စစ်ဝိညာဥ် တစ်သောင်း
Vol. 55 Ch. 765
ဘုန်း... ဘုန်း...
ဝေ့ဝူယင် စတင် စစ်ကြေညာလိုက်သည်နှင့် တစ်ပြိုင်နက် စစ်မြေပြင်တစ်ခုလုံးမှာ ငလျင် လှုပ်သလို ပြင်းထန်စွာ တုန်ရီလာ၏။
သစ်ပင်များ ဖြစ်စေ၊ တောင်ကုန်း တောင်တန်းများ ဖြစ်စေ... ရေကန်နှင့် မိုးတိမ်များ ဖြစ်စေ... ပတ်ဝန်းကျင် တစ်ခုလုံးမှာ ဆိုးရွားစွာ သက်ရောက်မှုကို ခံလိုက်ရသည်။
ဘုန်း... ဘုန်း...
သစ်ပင်များမှာ အတားအဆီးမဲ့စွာဖြင့် ကျိုးပဲ့ ပြုတ်ကျကုန်ကာ တောင်များမှာ အရှိန်အဟုန်ဖြင့် ပြိုကျကုန်၏။ ရေကန်များမှာလည်း ဘောင်ဘင်ခတ်ကာ ပတ်ဝန်းကျင်ကို စတင် ဖုံးလွှမ်းလာသည်။ မီးတောင်များက ပေါက်ကွဲကာ ပြာမှုန်များမှာ နေရာအနှံ့ကို ပျံ့နှံ့ထွက် ကုန်သည်။
ဂျိန်း... ဒလိန်း...
မိုးတိမ်များက ကောင်းကင်တွင် ဆက်လက် ရပ်တည်နိုင်စွမ်း မရှိတော့လေရာ မိုးစက်မိုးပေါက်များ အဖြစ် မြေပြင်ဆီ ရွာသွန်းကျလာတော့၏။
...
ဆက်စပ်မှု စစ်မြေပြင်၏ နယ်စပ်တစ်နေရာ၊ အဖြူရောင် နံရံ တစ်ခု၌ နံဘေး၌ လူငယ် တစ်ယောက် ရှိနေခဲ့၏။ သူနှင့် မလှမ်းမကမ်းတွင်တော့ လဲကျသေနည့် အလောင်း တစ်ခု ရှိနေခဲ့သည်။
စစ်ပွဲ၏ စစ်သည်တော် တစ်ယောက် အနေဖြင့်... ကိုးယောက်မြောက် ရန်သူကို သတ်ဖြတ်ပြီး နောက်ဆုံး၌ စစ်မြေပြင်မှ ထွက်ခွာရန် သူ စစ်ဝိညာဥ်များ လုံလောက် ခဲ့ပြီ ဖြစ်သည်။ သူ့ မျက်နှာထက်၌ အပြုံးပန်းများ ဝေနေခဲ့၏။
ကွပ်မြက်ခြင်း ဆိုသည့် ပြင်းထန်သည့် ပြစ်ဒဏ်နှင့် အတူ စောင့်ကြိုနေသည့် စစ်ဝိညာဥ်၏ တရား စီရင်ခြင်းကိုတော့ သူ ကြိုတင် မသိရှိခဲ့ပါချေ။
ကံကောင်းထောက်မစွာပင်... သူ အဖြူရောင် နံရံများကို ထိတွေ့ရန် ပြင်လိုက်စဥ်မှာပင် ၎င်း၏ အလင်းရောင်များက အားလျော့ သွား၏။ ထို့နောက်... ရုတ်ချည်း ဆိုသလိုပင် ယခင်ကထက် အဆပေါင်း များစွာ ပိုမို ထူထပ်သည့် နံရံတစ်ခု ဖွဲ့စည်းလာသည်။
စစ်သည်တော်မှာ ထိုအရာကို သတိထားမိခြင်း မရှိပဲ နံရံကို လက်ဖြင့် ထိလိုက်ကာ ထွက်ခွာဖို့ ကြေညာရန် ပြင်လိုက်သည်။ သို့သော်လည်း သူ၏ လက် နံရံကို ထိတွေ့လိုက်သည်နှင့် တစ်ပြိုင်နက် အလွန် ပြင်းထန်သည့် ဖိအား တစ်ခု ပေါ်ပေါက်လာကာ သူ့ကို နောက်သို့ တွန်းလွှတ်လိုက်လေတော့သည်။
“ဘုန်း...”
စစ်သည်တော်မှာ နောက်ပြန် လွင့်စဥ်ကာ မြေပြင်ပေါ် လျှောတိုက် ပြုတ်ကျသွား၏။ သူက စိတ်ရှုပ်ထွေးသွားကာ နားမလည်စွာပင် နံရံများကို ကြည့်လိုက်သည်။ မကြာခင်မှာပင် မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် သူ့ မျက်လုံးများမှာ အပ်ပေါက်များလို ကျဥ်းမြောင်းသွား ခဲ့တော့သည်။
...
ဆပ်စပ်မှု စစ်မြေပြင်ရှိ စစ်သည်တော်တိုင်း လိုလိုမှာ နေရာအနှံ့ ဖြစ်ပေါ်နေသည့် အပြောင်းအလဲများကို တွေ့မြင်လိုက်ရသည်။ မည်သည့် အရာများ ဖြစ်ပေါ်နေကြောင်း မသိသည့်တိုင် ထိုထူးဆန်းသော သဘာဝ ဖြစ်စဥ်များက မျှော်လင့်ချက် ကင်းမဲ့နေသူများ အတွက် ကောက်ရိုးတစ်မျှင် သဖွယ် ဖြစ်လာခဲ့၏။
ကွမ်ယုနှင့် မိန်းကလေးတို့မှာ ထိုပြောင်းလဲမှုကြီး တစ်ခုလုံး၏ ဗဟို ကျောက်တိုင်နားတွင် ရှိနေခဲ့၏။ သူတို့၏ အမူအရာများက ဖြူရော်နေကာ စစ်ကျောက်တိုင်ထံမှ အသံလှိုင်းများမှာ ဆိုင်ကလုန်း မုန်တိုင်း တစ်ခုလို ကြောက်မက်ဖွယ် အရှိန်အဟုန်ဖြင့် သူတို့ ခန္ဓာကိုယ်များထံသို့ တိုးဝင်နေသည်။
မိန်းကလေးမှာ လက်သီးများကို တင်းတင်းဆုပ်ထားကာ ဝေ့ဝူယင် စစ်ကျောက်တိုင်အား စိန်ခေါ်နေသည်ကို ကြည့်နေခဲ့သည်။ ထိုအရာက သူမအတွက် ပြောင်းလဲမှုများကို ပထမဆုံး အကြိမ် တွေ့မြင်ဖူးခြင်းမဟုတ်ချေ။ သူမ ရောက်ရှိပြီးနောက် စစ်ကျောက်တိုင်ကို စိန်ခေါ်ခဲ့သည့် လျှို့ဝှက် အာဏာရှင် အဆင့်များ ရှိခဲ့ဖူးပေသည်။ အဆုံးသတ်ကတော့ ပြောစရာပင် မလိုချေ။ အားလုံး ကျရှုံးခဲ့ကြပေသည်။
သူမသည်လည်းပဲ စစ်ကျောက်တိုင်ကို စိန်ခေါ်ချင်ခဲ့ဖူးပေသည်။ သို့သော်လည်း စစ်ဝိညာဥ် တစ်သောင်းအား ရင်ဆိုင်ရမည့် အကြောင်း တွေးမိသည်တိုင်း ရင်နာနာနှင့် နောက်ဆုတ်ခဲ့ရသည်ချည်းသာ ဖြစ်သည်။ အများဆုံး ငါးယောက် ဆယ်ယောက်ဆိုလျှင် ဖြစ်ကောင်း ဖြစ်သော်လည်း တစ်သောင်းကတော့...
လုံးဝ မဖြစ်နိုင်သည့် အိပ်မက် တစ်ခုပင်။
ထို့ကြောင့်ပင် သူမ စောင့်ဆိုင်းခဲ့ခြင်းဖြစ်သည်။ မျှော်လင့်ချက် အားလုံး လောင်ကြွမ်း သွားခဲ့သည့် တစ်နေ့တွင်တော့ မိန်းကလေး ပီပီသသ ခံစားချက်ကို မသေဆုံးခင် တစ်ကြိမ်လောက် ခံစားချင်လာခဲ့သည်။ ထိုအတွက် ထိုက်တန်မည့် ယောက်ျားကို သူမ စောင့်ဆိုင်းခဲ့သည်။ ထို့နောက် အရာအားလုံးမှာ ပြောင်းလဲ သွားခဲ့လေသည်။
သူမ ဝေ့ဝူယင်ကို စတွေ့တော့ သူက စစ်ကျောက်တိုင်ကို စိန်ခေါ်ရန် ကြိုးပမ်းနေသည့် သေမျိုး တစ်ယောက်သာ ဖြစ်ပေသည်။ သူက သူမကို ငြင်းပယ်ခဲ့ကာ စစ်ဝိညာဥ် တစ်သောင်း ပေးခဲ့သည်။ ယခု သူမတွင် အိမ်ပြန်ရန် လက်မှတ် ရခဲ့ပြီ ဖြစ်သည်။ ထို့အပြင် စစ်မြေပြင် ပြင်ပကို ရောက်ရှိပြီး နောက်တွင် သူမ ထိုစစ်ဝိညာဥ် တစ်သောင်းကို သုံးကာ ဖလှယ်မှု ပြုလုပ်နိုင်ပေသေးသည်။ ထိုအရာက မယုံကြည်နိုင်လောက်သည့် ပမာဏပင်။
ကယ်တင်ရှင်က သေခြင်းတရားကို ရင်ဆိုင်နေချိန်တွင် အိမ်ပြန်ရန် အကြောင်း တွေးနေခြင်းက မှားယွင်းနေသလော သူမ မသိချေ။
ဝေ့ဝူယင် ပြောခဲ့သည့် အကြောင်းအရာများကို ပြန်လည် စဥ်းစားရင်း မိန်းကလေး နှုတ်ခမ်းများကို ကိုက်လိုက်၏။ လူငယ်လေးက သူမ၏ ဆိတ်ဆိတ်နေမှုကို လက်ခံခြင်း အဖြစ် ယူဆ ခဲ့သည်။
သို့သော်လည်း အဆုံးမဲ့ ရှုပ်ထွေးမှုများက နှလုံးသားထဲတွင် ပြည့်နှက်နေကြောင်း သူမ တစ်ယောက်သာ သိပေသည်။ ပြင်းထန်သော ဆန္ဒမီးလျှံများမှာ သူမ၏ စိတ်၌ တငြီးငြီး တောက်လောင်နေ၏။ ယခု၌ ကျင့်ကြံခြင်းလမ်းစဥ်၏ အလင်းရောင်ကို သူမ နောက်တစ်ကြိမ် တွေ့မြင်ခဲ့ရပြီ ဖြစ်လေသည်။
မိန်းကလေးမှာ အလွန်ပင် ဝေခွဲရ ခက်နေခဲ့သည်။ သို့သော်လည်း... သူမ၏ ခံစားချက်များက ယခု အချိန်တွင်တော့ အရေး မကြီးတော့ချေ။ ဝေ့ဝူယင်မှာ ဆက်စပ်မှု စစ်မြေပြင်၏ စစ်ကျောက်တိုင်ကို စစ်ကြေညာခဲ့ပြီး ဖြစ်သည်။
သူ၏ ကံကြမ္မာကား သတ်မှတ်ခဲ့ပြီးခဲ့လေပြီ။ အကယ်၍ သူ ကံကောင်း ထောက်မ၍ လွတ်မြောက်သွားလျှင်ပင် စစ်ဝိညာဥ် တစ်သောင်းမှာ အညှာအတာ ကင်းမဲ့စွာဖြင့် သူ မသေမချင်း အမဲလိုက်ကြလိမ့်မည် ဖြစ်သည်။ သေမျိုး တစ်ယောက်က အဘယ်ကြောင့် ထိုကဲ့သို့ မိုက်ရူးရဲဆန်စွာ စိန်ခေါ်ရသည်ကို သူမ တွေးတော၍ မရပါချေ။
ဘယ်လိုပဲ ဖြစ်ဖြစ်... သူမ၌ ရွေးချယ်စရာ နှစ်ခု ရှိပေည်။ အန္တရာယ်ဇုန်မှ ဆုတ်ခွာ၍ ဝေ့ဝူယင် သေသွားသည် အထိ စောင့်ဆိုင်းကာ ဆက်စပ်မှု စစ်မြေပြင်မှ ထွက်ခွာမည်လော။
သို့တည်းမဟုတ်...
သူနှင့် အတူ ရင်ဘောင်တန်း ရပ်၍ စစ်ဝိညာဥ် တစ်သောင်းကို ရင်ဆိုင်ကာ အသေခံမည်လော။
အရေးအကြီးဆုံးသော ထိုအခိုက်အတန့်၌ မိန်းကလေး၏ စိတ်ထဲတွင် ရွေးချယ်မှု နှစ်ခုသာ ရှိပေသည်။ သူမ၏အမြင်အရ... လောကနှလုံးသား ရည်ရွယ်ချက် ဘယ်လောက်ပင် အစွမ်းထက်ထက် စစ်ဝိညာဥ် တစ်သောင်းကို ရင်ဆိုင် နိုင်လိမ့်မည်ဟု မယုံကြည်ချေ။ ထို့အပြင်... ထိုလူငယ်လေးမှာ သေမျိုး တစ်ယောက်မျှသာ ဖြစ်သည်။
မိန်းကလေးက လက်သီးကို ခပ်တင်းတင်း ဆုပ်လိုက်၏။ အချိန်နှင့် အမျှ နှလုံးခုန်သံက ပိုမို တည်ငြိမ်လာသလို သူမ ခံစားလိုက်ရသည်။ သူမ၏ မျက်လုံးများမှာ ဆုံးဖြတ်ချက် ပြတ်သားခြင်းများနှင့် ပြည့်နှက်လာ၏။
အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ရင်း သူမ ရှေ့ကို ခြေတစ်လှမ်း တိုးလိုက်သည်။ ထိုခြေတစ်လှမ်းက သူမ၏ ရည်ရွယ်ချက် အစစ်အမှန်ကို ထုတ်ဖော် ပြသလိုက်ခြင်းပင် ဖြစ်သည်။ ထိုလူငယ်လေးမှာ သူမ လိုချင်သည့် အရည်အချင်းများနှင့် ပြည့်စုံသည့် တစ်ဦးတည်းသော ယောက်ျား ဖြစ်ပေသည်။ အကယ်၍ သူက ကိုယ့်ကိုယ်ကို သေကြောင်းကြံရန် ကြိုးစားနေသည် ဆိုလျှင်ပင် သူမ သူနှင့် အတူ ရပ်တည်ပေးမည် ဖြစ်ပေည်။
အဆိုးဆုံး... သူတို့ နှစ်ယောက် အတူ သေလိုက်ကြရုံသာ ရှိ၏။
ထိုအခိုက်၌ ဝေ့ဝူယင်မှာ ပတ်ဝန်းကျင် တစ်ခုလုံးကို ပျံ့နှံ့နေသည့် ကြောက်မက်ဖွယ် ဖိအားများကို ခံစားနေရ၏။ ပျက်သုဥ်းခြင်း အမှတ်အသားမှာ သူ့လက်ဝါးထက်၌ ခပ်ဖျော့ဖျော့ လင်းလက်နေကာ စစ်ကျောက်တိုင်ကို တိုက်ရိုက် စိန်ခေါ်နေဟန် ရလေသည်။
ဖျပ်... ဖျပ်... ဖျပ်...
ထိုအခိုက်တွင်ပင် တစ်စုံတစ်ယောက် ချဥ်းကပ်လာနေသည့် ခြေသံများကို ကြားလိုက်ရ၏။ ထိုခြေသံများက သူ့နံဘေး အထိ ရောက်ရှိလာခဲ့စဥ်တွင်တော့ ဝေ့ဝူယင် အလွန်အမင်း အံ့အားသင့် သွားခဲ့တော့သည်။
ဝေ့ဝူယင်က ဘေးသို့ လှည့်ကြည့်ကာ အခြား လက်တစ်ဖက်ကို ခါယမ်း ပြလိုက်သည်။ မိန်းကလေးမှာ သူ့ ခြေဟန်လက်ဟန်ကို နားလည်ဟန် မရချေ။
“ကျေးဇူးပဲ... ဒါပေမဲ့ မင်း ထွက်သွားရမယ်... အခု ချက်ချင်း သွားတော့...”
စစ်ပွဲခေါ်သံများ တဖြည်းဖြည်း ပိုမို ကျယ်လောင်လာသည်နှင့် အမျှ ဝေ့ဝူယင် အော်ဟစ် လိုက်၏။ မိန်းကလေးမှာ ကြောင်တောင်တောင်နှင့် ဘာလုပ်ရမှန်း မသိ ဖြစ်သွားသည်။ သူမ စိတ်ထဲ၌ လွန်ဆွဲနေ၏။
အကယ်၍ ဝေ့ဝူယင်၏ အောင်မြင်နိုင်ချေနှင့် ပတ်သက်၍ သူမထံတွင် ယုံကြည်ချက် နည်းနည်း ရှိခဲ့မည် ဆိုလျှင်ပင် ဆုံဖြတ်ချက်က ထိုမျှ ခက်ခဲလိမ့်မည် မဟုတ်ချေ။ ယခု ယောက်ျားဖြစ်သူ သေမှာကို သိသိကြီးနှင့် သူမ ထားသွားရမည်လား။
“ကွမ်ယု... သူ့ကို ခေါ်သွားတော့...”
မိန်းကလေး အတွေးလွန်ဆွဲ နေသည့် တစ်ချိန်တည်း၌ ကွမ်ယုမှာ စစ်ကျောက်တိုင်၏ စစ်ပွဲခေါ်သံများကို နားထောင်ရင်း တုန်ရီနေခဲ့သည်။ သူ့မျက်နှာက ဇီးရွက်လောက်သာ ကျန်ရှိတော့၏။
ထိုဖိအားများကား အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလွန်းသည်။ အဘယ်ကြောင့်မှန်း မသိ။ သူ စိတ်ထဲ၌ ထွက်ပြေးချင်လာသည်။ ဘယ်ကိုရောက်ရောက် ဘယ်ကိုပေါက်ပေါက်... ခွန်အားကို အစွန်းကုန် သုံးကာ သူ ထိုနေရာမှ ထွက်ပြေးချင်သည်။ ထိုအခိုက်၌ သူ့သတ္တိနှင့် ရဲဝံ့မှု အားလုံးမှာ ပြိုကျလုနီးနီးပင် ဖြစ်နေခဲ့သည်။
အချိန်ကိုင် ထွက်ပေါ်လာသည့် ဝေ့ဝူယင်၏ အမိန့်ပေးသံက ကွမ်ယု အတွက်တော့ ဖြေဆေး တစ်ခုလိုပင်...။ ချက်ချင်းပင် အသံလာရာသို့ လှမ်းကြည့်လိုက်ရာ မိန်းကလေးမှာ ဝေ့ဝူယင် နံဘေးနားတွင် ရပ်နေကြောင်း တွေ့လိုက်ရ၏။
ဖုံးကွယ်ထားခြင်း မရှိတော့သည့် မိန်းကလေး၏ မျက်နှာကို မြင်တွေ့လိုက်ရသော အခိုက်၌ သူ့ မျက်လုံးများက မယုံကြည်နိုင်စွာဖြင့် ပြူးကျယ် သွားခဲ့တော့သည်။
ဘုရားရေ... ဘာလဲ...
သို့သော်လည်း...ဖိအားများက ပိုမို မြင့်မားလာနေပြီ ဖြစ်လေရာ ကွမ်ယုတွင် အများကြီး တွေးရန် အချိန် မရှိပါချေ။ သူက ရှေ့သို့ လျှင်မြန်စွာပင် ပြေးတက်သွားကာ မိန်းကလေးကို ဆွဲခေါ်လိုက်သည်။ မိန်းကလေးမှာ သူဆွဲခေါ်ရာနောက် လိုက်လာသည့်တိုင် မျက်လုံးများကတော့ ဝေ့ဝူယင်ကို စိုးရိမ် ပူပန်မှု အပြည့်ဖြင့် စိုက်ကြည့်နေဆဲ ဖြစ်ပေသည်။
ခြေသံများ တဖြည်းဖြည်း ဝေးကွာသွားသော အခါတွင်မှ ဝေ့ဝူယင်မှာ သက်ပြင်းချနိုင်တော့၏။ သူ အရှေ့တည့်တည့်ကို ပြန်လှည့်လိုက်သည်။ မျက်လုံးများ မမြင်တွေ့နိုင်သည့်တိုင် ထိုနေရာ၌ အလွန် ကြောက်မက်ဖွယ် ကောင်းသည့် ဖိအား တစ်ခု ကြီးထွားလာနေသည်ကို သူ ခံစားနိုင်ပေသည်။