တိုက်ပွဲ(၁)
Vol. 55 Ch. 769
ဗိုလ်ချုပ်ကြီး ကျန့်ကျန့်မှာ အခြေအနေက အတော်လေး ထူးဆန်းနေကြောင်း သဘောပေါက် လိုက်၏။ သူ၏ စိတ်နှလုံးထဲတွင်တော့ ရန်သူက သေမျိုး တစ်ယောက်မျှသာ ဆိုသည့် အထင်သေးစိတ် မရှိတော့ချေ။
“ဖန့်ကျန်း ဝင်္ကပါ... လေးသည်တော်တွေ အသင့်ပြင်”
သူက ပြင်းထန်စွာ အော်ဟစ် အမိန့်ပေးလိုက်၏။ ၉၉၉၈ ယောက်သော စစ်ဝိညာဥ်များမှာ သူ့ အမိန့်အတိုင်းပင် လိုက်လံ လှုပ်ရှားကာ နေရာယူလိုက်ကြ၏။
တပ်ဦးတွင်တော့ လေးလံသော သံချပ်ကာများ ဝတ်ဆင်ထားသည့် စစ်သည်တော်များ ရှိနေခဲ့သည်။ သူတို့က ဒိုင်းကာများ၊ လှံများကို ကိုင်ဆောင်ကာ တစ်လှမ်းချင်း လျှောက်လှမ်း လာနေသည့် ပုံရိပ်ကို မျက်နှာမူ နေကြ၏။ အဆိပ်ကြောင့် ခန္ဓာကိုယ် အတွင်းရှိ စွမ်းအင်များကို အသုံးမပြုနိုင်သည့်တိုင် ၎င်းတို့ အားလုံးမှာ အလွန် ကြောက်မက်ဖွယ် ကောင်းသည့် တည်ရှိမှုများ ဖြစ်နေကြဆဲပင်။
သိသိသာသာ အရှိန်မြှင့်ကာ လှုပ်ရှားလာသည့် တပ်များကို ကြည့်ရှုရန် ဝေ့ဝူယင်က ခေါင်းကို မော့လိုက်၏။ ထို့နောက် သူက သူ့ကိုယ်သူ ပြန်လည် ပြောဟန်နှင့် တီးတိုး ရေရွတ်လိုက်လေသည်။
“ငါတို့ ပေါက်ကွဲ မသွားဖို့ မျှော်လင့်ကြတာပေါ့လေ”
ထိုစကားလုံးများက စောင့်ဆိုင်းနေသည့် ကြယ်တာရာ ဝိညာဥ် လေးခု အတွက်တော့ အချက်ပေး အစပျိုးသံ တစ်ခုလိုပင်။
ဂါး...
အလွန် ပြင်းထန်သည့် ဟိန်းဟောက်သံကြီး တစ်ခု ထွက်ပေါ်လာ၏။ စစ်မြေပြင် တစ်ခုလုံးမှာ ငလျင် လှုပ်သလို တဟုန်းဟုန်း တုန်ရီလာသည်။
စစ်ဝိညာဥ်များမှာ တုန်လှုပ်သွားကြသည့်တိုင် သူတို့က စစ်တိုက်ရန် တစ်ခုတည်း အတွက် လေ့ကျင့်ပေးထားသည့် စစ်သည်များ ဖြစ်လေရာ အကြောင်းရင်းကို လိုက်လံ ရှာဖွေရန် ကြိုးပမ်းလိုက်၏။ ခန္ဓာကိုယ် တစ်ခုလုံး မီးခိုးရောင် အကြေးခွံများနှင့် ဖုံးကွယ်နေသည့် သေမျိုးမှာ ဆေဘာကို ပခုံးထက်၌ ထမ်းထားကာ လောကို မြင်တွေ့ရန် ဆန္ဒ မရှိသည့် အလား မျက်လုံးများကို မှိတ်ထား၏။
ဘုန်း... ဘုန်း...
မြေကြီးက ဆက်တိုက်ပင် တုန်ရီ ယိမ်းထိုးနေကာ လေထုမှာလည်း ပြင်းထန်သော မုန်တိုင်းများနှင့် ဝှေ့ယမ်းနေသည်။ ၎င်းတို့က သေမျိုး၏ ခြေတစ်လှမ်းချင်း အသက်ရှူမှု တစ်ခုချင်းစီနှင့် တိုက်ရိုက်ပင် ဆက်စပ် နေလေ၏။
တပ်ဦး၌ သံချပ်ကာနှင့် လက်နက် အပြည့်အစုံ တပ်ဆင်ထားသည့် စစ်သည်တော် နှစ်ထောင်ကျော် နေရာယူ နေခဲ့သည်။ သူတို့က အလွန် ကြောက်မက်ဖွယ် ကောင်းသည့် တည်ရှိမှုများ ဖြစ်ကြောင်း သံသယ ရှိစရာ မလိုသော်လည်း ယခုအခါ တွင်တော့ သေးငယ်ပြီး မထင်မရှား ဖြစ်နေသည့်ပုံ ပေါ်သည်။
စစ်မြင်းဖြူမှာ ခွာများကို ယက်ကာ အုတ်အော်သောင်းနင်း ဖြစ်နေ၏။ ဗိုလ်ချုပ်ကြီး ကျန့်ကျန့်မှာ ၎င်း၏ လည်ဆံမွေးများကို တင်းကြပ်စွာ ဆုပ်ကိုင်ရင်း နဂါးခမောက်အောက်မှ မျက်လုံးများကတော့ ရှေ့တူရှုကို မလွတ်တမ်း စိုက်ကြည့်နေသည်။
အဆိပ်ပညာရှင်မှာ တုန်ရီနေကာ လှပသော မျက်လုံးများမှာ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေ၏။ ဗီဇ သဘာဝ အရ သူမက တိတ်တဆိတ် နေရန် ငြင်းဆန်ကာ အော်ဟစ်လိုက်လေသည်။
“မဖြစ်နိုင်တာ... အဲဒါကြီးက ဘာတုံး...”
သူမ၏ ထိုစကားလုံးများက လူငယ်နှင့် ရင်ဆိုင်နေသည့် စစ်သည်တိုင်း၏ အတွေးများနှင့် ထပ်တူ ကျနေ၏။ မဟုတ်သေး... သူတို့ရင်ဆိုင် နေရသည်က ဝေ့ဝူယင် တစ်ယောက်တည်း မဟုတ်ချေ။ အတိအကျ ပြောရပါက သူ၏ အထက်တွင် အလွန် ကြီးမားသော မီးခိုးရောင် တိမ်တိုက်ကြီး တစ်ခု ရှိပေသည်။ မီတာပေါင်း ၁၀၈၀၀၀ နှင့် ညီမျှသည့် ထိုတိမ်တိုက်ကြီး အတွင်းတွင်တော့ အလွန်တရာ ကြီးမားလှသည့် သတ္တဝါကြီး တစ်ကောင်၏ မထင်မရှား ပုံရိပ် တစ်ခု ရှိနေခဲ့၏။ ကြီးမား ရှည်လျားလှသည့် အတောင်ပံကြီးများ၊ ချောမွတ် တောက်ပြောင်နေသည့် ခန္ဓာကိုယ် ပုံစံ၊ ချွန်ထက်သည့် ဦးခေါင်းတို့မှ လွဲ၍ သူတို့ အတည်ပြုနိုင်သည့် အခြား အင်္ဂါအစိတ်အပိုင်း မရှိပါချေ။
သို့သော်လည်း... ထိုအရာက ဘာလဲ ဆိုတာ သူတို့ သိကြပေသည်။ နှလုံးသားများထဲမှ နေ၍ သူတို့ သိကြပေသည်။
“အစစ်အမှန် နဂါး တစ်ကောင်...”
သတ္တဝါကြီးထံမှ အာရုံ စူးစိုက်မှုကို ရမှာ ကြောက်ရွံ့သည့် အလား ဗိုလ်ချုပ်ကြီး ကျန့်ကျန့်က တစ်ကိုယ်ကြားစာ တီးတိုး ရေရွတ်လိုက်၏။ ထိုအရာကို မည်ကဲ့သို့ သိသနည်းဟု မေးလျှင် သူ မဖြေတတ်ချေ။ သို့သော်လည်း ဝိညာဥ်၏ အနက်ရှိုင်းဆုံး နေရာမှ နေ၍ ထိုအရာက နဂါးဖြစ်ကြောင်း သူ သိပေသည်။
ကျင့်ကြံခြင်း လောကတွင် နဂါးများမှာ တည်ရှိကြသည်။ သူတို့က ရှားပါး သတ္တဝါများ မဟုတ်ကြချေ။ အချို့ဆိုလျှင် သူတို့ကို ယဥ်ပါးအောင် မွေးမြူကာ စီးတော်ယဥ် အဖြစ် အသုံးပြုကြသည်။
နဂါငွေ့တန်း ကြယ်ကွင်းပြင်မှာ မရေမတွက်နိုင်သည့် နဂါးများ၏ အိမ်ဖြစ်ကာ မူလက အဇူရာ မူလ ကြယ်စင်စုကြီး၏ အစိတ်အပိုင်း တစ်ရပ် ဖြစ်ခဲ့သည်။ ထို့ကြောင့်ပင် နဂါးများကို ရှားပါး သတ္တဝါဟု မည်သူကမှ မမြင်ခဲ့ကြချေ။
သို့သော်လည်း... အစစ်အမှန် နဂါးများကတော့ အလွန် သန့်စင်သည့် သွေးမျိုးဆက်များ ဖြစ်ကာ သမိုင်း စာအုပ်များထဲတွင် ဒဏ္ဍာရီများ အဖြစ် ဖော်ပြရသည့် တည်ရှိမှုများ ဖြစ်သည်။ သူတို့က နတ်ဘုရားများ သဖွယ် ဖြစ်ကာ နဂါးမျိုးနွယ် တစ်ခုလုံး၏ ကိုးကွယ်မှုကို ခံရသည်။ သူတို့၏ ဒဏ္ဍာရီများက ဖီးနစ်များ ထက်ပင် ပိုမို၍ ရှည်လျားပေသည်။
ကွမ်ယုနှင့် မိန်းကလေးတို့မှာ ထိုမြင်ကွင်းကို ပါးစပ် အဟောင်းသားဖြင့် ကြည့်နေခဲ့၏။ သူတို့၏ ခန္ဓာကိုယ်များက တုန်ရီနေကာ မည်သည့် အရာများကို မြင်တွေ့ နေရကြောင်း နားမလည်နိုင်ကြချေ။
“ဆယ့်သုံး... ဆယ့်သုံး... ဆယ့်သုံးတောင်...”
ကွမ်ယုက ကောင်းကင် တိမ်တိုက်များကို လက်ညိုးထိုးရင်း အော်ဟစ်လိုက်၏။ သူ၏ လက်ညိုး ညွှန်ရာ တည့်တည့်တွင်တော့ ဝိညာဥ် အလင်းရောင်များ တဖျပ်ဖျပ် တောက်လောင်နေသည့် မီးခိုးရောင် ဝိညာဥ်ကွင်းများ ရှိနေလေ၏။
ကွမ်ယု ဘဝ တစ်လျှောက်လုံး မီးခိုးရောင် ကွင်းများကို မမြင်ဖူးချေ။ သူ မြင်ဖူးသမျှက စိမ်းပြာရောင်သာ ဖြစ်သည်။ သူ့အတွက်တော့ မီတာပေါင်း ၁၀၈၀၀၀ မြင့်သည့် တိမ်တိုက်ကြီးထက် ထိုအတွင်း မီးခိုးရောင် တငွေ့ငွေ့ တောက်လောင်နေသည့် ဝိညာဥ်ကွင်းကြီး ဆယ့်သုံးကွင်းက ပိုမို အံ့သြဖွယ်ရာ ကောင်းလှပေသည်။
“ဝိညာဥ် ဆင်းတုလား...”
မိန်းကလေးမှာ တုန်ရီစွာဖြင့် ရေရွတ်လိုက်၏။ သူမ၏ မျက်လုံးများက မြင်တွေ့နေရသည့် အရာကို မယုံကြည်နိုင်အောင် ဖြစ်နခဲ့သည်။ တစ်ခဏလေး အတွင်းမှာပင် ကျင့်ကြံခြင်းနှင့် ပတ်သက်၍ သူမ၏ ယုံကြည်မှု အားလုံးက လုံးဝ ကျိုးပဲ့ သွားသလို ခံစားနေရသည်။
ထိုအရာက တကယ် ဝိညာဥ်ဆင်းတုလေလော...။
“ဝိညာဥ်ဆင်းတုတွေရဲ့ အကန့်အသတ်က မီတာ ကိုးရာ မဟုတ်ဘူးလား... ခြွင်းချက် တောင်မှ မီတာ တစ်သောင်းပဲ ရှိတာလေ... အဲဒီ အရွယ်အစားကတောင် ဒဏ္ဍာရီတွေထဲက ဝိညာဥ်ကွင်း ဆယ်ကွင်း ပိုင်ရှင်တွေမှာပဲ ရှိတာ... ဒါပေမဲ့ အခုဟာက... ငါ မြင်နေရတာ ပုံရိပ်ယောင်တွေများလား... ငါ လှည့်စား ခံနေရတာလား...”
ကွမ်ယုက ကိုယ့်ကိုယ်ကို မသေချာ မရေရာဟန်ဖြင့် ရေရွတ်လိုက်၏။ သူက လျှို့ဝှက် ဆန်းကြယ်သော မိန်းကလေးကို လှမ်းကြည့်လိုက်သည်။ သူမ၏ နောက်ခံနှင့် ကျင့်ကြံခြင်း အခြေခံကို သူ သိပေသည်။ သူမထံမှ အတည်ပြုချက် တစ်ခုခု ရကောင်း ရနိုင်ပေသည်။
သို့သော်လည်း မိန်းကလေးမှာ တိတ်ဆိတ်နေ၏။ မိန်းကလေးသာလျှင် မက ဆက်စပ်မှု စစ်မြေပြင် တစ်ခုလုံး တိတ်ဆိတ်နေခြင်းပင်။ သူတို့၏ အသက်ရှူသံများ ပင်လျှင် တိတ်ဆိတ်နေ၏။
ဖျပ်...
ဝေ့ဝူယင်က နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်၏။ စစ်ဝိညာဥ်များ၏ မျက်လုံးများက သတ္တဝါကြီးထံမှ ပြန်လည် ဆင်းသက်လာကာ ဝေ့ဝူယင်ဆီ ပြန်လည် ရောက်ရှိလာသည်။ သူ့ခန္ဓာကိုယ် တစ်ခုလုံးမှာ မီးခိုးရောင် အလင်းများဖြင့် တောက်ပနေ၏။ အလွန်တရာ တောက်ပလှသော ဝိညာဥ်အလင်းမှာ ဒွါရပေါက်တိုင်းမှ နေ၍ အပြင်သို့ စိမ့်ထွက် နေကြသည်။
ဝေ့ဝူယင်မှာ ခန္ဓာကိုယ်ထဲရှိ အလုံးစုံသော ဝိညာဥ်အင်အားများကို ခံစားနိုင်ပေသည်။ ထိုအင်အားဖြင့် တစ်လောကလုံးကိုပင် လွှမ်းခြုံ ပစ်နိုင်သလို သူ ခံစားရ၏။ ထိုခံစားချက်က အလွန် သက်တောင့်သက်သာ ရှိလှသည်။
ထိုအရာက စွမ်းအားလော။ သူ ပိုင်ဆိုင်ထားသည့် အကြွင်းမဲ့ စွမ်းအားလော။
မဟုတ်သေး...
ထိုအရာက သူ့ အကြွင်းမဲ့ စွမ်းအား မဟုတ်သေးချေ။ အမွေခံ အပြစ်သား တစ်ယောက် ဖြစ်လာပြီး နောက်ပိုင်းတွင် သူ လမ်းစဥ်ကို အဂ္ဂိရတ် တာအိုဖြင့် ထုဆစ်ခဲ့သည်။ ထိုအချိန်မှ စ၍ မရေမတွက်နိုင်သည့် ထိပ်တန်း ကျင့်ကြံသူများနှင့် သူ ရင်ဆိုင်ခဲ့ရသည်။
သို့သော်လည်း ဘယ်တုန်းကမှ ခွန်အားကို အကန့်အသတ်ထိ ရောက်အောင် မသုံးခဲ့ဖူးချေ။ ဉာဏ်ရည်ဉာဏ်သွေးနှင့် အဂ္ဂိရတ် တာအိုတို့၏ အကူအညီတို့ကို သုံးကာ သူ ခြေတစ်လှမ်း ဦးခဲ့သည်ချည်းသာ ဖြစ်သည်။ ရှိသမျှ စွမ်းအင် အကုန်လုံးကို ထုတ်သုံး၍ ခြေပစ်လက်ပစ် မျက်နှာချင်းဆိုင် ရင်ဆိုင် တိုက်ခိုက်ခဲ့ရသည့် အဖြစ်မျိုး သူ မကြုံခဲ့ဖူးချေ။ အစွန်းလေးဖက် ကုန်းမြေတိုက်ကြီး၌... တော်ဝင် မျိုးနွယ် နှစ်ခုနှင့် ရင်ဆိုင်ချိန်တွင်ပင် သူ ဦးနှောက်ကိုသာ အသုံးပြုခဲ့သည်။
ယွမ်လုံရှီ၊ လုံချန်။ ကျင်းကျူး၊ လင်းမင်... မည်သည့် ကောင်းချီးခံကမှ သူ့ကို အကန့်အသတ်ထိ ရောက်အောင် မတွန်းပို့ နိုင်ခဲ့ချေ။ လင်းမင်မှာ ကျူးဟိုင်ကို အနိုင်ယူ နိုင်ခဲ့သည့်တိုင် သူ ကိုယ်တိုင် အသက် ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့သည်။
သို့သော်လည်း... ယခု သူ့ရှေ့တွင် ရှိနေသည်က စစ်ဝိညာဥ်ပေါင်း ၉၉၉၉ ယောက် ဖြစ်သည်။ အဆိပ်၏ ကန့်သတ်မှု ခံထားရသည့်တိုင် သူတို့ တစ်ယောက်ချင်းစီမှာ လျှို့ဝှက် အာဏာရှင် အဆင့်များ ဖြစ်နေကြဆဲပင်။ ထို့ကြောင့်ပင် ဝေ့ဝူယင် မည်သည့် အရာကိုမှ ထိန်ချန် မထားရဲပါချေ။
“အိုရီ...”
ဘုန်း... ဘုန်း... ဘုန်း...