← Chapters

ကမ်းလှမ်းမှု

Vol. 55 Ch. 763

ကမ်းလှမ်းမှု

Vol. 55 Ch. 763

“စိန်ခေါ်မလို့...”

လျှို့ဝှက် ဆန်းကြယ်သည့် မိန်းကလေးမှာ အချိန် အတန်ကြာ တိတ်ဆိတ်သွားပြန်၏။ သို့သော်လည်း ဝေ့ဝူယင်နှင့် ကွမ်ယုတို့မှာ သူတို့ အသွေးအသားများထဲ အထိ ဖောက်ဝင်နေဟန် ရသည့် အကြည့် စူးစူးကို ခံစားနေရသည်။ ထိုအရာက သက်တောင့်သက်သာ မရှိလှချေ။ ကွမ်ယုက မျက်မှောင်ကြုတ်ကာ လက်ထဲရှိ လှံရှည်ကိုသာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်၏။

ကံကောင်းထောက်မစွာပင် စက္ကန့်အနည်းငယ် ကြာပြီး သည့်နောက်၌ ထိုခံစားချက်က ပျောက်ကွယ်သွားကာ မိန်းကလေး၏ မယုံကြည်နိုင်သည့် လေသံက ထွက်ပေါ်လာလေသည်။

“နင်တို့ နှစ်ယောက်စလုံးက သေမျိုးတွေ မလား... နောက်ပြီး သူဆို မျက်လုံးကန်းနေသေး...”

“ခင်ဗျားရော သေမျိုး မဟုတ်လို့လား...”

ကွမ်ယုက မခံနိုင်ဟန်ဖြင့် ပြန်ပက်လိုက်၏။ အကယ်၍ မိန်းကလေးဘက်က တိုက်ခိုက်ဖို့ ကြိုးစားလျှင် သူ့ ဘက်ကလည်း ညှာတာနေမည် မဟုတ်ချေ။ မျက်နှာ တစ်ခုလုံး ကွာကျသွားသည့် မိန်းကလေးကို တွေ့မြင်ပြီး နောက်တွင် လှပသည့် မိန်းကလေးများ အပေါ် သူ့ ယုံကြည်မှုက ဇောက်ထိုး ကျဆင်း သွားခဲ့ပြီ ဖြစ်သည်။

“နင်တို့ ငါ့ကို လိမ်နေတာလား...”

မိန်းကလေး၏ မူလကနှင့် တူညီခြင်း မရှိတော့ပဲ အနည်းငယ် ပြောင်းလဲသွား၏။ ပတ်ဝန်းကျင်က ချက်ချင်းပင် အေးစက်လာကာ သတ်ဖြတ်ခြင်း ရည်ရွယ်ချက်များက နေရာ အနှံ့ လွှမ်းခြုံသွားသည်။

“ခင်ဗျား ယုံယုံ မယုံယုံ ကိစ္စ မရှိဘူး... တကယ်လို့ ဒီနေရာမှာ နေပြီး စွန့်စားချင်တယ် ဆိုရင်တော့ ခင်ဗျား သဘောပါပဲ... ကျုပ်တို့ မနှောက်ယှက်ပါဘူး... ကြည့်ရတာ အခြား လျှို့ဝှက် အာဏာရှင် အဆင့်တွေဆီကနေ လွတ်‌မြောက်ဖို့ ခင်ဗျားမှာ ယုံကြည်ချက် ရှိနေတယ် ထင်တယ်”

ထိုကဲ့သို့ ပြောပြီးနောက် ဝေ့ဝူယင်က မိန်းကလေးကို ကျောခိုင်းကာ စစ်ကျောက်တိုင်ဆီသို့ ဦးတည် လိုက်လေ၏။ အေးစက်စက် လေထုက ပျောက်ကွယ်သွားကာ ပတ်ဝန်းကျင်က ပုံမှန်လိုပင် ပြန်လည် နွေးထွေးလာ၏။

“ငါ့ခန့်မှန်းချက်က မှန်နေသားပဲ...”

ဝေ့ဝူယင် စိတ်ထဲမှ မှတ်ချက်ချ လိုက်၏။ ကျင်းကျူး၏ ကံကြမ္မာက စစ်ကျောက်တိုင်ကို လေ့လာဖို့ ဆိုပါစို့။ သေမျိုးတစ်ပိုင်း အရှင် အဆင့်ကို ရောက်ရှိပြီးနောက် သူ ပြန်လာလျှင်ပင် လျှို့ဝှက် အာဏာရှင် အဆင့် တစ်‌သောင်းကို တစ်ယောက်တည်း ရင်ဆိုင်ဖို့ ဖြစ်နိုင်ချေ မရှိချေ။ ဆက်စပ်မှု စစ်မြေပြင်တွင် ကျင်းကျူးကို ပံ့ပိုးဖို့ အတွက် အခြားလူများရှိနေဦးမှာ သေချာပေသည်။

မိန်းကလေး၏ အကြည့်၊ စကားလုံးများနှင့် သူမ ရပ်နေသည့် တည်နေရာတို့က ပင်လျှင်... တစ်ခုတည်းသော ကောက်ချက် တစ်ခုဆီ ရည်ညွှန်းပြနေသည်။ သူမက လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်ပင်။

ကွမ်ယုက ဆက်စပ်မှု စစ်မြေပြင်တွင် လျှို့ဝှက် အာဏာရှင် အဆင့်များ မရှိဟု ပြောခဲ့သည့်တိုင် ထိုအရာက အဓိပ္ပာယ် မရှိချေ။ သူ၏ ဘိုးဘေး ပင်လျှင် ဝင်ခဲ့လေရာ အခြားလူများလည်း ဝင်ရောက်ခဲ့နိုင်လိမ့်မည်သာ ဖြစ်သည်။ သူတို့ ပြန်မထွက်နိုင်ခဲ့ကြခြင်း... သို့မဟုတ် ကွမ်ယု၏ ဘိုးဘေးကဲ့သို့ သတင်းစကားကို လက်ဆင့် မကမ်းနိုင်ခဲ့ခြင်းတို့သာ ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

လျှို့ဝှက် အာဏာရှင် အဆင့်များ အတွက် အပြင်သို့ ထွက်ခွင့်ရရန် စစ်ဝိညာဥ် လိုအပ်ချက်က အလွန် မြင့်မားသည့် အပြင် စစ်ပွဲ၏ စစ်သည်တော်များကိုလည်း သတ်ဖြတ်၍လည်း မရချေ။ သို့ဖြစ်လေရာ... သူတို့တွင် ရွေးချယ်စရာ နှစ်ခုသာ ရှိပေသည်။

ဆက်စပ်မှု စစ်မြေပြင်တွင်ပင် သက်တမ်း ကုန်ဆုံးသည် အထိ နေထိုင်မည်လော...။

သို့တည်းမဟုတ် စစ်ကျောက်တိုင်ကို စိန်ခေါ်မည်လော...။

ဘယ်လိုပဲ ဖြစ်ဖြစ် စစ်ကျောက်တိုင်ကို စိန်ခေါ်လျှင်လည်း သေရမည်သာ ဖြစ်သည်။ မည်သူက တစ်ယောက်နှင့် တစ်သောင်း ရင်ဆိုင်နိုင်မည်နည်း။

ပထမ၌... ဝေဝူယင် ထိုအယူအဆ အပေါ် သံသယများ ရှိခဲ့သော်လည်း လျှို့ဝှက် ဆန်းကြယ်သော မိန်းကလေး၏ ပေါ်ထွက်လာမှုက အရာအားလုံးကို ရှင်းလင်း စေခဲ့သည်။

အခြားတစ်ဖက်၌ ကွမ်ယုကတော့ အမြင်ကျဥ်းမြောင်းစွာပင် ဆက်စက်မှု စစ်မြေပြင်တွင် လျှို့ဝှက် အာဏာရှင် အဆင့်များ မရှိ ဆိုသည့် အယူအဆကို ဆက်လက် ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။ ထို့‌ကြောင့်ပင် အဖြေမှန်ကို ဖော်ထုတ်နိုင်ခြင်း မရှိသေးချေ။

“ခဏ...”

မိန်းကလေးက ဝေ့ဝူယင်ကို တားလိုက်၏။ သူမ၏ လေသံက စောစောကနှင့် မတူတော့ပဲ ပုံမှန်လိုပင် ပြန်လည် ပြောင်းလဲသွားသည်။

ဝေ့ဝူယင်က ခြေလှမ်းများကို ရပ်တန့်လိုက်၏။ ထို့နောက် အသံလာရာကို မျက်နှာမူလိုက်သည်။ မိန်းကလေးက ဖြည်းညင်းစွာပင် ဝေ့ဝူယင် ရှိရာဆီသို့ လျှောက်လာခဲ့၏။ ကွမ်ယု၏ အမူအရာက စိုးရိမ်မှုများဖြင့် ပြည့်နှက်နေခဲ့ပြီ ဖြစ်လေသည်။ သို့သော်လည်း ဝေ့ဝူယင်က အချက်ပြခြင်း မရှိသေးရာ ငြိမ်သက်စွာဖြင့် စောင့်ကြည့်နေရန်သာ သူ တတ်နိုင်၏။

ဖျပ်... ဖျပ်...

မိန်ကလေး အနားသို့ ရောက်ရှိလာသည့် အချိန် အထိ ဝေ့ဝူယင်မှာ ငြိမ်သက်နေဆဲ ဖြစ်သည်။ အမှန်တရား တစ်ခုအား ပြောရလျှင်... ဝှက်ဖဲ တစ်စုံတစ်ရာ မရှိပဲ လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်နှင့် ရင်ဆိုင်ရန် သူ့တွင် ယုံကြည်ချက် မရှိချေ။ သို့သော်လည်း သူမက တိုက်ခိုက်ဖို့ ကြိုးပမ်းမည် ဆိုပါက သူ့တွင် ခုခံရန် နည်းလမ်းပေါင်းများစွာ ရှိနေပေသေးသည်။ သူမက သူ့ကို အထင်သေးလျှင် အခြေအနေ ပိုမို၍ပင် ကောင်းသွားလိမ့်မည် ဖြစ်သည်။

ဝေ့ဝူယင် ဧဒင်ထံမှ အန္တရာယ် အချက်ပေးသံကို နားစွင့်ကာ တိုက်ပွဲဝင်ရန် အဆင်သင့် ပြင်ထားလိုက်၏။ သို့သော်လည်း မည်သည့် တုန့်ပြန်သံကိုမှ မကြားရချေ။

ဖျပ်... ဖျပ်...

နောက်ဆုံး၌ ခြေသံများမှာ ရပ်တန့်သွားကာ နူးညံ့သော လက်တစ်ဖက်မှာ သူ့ရင်ဘတ်ပေါ်သို့ ညင်သာစွာ ကျရောက်လာခဲ့သည်။ ဝေ့ဝူယင်၏ အမူအရာက ပြောင်းလဲသွား၏။

“လျှို့ဝှက်မြေကြီးအဆင့် တစ်ပိုင်း ရတနာပဲ... လောကနှလုံးသား ရည်ရွယ်ချက်... ဘယ်လောက်တောင် အဆင့်မြင့်တဲ့ လောကနှလုံးသား ရည်ရွယ်ချက်လဲ... ဒါတောင် နင်က သေမျိုး အဆင့်မှာပဲ ရှိ‌သေးတာ...”

မိန်းကလေးက ဝေ့ဝူယင်၏ ရင်ဘတ်ကို ပွတ်သက်ကာ ဝတ်စုံ၏ တည်ဆောက်ပုံကို ခံစားရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။

“...”

ကွမ်ယုမှာ ထိုမြင်ကွင်းကို တိတ်တဆိတ်ပင် ကြည့်နေခဲ့၏။ မိန်းကလေး၏ လေသံထဲမှ အံ့သြမှုနှင့် စိတ်ဝင်စားမှု အငွေ့အသက်များကို ကောင်းစွာ ခံစားနိုင်လေရာ သူ၏ အမူအရာက အနည်းငယ် ပြေလျော့ သွားသည်။

မိန်းကလေး၏ နူးညံ့သေးသွယ်သော လက်ချောင်းလေးများက အောက်သို့ ဆက်လက် ဆင်းသက်သွား၏။ ၎င်းတို့က ဝေ့ဝူယင်၏ ဝမ်းဗိုက်ကြွက်သားများကို ဖြတ်သန်းကာ ချက်အောက်ပိုင်းနားအထိ ရောက်ရှိသွားသည်။

ဝေ့ဝူယင်က မိန်းကလေး၏ လက်ကောက်ဝတ်ကို လှမ်းကိုင်လိုက်ကာ စိတ်ကြိုက် ထင်သလို ပြုမူ နေခြင်းမှ တားဆီးလိုက်သည်။ ထိုမိန်းကလေး၏ စိတ်ထဲတွင် မည်သည့် အရာများ ဖြစ်ပျက်နေကြောင်း မသိသည့်တိုင် မျက်စိကန်းနေတာကို အခွင့်ကောင်းယူ၍ ယခုလို ပြုမူခြင်းကိုတော့ မနှစ်သက်ပါချေ။

မိန်းကလေးက ဝေ့ဝူယင် သူမ လက်တစ်ဖက်အား ဆုပ်ကိုင်လိုက်သည်ကို စိတ်ထဲ ထားပုံ မရချေ။ သူမက ရုန်းကန်ခြင်းပင် မပြုချေ။ သို့သော်လည်း သူမက အခြား လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ဝေ့ဝူယင်၏ မျက်နှာကို ထိတွေ့ဖို့ ကြိုးပမ်းလိုက်၏။ ဝေ့ဝူယင်၏ မျက်ခုံးများက အပေါ်သို့ အနည်းငယ် မြင့်တက်သွားကာ အခြားလက်တစ်ဖက်ကို သုံး၍ သူမအား တားလိုက်သည်။

“ရှင် တကယ်ပဲ စစ်ကျောက်တိုင်ကို စိန်ခေါ်မလို့လား...”

မိန်းကလေးမှာ သူမ၏ လက်များကို ဝေ့ဝူယင်၏ ဆုပ်ကိုင်ထားမှုမှ ရုန်းကန်ခြင်း မပြုပဲ နူးညံ့စွာပင် မေးလိုက်၏။ ချိုသာ ပျော့ပျောင်းသည့် လေသံက မူလကထက် ပိုမို နူးညံ့လာကာ လေးစားခြင်း ကဲ့သို့ ထူးဆန်းသည့် အငွေ့အသက် တစ်မျိုးပါ ရောနှော ပါဝင်လာနေသည်။

“အင်းပေါ့...”

ဝေ့ဝူယင်က ဖြေလိုက်၏။

"..."

သူတို့ နှစ်ယောက် အကြားတွင် အချိန် တခဏတာမျှ တိတ်ဆိတ် သွားပြန်၏။ ကွမ်ယုကတော့ ထိုမြင်ကွင်းကို ပါးစပ် အ‌ဟောင်းသားဖြင့် ကြည့်နေခဲ့သည်။

မသိလျှင် သူတို့ နှစ်ယောက်၏ ပုံစံက စစ်ထွက်ခါနီး လင်ယောက်ျားနှင့် မယားတို့ လက်များကို ကိုင်၍ ကြည်ကြည်နူးနူး စကားပြောနေသလိုပင်။

“မင်း ဘာလို ချင်လို့လဲ...”

ဝေ့ဝူယင်က ထိုအခြေအနေကို လျှင်လျှင်မြန်မြန် အဆုံးသတ်ရန် ဆုံးဖြတ်လိုက်၏။ သူ့တွင် တစ်နေ့လုံး ထိုင်စောင့်ဖို့ အချိန် မရှိပေ။ စစ်ကျောက်တိုင်ကို သူ စိန်ခေါ်ရဦးမည် ဖြစ်လေသည်။

သို့သော်လည်း... အစီအစဥ်များ မလုပ်မဖြစ်ပါက ဆက်စပ်မှု စစ်မြေပြင်မှ ချက်ချင်း ထွက်ပြေးရန် ဝေ့ဝူယင် ဆုံးဖြတ် ထားပြီး ဖြစ်သည်။ ပင်မ စစ်မြေပြင်၌ ချိုက်လျှို့ယန်၏ လက်မှပင် လွတ်မြောက်အောင် ထွက်ပြေးနိုင်ခဲ့ရာ ဤနေရာတွင်လည်း အဖြူရောင် နံရံများဆီ ရောက်သည် အထိ လွတ်မြောက်အောင် ထွက်ပြေးနိုင်ဖို့ သူ့တွင် ယုံကြည်ချက် ရှိသည်။

မိန်းကလေးမှာ ခဏတာမျှ ဆက်လက် တိတ်ဆိတ်နေ၏။ ထို့နောက် သူမက ဖြည်းညင်းစွာပင် လက်များကို ရုန်းလိုက်သည်။ ဝေ့ဝူယင်က အသာတကြည်ပင် ဖြေလျှော့ပေးလိုက်၏။

“ငါ ဘာကို လိုချင်တာလဲ...”

သူမက အောက်ရှိ မြေပြင်ကို ငုံ့ကြည့်ရင်း ရေရွတ်လိုက်သည်။ မျက်လုံးများ မမြင်နိုင်သည့်တိုင် မိန်းကလေးထံမှ စိတ်ရှုပ်ထွေးမှုနှင့် ဝမ်းနည်းမှု အငွေ့အသက်များကို ဝေ့ဝူယင် ခံစားလိုက်ရသည်။

“ငါ ဒီနေရာကနေ ထွက်သွားချင်တယ်...”

ဝေ့ဝူယင် မျက်မှောင်ကြုတ် လိုက်မိ၏။ ကွမ်ယုသည်လည်း အလားတူပင်။ ထိုခံစားချက်ကို သူ သိပေသည်။ ယခုလို သတ်ဖြတ်ဖို့မှ တစ်ပါး မျှော်လင့်ချက် ကင်းမဲ့နေသည့် နေရာမျိုးတွင် မည်သူက ဆက်လက် နေချင်မည်နည်း။

ဝေ့ဝူယင်က သက်ပြင်းတစ်ချက် ချကာ သူ့ မေးခွန်းကို ပြင်ဆင်လိုက်၏။

“ခင်ဗျား ကျုပ်ဆီက ဘာလိုချင်လို့လဲ လို့ မေးတာ...”

All Chapters