← Chapters

စစ်ဝိညာဥ် တစ်သောင်း(၂)

Vol. 55 Ch. 766

စစ်ဝိညာဥ် တစ်သောင်း(၂)

Vol. 55 Ch. 766

ဟူး... ဟူး...

ကွမ်ယုတို့ ဆုတ်ခွာသွားပြီး စက္ကန့်ပိုင်း အတွင်းမှာပင် အထက် ကောင်းကင်ရှိ သန့်ရှင်းသော မျက်နှာပြင်ထက်တွင် ကြယ်ပွင့်များစတင် ပေါ်လာခဲ့သည်။ ထိုအထဲမှ အများစုက သေးငယ်ကာ အချို့မှာ အလယ်အလတ်စား အရွယ်၌ ရှိသည်။ အနည်းငယ်ကတော့ အတော်ပင် ကြီးမားလှ၏။ သို့သော်လည်း ထိုအထဲ၌ အကြီးမားဆုံးသော ကြယ်တစ်ပွင့် ရှိနေခဲ့ပေသည်။

မီးခိုးရောင် ဆံပင်ဖြူများနှင့် သက်တမ်း အကန့်အသတ်ကို ရောက်ရှိနေသည့် လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်က မှိန်ဖျော့ဖျော့ မျက်လုံးများဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်သည်။ သူ့မျက်လုံးများထဲ၌ ဝမ်းနည်းမှုများနှင့် သေခြင်းတရားမှာ နေရာယူနေ၏။

“အဲဒီ မိန်းကလေးလား... နောက်ဆုံးတော့ သူ ဒီလမ်းကြောင်းကို ရွေးပြီး ဘဝကို အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်ပြီပေါ့... ငါ့မှာလည်း အဲဒီလို သတ္တိမျိုး ရှိရင် ကောင်းမှာပဲ”

လူအိုကြီးက ခေါင်းကို ပြန်လည် ငုံ့လိုက်ကာ အသက်ရှူသံများမှာ ပြန်လည် နှေးကွေးသွား၏။ အကယ်၍ တစ်စုံတစ်ယောက်သာ သူ့ကို မြင်နိုင်ပါက သားရဲများ ဆောင်းခိုခြင်းနှင့် အလွန် ဆင်တူနေသည်ကို တွေ့မြင်ရလိမ့်မည် ဖြစ်သည်။ သူက သက်တမ်းကို ရနိုင်သလောက် ဆွဲဆန့်ရန် အသက်အင်အား စားသုံးမှု အနိမ့်ဆုံးသော ပမာဏကို အသုံးချနေခြင်းပင်။

ရွှမ်း...

ထိုအခိုက်တွင်ပင် ထူးဆန်းသော အသံတစ်ခု ထွက်ပေါ်လာ၏။ လူအိုကြီး၏ ခန္ဓာကိုယ်က တစ်ချက် တုန်ရီ သွား၏။ သူ့ မျက်စိရှေ့တွင်ပင် ကောင်းကင်ရှိ ကြယ်များမှာ ကြွေဆင်းကာ စစ်ကျောက်တိုင် ရှေ့တည့်တည့် စစ်မြေပြင်ဆီ ဆင်းသက် သွားခဲ့ကြပြီ ဖြစ်လေတော့သည်။

ဘုန်း... ဘုန်း... ဘုန်း...

အရှိန်အဟုန်နှင့် ပေါက်ကွဲ ဆင်းသက်လာမှု အသံများမှာ စစ်မြေပြင် အနှံ့ စီးချက်ညီစွာ မြည်ဟည်း နေ၏။ ပြင်းထန်သော လေမုန်တိုင်းများက ဆက်စပ်မှု စစ်မြေပြင် တစ်ခွင်လုံးကို ဖြတ်သန်း တိုက်ခိုက်နေသည်။

ဝေ့ဝူယင်မှာ ထိုလေမုန်တိုင်းများ၏ ဦးထိပ်၌ ရှိနေကာ အရိုးများပင် ကျိုးကြေလု မတတ် ဖိအားများကို ခံစားနေရ၏။ သို့သော်လည်း သူ၏ ခြေထောက်များကတော့ မြေပြင်ကို သံလိုက်များသဖွယ် ကပ်တွယ်ကာ မားမားမတ်မတ် ရပ်နေဆဲ ဖြစ်ပေသည်။

ကွမ်ယုနှင့် မိန်းကလေးတို့မှာ မိုင်ပေါင်း အနည်းငယ် အကွာအဝေးမှ နေ၍ ထိုမြင်ကွင်းကို ကြည့်နေခဲ့၏။ ပြင်းထန်သော လေအဟုန်များ၏ တဟုန်ထိုး တိုက်ခိုက်မှု အောက်တွင် ကွမ်ယု၏ အင်္ကျီစများက တဖျပ်ဖျပ် လွင့်ခါနေသည်။ အကယ်၍ မိန်းကလေးသာ ဆွဲမထားခဲ့ပါက ကွမ်ယုမှာ ထိုလေများ၏ ဆွဲခေါ်မှု အောက်၌ လွင့်စဥ် ထွက်သွားလောက်ပြီ ဖြစ်သည်။

ထိုအခိုက်၌ မိန်းကလေး၏ မျက်လုံးများက စစ်ကျောက်တိုက်ထက်၌ ရှိမနေပါချေ။ ‌ရောင်စုံ ဝတ်စုံများ ဝတ်ဆင်၍ တပ်စိတ်၊ တပ်ပေါင်းစု၊ တပ်ရင်းများ သဖွယ် ခွဲထားသည့် စစ်တပ်ကြီး တစ်ခုပေါ်၌ ကျရောက် နေ၏။

ထိုစစ်တပ်ကြီး၏ ရှေ့ဆုံးတွင်တော့ လေးလံ ထူထဲသော ရွှေရောင် သံချပ်ကာ ဝတ်စုံကြီး ဝတ်ဆင်ထားသည့် ဗိုလ်ချုပ်ကြီး ရှိနေခဲ့ပေသည်။ သူက နဂါးခမောက်ကို ဆောင်းထားကာ သေမျိုး အဆင့်ထက် အဆပေါင်း များစွာ ကျော်လွန်သည့် ကြောက်မက်ဖွယ် အော်ရာများကို ထုတ်လွှတ်နေ၏။ ‌

ဝေ့ဝူယင်မှာ ထိုစစ်တပ်ကြီးနှင့် မီတာ ဒါဇင်ဂဏန်းမျှသာ ကွာဝေးတော့သည့်တိုင် လှုပ်ရှားခြင်း မရှိပါသေးချေ။ သူတို့၏ တည်ရှိမှု တစ်ခုတည်းကပင်လျှင် များစွာသော လူများ၏ သတ္တိများကို လဲပြိုကျသွားအောင် စွမ်းဆောင် နိုင်စွမ်း ရှိသည်။ လျှို့ဝှက် အာဏာရှင် အဆင့် တစ်သောင်း၏ စူးရဲစွာ စိုက်ကြည့်နေသော မျက်လုံးများကို မည်သူက ခုခံနိုင်မည်နည်း။

အဟွတ်... အဟွတ်...

ဝေ့ဝူယင် ချောင်းဆိုးလိုက်၏။ အားလုံး၏ အကြည့်များက ပိုမို၍ စူးရှလာကာ သတ်ဖြတ်လိုသော ရည်ရွယ်ချက်များနှင့် ပြည့်နှက်လာသည်။ ဗိုလ်ချုပ်ကြီးမှာ သူ၏ စစ်မြင်းဖြူပေါ်မှ နေ၍ ဝေ့ဝူယင်ကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်၏။

“သေမျိုးလား...”

သူ့အသံက ကျယ်လောင်ခြင်း မရှိသည့်တိုင် မိုင်တစ်ရာ ပတ်လည်ရှိ လူတိုင်းမှာ ရှင်းလင်းစွာပင် ကြားလိုက်ရပေသည်။ ဝိညာဥ်အာရုံ အသုံးမပြုနိုင်သည့် နေရာမျိုးတွင် အဝေးရှိ တပ်များကို ကွပ်ကဲနိုင်သည့် ထိုကဲ့သို့ အသံသြဇာကို ပိုင်ဆိုင်ထားခြင်းက ကြီးမားသော အားသာချက် တစ်ရပ် ဖြစ်ပေသည်။

ဝေ့ဝူယင်၏ မျက်နှာ အမူအရာက အနည်းငယ် ဖြူရော်သွား၏။ သို့‌သော်လည်း ခဏ အတွင်းမှာပင် ပြန်လည် လန်းဆန်းလာသည်။ သူက သက်ပြင်းတစ်ချက် ချလိုက်၏။

ထို့နောက် မျက်လုံးများ မှိတ်ထားရက်ကပင် ခေါင်းကို ဗိုလ်ချုပ်ကြီး ရှိရာဆီ ဦးတည်၍ မော့လိုက်သည်။ ကွမ်ယုမှာ ထိုမြင်ကွင်းကို အဝေးက ကြည့်ရင်း အရိုးများထဲအထိ အေးစက် နေခဲ့ပြီ ဖြစ်လေသည်။အကယ်၍ သူသာ ထိုကဲ့သို့ စစ်တပ်ကြီး တစ်ခုနှင့် ရင်ဆိုင်ရပါက ချက်ချင်းပင် ဒူးထောက်ကာ အသက်ချမ်းသာပေးပါရန် တောင်းပန်မိလိမ့်မည် ဖြစ်သည်။

မိန်းကလေး၏ မျက်လုံးများကတော့ ကျဥ်းမြောင်းနေ၏။ ဝေ့ဝူယင် ဘာတွေ တွေးနေသနည်း။

“မျက်စိကန်းနေတဲ့ သေမျိုး...”

ဗိုလ်ချုပ်၏ အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာ၏။ စစ်သည် တစ်သောင်း ပါဝင်သည့် စစ်တပ်ကြီးမှာ သူတို့အား စိန်ခေါ်ခဲ့သူက လူ တစ်ယောက်တည်း ဖြစ်ကြောင်း သဘောပေါက် သွားခဲ့ပြီ ဖြစ်သည်။

ထိုကဲ့သို့ ဖြစ်ရပ်မျိုး အကြိမ်အနည်းငယ် ကြုံတွေ့ဖူးရာ သူတို့ အများကြီး အံ့အားသင့်ခြင်းမရှိကြချေ။ တကယ်တမ်း သူတို့က အသက်များကို အဆုံးသတ်ရန် ပါးကွက်သားကို လာရှာကြခြင်းသာ ဖြစ်သည်။

သို့သော်လည်း ဤသည်က ပထမဆုံး အကြိမ် အဖြစ် သေမျိုးတစ်ယောက်က စိန်ခေါ်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် သူက မျက်လုံးလည်း ကန်းနေသေးသည်။

“စိတ်ဝင်စားစရာပဲ... ခင်ဗျားလို့ အားလုံးကို ကြည့်ရတာ တကယ် အသက်ဝင် နေတဲ့ပုံပဲဗျ...”

ဝေ့ဝူယင် အံ့သြဟန်ဖြင့် မှတ်ချက်ချလို့က်၏။ ထို့နောက် မကြာခင်မှာပင် သူ့ နှုတ်ခမ်းထက်၌ မောက်မာသည့် အပြုံးတစ်ခု ပေါ်လာကာ တိုက်ရိုက်ပင် မေးလိုက်လေတော့သည်။

“ဒါနဲ့ ဗိုလ်ချုပ်ကြီး...ခင်ဗျား လက်နက်ချဖို့ စည်းမျဥ်း စည်းကမ်းတွေကို ဆုံးဖြတ် ပြီးပြီလား...”

"...”

စစ်သည်တော် တစ်သောင်းလုံးမှာ ကြောင်တောင်တောင် ဖြစ်သွားကြ၏။

လက်နက်ချခြင်း...

ထိုအရာက သူတို့ အတွက်တော့ အစိမ်းသက်သက် စကားလုံး တစ်ခု ဖြစ်သည်။ သူတို့ နားလည်နိုင်သမျှက သေဆုံးခြင်းနှင့် အရှက်ရခြင်း ဆိုသည့် အဓိပ္ပာယ်ပင်။ ထို့ကြောင့် စစ်သည်တော်များ အကြားတွင် မည်သည့် လှောင်ပြောင်ရယ်မောမှုများမှ ဖြစ်ပေါ် မလာခဲ့ချေ။ ထို့အစား... သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်များသာ အရှိန်အဟုန်နှင့် ပိုမို၍ မြင့်တက် လာခဲ့လေ၏။

ဘုန်း...ဘုန်း... ဘုန်း...

စစ်သည် တစ်သောင်းမှာ ငြိမ်သက် နေကြသည့်တိုင် သတ်ဖြတ်ခြင်း အော်ရာများကတော့ မိုးကြိုးများလို ပေါက်ကွဲ ထွက်ပေါ်လာနေ၏။ ဆက်စပ်မှု စစ်မြေပြင် အစွန်အဖျား ဒေသရှိ စစ်သည်တော်များ ပင်လျှင် ထိုဖိအားကို ခံစားနိုင်ပေသည်။ စစ်ကျောက်တိုင်နှင့် မိုင်ပေါင်း အနည်းငယ် အကွာအဝေး အတွင်း၌ ပြင်းထန်စွာ ဒဏ်ရာ ရရှိထားသည့် သေမျိုးအဆင့် စစ်သည် တစ်ယောက် ရှိ၏။ ရုတ်ချည်း ဆိုသလိုပင် သူ၏ ခန္ဓာကိုယ်က လေပူပေါင်း တစ်ခုလို စတင် ဖောင်းကားလာသည်.

ဘုန်း...

သတိပေးချက် တစ်စုံတစ်ရာ မရှိပါပဲ ထိုစစ်သည်မှာ ပေါက်ကွဲသွားတော့၏။ အသွေးအသားနှင့် အရိုး အပိုင်းအစများက ခန္ဓာကိုယ် အတွင်းပိုင်းရှိ ကြယ်တာရာ အင်အား၊ အတွင်းအား စွမ်းအင်တို့နှင့် အတူ ပေါက်ကွဲ သွားခဲ့ချေပြီ ဖြစ်သည်။

လမ်းစဥ် သွေဖည်ခြင်း...

ကုသိုလ် အမှတ်များစွာ စုဆောင်း ထားနိုင်သည့် ရဲရင့်သော စစ်သည်တော် တစ်ယောက်မှာ စစ်သည် တစ်သောင်း၏ သတ်ဖြတ်မှု အော်ရာ အောက်တွင်ပင် အဖြစ်ဆိုးစွာပင် အဆုံးသတ် သွားခဲ့ရလေပြီ ဖြစ်သည်။

အဟွတ်... အဟွတ်...

ဝေ့ဝူယင်မှာ စစ်သည် တစ်သောင်း၏ အော်ရာကို အပြင်းထန်ဆုံး ခံစားနေရ၏။ သူက ချောင်းအနည်းငယ် ဆိုးလိုက်သည်နှင့် ဖြူရော်နေသည့် မျက်နှာက ပိုမို၍ ကောင်းမွန်လာခဲ့သည်။

“ဆိုတော့ ခင်ဗျားတို့ ဆုံးဖြတ်ပြီးပြီပေါ့...”

ဝေ့ဝူယင်က နောက်တစ်ကြိမ် တည်ငြိမ်စွာ မေးလိုက်၏။ သူ မျက်လုံးများကို ပိတ်ထားဆဲ ဖြစ်သော်လည်း မျက်နှာ မူရာတည့်တည့်ကတော့ ဗိုလ်ချုပ်ကြီး ဆီသို့ပင်။

“...”

စစ်မြေပြင်တွင် တဒင်္ဂမျှ တိတ်ဆိတ်သွား၏။ စစ်သည် ၉၉၉၉ ယောက်မှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြကာ မည်သည့် အရာများဖြစ်ပျက်နေသည်ကို ဆန်းစစ်နေဟန် ရသည်။

သေမျိုး တစ်ယောက်က သူတို့ကို စိန်ခေါ်ခဲ့သည်။ ထို့နောက် ဗိုလ်ချုပ်ကြီးကိုပင် အညံ့ခံဖို့ စည်းမျဥ်းများ အကြောင်း ပြောပြန်သည်။ မသိပါက သူ့ဘက်က အကြွင်းမဲ့ အားသာချက်များ ရှိနေသလိုပင်။

“မင်းက ရူးနေတာလား... ကြောင်နေတာလား...”

ဗိုလ်ချုပ်ကြီးက နှာခေါင်းရှုံ့လိုက်၏။ သူ၏ အသံက မိုင်ရာပေါင်း များစွာကို သယ်ဆောင်ထားကာ စစ်ပွဲ၏ စစ်သည်တော်နှင့် ကွန်မန်ဒါတိုင်းမှာ ထိုအသံကို ကြားလိုက်ကြရလေသည်။

ဝေ့ဝူယင်က သက်ပြင်းတစ်ချက် ချလိုက်၏။

“ကျုပ် ဒီမေးခွန်းကိုပဲ ထပ်မေးမယ်... နောက်တစ်ကြိမ် မမေးတော့ဘူး... မစခင်မှာ ခင်ဗျားတို့ သေချာ ဆုံးဖြတ်သင့်တယ်... နောက်ထပ် အခွင့်အရေး မရှိတော့ဘူးနော်...”

“...”

စစ်သည်တော်များမှာ နောက်တစ်ကြိမ် ဆွံ့အ သွားကြပြန်၏။

ကွမ်ယုနှင့် မိန်းကလေးတို့မှာ ထိုမြင်ကွင်းကို အဝေးမှ နေ၍ ကြည့်နေကြသည်။ ကွမ်ယု၏ လက်တစ်ခုလုံးမှာ ချွေးစေးများနှင့် စိုရွှဲနေ၏။ သူ၏ မျက်နှာကတော့ သရဲတစ္ဆေများကို ဖြူရော်နေသည်။

“သူ့မှာ ဘာအစီအစဥ် ရှိလဲ မင်းသိလား...”

မိန်းကလေးက မေးလိုက်၏။ ကွမ်ယုက ပြန်လည် ဖြေဆိုခြင်း မရှိချေ။ သူက စိတ်တစ်ခုလုံး အေးခဲနေဟန် ရကာ စစ်မြေပြင်ဆီကိုသာ ငေးကြောင် ကြည့်နေခဲ့၏။

“ဟမ့်...”

မိန်းကလေးက အေးစက်စက် နှာခေါင်း တစ်ချက် ရှုံ့လိုက်သည်။ ထိုအသံက စိတ်ဝိညာဥ်လှိုင်းများလို ကွမ်ယု၏ အသိစိတ် ပင်လယ် အတွင်းသို့ တိုက်ရိုက် ရောက်ရှိသွားကာ အာရုံကြောများကို လှုံ့ဆော်လိုက်သည်။

ကွမ်ယုမှာ ချက်ချင်းပင် အသိစိတ်ကို ပြန်လည် ရရှိလာကာ မိန်းကလေးကို ကြည့်လိုက်၏။ ထိုအခါ မိန်းကလေးမှာ မျက်နှာကို ပြန်လည် ဖုံးကွယ်ထားပြီး ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။ သူမကို ကြည့်ရင်း သူ့အမူအရာက ပိုမို၍ ထူးဆန်းလာ၏။ သို့သော်လည်း ထိုအရာက လေးစားခြင်း၊ မယုံကြည်နိုင်ခြင်းတို့နှင့် ပြည့်လျှံ နေပေသည်။

ထိုအမူအရာမှ တစ်ဆင့်... ကွမ်ယု သူ့ကို မြင်ဖူးသွားပြီ ဖြစ်ကြောင်း မိန်းကလေး သဘောပေါက်လိုက်ပြီ ဖြစ်လေသည်။ သူမက ချောမော ခန့်ညားသည့် လူငယ်လေး မြင်စေလိုသော ရည်ရွယ်ချက်ဖြင့် အစီအရင်ကို ဖယ်ရှားခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း သူက မျက်လုံးကန်းနေသည်ကို သူမ မေ့သွားခဲ့သည်။

“အားလုံးက ထင်နေတာ... ခင်ဗျား သေ...”

ကွမ်က စကားပြောရန် ကြိုးပမ်းလိုက်၏။ သို့သော်လည်း ချက်ချင်းပင် လေထုက အေးစက်လာလေရာ သူ ပါးစပ်ကို အလျှင်အမြန် ပိတ်လိုက်ရသည်။ သေမျိုးတစ်ပိုင်း အရှင် အဆင့် ‌ဒေါသထွက်ပါက ထွက်မပြေးနိုင်ခင်မှာပင် သူ သေဆုံးသွားနိုင်သည် မဟုတ်ပါလား။

All Chapters