စစ်ကျောက်တိုင်ဆီသို့
Vol. 55 Ch. 762
“ကောင်းကင်စစ်ဝိညာဥ် ဆိုတာက ဘာကို ပြောတယ်လို့ ခင်ဗျား ထင်လဲ...”
ကွမ်ယုက မေးလိုက်၏။ စစ်ဝိညာဥ် ဖလှယ်မှု စာရင်း၌ ကမ်းလှမ်း ဖော်ပြထားသည့် ထုတ်ကုန်များကို ဝေ့ဝူယင် မတိုင်ခင် ကတည်းကပင် ကြည့်ရှုပြီး ဖြစ်သည်။ ထို့အပြင် သူ့မျိုးနွယ်မှာလည်း လွန်ခဲ့သည့် နှစ်ပေါင်း နှစ်သိန်းကျော် ကတည်းက ထိုထုတ်ကုန်များ အကြောင်း အသေးစိတ် မှတ်တမ်းတင်ထားခဲ့ပြီး ဖြစ်သည်။ ထိုအထဲ၌ ကွမ်ယု အထူး စိတ်ဝင်စားမိသည့် အရာက ဖော်ပြချက်၌ “ကောင်းကင် စစ်ဝိညာဥ်” စကားလုံး တစ်ခုတည်းသာ ရေးသားထားသည့် ထုတ်ကုန်ပင်။ သို့သော်လည်း ၎င်းမှာ အလွန်ပင် တန်ဖိုး ကြီးမားလှကာ ဖလှယ်ရန် အတွက် စစ်ဝိညာဥ်ပေါင်း ၅၀၀၀၀၀၀ အထိ လိုအပ်ပေသည်။ သို့သော်လည်း စစ်ဝိညာဥ် အရေအတွက် ထိုမျှ စုမိရန် ဆက်စပ်မှု စစ်မြေပြင် တစ်ဝက်ခန့်ကို သတ်ဖြတ်မှ ရပေလိမ့်မည်။
သို့သော်လည်း ကံကောင်းမစွာပင်... ထိုကဲ့သို့ သတ်ဖြတ်ခြင်းဖြင့် ရရှိလာသည့် စစ်ဝိညာဥ်များကို ဆက်စပ်မှု စစ်မြေပြင်တွင် ဖလှယ်၍ မရကြောင်း သူ သိရှိလာရသည်။ ၎င်းတို့ကို ပြင်ပ လောကတွင်သာ လဲလှယ်နိုင်ပေသည်။ ကွမ်ယု၏ အိပ်မက်အားလုံး ကွဲကြေခဲ့ရသည်။
အမှန်တကယ်အားဖြင့်... သူ့ အိပ်မက်သာလျှင် စစ်ဝိညာဥ်ထံမှ အဆင့်မြင့် ထုတ်ကုန်များကို ဖလှယ်ရန် ကြံစည်နေသည့် လူငယ် အားလုံး၏ အိပ်မက်များပါ ကျိုးပျက်ခဲ့ရခြင်း ဖြစ်သည်။
ထို့အပြင် ဆက်စပ်မှု စစ်မြေပြင်ကို သေမျိုး တစ်ယောက် အနေဖြင့် ပြန်လည် ဝင်ရောက်ခွင့်လည်း မရှိပြန်ချေ။ နောက်တစ်ကြိမ် ဝင်ရောက်လိုပါက သူတို့ အနေဖြင့် လျှို့ဝှက် အာဏာရှင် အဆင့်ကို ရောက်သည် အထိ စောင့်ဆိုင်း ရလိမ့်မည် ဖြစ်သည်။ ထို့ကြောင့်ပင် စစ်ဝိညာဥ် ၉၀၀ ကျော် တန်ကြေးရှိသည့် ဆည်းဆာဖျက် ဓားအလင်း နည်းလမ်း ကဲ့သို့ နည်းလမ်းများကို ငေးကြည့်နေရုံသာ တတ်နိုင်ပေသည်။
တစ်ခါတုန်းက သူတို့ ကြယ်ကွင်းပြင်တွင် “အဆင့်မြင့် မြေကြီး နည်းလမ်း” တစ်ခုကို ကံကောင်း ထောက်မစွာ ရရှိခဲ့သည့် ဂိုဏ်းတစ်ဂိုဏ်း ရှိခဲ့ဖူးသည်။ လွန်ခဲ့သည့် နှစ်တစ်ထောင်ခန့်က ထိုဂိုဏ်းမှာ အင်အားကြီး ဂိုဏ်းတစ်ဂိုဏ်း အဆင့်တွင်သာ ရှိခဲ့သည့်တိုင် ယခုတွင်တော့ ကြယ်ကွင်းပြင် တစ်ခုလုံး၏ အုပ်စိုးသူပင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ထိုအရာ အောင်မြင်မှု အားလုံးက ဆက်စပ်မှု စစ်မြေပြင်မှ ရရှိခဲ့သည့် ကျင့်ကြံခြင်း နည်းလမ်း တစ်ခု အပေါ်တွင် အဓိက မူတည်ခဲ့ပေသည်။
ဝေ့ဝူယင် အသက်ကို တဝကြီး ရှူသွင်းလိုက်၏။ သစ်ပင်၊ သစ်ရွက်နှင့် သစ်ဥသစ်ဖုတို့၏ မွှေးပျံ့သော ရနံ့ကို သူ ရှူရှိုက်လိုက်ရသည်။ သစ်တောတစ်ခုမှာ အနီးအနားတွင် ရှိနေပေလိမ့်မည်။ ကွမ်ယု၏ အဆိုအရ ဆိုလျှင်... ထိုသစ်တောကို သစ်တော မိုးကုပ်စက်ဝိုင်းဇုန် ဟု အမည်နာမ သတ်မှတ်ထားသည်။ ဆက်စပ်မှု စစ်မြေပြင်မှာ နာမည် ပေးရာ၌ အတော်လေး ရိုးရှင်းသည်။ ထို့အပြင်... သစ်တော မိုးကုပ်စက်ဝိုင်းဇုန်မှာ စစ်ကျောက်တိုင်နှင့် ပိုမို နီးကပ်ပေသည်။
“အဲဒါက အရေးမကြီးပါဘူး...”
အချိန် အကြာကြီး ယူပြီးနောက်မှ ဝေ့ဝူယင်က ကွမ်ယု၏ မေးခွန်းကို ဖြေလိုက်၏။
“အဲဒီလို ပြီးစလွယ်တော့ မပြောနဲ့လေဗျာ... လုပ်စမ်းပါ... ခင်ဗျား တွေးမိတာတော့ ရှိမှာပေါ့... ကျုပ် ကျင့်ကြံသူတွေ အများကြီးနဲ့ တွေ့ဖူးတယ်... ခင်ဗျားလောက် တော်ပြီး တွေးတတ်တဲ့ လူမျိုး ကျုပ် တစ်ခါမှ မကြုံဖူးဘူး... အနည်းဆုံး ခင်ဗျား ခန့်မှန်းမိတာ တစ်ခုခုတော့ ရှိမှာပါ”
ကွမ်ယုက ဝေ့ဝူယင်ကို ထပ်မံ၍ တိုက်တွန်းလိုက်၏။ ဝေ့ဝူယင်က ဖြူရော်စွာ ပြုံးလိုက်မိသည်။ မျက်စိကွယ်နေသည့်တိုင် မြှောက်ပင့်သည့် စကားကိုတော့ သူ ခွဲခြားတတ်ပေသေးသည်။
“ကျုပ်ရဲ့ ခန့်မှန်းမှုဆိုရင်တော့ အဲဒါက စစ်ဝိညာဥ်ကိုပဲ ပြောတာ ဖြစ်လိမ့်မယ်...”
“စစ်ဝိညာဥ်...”
ကွမ်ယုမှာ တခဏမျှ တိတ်ဆိတ်သွား၏။ ထို့နောက် သူ့ မျက်လုံးများက တဖျပ်ဖျပ် တောက်ပ လာခဲ့တော့သည်။
“စစ်ဝိညာဥ် ဆိုတာက ဒီစစ်မြေပြင်ကြီး တစ်ခုလုံးရဲ့ အုပ်စိုးသူကို ပြောတာ မလား... ဒါဆို ခင်ဗျား ဆိုလိုချင်တာက စစ်ဝိညာဥ်ကို ပိုင်မယ် ဆိုရင် ဒီစစ်မြေပြင် တစ်ခုလုံးနဲ့ အထဲမှာ ရှိသမျှ အရာအားလုံးကိုပါ ပိုင်မယ်လို့ ပြောတာမလား...”
ဝေ့ဝူယင်က မတုန့်ပြန်ချေ။ ထို့အစား ထူးမခြားနားစွာပင် ပြုံးလိုက်၏။ သူနှင့် ကွမ်ယုတို့ ထင်နေသည့် အရာက မှန်မှန် မှားမှား ကိစ္စ မရှိပါချေ။ ထိုပမာဏကို မတတ်နိုင်သေးသရွေ့ ထိုအရာက ကိစ္စ မရှိသေးချေ။ သူ့ဘဝ တစ်လျှောက်လုံးတွင် နယ်မြေတစ်ခုကို စောင့်ရှောက်ရသည့် ဝမ်ယုထျန်း ကဲ့သို့ ဝိညာဥ် ဖြစ်တည်မှုများနှင့် ဆက်ဆံခဲ့ဖူးပြီး ဖြစ်သည်။
ဝမ်ယုထျန်း၏ အဆိုအရ... သူ့သက်တမ်းနှင့် ဝိညာဥ်တို့ကို ထာဝရ ဧကရာဇ်က တစ်နည်းနည်းဖြင့် အသွင်ပြောင်းလဲ ပေးခဲ့သည်။ ထို့နောက်... သူက သက်ရှိပုံစံ အသစ်နှင့် မတူ မသေမျိုး တစ်ယောက် ဖြစ်လာခဲ့သည်။ ထိုကဲ့သို့ ထူးခြားသည့် သူ၏ အခြေအနေမှာ နယ်ပယ်များကို ကြီးကြပ်ရန် ပိုမို သင့်လျော်သည့် အားသာချက်များကို ဖြစ်ပေါ်စေခဲ့သည်။ စစ်ဝိညာဥ်မှာလည်း ထိုကဲ့သို့ ဖြစ်တည်မှု တစ်ခု ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
သို့သော်လည်း... ကွမ်ယုက ခန့်မှန်း ဆို၍သာ သူ ခန့်မှန်းခဲ့ခြင်းဖြစ်သည်။ ထိုအရာက အမှန်တကယ် ဖြစ်လိမ့်မည် ဟု သူ အာမမခံရဲချေ။ သေချာ အချိန်ယူ၍ စဥ်းစားကြည့်မည် ဆိုပါက နောက်ထပ် သီအိုရီများ ထွက်ကောင်း ထွက်လာနိုင်ပေသေးသည်။
သို့သော်လည်း... ဝေ့ဝူယင် ထိုအရာကို စိတ်မဝင်စားအားသေးချေ။ လက်ရှိ သူ့တွင် ပို၍ အရေးကြီးသည့် အလုပ်များ ရှိနေပေသည်။ စစ်ကျောက်တိုင်ကို လေ့လာခွင့်က သူ၏ တစ်ခုတည်းသော ဦးစားပေး ဖြစ်ပေသည်။
အမြတ်ထုတ် ကောင်းချီးခံ တစ်ယောက် အနေဖြင့် အခက်အခဲနှင့် အန္တရာယ်များကို ကျော်ဖြတ်၍ အခွင့်အရေးများကို ဆုပ်ကိုင်ရမည်က သူ့ တာဝန်ပင် ဖြစ်သည်။ ထို့အပြင် အမွေခံ အပြစ်သား တစ်ယောက် အနေဖြင့် ကောင်းချီးခံများထံမှ ကံကြမ္မာများကို လုယူခြင်းက သူ့ လမ်းစဥ် ဖြစ်ပုံ ပေါ်သည်။
သူတို့ နှစ်ယောက် သစ်တော မိုးကုပ်စက်ဝိုင်းဇုန်ကို ဖြတ်သန်းကာ ဆက်လက်၍ လျှောက်လာခဲ့ကြ၏။ ထိုနေရာ၌ အခြား စစ်သည်တော် တစ်ယောက်နှင့် ဆုံခဲ့ရသေးသော်လည်း ယခင်လူများ နည်းတူပင် လျှင်မြန်စွာ ရှောင်သွားခဲ့ကြသည်။ မည်သည့် စစ်သည်တော်မှ အသက်ကို ရင်းကာ နှစ်ယောက် တစ်ယောက် တိုက်ခိုက်ရန် မဝံ့ရဲခဲ့ကြချေ။
မကြာခင်မှာပင် ဝေ့ဝူယင်တို့ နှစ်ယောက်မှာ ဆက်စပ်မှု စစ်မြေပြင် ဗဟိုကို ရောက်ရှိလာခဲ့၏။ အကယ်၍ ဝေ့ဝူယင်သာ မျက်လုံးများ မြင်နိုင်မည် ဆိုပါက... ထိုနေရာတွင် သူ အိပ်မက်ထဲ၌ တွေ့မြင်ရသည့် ကျောက်တိုင်ကြီး တည်ရှိနေသည်ကို တွေ့မြင်ရလိမ့်မည် ဖြစ်သည်။
“ကျုပ်တို့ ရောက်ပြီ...”
ကွမ်ယုက လေးနက်သော အမူအရာဖြင့် ဆိုလိုက်၏။ ဝေ့ဝူယင် ခေါင်းညိတ်လိုက်၏။ အရိုးသားဆုံး ဝန်ခံရပါက လက်ရှိ အချိန်၌ ကွမ်ယုမှာ သူ့အတွက် အလွန် အဖိုးတန်သည်။ သူက အလွန်သန်မာခြင်း မရှိသည့်တိုင် သူ့တွင် မရှိသည့် အရည်အချင်း နှစ်ခုကို ပိုင်ဆိုင်ထားသည်။ မြင်နိုင်စွမ်းနှင့် လမ်းညွှန်နိုင်မှုတို့ပင်။
အကယ်၍ တစ်ယောက်တည်းသာ ဆိုပါက ဝေ့ဝူယင် လမ်းပျောက်နေမှာ သေချာသည်။ ဆက်စပ်မှု စစ်မြေပြင်၏ ဗဟိုက မည်သည့် အရပ်၌ ရှိသည်ကိုပင် သူ မသိချေ။ အကယ်၍ သိသည် ထားဦး...။ လမ်းတစ်လျှောက်၌ မရေမတွက်နိုင်သည့် တိုက်ပွဲများ ဆင်နွှဲရမှာ သေချာသည်။ ယခုတွင်တော့ ကွမ်ယုနှင့် ပူးပေါင်း ထားလေရာ အားလုံးက ရှောင်လွှဲ သွားကြသည်ချည်းသာ ဖြစ်သည်။
“ခင်ဗျား တကယ်ကြီး လုပ်မှာလားဗျ...”
ကွမ်ယုက သူ ပထမဆုံး မေးခဲ့သည့် မေးခွန်းကိုပင် ပြန်မေးလိုက်၏။ စစ်ကျောက်တိုင်ကို ရင်ဆိုင်မည် ဖြစ်ကြောင်း ဝေ့ဝူယင်ထံမှ ပထမဆုံး အကြိမ် ကြားခဲ့ရစဥ်က မဖြစ်နိုင်သည့် စိတ်ကူး တစ်ခုဟု သူ သတ်မှတ်ခဲ့သည်။ သို့သော်လည်း ယခုတွင်တော့ ဤနေရာကို သူတို့ တကယ်ကြီး ရောက်ရှိလာခဲ့ချေပြီ ဖြစ်လေသည။
“ဘာကို တကယ်ကြီး လုပ်မှာလဲ...”
ရုတ်တရက် အသံ တစ်ခု ထွက်ပေါ်လာ၏။ ဝေ့ဝူယင်နှင့် ကွမ်ယုတို့ နှစ်ယောက်စလုံး ခေါင်းများကို အသံလာရာ ဘက်သို့ လှည့်လိုက်သည်။
ထိုအခါ မီတာ တစ်ဒါဇင်ခန့် အကွာအဝေးတွင် မိန်းကလေး တစ်ယောက် ရပ်နေကြောင်း ကွမ်ယု တွေ့လိုက်ရ၏။ သူမက အဖြူရောင် ဆံပင်ရှည်များကို ပိုင်ဆိုင်ထားကာ မျက်လုံးများကတော့ မီးခိုးရင့်ရောင် နောက်ခံတွင် အဖြူ၊ အနက်နှင့် လိမ္မော်ရောင် အစက်အပျောက်များ တစ်စတစ်စ ပြန့်ကျဲနေသည်။ သူမက ပိန်သွယ်၏။ အရပ်က ငါးပေလေးခန့် ရှိလိမ့်မည်။ ခန္ဓာကိုယ် ထက်တွင်တော့ အဖြူနှင့် အနက်ရောင် ရောစပ်ထားသည့် ကိုယ်ကြပ် ဝတ်စုံကို ဝတ်ဆင်ထား၏။
နှလုံးခုန်သံ၊ အသက်ရှူသံတို့ကိုပင် မကြားရသည့် အခြေအနေတွင် ထိုအသံက ရုတ်ချည်း ထွက်ပေါ်လာခြင်း ဖြစ်လေရာ ဝေ့ဝူယင်၏ အမူအရာက အလွန်အမင်း တည်ငြိမ်နေ၏။ အသိစိတ် ပင်လယ် အတွင်းရှိ ဧဒင်၏ အမြစ်များပင်လျှင် တုန်လှုပ်၍ လာခဲ့သည်။
“ကွမ်ယု...”
ဝေ့ဝူယင်က ခေါ်လိုက်၏။
"အင်း...”
ကွမ်ယုက ဝေ့ဝူယင်ကို တုန့်ပြန်လိုက်ရင်း မိန်းကလေးကို မျက်ခြေမပြတ်ပင် စောင့်ကြည့်နေ၏။ သူ၏ မျက်လုံးများက အနည်းငယ် ကျဥ်းမြောင်းနေသည်။
မီတာ တစ်ဒါဇင်မျှသာ ကွာဝေးသည့်တိုင် မျက်နှာကို ထင်ထင်ရှားရှား မမြင်ရလေရာ မိန်းကလေးမှာ ထူးဆန်းသော ရတနာ တစ်ခုကို သုံးထားကြောင်း သိသာလှသည်။ ဆက်စပ်မှု စစ်မြေပြင်တွင် ၎င်းက ထူးဆန်းသော အပြုအမူ တစ်ခု ဖြစ်သည်။ ကြည့်ရသည်က... မိန်းကလေးမှာ ကောင်းကင်ဘုံထံမှ အလှတရားနှင့် ပတ်သက်၍ ကောင်းချီးပေးခံထားရသည့် တည်ရှိမှု တစ်ခု ဖြစ်နိုင်ပေသည်။
“သူက လာပြီး လုပ်ကြံတဲ့လူလား...”
ဝေ့ဝူယင်က မေးလိုက်၏။
“မသိဘူး...”
ကွမ်ယုက ခေါင်းခါလိုက်သည်။ သို့သော်လည်း ဝေ့ဝူယင်က သူ့ကို အဆင်သင့် ပြင်ဆင်ထားရန် အချက်ပြခြင်း ဖြစ်ကြောင်း ကွမ်ယု သိရှိပေသည်။
ဆံပင်ဖြူ မိန်းကလေးမှာ ဝေ့ဝူယင်နှင့် ကွမ်ယုတို့ အပြန်အလှန် စကားပြောနေသည်ကို တိတ်တဆိတ်ပင် စောင့်ဆိုင်း နေခဲ့၏။ သူမ၏ မျက်လုံးများကတော့ စိတ်ဝင်စားမှုများနှင့် ပြည့်နှက်နေသည်။
“ငါ့မှာ နင်တို့ကို အန္တရယ်ပြုဖို့ ရည်ရွယ်ချက် မရှိဘူး... နင်တို့ ဒီနေရာကို ဘာလို့ လာတာလဲ ဆိုတာပဲ သိချင်တာ... တကယ်ကြီး လုပ်မယ်ဆိုတာကရော ဘာလဲ”
မိန်းကလေး၏ စကားလုံးများက ယဥ်ကျေးပုံ ပေါ်သည့်တိုင် ကွမ်ယုမှာ မယုံကြည်ရဲပါချေ။ သူက လှံကို ရင်ဘတ်ရှေ့တွင် ထား၍ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ ခံစစ် သဏ္ဌာန် နေရာယူလိုက်၏။ သူ၏ အမူအရာက အနည်းငယ် သုန်မှုန်နေသည်။
“ခင်ဗျားအလုပ် မဟုတ်ဘူး... ထွက်သွားပါ...”
"..."
လျှို့ဝှက် ဆန်းကြယ်သည့် မိန်းကလေးမှာ အချိန် အတန်ကြာ တိတ်ဆိတ်သွားပြန်၏။ မျက်နှာ အမူအရာကို မတွေ့မြင်ရလေရာ သူမ ဘာကို တွေးနေကြောင်း ကွမ်ယု စဥ်းစား၍ မရပါချေ။
ဝေ့ဝူယင်မှာ ခရာတိုနှင့် ဧဒင်တို့ အနည်းငယ် တုန်ရီသွားသည်ကို သတိထားမိလိုက်၏။ သူတို့ နှစ်ယောက် စလုံးမှာ မိန်းကလေးထံမှ အလွန် ကြောက်မက်ဖွယ် ကောင်းသည့် အန္တရာယ် အငွေ့အသက်ကို ခံစားနေကြရ ပေသည်။ ၎င်းက အနန္တသင်္ချိုင်း အဆိပ်ပိုင်ရှင် မိန်းကလေးထံမှ ရသည့် အငွေ့အသက်ထက် အဆများစွာ ပိုမို ပြင်းထန်ပေသည်။
ဝေ့ဝူယင် စိတ်ထဲမှ ခါးသီးစွာ ပြုံးလိုက်မိ၏။ အဘယ်ကြောင့် ဆက်စပ်မှု စစ်မြေပြင်တွင် သူနှင့် ဆုံဆည်းသမျှ မိန်းမတိုင်းမှာ အလွန် အန္တရာယ်များ နေရသနည်း။
“ငါက ဒီအတိုင်းပဲ သိချင်တာလေ... မရဘူးလား...”
မိန်းကလေးက မကျေမနပ် ဖြစ်သွားဟန်နှင့် မေးလိုက်၏။ သူမ၏ လေသံက နှုတ်ခမ်းကလေး စူကာ စိတ်ကောက် နေသည့် မြီးကောင်ပေါက်မလေး တစ်ယောက်လိုပင်။
ဝေ့ဝူယင်က သက်ပြင်းတစ်ချက် ချလိုက်သည်။ ထို့နောက် သူက ညာဘက် လက်ကို မြှောက်ကာ သူတို့ ဦးတည် လမ်းလျှောက်ခဲ့သည့် ဘက်ကို ညွှန်ပြလိုက်၏။
“စစ်ကျောက်တိုင်ကို ခင်ဗျား တွေ့တယ်မလား... ကျုပ်တို့...”
“ညာဘက်ကို နည်းနည်း...”
ကွမ်ယုက လေသံကို နှိမ့်၍ သတိပေးလိုက်၏။
“...”
ဝေ့ဝူယင် အနည်းငယ် ကြောင်သွားသည်။ သို့သော်လည်း မကြာခင်မှာပင် မမြင်မစမ်းနှင့် သူ၏ ညွှန်ပြမှုက ကျောက်တိုင်နှင့် လွဲသွားခြင်း ဖြစ်ကြောင်း သဘောပေါက် သွားသည်။ သူက လက်ကို ညာဘက်သို့ ရွှေ့လိုက်၏။
“စစ်ကျောက်ကို ခင်ဗျား တွေ့တယ်မလား... ကျုပ်တို့...”
“အရှိန်လွန်သွားပြီ... ဘယ်ဘက်ကို နည်းနည်း...”
ယခုတစ်ကြိမ် ပြောလိုက်သူကတော့ မိန်းကလေးပင်။
“...”
ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချလိုက်သည်။ ထို့နောက် သူက ကွမ်ယုဘက်သို့ လှည့်ကြည့်ကာ အကူအညီ တောင်းလိုက်လေသည်။
“ကျောက်တိုင်ကို ခင်ဗျားပဲ ညွှန်ပြလိုက်ပါ...”
ကွမ်ယုမှာ တဒင်္ဂမျှ ကြောင်အနေသည့်တိုင် ဝေ့ဝူယင် ပြောသည့် အတိုင်း လိုက်လံ လုပ်ဆောင် ပေးလိုက်သည်။ မိန်းကလေက မျက်ခုံးကို ပင့်ကာ စိတ်ရှည်လက်ရှည်ပင် စောင့်နေ၏။
“စစ်ကျောက်တိုင်ကို ခင်ဗျား တွေ့တယ်မလား... ကျုပ်တို့ စိန်ခေါ်မလို့ဗျ... မတော်တဆမှုတွေ မဖြစ်ခင် ခင်ဗျား ထွက်သွားတာ ကောင်းလိမ့်မယ်...”
နောက်ဆုံး၌ ဝေ့ဝူယင်မှာ မိန်းကလေး အတွက် သူ့သတိပေးစကားကို အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ လေတော့သတည်း။