အဆိပ်
Vol. 55 Ch. 768
အမျိုးသမီးမှာ အော်ဟစ် သတိပေးလိုက်သည့်တိုင် အနည်းငယ် ရှက်ရွံ့နေသလို ခံစားနေရ၏။ လေထုကို သေသေချာချာ မလေ့လာခင် အချိန် အထိ စိမ့်ဝင် ပျံ့နှံ့နေသည့် အဆိပ်ကို သူမ သတိမထားမိခဲ့ချေ။ သူမ ကိုယ်တိုင်သည်ပင် အဆိပ် ပမာဏ များစွာကို ရှူသွင်းကာ ခန္ဓာကိုယ် အတွင်း စုပ်ယူခဲ့မိပြီး ဖြစ်သည်။
သို့သော်လည်း ခန္ဓာကိုယ် အတွင်း၌ ဆိုးရွားသည့် အပြောင်းအလဲများ ချက်ချင်း ဖြစ်ပေါ်လာခြင်း မရှိသေးရာ အဆိပ်က သိပ် ပြင်းထန်မှု မရှိဟု ဆိုလိုပေသည်။ ၎င်းက အသက်ကို အန္တရာယ် ပေးနိုင်စွမ်း နည်းပါးကာ အကျိုးသက်ရောက်မှုများက ထင်ရှားခြင်း မရှိချေ။ သို့သော်လည်း ၎င်းကို ဖယ်ထုတ်ပစ်ရန်က အလွန်ပင် ခက်ခဲလှသည်။ ၎င်းတို့က ဆဲလ်တစ်ခုချင်းစီ အတွင်း တွယ်ကပ်နေသည့် ကပ်ပါးကောင်များလိုပင်။
စစ်တပ်တစ်ခုလုံးကား သူတို့ အဆိပ်ခတ် ခံလိုက်ရပြီ ဖြစ်ကြောင်း သိလိုက်ကြပြီ ဖြစ်လေသည်။ အများစုက ချက်ချင်းပင် သူတို့၏ အတွင်းပိုင်း အခြေအနေများကို စစ်ဆေးရန် ကြိုးပမ်း လိုက်ကြ၏။ ခန္ဓာကိုယ်များ အတွင်း ကပ်တွယ်နေသည့် အမှုန်အမွှားများကို တွေ့သော အခိုက်၌ သူတို့ အလွန်ပင် အံ့သြ သွားကြသည်။
စစ်သားများမှာ ချက်ချင်းပင် အတွင်းအား စွမ်းအင်များကို သုံးကာ အမှုန်အမွှားများကို ဖယ်ရှားရန် ကြိုးပမ်းလိုက်ကြသည်။ သို့သော်လည်း ထိုကဲ့သို့ ပြုလုပ်လိုက်သည်နှင့် တစ်ပြိုင်နက် ခန္ဓာကိုယ်များက အားနည်းသွားကာ ပျော့ခွေလာသလို သူတို့ ခံစားလိုက်ကြရသည်။
အားနည်းသည့် စစ်သားများ ဆိုလျှင် ဆီးစပ်များ အောင့်လာသလိုပင် ခံစားလိုက်ကြရသည်။ သူတို့၏ ဖြစ်ရပ်က အခြား မဟာမိတ် စစ်သည်များ အတွက်တော့ သတိလက်လွတ် မပြုမူကြစေရန် အတွက် အချက်ပေးသံ တစ်ခုလိုပင်။
ဗိုလ်ချုပ်ကြီးမှာ တိတ်ဆိတ်နေ၏။ လေထုကတော့ ပိုမို၍ တင်းမာလာနေခဲ့ပေသည်။ နောက်လိုက် စစ်ဝိညာဥ် ၉၉၉၈ ယောက်မှာ သေမျိုးအား သုတ်သင်ရန် အတွက် အမိန့်ကို စောင့်ဆိုင်းနေကြ၏။ အချို့ စစ်သားများဆိုလျှင် ဗိုလ်ချုပ်ကြီးက အဘယ်ကြောင့် ချက်ချင်း အမိန့်မပေးသေးသည်ကိုပင် သံသယ ဝင်နေကြသည်။ သူက အဆိပ် အပြည့်အဝ အသက်ဝင်လာသည် အထိ စောင့်ဆိုင်း နေသည်လား။
အဆိပ် ပညာရှင်က လျှင်မြန်စွာပင် ပစ္စည်းတစ်ချို့ကို ထုတ်ယူလိုက်၏။ ထိုအရာက ကြည်လင်သည့် အရည်ပုလင်း တစ်ခုနှင့် နှစ်ဖက် စလုံးတွင် အလုံးကလေးပါသည့် ထူးဆန်းသော အပ်တစ်ချောင်းပင်။ သူမက အပ်တစ်ဖက်ကို ပါးစပ်ထဲထည့်၍ အနည်းငယ် စုပ်လိုက်၏။ ထို့နောက် ကြည်လင်သော အရည်ထဲသို့ နှစ်လိုက်သည်။
ချက်ချင်းပင် ကြည်လင်သော အရည်မှာ စတင် တုန်ခါလာ၏။ သို့သော်လည်း ၎င်း၏ အရောင်ကတော့ ပြောင်းလဲ သွားခြင်း မရှိပါချေ။ အဆိပ် ပညာရှင်က မြက်၊ ဆေးတောင့် တစ်ခုနှင့် အခြား ပစ္စည်း အနည်းငယ်ကို ထုတ်ယူလိုက်ကာ အရည်ထဲ ပစ်ထည့်လိုက်၏။ အမျိုးမျိုး စမ်းသပ်မှုများ ပြုလုပ်နေသည့်တိုင် အရည်၏ အရောင်က ကြည်လင်နေဆဲ ဖြစ်သည်။
“ငါတို့ အဆိပ်မိတာ မဟုတ်ဘူးလား... ဒါက အဆိပ် မဟုတ်ဘူး...”
အဆိပ်ပညာရှင်မှာ အလွန်အမင်း စိတ်ရှုပ်ထွေး သွားပုံ ပေါ်၏။ သူမက ဝေ့ဝူယင်ကို လှမ်းကြည့်လိုက်သည်။ ထိုသေမျိုးမှာ မျက်လုံးများ မှိတ်ထားသည့်တိုင်အောင် မျက်ခွံများကို ဖောက်ထွင်း၍ သူမကို စိတ်ဝင်တစား ကြည့်နေသည့်ပုံ ရသည်။
“ဆက်ပြီး စမ်းသပ်ကြည့်...”
ဗိုလ်ချုပ်ကြီးက အမိန့်ပေးလိုက်၏။ အနီးအနားရှိ လောကတစ်ခုလုံးက ကြောက်မက်ဖွယ် တုန်ရီသွားသည်။ အဆိပ် ပညာရှင်က ခေါင်းတစ်ချက် ညိတ်ကာ အခြား ပစ္စည်း ကိရိယာများနှင့် အပ်များကို ထုတ်ယူ လိုက်သည်။ အနည်းငယ် စဥ်းစားလိုက်ပြီးနောက် သူမက ဗိုက်ကို ဓားဖြင့် အနည်းငယ် လှီးကာ ယင်အမတေနှင့် သွေးတို့ကိုပင် ထုတ်ယူလိုက်သေး၏။ အဆိပ်ပညာရှင်မှာ ကိုယ့်ကိုယ်ကို ထိခိုက်ခံရန် နည်းနည်းလေးမှ တုန့်ဆိုင်းခြင်း မရှိချေ။
သူမ၏ လှုပ်ရှားမှုများက ကြောက်မက်ဖွယ် ကောင်းအောင် မြန်ဆန်းလွန်းလှ၏။ ဖော်ပြရသည်မှာ အချိန် ကြာမြင့်သည့်တိုင် အမှန်တကယ်တွင် နှစ်စက္ကန့်၊ သုံးစက္ကန့် အတွင်း ပြီးမြောက်သွားခြင်း ဖြစ်သည်။ အကယ်၍ သာမန် သေမျိုး တစ်ယောက်သာ ထိုမြင်ကွင်းကို ကြည့်ပါက အရိပ်များ လှုပ်ရှားနေသည်ကိုသာ တွေ့မြင် ရလိမ့်မည် ဖြစ်သည်။
အဆိပ်များ၏ အကျိုးသက်ရောက်နိုင်စွမ်းက အလွန်ပင် လျှင်မြန်လှရာ အဆိပ် ပညာရှင် တစ်ယောက်မှာလည်း အလျှင်မြန်ဆုံး ဖြစ်အောင် ပြင်ဆင်ထားသင့်သည်။ ဖြစ်နိုင်သမျှ အချိန်တို အတွင်း အဆိပ် အမျိုးအစားကို ခွဲခြား အဖြေရှာ ရင်ဆိုင် ဖြေရှင်းနိုင်ခြင်းက အကြွင်းမဲ့ လိုအပ်သည့် ကျွမ်းကျင်မှု တစ်ရပ်ပင်။
“မင်းက အတော်လေး ယုံကြည်မှု ရှိနေတာပဲ...”
ဝေ့ဝူယင် အပေါ် ဗိုလ်ချုပ်ကြီး၏ အထင်သေး အမြင်သေး အကြည့်များက ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။ သူတို့ အားလုံးကိုပင် မသိအောင် အဆိပ်ခတ်နိုင်ခြင်းက တော်ရုံ ကျွမ်းကျင်မှု တစ်ခု မဟုတ်ချေ။
ဝေ့ဝူယင်က ခေါင်းခါလိုက်၏။
“ကျုပ်မှာ ယုံကြည်ချက် မရှိပါဘူး... အခု ခင်ဗျားတို့ အားလုံးမှာ တကယ် အသက် ရှိတယ် ဆိုတာ ကျုပ် မြင်နေရတယ်... သတ်ဖြတ်ခြင်းက ခင်ဗျားတို့ အားလုံးရဲ့ အသက်တွေကို ထာဝရ အဆုံးသတ် သွားစေမလား ဆိုတာတော့ ကျုပ် မသိဘူး... ဒါပေမဲ့ ကျုပ် စစ်ကျောက်တိုင်ကို ကြည့်မယ်... ဘယ်အရာကမှ ကျုပ်ကို တားလို့ မရဘူး... ဒါကြောင့် အညံ့ခံလိုက်ပါ... အဲဒါက ခင်ဗျားတို့ အတွက်ရော ကျုပ် အတွက်ပါ ပိုလွယ်ကူလိမ့်မယ်”
ဗိုလ်ချုပ်ကြီးမှာ ဝေ့ဝူယင်ကို အချိန် ကြာမြင့်စွာ စိုက်ကြည့်နေခဲ့၏။ သို့သော်လည်း တစ်စုံတစ်ရာ တုန့်ပြန်ခြင်း မပြုချေ။ သူတို့ကဲ့သို့ စစ်ဝိညာဥ်များက အညံ့ခံလိမ့်မည်ဟု တွေးရအောင် သူက မည်မျှ မိုက်မဲ နေသနည်း။ သေမျိုးတစ်ယောက်ထံကိုလား... ပို၍ပင် မဖြစ်နိုင်သေးသည်။
မကြာခင်မှာပင် အဆိပ်ပညာရှင်မှာ စမ်းသပ်မှုများ ပြီးသွား၏။ သူမ၏ နဖူးထက်၌ ချွေးစ အချို့ ရှိနေကာ အသားအရေက ပို၍ပင် ဖြူရော်လာသည်။ သူမက လေပူတစ်ချက် မှုတ်ထုတ်လိုက်၏။
“အဲဒါက အဆိပ် မဟုတ်ဘူး... ဒါပေမဲ့ ဖြစ်နိုင်ချေ ရှိတယ်”
သူမ၏ အမူအရာက ထိုရှာဖွေ တွေ့ရှိမှုကို အံ့သြနေပုံ ရကာ ဝေ့ဝူယင်ကို မွန်းစတား တစ်ကောင်လို လှမ်းကြည့် လိုက်လေ၏။
ထို့နောက် သူမက ဗိုလ်ချုပ်ကြီး ကျန့်ကျန့် အနားသို့ သွားကာ နားနားကို ကပ်၍ တီးတိုး ပြောလိုက်သည်။ ဝေ့ဝူယင် နားစိုက်ထောင်လိုက်သော်လည်း သူမ စကားကို ဖမ်းဆုပ်နိုင်စွမ်း မရှိပါချေ။
“အဲဒီလိုလား...”
ဗိုလ်ချုပ်ကြီးက ခေါင်းတညိတ်ညိတ်ဖြင့် မှတ်ချက်ချလိုက်၏။ သူ၏ လေသံက လေးနက်နေကာ ဉာဏ်အလင်း တစ်ခု ရသွားဟန် ရသည်။
“စစ်သည်တွေ... အတွင်းအား စွမ်းအင်တွေကို မသုံးနဲ့တော့... ရုပ်ခန္ဓာကိုပဲ အားကိုးပြီး တိုက်ပွဲဝင်ကြမယ်”
“ဟုတ်ကဲ့ပါ...”
၉၉၉၈ ယောက်သော စစ်ဝိညာဥ်များမှာ သံပြိုင် အော်ဟစ်လိုက်ကြ၏။ ထို့နောက် အလျှိုလျှို လက်နက် ဆွဲထုတ်လိုက်သံများက တစ်လောကလုံးကို မြည်ဟည်းသွားသည်။
အဆိပ်ပညာရှင်မှာ အဆိပ်နယ်ပယ်၌ အလွန် ကျွမ်းကျင်သူ ဖြစ်သည်။ ဝေ့ဝူယင်၏ အဆိပ်က သာမန် အဆိပ်မျိုး မဟုတ်ပဲ စွမ်းအင် လှည့်ပတ်လိုက်သည်နှင့် သွေးကြောနှင့် အသွေးအသားများကို တိုက်စားတတ်သည့် အမျိုးအစား ဖြစ်ကြောင်း သူမ ရှာဖွေ တွေ့ရှိခဲ့သည်။
ထိုအဆိပ်ငွေ့များမှာ ပတ်ဝန်းကျင်ရှိ လေမှုန်လေမွှားနှင့် ရေငွေ့များ အတွင်း ပိပိရိရိ ဖုံးကွယ် စိမ့်ဝင်နေသည့် အပြင် အရောင်အနံ့လည်း ကင်းမဲ့လှရာ သာမန်အားဖြင့် ရှာဖွေ တွေ့ရှိဖို့ အရမ်း ခက်ခဲသည်။ သူမလို အဆိပ်များ အကြောင်း ထိုးလိုချေ ရေလိုနှောက် သိထားသူ တစ်ယောက် ပင်လျှင် ကျိုးသော်၏ သေဆုံးမှုမှ တစ်ဆင့်သာ ထိုအဆိပ်အကြောင်း ခန့်မှန်း နိုင်ခဲ့ခြင်း ဖြစ်ည်။
သို့သော်လည်း ခန့်မှန်း တွက်ချက်မှုများ အရ စွမ်းအင်များကို မလှည့်ပတ်လျှင် ထိုအဆိပ်မှာ အကျိုးသက်ရောက် လိမ့်မည် မဟုတ်ပဲ သာမန် လေမှုန်လေမွှားနှင့် ရေငွေ့လေးများ အဖြစ်သာ တည်ရှိ နေလိမ့်မည် ဖြစ်သည်။
အဆိပ်ပညာရှင်က တည်ငြိမ်စွာပင် ဝေ့ဝူယင်ကို လှမ်းကြည့်လိုက်၏။
“မင်းရဲ့ နည်းလမ်းတွေက သပ်ရပ် ကောင်းမွန်ပါတယ်... ပေါင်းစပ်မှု အထိ မင်းအဆိပ်က တော်တော် ကောင်းတယ်... ဒါပေမဲ့ ကြီးမားတဲ့ ချို့ယွင်းချက် ရှိနေတုန်းပဲ... ငါတို့သာ စွမ်းအင်တွေကို မလှည့်ပတ်ဘူး ဆိုရင် မင်း အဆိပ်က အသက်ဝင်လာမှာ မဟုတ်ဘူး... နောက်ပြီး အဲဒါက ကြာကြာ မခံဘူး... နောက်ထပ် မိနစ်ပိုင်းလောက် ကြာတာနဲ့ ငါတို့ ခန္ဓာကိုယ်တွေက သန့်စင် သွားလိမ့်မယ်”
“...”
ဝေ့ဝူယင်မှာ ပြုံးလိုက်၏။ အဆိပ်ကို သည်အတိုင်း သုံးပါက မည်သည့် လျှို့ဝှက် အာဏာရှင် အဆင့် မဆို ရိပ်မိမည် ဖြစ်ကြောင်း သူ သိရှိပြီး ဖြစ်သည်။
ထို့ကြောင့်ပင် သူ မူလဒြပ်စင် ရည်ရွယ်ချက်နှင့် အဂ္ဂိရတ် ဧဒင် အင်အားတို့ကို အသုံးပြုကာ အနန္တ သင်္ချိုင်း အဆိပ်နှင့် လောက ဝါးမြိုခြင်း နှင်းဆီ အမတေတို့ကို လေမှုန်လေမွှားနှင့် ရေငွေ့များ အတွင်း ပေါင်းထည့် ခဲ့သည်။
တောင်စဥ်ရေမရ လျှောက်ပြောကာ အချိန်ဆွဲနေသည့် အတွင်း အဆိပ်များမှာ စစ်ဝိညာဥ်များ၏ခန္ဓာကိုယ်များ အတွင်း အောင်အောင်မြင်မြင်ပင် စိမ့်ဝင် နိုင်ခဲ့သည်။ ထို့နောက်... စစ်ဝိညာဥ် ၁၀၀၀၀ လုံး၏ အသွေးအသား ဆဲလ်တစ်ခုချင်းစီနှင့် ပေါင်းစပ်နိုင်ခဲ့သည်။ သို့သော်လည်း... ထိုအဆိပ်၏ သဘောဘာဝရ အရ တည်ရှိမှုက အလွန်ပင် နူးညံ့ ပျော့ပျောင်းလှရာ ခန္ဓာကိုယ် အတွင်းရှိ စွမ်းအင် များကို လှည့်ပတ်မှသာ ၎င်းရှိနေမှန်း သတိထားမိ၍ အသက်ဝင် လာလိမ့်မည် ဖြစ်ပေသည်။
ကျိုးသော် ဟု ခေါ်သည့် စစ်ဝိညာဥ်မှာ ထိုအရာကို သိရှိခြင်းမရှိပဲ စွမ်းအင်များကို လှည့်ပတ်ခဲ့ပြီး အဆိပ်များကို ပျံ့နှံ့ စေခဲ့သည်။ ထို့နောက်... ဝေ့ဝူယင်၏ ဆေဘာ လည်ပင်းပေါ် ကျရောက်လာသော အခါတွင် သူ အမှန်တရားကို နားလည်ခဲ့သည်။ သို့သော်လည်း သူ၏ နားလည်မှုက နောက်ကျနေကာ ဝေ့ဝူယင် အတွက် လုံလောက်ခဲ့ပေသည်။
ဝေ့ဝူယင်၏ အဆိပ်တွင် ချို့ယွင်းချက်များ ရှိသည်မှာ မှန်ကန်သည့်တိုင် လျှို့ဝှက် အာဏာရှင် အဆင့်များ၏ အားသာချက် ဖြစ်သည့် လျှို့ စွမ်းအားကိုတော့ တားမြစ်နိုင်ခဲ့သည်။ ထိုအရာက သူ့အတွက် လုံလောက်ပေသည်။
အဆိပ်ပညာရှင်မှာ ဝေ့ဝူယင် မငြင်းဆိုသည်ကို ကြည့်ကာ ယုံကြည်ချက် အချို့ ပြန်လည် ရရှိလာခဲ့၏။
“တကယ်လို့ ငါတို့က စွမ်းအင်တွေကို မလှည့်ပတ်နိုင်ဘူး ဆိုရင်တောင် နင်က သေမျိုး တစ်ယောက် ဖြစ်နေတုန်းပဲ... ငါတို့ရဲ့ ခန္ဓာကိုယ်တွေက နင့်ထက် အဆပေါင်းများစွာ ပိုပြီး အစွမ်းထက်တယ်... နင့်ကို သတ်ဖို့ လုံလောက်တာထက် ပိုနေတုန်းပဲ”
အမျိုးသမီး၏ စကားလုံးများက စစ်မြေပြင်ထက်ရှိ အခြား စစ်သည်တော်များကို ရန်သူတော်က သေမျိုး တစ်ယောက်သာ ဖြစ်ကြောင်း ပြန်လည် သတိရ သွားစေ၏။ အမျိုးသမီးနှင့် အတူ သူတို့၏ ယုံကြည်ချက်များက ပြန်လည်၍ မြင့်တက်လာသည်။ အဆိပ်မိတော့ရော ဘာဖြစ်သနည်း။ ရန်သူက သေမျိုး တစ်ယောက်တည်းသာ ဖြစ်သည်။ ထို့အပြင် မျက်လုံးလည်း ကန်းနေသေးသည်။
ဝေ့ဝူယင်က အပြုံးက ပျောက်ကွယ်သွားကာ ဖြည်းညင်းစွာ သက်ပြင်းတစ်ချက် ချလိုက်သည်။
“ကိစ္စ မရှိပါဘူးလေ...”
သူက ဖြည်းညင်းစွာပင် ၉၉၉၉ ယောက်သော စစ်ဝိညာဥ်များထံ စတင်ကာ လမ်းလျှောက်လာခဲ့၏။
“သေမျိုးပဲ ဖြစ်ဖြစ်... လျှို့ဝှက် အာဏာရှင် အဆင့် ဖြစ်ဖြစ်... သူတို့က အမြဲတမ်း အားနည်းတဲ့လူတွေကို အထင်သေးတတ်ကြတယ်”
ဖျပ်...
“ဒါပေမဲ့ ခင်ဗျားတို့ တစ်ခုခု မေ့နေတဲ့ပုံပဲ...”
ဖျပ်... ဖျပ်...
“ကျုပ်က အဲဒါကို မသိပဲ ခင်ဗျားတို့ရှေ့ ရောက်နေမယ် ထင်လား...”
“...”
စစ်ဝိညာဥ်များမှာ ဝေ့ဝူယင်၏ စကားလုံးများကြောင့် အံ့အားသင့် သွားကြ၏။ ဗိုလ်ချုပ်ကြီးက လက်သီးကို ခပ်တင်းတင်း ဆုပ်လိုက်သည်။
ဖျပ်... ဖျပ်...ဖျပ်...
“သေမျိုး တစ်ယောက်က စစ်ဝိညာဥ် တစ်သောင်းရဲ့ ရှေ့မှာ ဆေဘာ တစ်စင်းနဲ့ ရပ်နေတယ်... သူ့နှလုံးသားထဲမှာ ဆန္ဒ တစ်ခု ရှိတယ်... အဲဒီလို ဇာတ်လမ်းမျိုး ဒဏ္ဍာရီတွေနဲ့ ပုံပြင်တွေထဲမှာ ခင်ဗျားတို့ ကြားဖူးမှာပေါ့...”
ဝေ့ဝူယင်က အနည်းငယ် ပြုံးလိုက်၏။
“အဲဒီလို အချိန်အခါမျိုးမှာ သူ ဘယ်လို ခံစားနေရတယ် ဆိုတာ ခင်ဗျားတို့ကို ဘယ်သူမှ ပြောနိုင်မှာ မဟုတ်ဘူး... ကြောက်နေမှာလား... ပျော်နေမှာလား... ဒါမှမဟုတ် သူက ဘာကိုမှ မစဥ်းစားတော့ပဲ ကိုယ့်ကိုယ်ကို သေကြောင်းကြံ လိုက်တော့မှာလား... ကျုပ်ကတော့ နည်းနည်း စိတ်လှုပ်ရှားနေတယ်ဗျ... ဘာလို့လဲ ဆိုတော့...”
ဝေ့ဝူယင်၏ ခန္ဓာကိုယ်က စတင် အသွင်ပြောင်း၏။ မီးခိုးရောင် ဆဋ္ဌဂံ အကြေးခွံများက သူ့ အရေပြားထက်၌ စတင် ထွက်ပေါ်လာကာ ကျောရိုးမှာ ပိုမို စထွက်လာ၏။
အစစ်အမှန် နဂါး အသွင် ပြောင်းလဲခြင်း...
ရွှမ်း...
ဆေဘာမှာ ဟိန်းဟောက်လာ၏။
“ဘာလို့လဲ ဆိုတော့ အဲဒီ နောက်ပိုင်းတည်းက ကျုပ် ခွန်အား အပြည့်ကို မသုံးခဲ့ရလို့ပဲ...”
ဘုန်း...
စကားဆုံးသည်နှင့် မတူကွဲပြားသော ဝိညာဥ် အော်ရာများမှာ သူ့ခန္ဓာကိုယ် နေရာ လေးခုမှ အရှိန်အဟုန်နှင့် ပေါက်ကွဲ ထွက်ပေါ် လာခဲ့တော့၏။