စိန်ခေါ်ခြင်း
Vol. 55 Ch. 764
“ခင်ဗျား ကျုပ်ဆီက ဘာလိုချင်လို့လဲ လို့ မေးတာ...”
ဝေ့ဝူယင်က ညင်သာစွာပင် မေးလိုက်သည်။ မိန်းကလေးမှာ မျက်နှာကို ဆက်လက် ဖုံးကွယ်ထားဆဲ ဖြစ်သည့်တိုင် သူမ၏ မျက်လုံးများကတော့ ဝေ့ဝူယင်ကို စူးစိုက် ကြည့်နေကြောင်း မည်သူမဆို ခန့်မှန်းမိကြလိမ့်မည် ဖြစ်သည်။
သူမက ဖြည်းညင်းစွာပင် အဖြေပေးလိုက်၏။
“သေမျိုး အဆင့်မှာတင် လောကနှလုံးသား ရည်ရွယ်ချက်ကို နားလည်ထားတဲ့ လူတစ်ချို့ ကျွန်မ တွေ့ဖူးတယ်... အထူးသဖြင့် ယောက်ျားလေးတွေ ပေါ့လေ... ဒါပေမဲ့ သူတို့ထဲက ဘယ်သူကမှ ရှင့်လောက် မချောကြဘူး... မျက်လုံးကန်းနေတယ် ဆိုပေမဲ့ ရှင့်ရဲ့ ခန္ဓာကိုယ်၊ မျက်နှာနဲ့ တည်ငြိမ်မှုတွေက ကျွန်မ အကြိုက်တဲ့ လုံးဝ ကိုက်ညီတယ်... ကျွန်မက လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက် ဆိုတာတောင် ရှင် ရှာတွေ့သွားခဲ့တယ်... ဆက်စပ်မှု စစ်မြေပြင်ကို စရောက်တဲ့ အချိန်က စလို့ အခုအထိ ဘယ်သေမျိုးကမှ အဲဒီလို သတိမထားမိဖူးဘူး”
“...”
ဝေ့ဝူယင် တိတ်တဆိတ်ပင် နားထောင် နေလိုက်၏။ စောစောပိုင်းက “အခြား လျှို့ဝှက် အာဏာရှင် အဆင့်တွေ” ဆိုသည့် စကားလုံးမှာ မိန်းကလေး မည်သည့် အဆင့်၌ ရှိနေသည်ကို သူသိကြောင်း တစ်ဖက်လှည့်ဖြင့် အသိပေးလိုက်ခြင်းပင် ဖြစ်သည်။
“ကျွန်မ ဘာလိုချင်တာလဲ ဟုတ်လား...”
မိန်းကလေးက ထူးဆန်းစွာပင် ပြုံးလိုက်၏။
“ကြယ်တွေကိုတောင် မမြင်နိုင်တဲ့ ဒီလို နေရာမျိုးမှာ အပျိုစင် တစ်ယောက် အနေနဲ့ ကျွန်မ ခါးခါးသီသီး အဆုံးသတ် မသွားချင်ဘူး... ရုပ်ရည် ချောမောပြီး ပါရမီ မြင့်မားတဲ့၊ နောက်... ဉာဏ်ကောင်းပြီး သတ္တိရှိတဲ့ ယောက်ျားတစ်ယောက်ကို ကျွန်မ လိုချင်တယ်... တကယ်လို့ ဒီနေရာမှာ သေသွားရမယ် ဆိုရင်တောင် မိန်းမ တစ်ယောက် ဖြစ်ရတဲ့ အတွေ့အကြုံကို ကျွန်မ ခံစားသွားချင်တယ်... ရှင်က ကျွန်မ လိုချင်တဲ့ အတိုင်း အတိအကျပဲ”
“...”
ဝေ့ဝူယင်၏ နှလုံးသားက စည်းချက် မကျစွာ မြည်ဟည်းသွား၏။ သူ စိတ်တည်ငြိမ်ရန် အတွက် မနည်း ကြိုးပမ်းနေရသည်။
“သေမျိုးတစ်ပိုင်း အရှင် အဆင့် မိန်းကလေး တစ်ယောက်ရဲ့ မူလယင်ကို ရှင့်ဆီ ကျွန်မ အပ်နှင်းချင်တယ်... နောက်ပြီး ဘာအခကြေးငွေမှလည်း မယူဘူး...ရှင် သဘောတူလား...”
ဝေ့ဝူယင် ပြန်မဖြေရသေးခင်မှာပင် ကွမ်ယု၏ အသံက စိတ်လှုပ်ရှားစွာပင် ထွက်ပေါ်လာခဲ့လေ၏။
“ကျုပ် သဘောတူတယ်... ကျုပ် အကြွင်းမဲ့ကို သဘောတူတယ်...”
မည်သူက ထိုကဲ့သို့ အခွင့်အရေးမျိုးကို လက်လွှတ်ခံနိုင်ပါမည်နည်း။ သေမျိုးတစ်ပိုင်း အရှင် အဆင့် တစ်ယောက်နှင့် အတူ အိပ်ပါက များစွာသော အကျိုးအမြတ်များ ရရှိမည်မှာ မလွဲမသွေပင် ဖြစ်သည်။ သေမျိုး တစ်ပိုင်းအရှင်... သေမျိုးတစ်ပိုင်း... သေမျိုး...
“ဘာတုံး...”
ကွမ်ယုမှာ အတွေးများ အဆုံးခင်မှာပင် ရပ်တန့်သွား၏။ သူ၏ မျက်နှာက ချက်ချင်းပင် ဖြူရော် သွားကာ မိန်းကလေးကို ကြည့်လိုက်သည်။
“ခင်... ခင်ဗျားက သေမျိုး တစ်ပိုင်း...”
သူ ယောင်ယမ်းကာ နောက်သို့ ခြေလှမ်း လေးငါးလှမ်းပင် ဆုတ်လိုက်မိ၏။ ထိုမိန်းကလေးက သေမျိုး တစ်ပိုင်း အရှင် အဆင့်လော။ အရိုးများထဲ အထိ စိမ့်ဝင်လာသည့် ကြောက်ရွံ့မှု အငွေ့အသက်များကို သူ ခံစားလိုက်ရ၏။ သူ ဘာတွေများ ပြောမိသွား သနည်း။ တကယ်ဆိုလျှင် ထိုပါးစပ်ကို အစောကြီးတည်းက အဝတ်ဖြင့် ဆို့ထားသင့်သည်။
ကွမ်ယု ကြောက်လန့်တုန်ရီစွာဖြင့် ဝေ့ဝူယင်၏ မျက်နှာကို လှမ်းကြည့်လိုက်၏။ ထိုအခါ ဝေ့ဝူယင်၏ အမူအရာက ထူးထူးခြားခြားပြောင်းလဲ မသွားကြောင်း သတိထားမိလိုက်သည်။ မိန်းကလေး၏ ကျင့်ကြံခြင်း အဆင့်ကို သူ အစောကြီးတည်းက ကြိုသိနေခဲ့သည်လား။
မိန်းကလေးမှာ ကွမ်ယုကို လုံးဝ လျစ်လျူထားကာ ဝေ့ဝူယင်ထံမှ အဖြေကိုသာ စောင့်စားနေခဲ့၏။ ထိုလူငယ်သာ သေမျိုးအဆင့်တွင်သာ ရှိနေသးသည့်တိုင် နတ်ဘုရားများ ထွင်းထုထား သကဲ့သို့ ခန္ဓာကိုယ်နှင့် ရုပ်ရည်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ပါရမီ အရလည်း လောကနှလုံးသား ရည်ရွယ်ချက်ကိုပင် နားလည်ထားရာ နိမ့်ပါးလိမ့်မည် မဟုတ်ချေ။ ထို့အပြင်... စစ်ကျောက်တိုင်ကို စိန်ခေါ်ဖို့ ပြင်နေသည့် သူ့သတ္တိမှာလည်း လေးစားစရာ ကောင်းလွန်းလှသည်။
“ကျုပ် ငြင်းရလိမ့်မယ်...”
ဝေ့ဝူယင်၏ အဖြေစကားက ကွမ်ယုနှင့် မိန်းကလေး နှစ်ယောက်စလုံးကို အံ့အားသင့် သွားစေခဲ့၏။ ကွမ်ယုဆိုလျှင် ပါးစပ် အဟောင်းသားပင် ဖြစ်သွားခဲ့သည်။ သူ့စိတ်ထဲ၌ ပထမဆုံး ပေါ်လာခဲ့သည့် အတွေးက ဝေ့ဝူယင်မှာ မိန်းကလေးများကို စိတ်မဝင်စားပဲ ယောက်ျားချင်း စိတ်ဝင်စားသူ ဟူ၍လားပင်။ သို့သော်လည်း... သူ ထိုအတွေးကို အလျှင်အမြန် ပယ်ချလိုက်၏။ မည်သည့် လိင်ကို စိတ်ဝင်စားသူ ဖြစ်စေကာမူ ထိုကဲ့သို့ မဟာ အခွင့်အရေးမျိုးကိုတော့ ငြင်းပယ်လိမ့်မည် မဟုတ်ချေ။
သို့သော်လည်း မိန်းကလေး၏ အတွေးများကတော့ ခြားနားလှ၏။
“ဆိုတော့ ရှင့်မှာ တာအို လက်တွဲဖော် ရှိနေတာပေါ့လေ...”
သူမ၏ လေသံက စိတ်ပျက်မှု အငွေ့အသက်များဖြင့် ပြည့်နှက် နေသည်။ သူမ စိတ်ထဲ၌ ထိုအရာက ငြင်းဆန်ရန် ဖြစ်နိုင်ချေ ရှိသည့် တစ်ခုတည်းသော အကြောင်းရင်းပင်။
ကွမ်ယု ခေါင်းညိတ်လိုက်မိ၏။ တာအို လက်တွဲဖော်များ အကြားမှ ကောင်းကင်ကျိန်စာမှာ အလွန်ပင် လေးနက် လှသည်။ အကယ်၍ တာအို လက်တွဲဖော်၏ ခွင့်ပြုချက် မရှိပဲ အခြားလူ တစ်ယောက်နှင့် ဖောက်ပြားပါက အလွန် ဆိုးရွားသည့် အကျိုးဆက်များ ဖြစ်ပေါ်လာမည်မှာ မလွဲဧကန်ပင်။
ဝေ့ဝူယင်က ခေါင်းခါလိုက်၏။
“ကျုပ်မှာ မရှိပါဘူး...”
မိန်းကလေးနှင့် ကွမ်ယုတို့ နောက်တစ်ကြိမ် ဆွံ့အ သွားခဲ့ပြန်၏။ ထိုကဲ့သို့ အခွင့်အရေးမျိုးအား ဝေ့ဝူယင် အဘယ်ကြောင့် ငြင်းဆန်ရသည်ကို သူတို့ စဥ်းစား၍ မရချေ။
ဝေ့ဝူယင်က သက်ပြင်းတစ်ချက် ချလိုက်၏။
“ကျုပ် ငယ်ငယ်တုန်းက ခင်ဗျားလို စိတ်ဓာတ် ကျဆင်းနေပြီး လောကကြီးမှာ ကျုပ်က လွဲပြီး ရွေးချယ်စရာ မရှိတော့တဲ့ မိန်းကလေးတွေကို သိမ်းပိုက်ခဲ့ဖူးတယ်... ဒါပေမဲ့ အဲဒီ နည်းလမ်းနဲ့ အခွင့်အရေး ယူတာက ယောက်ျား မဆန်ဘူး ဆိုတာ နောက်ပိုင်းမှာ ကျုပ် တဖြည်ဖြည်း နားလည်လာခဲ့တယ်”
အမွေခံ အပြစ်သား တစ်ယောက် ဖြစ်လာပြီး နောက်ပိုင်းတွင် ဝေ့ဝူယင်မှာ အတွေးအခေါ်ပိုင်းတွင်ရော၊ လူသား တစ်ယောက် အနေဖြင့်ပါ တဖြည်းဖြည်း ပြောင်းလဲ လာခဲ့သည်။
အထူးသဖြင့် နာ့ရှင်းရီ ထိခိုက်ခံစားခဲ့ရသော အကြောင်းရင်းများကို နားလည် သဘောပေါက်ပြီး နောက်တွင် မိန်းကလေးများ၏ ကြပ်တည်းမှုကို အခွင့်အရေး မယူချင်တော့ပေ။ မတတ်သာ၍ သူ့ကိုရွေးချယ်လိုက်ရခြင်းမျိုး မဖြစ်စေချင်ပေ။ ရွေးချယ်စရာ အများကြီးထဲကမှ သူ့ကို ရည်ရွယ်၍ ရွေးချယ်ခြင်း ဖြစ်စေချင်သည်။ ထို့ကြောင့်ပင် အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးပေါ်၌ သူ အိကျူးလင်ကို ရွေးချယ်ရန် အခွင့်အရေး ပေးခဲ့ခြင်း ဖြစ်သည်။
ထိုအရာက နှစ်ပေါင်း နှစ်ဆယ်ကျော် ဖြတ်သန်းခဲ့သည့် ကာလအတွင်း တဖြည်းဖြည်း ဖြစ်တည်လာခဲ့သည့် သူ့အတ္တလေလော မပြောတတ်ချေ။
“ဒီလို ဆိုရင်ရော...”
ဝေ့ဝူယင်က လက်တစ်ဖက်ကို ဆန့်ထုတ်ကာ အိကျူးလင်၏ လက်ကို ကိုင်လိုက်၏။ သူမ၏ အရေပြားက အလွန် ချောမွေ့ကာ နွေးထွေး နေပေသည်။ ဝေ့ဝူယင်၏ လက်များက မိန်းကလေး၏ ဟင်းလင်းပြင် လက်စွပ်ထံ ရောက်ရှိ သွား၏။
မိန်းကလေးမှာ အနည်းငယ် အံ့သြမိသွားသည့်တိုင် သေမျိုးတစ်ပိုင်း အရှင် အဆင့် တစ်ယောက် အနေဖြင့် ဝေ့ဝူယင် တစ်ခုခု ကြံစည်မည်ကို စိုးရိမ်ခြင်း မရှိပါချေ။ သူမက စိတ်ဝင်တစားဖြင့် စောင့်ဆိုင်း နေလိုက်၏။
ဝေ့ဝူယင်က ဟင်းလင်းပြင် လွှဲပြောင်းခြင်း စွမ်းအားကို အသုံးပြုကာ စစ်ဝိညာဥ် တစ်သောင်းကို မိန်းကလေး၏ လက်စွပ်ထဲသို့ ထည့်ပေးလိုက်သည်။ ထိုအရာက သူမ အတွက် စစ်မြေပြင်မှ ထွက်ခွာရန် လုံလောက် ပေလိမ့်မည်။ သူက တည်ငြိမ်စွာပင် သူမကို ပြုံးပြလိုက်၏။
“မင်း ငါ့ကို ဆက်ပြီး လိုချင်သေးရင် ငါ မငြင်းတော့ဘူး...”
မိန်းကလေးမှာ တိတ်ဆိတ်နေ၏။ သို့သော်လည်း သူမ၏ လက်ကလေးက အနည်းငယ် တုန်ရီနေသည်ကို အထိအတွေ့မှ တစ်ဆင့် ဝေ့ဝူယင် ခံစားမိပေသည်။
“...”
အချိန်များမှာ ဆက်လက် ဖြတ်ကျော်နေကာ တစ်မိနစ် အထိ ကြာမြင့်သွားသည်။ ဝေ့ဝူယင် နောက်တစ်ကြိမ် ပြုံးလိုက်ကာ သူမ လက်ကို လွှတ်ပေးလိုက်၏။ ထို့နောက် ဖြည်းညင်းစွာပင် ပြန်လှည့်ကာ စစ်ကျောက်တိုင် ရှိရာဆီသို့ ဦးတည်လိုက်သည်။
စစ်ကျောက်တိုင်နှင့် ပိုမို နီးကပ်လာသည်နှင့် အမျှ လှိုင်းလုံးကြီး တစ်ခု ပိကျလာသလို ဖိအားမျိုး ဝေ့ဝူယင် ခံစားလိုက်ရသည်။ လက်နက်ချင်း ခုတ်ထစ်သံများ၊ နာကျင်စွာ အော်ဟစ်သံများ၊ သွေးယိုစီးသံများမှာ အဆုံးမဲ့စွာဖြင့် ကမ္ဘာကြီးထံ စိမ့်ဝင်လာ၏။ စစ်ပွဲ၏ အောင်စည်အောင်မောင်းသံများကား ဟိုမှသည် ပဲ့တင်ထပ် လာသည်။
ဝှစ်...
ထိုအခိုက်တွင်ပင် မိန်းကလေးမှာ လှုပ်ရှားလာ၏။ မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် သူမက ဝေ့ဝူယင် နံဘေးသို့ ရောက်ရှိလာသည်။ ထို့နောက် သူ့ လက်များကို တင်းကြပ်စွာ ဆုပ်ကိုင် လိုက်တော့၏။ ဝေ့ဝူယင်မှာ တုန့်နှေးသွားကာ သူမကို လှည့်ကြည့်လိုက်သည်။ ဝေ့ဝူယင် မမြင်နိုင်သည့်တိုင် မိန်းကလေးကတော့ သူမ မျက်နှာအား ဖုံးကွယ်ထားသည့် အစီအရင်ကို ဖယ်ရှားလိုက်ချေပြီ ဖြစ်လေသည်။
“...”
မိန်းကလေး၏ ခပ်ဖျော့ဖျော့ ဝင်သက် ထွက်သက်မှာ ဝေ့ဝူယင်၏ မျက်နှာထံ ရိုက်ခတ်လာ၏။
သူက ဘယ်သူနည်း။ ဘယ်ကနည်း။ အဘယ်ကြောင့် ထိုမျှ များပြားသည့် စစ်ဝိညာဥ်များကို ပေးခဲ့သနည်း။
မေးခွန်းများစွာ ရှိနေသည့်တိုင် မည်သည့် တစ်ခုတစ်လေမှ မိန်းကလေး၏ နှုတ်ဖျားမှ ထွက်မလာခဲ့ချေ။
သို့သော်လည်း ဝေ့ဝူယင်ကတော့ အားလုံးကို ကြားခဲ့ပြီး ဖြစ်သည်။ သူက အသာအယာ ပြုံးလိုက်ရင်း မိန်းကလေး၏ လက်လေးကို ပြန်လည် ဆုပ်ကိုင်လိုက်၏။
“စစ်ဝိညာဥ်တွေကို ငါ ကိုယ်တိုင် လိုလိုလားလားနဲ့ မင်းကို ပေးတာပါ... ရွေးချယ်ဖို့ တစ်ခုတည်းပဲ ကျန်တော့တဲ့ အခြေအနေမှာ မင်း ငါ့ကို ရွေးချယ်လိုက်ရတာမျိုး မဖြစ်စေချင်ဘူး... ရွေးချယ်စရာတွေ အများကြီးထဲမှာမှ အကောင်းဆုံး မလို့ ရွေးလိုက်တာမျိုးပဲ ဖြစ်စေချင်တယ်... အခု မင်းမှာ ရွေးချယ်စရာ တစ်လောကလုံး ရှိနေပြီ”
အာဏာရှင် အဖွဲ့ဝင်များ ဖြစ်စေ၊ ဗာကီရီများ ဖြစ်စေ... ပြည်ထောင်စု ရင်းမြစ် ကြယ်တာရာ နယ်မြေမှ လျှို့ဝှက် အာဏာရှင် အဆင့် သုံးယောက် ဖြစ်စေ... ကိုယ်ပျောက်ကြီး သင်္ဘောထက်မှ သင်္ဘောသားများ ဖြစ်စေ... အားလုံးအပေါ် သူ့ချဥ်းကပ်ခဲ့မှုများက တသမတ်တည်းသာ ဖြစ်သည်။ သူတို့ အနေဖြင့် ကိုယ်တိုင် ဆုံးဖြတ်နိုင်သည်။ ငြင်းဆန်ဖို့ ဆုံးဖြတ်ခဲ့လျှင်လည်း မူလ အတိုင်သာ ဆက်ရှိစေလိမ့်မည် ဖြစ်သည်။
“မင်း အခု ငါ့ကို ရွေးချယ်သေးလား...”
ဝေ့ဝူယင်က အပြုံးဖြင့်ပင် မေးလိုက်၏။ မိန်းကလေးမှာ ပြန်မဖြေချေ။ ထို့အစား ဝေ့ဝူယင်၏ လက်ကိုသာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထား၏။ သူမကား မိုးပြိုလာလျှင်ပင် ထိုလက်ကို လွှတ်တော့မည့်ပုံ မရပါချေ။
ဝေ့ဝူယင်မှာ လက်များပင် ထုံကျင်လာသလို ခံစားလိုက်ရသည်။ သို့သော်လည်း သူ၏ အမူအရာကတော့ ပြောင်းလဲခြင်း မရှိပါချေ။
“ရွေးချယ်တယ်လို့ပဲ မှတ်လိုက်တော့မယ်နော်... ဒီအကြောင်းကို နောက်မှ ဆက်ပြောကြမယ်... အခုတော့ ခဏ နောက်ဆုတ်နေဦး”
မိန်းကလေးက ခေါင်းတစ်ချက် ညိတ်ကာ လက်ကို အသာအယာပင် လွှတ်ပေးလိုက်၏။ ဝေ့ဝူယင်က သူမကို နောက်ဆုံး အကြိမ် အဖြစ် ပြုံးပြကာ စစ်ကျောက်တိုင်ဘက်ကို ပြန်လှည့်လိုက်သည်။
ဖျပ်... ဖျပ်... ဖျပ်...
ရှေ့သို့ ဆက်ကာ လျှောက်လာသည်နှင့် အမျှ သူ ခံစားနေရသည့် ဖိအားများမှ နောက်ထပ် အဆင့် တစ်ဆင့်ကို တိုးမြှင့်သွား၏။ ဝေ့ဝူယင် အသက်ကို ခပ်ပြင်းပြင်းရှူသွင်းလိုက်သည်။
ထို့နောက်... ကြောက်မက်ဖွယ် ဖိအားများ ထွက်ပေါ်လာနေသည့် နေရာဆီသို့ မျက်နှာမူကာ ညာဘက်လက်ကို ဆန့်တန်းလိုက်တော့၏။
“ဆက်စပ်မှုကို ကျုပ် စစ်ကြေညာတယ်...”
သူ့လက်ဝါးထက်၌ ပျက်သုဥ်းခြင်း အမှတ်အသားမှာ ဖွဲ့စည်း လာခဲ့တော့၏။