြစ်သည်။

ယခု ထိုအဆိပ်ဖြင့် အောင်မြင်ရန် လုံးဝ မဖြစ်နိုင်သည့် စစ်ပွဲကို တိုက်ခိုက် အနိုင်ယူရန် ဝေ့ဝူယင်ထံတွင် အခွင့်အရေး တစ်ခု ရှိလာခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း ၎င်းက အခွင့်အရေး အဆင့်တွင်သာ ရှိနေသေးဆဲ ဖြစ်သည်။ အောင်မြင်မည်ဟု မည်သူမှ အာမခံချက် မပေးနိုင်သေးချေ။ ထိုအပိုင်းက အတော်လေး စွန့်စားခန်းဆန်ကာ ရက်စက် ကြမ်းကြုတ်ဖွယ် ဖြစ်မည်ကတော့ သံသယ ဖြစ်စရာ မလိုပါချေ။

ဝမ်... ဝမ်...

မကြာခင်မှာပင် ကွမ်ယု ပြန်လည် ရောက်ရှိလာ၏။ သူ၏ အမူအရာက ဖြူရော်နေကာ မျက်လုံးများက အားနည်းမှု၊ အရှုံးပေးမှုတို့ဖြင့် ပြည့်နှက်နေသည်။ သူကား မိနစ်ပိုင်း အတွင်းမှာပင် ဆယ်နှစ်စာမျှ ပိုမို အိုစာ သွားသလိုပင်။ ကွမ်ယုက စကားပြောရန် မကြိုးစားပါချေ။ မြေပြင်ပေါ်တွင်သာ ပြားပြားချကာ ထိုင်လိုက်၏။ ထို့နောက် ကောင်းကင်ကို မော့ကြည့်လိုက်သည်။

ဝေ့ဝူယင်က သူ့ကို ကြည့်လိုက်သည်။ ကမ္မ အမှတ်များ ပေးနိုင်စွမ်း ရှိသည့် အပြစ်သား တစ်ယောက်ကို သတ်ဖြတ်ရန် အတွေးက သူ့စိတ်အတွင်း ဝင်လာခဲ့၏။ သို့သော်လည်း အဆုံးသတ်တွင်တော့ သူ ထိုအရာကို ပယ်ချလိုက်သည်။

“မင်း အတွက် အသက်ရှင်ဖို့ နည်းလမ်း တစ်ခု ရှိတယ်...”

ပင့်သက်တစ်ချက် ရှိုက်ရင်း ဝေ့ဝူယင် တိတ်ဆိတ်မှုကို စတင် ဖြိုခွင်းလိုက်၏။ စိတ်ပျက်အားငယ် နေသူ အဖို့တော့ ၎င်းက ရေနစ်နေတုန်း ကောက်ရိုးတစ်မျှင် တွေ့လိုက်ရသလိုပင်။

ကွမ်ယု၏ မျက်လုံးများက ချက်ချင်းပင် ကြည်လင် လာကာ မျှော်လင့်ချက် အပြည့်ဖြင့် ဝေ့ဝူယင်ကို လှမ်းကြည့်လိုက်၏။ ဘာပဲ လုပ်ရလုပ်ရ အခွင့်အရေး တစ်ခု ရှိသည် ဆိုလျှင် သူ ကျိန်းသေ ဆုပ်ကိုင်ရလိမ့်မည် ဖြစ်ပေသည်။

...

“ခင်ဗျားက တကယ် အတည်ကြီး လုပ်နေတာပဲဗျ....”

ကွမ်ယုက လှံရှည်ကို ပခုံးထက်တွင် ထမ်းထားရင်းမှ ပြောလိုက်၏။ သူ၏ အမူအရာက လုံးဝ တက်ကြွနေကာ စော‌စောပိုင်း မျှော်လင့်ချက် ကင်းမဲ့နေပုံနှင့် လုံးဝ ဆန့်ကျင်ဘက်ပင် ဖြစ်သည်။

သူ့နံဘေး မီတာ အနည်းငယ်ခန့် အကွာတွင်တော့ ဝေ့ဝူယင် လိုက်ပါလာခဲ့၏။ သူတို့ နှစ်ယောက်မှာ မြေကြီး မိုးကုပ်စက်ဝိုင်းဇုန်ကို ဖြတ်သန်း၍ ဘေးချင်းယှဥ် လမ်းလျှောက် လာခဲ့ကြခြင်းပင် ဖြစ်သည်။ ဝေ့ဝူယင်မှာ အတွေးအတွင်း နစ်မြုပ်နေဟန်ဖြင့် မျက်မှောင်ကြုတ်ထားတာ ကွမ်ယု၏ စကားကို လုံးလုံး လျစ်လျူထားသည်။

သို့သော်လည်း... ကွမ်ယုမှာ စိတ်ခုပုံ မရချေ။ ထိုလူငယ်လေးမှာ သူ့အတွက် နောက်ဆုံး မျှော်လင့်ချက် ဖြစ်သလို ကောက်ရိုးတစ်မျှင်လည်း ဖြစ်သည်။ သူ့ အသက်အတွက် မျှော်လင့်ချက် ပေးနိုင်သမျှ လျစ်လျူတာလောက်က ကိစ္စ မရှိပါချေ။

ဖျပ်... ဖျပ်... ဖျပ်...

အဝေးဆီမှ ခြေလှမ်းသံများက ခပ်စိတ်စိတ်ပင် ထွက်ပေါ်လာနေကာ တိကျသော အရှိန်အဟုန်နှင့် အတူ ဝေ့ဝူယင်တို့ နှစ်ယောက်ထံသို့ ချဥ်းကပ် လာနေခဲ့၏။ လေထုထဲရှိ သွေးရနံ့က စက္ကန့်နှင့် အမျှ ပိုမို၍ အားကောင်း လာနေသည်။ ကွမ်ယု အသံလာရာသို့ လှမ်းကြည့်လိုက်ကာ ပုံရိပ်တစ်ခု တဖြည်းဖြည်း ပေါ်လာနေသည်ကို တွေ့လိုက်ရ၏။

ပုံရိပ်မှာလည်း ဝေ့ဝူယင်တို့ကို တွေ့ရှိသွားသည်။ ပစ်မှတ်က မဟာမိတ် သဖွယ် ပူးပေါင်းထားသည့် လူနှစ်ယောက် ဖြစ်ကြောင်း သတိထားမိသော အခိုက်၌ သူ့ အမူအရာက ပြောင်းလဲသွားသည်။ သူ့ အနက်ရောင် မျက်လုံးများကတော့ ပြင်းထန်သော လေးနက်မှုများနှင့် ပြည့်နှက်သွားကာ အသက်လု တိုက်ပွဲ တစ်ခုကို တိုက်ခိုက်ရန် အဆင်သင့် ပြင်လိုက်လေ၏။

ကွမ်ယုက မျက်မှောင်ကြုတ်လိုက်၏။ ဝေ့ဝူယင်ကတော့ ထိုပုံရိပ်ကို လျစ်လျူကာ အတွေးများထဲတွင်သာ နစ်မြုပ် နေဆဲ ဖြစ်သည်။ ကွမ်ယုက မျက်ခုံးတစ်ချက် ပင့်လိုက်ကာ ပုံရိပ်ကို လှမ်းကြည့်လိုက်၏။

“မင်း ထွက်သွားနိုင်တယ်...”

သူ၏ စကားလုံးများက ပုံရိပ်ကို တဒင်္ဂ အံ့အားသင့် သွားစေ၏။ သူက ကွမ်ယုကို တစ်ချက် လှမ်းကြည့် လိုက်ပြီးနောက် အကြည့်များကို ဝေ့ဝူယင်ထံ ပို့လွှတ်လိုက်သည်။ ထိုနှစ်ယောက်က သူ့အား အန္တရာယ် ပြုမည့်ပုံ မပေါ်ချေ။ ထိုအရာက အတော်လေး ထူးဆန်းပုံ ရသည်။

သူ သတိကြီးကြီး ထားကာ စတင် နောက်ဆုတ်လိုက်၏။ သို့သော်လည်း... သူ့ မျက်လုံးများက ရန်သူများကို တစ်ချက်ပင် မလွတ်မပေးပဲ စောင့်ကြည့် နေဆဲ ဖြစ်သည်။ မကြာခင်မှာပင် ပုံရိပ်မှာ အတော်လှမ်းလှမ်း အထိ ရောက်ရှိသွားကာ ဝေ့ဝူယင်တို့ နှစ်‌ယောက် သူ့နောက် လိုက်မလာတာကို သတိထားမိလိုက်သည်။ သူ အနည်းငယ် စိတ်သက်သာရာ ရသွားကာ ချက်ချင်းပင် ဝေ့ဝူယင်တို့ကို ကျောခိုင်း၍ အစွမ်းကုန် ပြေးလွှား သွားခဲ့တော့၏။ ဆက်စပ်မှု စစ်မြေပြင်တွင် နှစ်ယောက် တစ်ယောက် တိုက်ပွဲက သူ ဘယ်တော့မှ မတိုက်ခိုက်ချင်သည့် တိုက်ပွဲမျိုးပင်။

ကွမ်ယုမှာ တိတ်တဆိတ်ပင် ထွက်ပြေးသွားသည့် ပုံရိပ်ကို ငေးမောကြည့် နေခဲ့၏။

“သူရော စစ်မြေပြင်ကနေ ထွက်တဲ့ အချိန်ကျ သေဒဏ်ချ ခံရမှာလား...”

သူ၏ လေသံက ပူဆွေးဝမ်းနည်းမှုတို့ ရောနှောနေသည်။ သူတို့ အစွမ်းကုန် ကြိုးစားကာ ဆက်စပ်မှု စစ်မြေပြင်ကို ဝင်ရောက်ခဲ့ရသည်။ တောက်ပသည့် အနာဂတ် အတွက် အသက်နှင့် ရင်းကာ တိုက်ခိုက်ခဲ့ရသနည်း။ သို့သော်လည်း... နိဂုံးတွင် ထိုကဲ့သို့ အဆုံးသတ်သွားရလိမ့်မည်ဟု မည်သူက တွေးမိခဲ့လိမ့်မည်နည်း။

“အဲဒါက အရေးမကြီးပါဘူးလေ...”

ဝေ့ဝူယင်က ထူးမခြားနားဟန်ဖြင့် မှတ်ချက်ချလိုက်သည်။

“အသိစိတ် ရှိတဲ့ သူတွေကတော့ သူတို့အတွက် တွေးတတ်ကြမှာပဲ... မျက်ကန်း လူမိုက်တွေနဲ့ သိသိရဲ့နဲ့ မိုက်ကြတဲ့ သူတွေသာ အဲဒီလို သေခြင်းတရားနဲ့ ရင်ဆိုင်ရမှာ...”

ကွမ်ယု၏ အမူအရာက အနည်းငယ် ရုပ်ဆိုးသွား၏။ သူက ဝေ့ဝူယင် ပြောသည့် တတိယ အမျိုးအစားထဲတွင် ပါဝင်နေသည် မဟုတ်ပါလား။ ပြန်လည် စဥ်းစားကြည့်ရပါက... သူက ဆက်စပ်မှု စစ်မြေပြင် အကြောင်း ဝေ့ဝူယင်ထက် ပိုသိသူ ဖြစ်သည်။

စစ်မြေပြင်၏ ရည်ရွယ်ချက်ကိုလည်း မဝင်ခင် ကတည်းက မှတ်သားဖူးပြီး ဖြစ်သည်။ သို့သော်လည်း လွဲမှားနေသည့် လမ်းကြောင်းကိုသာ လျှောက်ရန် သူ ဆုံးဖြတ်ခဲ့သည်။ မျိုးနွယ်စု၏ သင်ကြားမှုကိုသာ လိုက်နာခဲ့သည်။ ကိုယ့်ကိုယ်ကို တစ်ခါမှ မေးခွန်း ပြန်မထုတ်ခဲ့ဖူးချေ။ ဝေ့ဝူယင် ပြောသလိုပင် သူက သိသိကြီးနှင့် မိုက်ခဲ့သူ တစ်ယောက်ပင်။

ဝေ့ဝူယင်နှင့် ကွမ်ယုတို့မှာ ခြေလှမ်းမှန်မှန်ပင် ဆက်လက် လျှောက်လာခဲ့၏။ လမ်း၌ စောစောကလို ပစ်မှတ်ထား ခံရခြင်းက တစ်ကြိမ် တစ်ခါတည်းသာ မဟုတ်ချေ။ အကြိမ်အရေအတွက် အတော်လေး များပေသည်။ သို့သော်လည်း အားလုံးက လျှင်မြန်စွာ ရှောင်ထွက် သွားကြသည်ချည်းသာ ဖြစ်သည်။

ဝေ့ဝူယင်တို့ နှစ်ယောက်မှာ တည်ငြိမ်စွာပင် မြေကြီး မိုးကုပ်စက်ဝိုင်းဇုန်ကို ဖြတ်သန်းရင်း စစ်မြေပြင် အလယ်ဗဟိုရှိ စစ်ကျောက်တိုင် ရှိရာဆီသို့ ဦးတည် နေကြ၏။ ခရီးသွားလာနေသည့် ကြာချိန်ကို အသုံးပြုကာ ခရီးစဥ် တစ်လျှောက်လုံး ဝေ့ဝူယင်မှာ သူ့အဆိပ် အသစ်ကို သန့်စင် နေခဲ့သည်။

ဘုရင်နှင့် အိုရီတို့မှာ ထျန်းတျန် အတွင်း ငြိမ်သက်စွာ ရှိနေကြကာ ခရာတိုကတော့ နှလုံးသား၌ စည်းချက် ညီစွာ တဒိတ်ဒိတ် ခုန်နေသည်။ တစ်ချိန်တည်း၌ ဧဒင်မှာ ၎င်း၏ အမြစ်များကို အသိစိတ် ပင်လယ် အတွင်း နက်ရှိုင်းစွာ ကုပ်တွယ်နေ၏။

အသစ်သန့်စင်ခံထားရသည့် ခန္ဓာကိုယ်ဖြင့် ဝေ့ဝူယင်မှာ ကြယ်တာရာ ဝိညာဥ်များထံမှ ဝိညာဥ် အင်အားကို လုံလောက်စွာ ကိုင်တွယ် နိုင်နေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ကို ချိပ်ပိတ်ထားစရာ မလိုတော့ချေ။ သူတို့ အားလုံးမှာ သူ့ အစီအစဥ် နောက်ဆုံး အဆင့် အတွက် အလွန် အ‌‌ရေးကြီးပေသည်။

ဝေ့ဝူယင် မှတ်ချက်စကား ဆိုပြီးကတည်းက သူတို့ နှစ်ယောက် အကြားတွင် အချိန် ကြာမြင့်စွာ တိတ်ဆိတ် နေခဲ့သည်။ မြေကြီး မိုးကုပ်စက်ဝိုင်းဇုန်၏ အနားစွန်းကို ရောက်သော အခိုက်၌ ကွမ်ယုမှာ ထူထပ် များပြားသော သစ်တောအုပ်ကြီးကို လှမ်းမြင်လိုက်ရလေသည်။ သူက ထိုအခွင့်အရေးကို ယူကာ နောက်တစ်ကြိမ် စကား စလိုက်လေသည်။

“ကောင်းကင်စစ်ဝိညာဥ် ဆိုတာက ဘာကို ပြောတယ်လို့ ခင်ဗျား ထင်လဲ...”

All Chapters