← Chapters

အချိန်ကျလာခြင်း

Vol. 55 Ch. 767

အချိန်ကျလာခြင်း

Vol. 55 Ch. 767

ထိုအကြောင်းအရာများ ဖြစ်ပွားနေစဥ်တွင် ဝေ့ဝူယင်မှာ အပြုံး တစ်ခုနှင့် အတူ စစ်သည်တော် တစ်‌သောင်းကို ရင်ဆိုင်နေခဲ့လေ၏။

“မင်းက လူမိုက်ပဲ..”

ဗိုလ်ချုပ်ကြီးက စိတ်မရှည်စွာ ပြောလိုက်၏။ သူ၏ လေသံက မထင်မရှား ပိုးမွှား တစ်ကောင် အတွက် ဆက်လက် အချိန် မဖြုန်းနိုင်တော့သည့် ပုံပင်။

စစ်သည် တစ်ယောက်က ရှေ့သို့ ထွက်လာကာ ဗိုလ်ချုပ်ကြီး၏ ရှေ့တွင် ဒူးထောက်လိုက်၏။

“ကျုပ် ကျန်းသော် စစ်ကွန်မန်ဒါ ကျန့်ကျန့်ဆီကနေ ဒီသေမျိုးကို ရင်ဆိုင် သုတ်သင်ဖို့ ခွင့်တောင်းပါတယ်... သူ့ကို ကျုပ်တို့ရဲ့ အစစ်အမှန် စစ်တပ်မဟာကြီး အကြောင်း သေခြင်းတရားနဲ့ သင်ကြားခွင့် ပြုပါ...”

အခြား စစ်သည်များမှာလည်း ထို့နည်းတူစွာပင် ကျယ်လောင်စွာ အော်ဟစ်၍ တောင်းဆို လာကြ၏။ မကြာခင်မှာပင် အရေအတွက်က စစ်သည် ရာပေါင်းများစွာမှ ထောင်ပေါင်းများစွာ အထိ ရောက်ရှိ လာသည်။ စစ်မြေပြင် တစ်ခုလုံးမှာ တောင်းဆိုသံများနှင့် တအုန်းအုန်း ဖြစ်သွားတော့၏။

“နေကြဦး...”

ဝေ့ဝူယင်က အော်ဟစ်လိုက်၏။ သူ၏ အသံက အလွန် ကျယ်လောင်လှရာ အသံ အားလုံးကို ဖုံးလွှမ်း၍ ပျံ့နှံ့ သွားသည်။ စစ်သည်တော်များမှာ အနည်းငယ် အံ့အားသင့် သွားကြ၏။ အသံက ထိုမျှ အစွမ်းထက်လှရာ နောက်ကွယ်တွင် အလွန်အမင်း အားကောင်းသည့် အဆုပ်တစ်စုံ ရှိမည်မှာ ကျိန်းသေလှသည်။

ဗိုလ်ချုပ်ကြီး၏ စစ်မြင်းက ခွာများကို ယက်လိုက်ကာ ဟီသံ တစ်ချက် ပြုလိုက်၏။ ၎င်း၏မျက်လုံးများက ထူးဆန်းစွာဖြင့် ဝေ့ဝူယင်ကို စိုက်ကြည့်နေသည်။

ဝေ့ဝူယင်က ရန်သူများကို ရှင်းလင်း ပစ်တော့မည့် သူရဲကောင်း တစ်ခု၏ ဟန်ပန်မျိုးဖြင့် ခါးရှိ ဆေဘာကို ထိလိုက်၏။ သူ၏ အော်ရာက ပြောင်းလဲသွားကာ ပိုမို တည်ငြိမ် အဟွမ်းထက် လာသည်။ စစ်သည်တော်များမှာ သူတို့ လက်နက်များကို ကိုင်ဆောင်လိုက်ကာ တိုက်ခိုက်ရန် အဆင်သင့် ပြင်လိုက်၏။

ဝေ့ဝူယင်က စိတ်ပျက်လက်ပျက် ပုံစံဖြင့် ခေါင်းကို ခါလိုက်ရင်း လေးနက်သော လေသံဖြင့် ပြောလိုက်လေသည်။

“ခင်ဗျားတို့ တစ်မိနစ်လောက် စောင့်လို့ မရဘူးလား... ခင်ဗျားတို့ဆီမှာ အညံ့ခံဖို့ စည်းမျဥ်းတွေ အကြောင်းကျုပ် စဥ်းစားနေတာဗျ”

"..."

ထိုအရာက တတိယ အကြိမ်မြောက် စစ်ဝိညာဥ်များ ဆွံ့အ သွားကြခြင်းပင် ဖြစ်သည်။ သူတို့ အခြေအနေကို အနည်းငယ်မျှပင် နားမလည်နိုင်တော့ချေ။ ထိုမျက်ကန်းက အဘယ်ကြောင့် စကားများကို တောင်ရောက်လိုက် မြောက်ရောက်လိုက် ပြောနေရသနည်း။

ဗိုလ်ချုပ်ကြီးပင်လျှင် အနည်းငယ် အံ့သြ သွားခဲ့၏။

“မင်း အညံ့ခံ မလို့လား...”

ဝေ့ဝူယင်က ပြုံးရင်း ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်တယ်လေ… ကျုပ် ပြောချင်တာက အဲဒီလို… ကျုပ်လို သေမျိုးတစ်ယောက်က လျှို့ဝှက် အာဏာရှင် အဆင့် စစ်သည် တစ်သောင်းကို ဘယ်လိုလုပ် ရင်ဆိုင်နိုင်မှာလဲ… ကျုပ် ဒီကို ရောက်လာတဲ့ ရည်ရွယ်ချက်က ရှင်းပါတယ်… အလွယ်ကူဆုံးနဲ့ ဂုဏ်သိက္ခာ အရှိဆုံး သေဖို့ပဲ… ဗိုလ်ချုပ်ကြီးက ကျုပ်ကို တိုက်ခိုက်မယ်… နောက်ပြီး ကျုပ် မြန်မြန်ဆန်ဆန်ပဲ သေသွားမယ်… ဒီလောက်ပဲ ကျုပ်တွေးထားတာဗျ… ခင်ဗျားတို့ ကြည့်ရတာ ကျုပ် ပြောတဲ့ စကားကို နားလည်မှု လွဲနေတဲ့ ပုံပဲ”

“...”

ထိုကဲ့သို့လော….။ စစ်ဝိညာဉ်များမှာ ဉာဏ်အလင်း ရသွားသလို ခံစား လိုက်ရ၏။ ပဟေဠိ အပိုင်းအစများက ယခုမှ ပြီးပြည့်စုံစွာ ဆက်သွားသလိုပင်။

ထိုအရာက အဓိပ္ပာယ် ရှိသည်။ သို့သော်လည်း ပါးစပ်မှ ရိုင်းရိုင်းစိုင်းစိုင်း ပြောပြီးသည့် နောက်မှ မြန်မြန် သေချင်လျှင်တော့ နောက်ကျ သွားခဲ့ပြီ ဖြစ်လေသည်။

ဝေ့ဝူယင်က စစ်သည်တော်များ၏ တုန့်ပြန်မှုကို လျစ်လျူကာ ဆက်ပြော လိုက်၏။

“ခင်ဗျားတို့ မြင်ကြတဲ့ အတိုင်းပါပဲဗျာ… ခု အချိန်မှာ ကျုပ် အမြင်စွမ်းရည်ကို ဆုံးရှုံးထားတယ်… မျက်စိကွယ် နေသလိုပါပဲ… ကျုပ် စစ်မြေပြင်မှာ ဘယ်လိုမှ မတိုက်ခိုက် နိုင်ဘူး… ပြောရရင် အသက်ကို ဖက်နဲ့ ထုပ်ထားရသလိုပါပဲဗျာ... ဒီစစ်မြေပြင်မှာ ကျုပ်ကို လိုက်ရှာနေပြီး အသွေးအသားတွေကို ခမ်းခြောက်သွားအောင် စုယူချင်နေတဲ့ မိန်းမ တစ်ယောက်တောင် ရှိတယ်... ကျုပ် သူ့လက်ထဲမှာ မသေချင်ဘူး... ခင်ဗျားတို့ လက်ထဲမှာပဲ ဂုဏ်သိက္ခာရှိရှိ သေဖို့ ကျုပ် ဆန္ဒရှိပါတယ်ဗျာ…”

ဝေ့ဝူယင်မှာ ခံစားချက်များ ပိုမို ပြင်းထန်လာကာ ကံကြမ္မာကို လက်မခံလိုဟန်နှင့် ခေါင်းကို ခါယမ်းလိုက်၏။

“ကျုပ် သိပါတယ်... ကျုပ်က ချောတယ်ဆိုတာ... ဒါပေမဲ့ ဒီချောမော လှပတဲ့ မျက်နှာလေးကြောင့်ပဲ ကျုပ် ဘဝကြီးက မိန်းမ တစ်ယောက် လက်ထဲမှာ အဆုံးသတ်သွားရတော့မှာလား... တွေးကြည့်ကြပါဦးဗျာ... အဲဒါက ဘယ်လို သေခြင်းမျိုးကြီးလဲ...”

“ခင်ဗျားတို့လို လျှို့ဝှက် အာဏာရှင် အဆင့်တွေ လက်ထဲမှာ သေရတာက ကျုပ် အတွက် ပိုပြီး တရားမျှတပါတယ်... တမလွန်ကို သွားရမယ် ဆိုရင်တောင် မိသားစုနဲ့ ဘိုးဘေးတွေကို ကျုပ် လျှို့ဝှက် အာဏာရှင် အဆင့် တစ်သောင်းနဲ့ တိုက်ခိုက်ခဲ့တယ် ဆိုတာ ဂုဏ်ယူပြီး ပြောပြလို့ ရတာပေါ့”

“အဲဒါက နည်းနည်း ရူးကြောင်ကြောင်နိုင်တယ် ဆိုတာ ကျုပ် သိပါတယ်... ဒါပေမဲ့ ခင်ဗျားတို့ ကျုပ်ကို နားလည် ကြလိမ့်မယ်လို့ ထင်ပါတယ်... ကျုပ်က ခုနကလို သေချင်တယ် ဆိုပေမဲ့ တကယ်တမ်း သေချင်နေတာတော့ မဟုတ်ဘူးပေါ့ဗျာ... အလှအပလေးတွေ ဝန်းရံပြီး နေချင်တာပေါ့... ဒါပေမဲ့ ယောက်ျား တစ်ယောက် အနေနဲ့ စစ်ပွဲထဲမှာ သေရတာကတော့ ပိုပြီး မြတ်တယ် မလား... ဒါပေမဲ့ ကျုပ် ဆိုးဆိုးရွားရွားတော့ မသေချင်ဘူးနော်... မြန်မြန်နဲ့ လွယ်လွယ်ကူကူလေး... ကျုပ်... ကျုပ် တောင်းပန်ပါတယ်... ခဏ... တောင်းပန်ဖို့ အတွက် ခင်ဗျားတို့ကို တစ်ခုခုနဲ့ ကမ်းလှမ်းရမလား... ခင်ဗျားတို့ ဘာလိုချင်လဲ”

“ဪ... ကျုပ် သိပြီ... ကျုပ်မှာ စစ်ဝိညာဥ်တွေ ရှိတယ်... ခင်ဗျားတို့ အဲဒါတွေကို သုံးလို့ ရလား...ခင်ဗျားတို့ကို ကြည့်ရတာ တကယ့် သက်ရှိတွေလိုပဲ... ထူးဆန်းတယ်နော်... ခင်ဗျားတို့ ကိုယ့်ကိုယ်ကို သတိထားမိလား”

ဝေ့ဝူယင်မှာ အဆက်မပြတ် တောင်စဥ်ရေမရ ဆက်လက် ပြောနေခဲ့၏။ သူ၏ အသံက အလွန် ကျယ်လောင်လှရာ အားလုံး ကြားနိုင်ပေသည်။

“...”

မိန်းကလေးမှာ ထိုမြင်ကွင်းကို အဝေးမှ နေ၍ ‌ငေးကြောင် ကြည့်နေခဲ့၏။ ဝေ့ဝူယင် မည်သည့် အရာများ ပြောနေကြောင်း သူမ လုံးဝ နားမလည်နိုင်ချေ။ လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက် အနေဖြင့်ပင် ဉာဏ်မမှီသလို သူမ ခံစားနေရသည်။

“...”

ကွမ်ယုကတော့ ပါးစပ် အဟောင်းသား ဖြစ်နေ၏။ မည်သည့် မိန်းမက သူ့ အသွေးများကို ခမ်းခြောက်အောင် စုပ်ယူရန် ကြံစည်နေသနည်း။ သူ့လက်ရှိ ခွန်အားဖြင့် သေမျိုး အဆင့်တွင် မည်သူက ထိုကဲ့သို့ လုပ်နိုင်မည်နည်း။

သုံးမိနစ်ခန့် ကြာပြီးနောက်၌ ဗိုလ်ချုပ်ကြီး ကိုယ်တိုင်ပင်လျှင် ဝေ့ဝူယင်၏ အဓိပ္ပာယ် မဲ့သော စကားလုံးများကို ဆက်လက် နားထောင်ရန် စိတ်မရှည်တော့ပုံ ပေါ်သည်။

“တော်‌လောက်ပြီ...”

သူက အော်ဟစ်ကာ ဝေ့ဝူယင်နှင့် ရင်ဆိုင်ရန် ပထမဆုံး တောင်းဆိုခဲ့သည့် စစ်သည်ကို ခြေဟန်လက်ဟန် ပြလိုက်၏။

“ကျိုးသော်... မင်း သွားလိုက်... ဖြည်းဖြည်းနဲ့ နာကျင်အောင် လုပ်နော်”

ကျိုးသော်က ခေါင်းကို မော့လိုက်၏။ သူက လေးနက်သည့် အမူအရာဖြင့် ခေါင်းတစ်ချက် ညိတ်ရင်း ဒူးထောက် နေရာမှ ထရပ်လိုက်သည်။ ပြီးသည်နှင့် ဝေ့ဝူယင်ဘက်သို့ လှည့်ကာ ပေါက်ကွဲမှု အရှိန်အဟုန်နှင့် တိုးဝင်သွား လေတော့၏။ လက်ထဲရှိ လှံရှည်နှင့် အတူ ဗိုလ်ချုပ်ကြီး အလိုရှိသည့် အတိုင်း ဝေ့ဝူယင်ကို အနာကျင်ဆုံးသော သေခြင်းတရား ပေးစွမ်းရန် သူ အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်လေသည်။

“ဟေ့... ဟေ့... စည်းမျဥ်းတွေ အကြောင်းတောင် မပြောရသေးဘူးလေ...”

ဝေ့ဝူယင်က ထိတ်လန့် တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်၏။ သို့သော်လည်း ကျိုးသော်မှာ အနည်းငယ်ပင် တုန့်နှေးစွားခြင်း မရှိပဲ မျက်တောင်တစ်ခပ်စာ အတွင်းမှာပင် သူ့ အနား ရောက်ရှိလာသည်။ အကယ်၍ ဝေ့ဝူယင် နေရာတွင် သာမန် သေမျိုး အဆင့် ကျင့်ကြံသူ တစ်ယောက်သာ ဆိုပါက တုန်ပြန်မှု တစ်စုံတစ်ရာ မပြုနိုင်ခင် တိုက်ခိုက်ခံရလိမ့်မှာ ကျိန်းသေ ပေသည်။

ရွှင်း...

ဆေဘာက လင်းလက်သွားကာ ခေါင်းပြတ် တစ်ခုမှာ လေပေါ်ဝဲသွား၏။အဖြူရောင် သွေးများနှင့် အတူ ခေါင်းမဲ့ ခန္ဓာ တစ်ခုက မြေပြင်ပေါ် လဲပြိုကျ သွားသည်။

“အချိန်ကျပြီ... ခင်ဗျားတို့ကို နောက်ဆုံး အခွင့်အရေး ပေးမယ်...”

ဝေ့ဝူယင်က ဆေဘာကို ညာဘက်လက်ဖြင့် ကိုင်ရင်း ဘယ်ဘက်လက်ဖြင့် ဓားသွားကို ပွတ်သပ်လိုက်၏။ သူက စစ်ဝိညာဥ် ၉၉၉၉ ရောက် ရှေ့တွင် အေးစက်သော အပြုံးနှင့် တည်ငြိမ်စွာ ရပ်နေခဲ့သည်။

“ခင်ဗျား အညံ့ခံဖို့ ဆုံးဖြတ်ပြီးပြီလား... ဗိုလ်ချုပ်ကြီး”

“...”

သွေးဖြူဖြူများ ပန်းထွက်ကာ မြေပြင်ပေါ် လဲကျသွားသည့် ကျိုးသော်၏ မြင်ကွင်းက အားလုံးကို တိတ်ဆိတ် သွားစေခဲ့၏။ တင်းမာမှု၊ အံ့သြမှုနှင့် သဘာဝ မကျသည့် အငွေ့အသက်များက နေရာအနှံ့ ပျံ့လွင့်နေသည်။ စစ်ဝိညာဥ် ၉၉၉၉ ယောက်လုံး၏ အကြည့်များက မျက်လုံးများကို မှိတ်ကာ ဆေဘာကို ကိုင်ဆောင်ထားသည့် အဖြူရောင်ဝတ် လူငယ်ထံသို့ ကျရောက် နေကြသည်။

စစ်ဝိညာဥ်များစွာမှာ သူတို့၏ ဝိညာဥ်အာရုံများကို ဖြန့်ကျက်ကာ မြင်နေရသည့် မြင်ကွင်းကို မသေချာဟန်ဖြင့် နောက်တစ်ကြိမ် စစ်ဆေးလိုက်သည်။ သို့သော်လည်း ဝေ့ဝူယင်ထံမှ သေမျိုး ရနံ့များကိုသာ သူတို့ ရှာဖွေ တွေ့ရှိလိုက်ရသည်။ သူ့ခြေရင်း၌ လှဲလျောင်းနေသည်ကတော့ အကောင်းဆုံး အရည်အသွေးနှင့် လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်ပင်။

ဟီး... ဟီး... ဟီး...

ဗိုလ်ချုပ်ကြီး၏ စစ်မြင်းဖြူက ပြင်းထန်စွာ ဟီလိုက်ကာ မူမမှန်သည့် အမူအရာဖြင့် ခွာများကို ယက်၍ ကဆုန်ပေါက် လိုက်သည်။ ဗိုလ်ချုပ်ကြီးက ၎င်း၏ လည်ဆံမွေးများကို ကိုင်ရင်း ငြိမ်သက်အောင် ကြိုးပမ်း လိုက်၏။ သူက မျက်နှာ အမူအရာကို နဂါးခမောက်ဖြင့် ဖုံးကွယ်ထားသည့်တိုင်... လောကကြီးထံ လှစ်ဟာပြသထားသည့် တစ်ခုတည်းသော မျက်လုံးများကတော့ ဝင်ရိုးစွန်း ဒေသမှ ရေခဲများ အလား အလွန် အမင်းအေးစက်နေသည်။

ဟီး... ဟီး... ဟီး...

မြင်းကို ငြိမ်သက်အောင် ထိန်းချုပ်လိုက်ပြီးနောက် သူက ဝေ့ဝူယင်ဘက်သို့ ပြန်လည် မျက်နှာမူ လိုက်၏။ မျက်ကန်း သေမျိုးမှာ ဆေဘာကို ပခုံးထက်၌ ထမ်းကာ သက်တောင့်သက်သာ ရပ်နေခဲ့သည်။ ညစ်ထေး ယုတ်မာသည့် အပြုံးတစ်ခုက သူ့နှုတ်ခမ်းထက်၌ တွဲလွဲခိုနေ၏။

“အဆိပ်...”

တပ်ရင်း ကွန်မန်ဒါ ပြောစရာပင် မလိုချေ။ မိန်းကလေးသံ တစ်ခု ထွက်ပေါ်လာကာ စစ်ဝိညာဥ် ၉၉၉၉ ယောက်ထဲမှ ပုံရိပ် တစ်ခုမှာ ရှေ့သို့ ပြေးထွက်လာ၏။ ဝတ်စားဆင်ယင်မှု အရ ထိုပုံရိပ်မှာ တပ်ရင်းမှူး တစ်ယောက် ဖြစ်ပုံ ရ၏။ သူမ၏ သံချပ်ကာမှာ အများစုထက် ပိုမို ပေါ့ပါးသည့်တိုင် လက်ရာမြောက်သည့် ဒီဇိုင်းနှင့် ပုံသဏ္ဌာန်က မြင့်မားသည့် အဆင့်အတန်းကို ညွှန်ပြနေ၏။

“ဗိုလ်ချုပ်ကြီး ကျန့်ကျန့်... လေထဲမှာ အဆိပ်ရှိနေတယ်”

သူမက စစ်မြင်းဖြူရှင်၏ နံဘေးသို့ ရောက်ရှိလာကာ အရေးပေါ် လေသံမျိုးဖြင့် အော်ဟစ်လိုက်၏။ ထိုစစ်ဝိညာဥ်ကား တပ်မဟာကြီး၏ အဆိပ်ပညာရှင် တစ်ယောက်ပင်။

မည်သို့ပင် ဆိုစေ... တပ်မဟာများ၌ အဆိပ်များနှင့် တိုက်ခိုက်ရန် အတွက် အထူး တပ်ဖွဲ့များ ဖွဲ့စည်းထားပြီး ဖြစ်သည်။ စစ်ပွဲများ၌ မတရားတာ မရှိပါချေ။

All Chapters