တိုက်ပွဲ (၂)
Vol. 55 Ch. 770
ဘုန်း... ဘုန်း... ဘုန်း...
ဝေ့ဝူယင် အော်ဟစ်လိုက်သည်နှင့် တစ်ပြိုင်နက် ကမ္ဘာမြေကြီးမှာ ပြင်းထန်စွာ တုန်ခါလာကာ လေများမှာ ပြင်းထန်စွာ တိုက်ခတ်လာ၏။ ရေခဲသလင်းကျောက်များမှာ လေ မော်လီကျူးများ အကြား စတင် ထွက်ပေါ်လာ၏။
လေထု အတွင်းရှိ မော်လီကျူးများက မြူများ အဖြစ် ပြောင်းလဲ သွားကာ လောက၏ အပူချိန်က တရိပ်ရိပ် မြင့်တက်လာသည်။
သတ္တုဓာတ်များက တချွမ်ချွမ် မြည်သံပေး၍ ပတ်ဝန်းကျင်တွင် စိမ့်ဝင်နေ၍ လျှပ်ပန်းလျှပ်နွယ်များက နေရာအနှံ့ ပစ်ခတ်နေသည်။ ဆက်စပ်မှု စစ်မြေပြင် အနှံ့ရှိ သစ်ပင်များမှာ ယိမ်းနွဲ့ ကခုန်ကြကာ ပန်းများမှာ အသက်ဝင်စွာ ဖူးပွင့် လာကြ၏။
ထိုအခိုက်၌ တစ်လောကလုံးရှိ ဒြပ်စင်တိုင်းမှာ တုန့်ပြန်နေကြကာ ကြီးကျယ် မြင့်မြတ်သည့် တစ်စုံတစ်ရာကို ဦးခိုက် ခစား နေကြပုံ ပေါ်လေသည်။
“ဘာဖြစ်တာလဲ...”
ကွမ်ယုမှာ ရုတ်ချည်း ဖြစ်ပေါ်လာသည့် လေနှင့် ပထဝီမြေထု၏ ပြောင်းလဲမှုများကို ခံစားလိုက်ရရာ တဆတ်ဆတ် တုန်ရီသွား၏။
ထို့နောက်... ပေါက်ကွဲသံနှင့် ဟိန်းဟောက် ညီးတွားသံ တစ်စုံတစ်ရာ မရှိပဲ မီတာပေါင်း ၁၀၈၀၀၀ အရွယ်အစား ရှိသည့် အဖြူရောင် မြူနှင်းလုံးကြီး တစ်ခု လေထုထဲတွင် ဖွဲ့စည်းလာခဲ့သည်။ ၎င်းကိုလည်း အလားတူပင် ကွင်း ဆယ့်သုံးကွင်းက ဝန်းရံထားကာ အားလုံးမှာ အဖြူရောင် ဆွတ်ဆွတ် အဆင်းကို သယ်ဆောင်ထား၏။
ဘုန်း... ဘုန်း...
ချက်ချင်း ဆိုသလိုပင်... စစ်မြေပြင်ဆီ သက်ရောက် နေသည့် ဝိညာဥ် ဖိအားများမှာ အဆပေါင်းများစွာ ပိုမို မြင့်မားလာခဲ့လေတော့သည်။
“မလုံလောက်သေးဘူး...”
ဝေ့ဝူယင်က ကျေနပ်ခြင်း မရှိသေးပဲ အခြား ဝိညာဥ် ဆင်းတု နှစ်ခုကိုပါ ဆင့်ခေါ်လိုက်၏။ ဆက်စပ်မှု စစ်မြေပြင်၏ နေရာ အနှံ့အပြား၌ ရှိနေသည့် မရေမတွက်နိုင်သော သေမျိုး စစ်သည်တော်များမှာ တစ်စုံတစ်ရာ၏ သက်ရောက်မှုကို ခံလိုက်ရဟန်ဖြင့် မျက်လုံးများ ရီဝေသွားကြသည်။ အချို့မှာ အတိတ်၏ နာကျင်စရာ မှတ်ဉာဏ်များကို ပြန်လည် အမှတ်ရ လာသည့် အလား စတင် ငိုကြွေး ကုန်ကြ၏။ အချို့ဆိုလျှင် အသိစိတ်များပင် ကင်းလွတ်သွားကြသည်။
ပုံရိပ်ယောင် သစ်ပင် တစ်ခုမှာ ယိမ်းနွဲ့ လှုပ်ခါကာ လောကအတွင်း ဖြည်းညင်းစွာ ပေါ်လွင်လာခဲ့၏။ ၎င်းသည်လည်း ၁၀၈၀၀၀ မီတာ အရွယ်အစား ရှိကာ အမြစ်များမှာ ပထဝီ မြေထု၏ ပထမ အလွှာ တစ်ခုလုံးကို ကုပ်ခြစ်ထား၏။ ထိုသစ်ပင်ကြီးကို မြင်လိုက်ရသော အခိုက်၌ လူတိုင်းမှာ သူတို့၏ အတွေးများက အမှန်တကယ် အသက်ဝင်လာသလိုပင် ခံစားလိုက်ကြသည်။
ရွှင်း...
ဆေဘာသံ တစ်ခု မြည်ဟီးလာသည်။ ၉၉၉၉ ယောက်သော စစ်ဝိညာဥ်များ၏ အကြည့်များက လျှင်မြန်စွာပင် ကောင်းကင်ထံ ရောက်ရှိသွား၏။ သူတို့ အားလုံး၏ မျက်လုံးများက ချိပ်ပိတ်ထားသည့် မျက်နှာကျက်ရှိ ငွေရောင် အက်ကွဲကြောင်းတစ်ခုကို အကြောင်းပြချက် မဲ့စွာ စိုက်ကြည့် နေကြသည်။
အားလုံး၏ အကြည့်များ အောက်တွင်ပင် အက်ကွဲကြောင်းက ပိုမို၍ ကြီးထွားလာသည်။ မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် ၎င်းက မိုင်ပေါင်းများစွာအထိ ဖြန့်ကျက်သွား၏။
ထို့နောက် အသံတစ်ခု ထွက်ပေါ်လာ၏။
“ကလန့်...”
၎င်းက လူသား အသံနှင့် တူသည်။ သို့သော်လည်း တစ်ချိန်တည်း၌ ကွဲပြားနေ၏။ အက်ကွဲကြောင်းကို ဖြတ်သန်း၍ ထက်ရှသော ဓားအဖျား တစ်ခု ထွက်ပေါ်လာသည်။
ရွှင်း...
ဆေဘာ၏ ဟိန်းဟောက်သံက ပိုမို၍ ထင်ရှားလာ၏။ မည်သည့် အရာမှ တားဆီးနိုင်စွမ်း မရှိသည့် အလား ဓားဦးက အရာအားလုံးကို ခွဲဖျက် ပစ်လိုက်သည်။ မီတာပေါင်း ၁၀၈၀၀၀ ရှိသည့် ဆေဘာမှာ ဥက္ကာခဲ တစ်ခု အလား ဆက်စပ်မှု စစ်မြေပြင်ဆီ ဆင်းသက်လာသည်။ သို့သော်လည်း မြေပြင်နှင့် တစ်လက်မခန့် အကွာသို့ အရောက်၌ အလွန် ပြင်းထန်သည့် အရှိန်မှာ တိခနဲ ရပ်တန့်သွား၏။ ဆေဘာ၏ ထိန်းချုပ်နိုင်စွမ်းက အံ့မခန်း တည်ငြိမ်လှကာ အရှိန်အဟုန် အောက်၌ ဖုန်မှုန့် တစ်စပင် ထွက်ပေါ်သွားခြင်း မရှိပါချေ။
“ငကြွားကောင်..”
ခရာတို၏ အသံက မီးခိုးရောင် တိမ်တိုက်ထဲမှ ထွက်ပေါ်လာ၏။ သို့သော်လည်း အောက်ရှိ လူများ ကြားနိုင်သမျှက ပြင်းထန်သည့် နဂါး ဟိန်းဟောက်သံ တစ်ခုသာ ဖြစ်သည်။ အားလုံးထဲ၌ ဝေ့ဝူယင် တစ်ယောက် သာလျှင် သူ့ကြယ်တာရာ ဝိညာဥ်များ အပြန်အလှန် ဆက်သွယ်နေသည်ကို ခံစားနိုင်ပေသည်။
ဝေ့ဝူယင်က ဘုရင်၏ ဝိညာဥ်ဆင်းတုကို လှမ်းကြည့်လိုက်၏။ အကယ်၍ သူသာ မြင်နိုင်မည် ဆိုပါက ၎င်းမှာ သူ့လက်ထဲရှိ ဆေဘာနှင့် ချွပ်စွပ် တူနေသည်ကို တွေ့မြင်ရလိမ့်မည် ဖြစ်သည်။ တစ်ခုတည်းသော ကွာခြားချက်က ၎င်းကို ဝန်းရံနေသည့် ကွင်းကြီး ဆယ့်သုံးကွင်းသာ ဖြစ်ပေသည်။
“ဘုရင်...”
ဝေ့ဝူယင်က ခေါင်းတစ်ချက် ညိတ်ရင်း လက်ထဲရှိ ဆေဘာကို မလိုက်၏။ ဘုရင်က ဟိန်းဟောက်သံ တစ်ချက်ပေးလိုက်ကာ အလွန် လျှင်မြန်စွာပင် ကျုံ့လာခဲ့သည်။ မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် ၎င်းမှာ ဝေ့ဝူယင် ကိုင်ထားသည့် ဆေဘာနှင့် အရွယ်အစားတူ ဖြစ်သွားခဲ့၏။
ဝှစ်...
၎င်းက လျှင်မြန်စွာပင် ဝေ့ဝူယင်၏ ဆေဘာနှင့် ပူးပေါင်းသွား၏။ ငွေရောင်ကွင်း ဆယ့်သုံးကွင်းက ဝိုးဝဝါးပင် ၎င်း၏ နံဘေး၌ ဝန်းရံနေသည်။
ထိုအကြောင်းအရာ အားလုံးကို ဖော်ပြရသည်မှာ ကြာမြင့်သည့်တိုင် အမှန်တကယ်တွင်မူ သုံးစက္ကန့်ခန့်မျှ အတောအတွင်း ဖြစ်ပျက် သွားခဲ့ခြင်း ဖြစ်သည်။ ထို့အပြင်... ၎င်းက ဝေ့ဝူယင် ထုတ်ဖော် ဖူးသမျှထဲတွင် အသန်မာဆုံး အဆင့် ဖြစ်သည်။
ရှေ့တူရှုကို ကြည့်လိုက်ရင်း သူ၏ ဝိညာဥ်အာရုံက ဆက်စပ်မှု စစ်မြေပြင်၏ အကန့်အသတ်များကို ချိုးဖျက် သွားသလို ဝေ့ဝူယင် ခံစားလိုက်ရ၏။ ၎င်းတို့က အရပ် ဆယ်မျက်နှာကို မီတာပေါင်း တစ်ထောင်တိုင် ဖြန့်ကျက် သွားသည်။
နောက်ဆုံး၌ ဝေ့ဝူယင် လောကကြီးကို မြင်နိုင်ခဲ့ပြီ ဖြစ်လေသည်။ သူ ကျေနပ်စွာပင် ပြုံးလိုက်၏။ သို့သော်လည်း... သူ့စိတ်ထဲ၌ သတိပေးချက် တစ်ခု ရှိနေခဲ့ပေသည်။
“ငါ့မှာ လေးဆယ့်ရှစ် စက္ကန့်ပဲ ရှိတယ်...”
အသန်မာဆုံး အဆင့်ကို ဖော်ဆောင်ထားလေရာ ဝိညာဥ် စွမ်းအင် ကုန်ဆုံးနှုန်းက ကြောက်မက်ဖွယ် ကောင်းအောင် မြင့်မားလှသည်။ အတိအကျ ဆိုရလျှင် သူတွင် အချိန် လေးဆယ့် ရှစ်စက္ကန့်သာ ရှိပေသည်။ လေးဆယ့်ရှစ် စက္ကန့်ပြီးသည်နှင့် သူ့ခွန်အား အားလုံး ကုန်ဆုံးသွားလိမ့်မည် ဖြစ်သည်။
“တော်လောက်ပြီ...”
ဗိုလ်ချုပ်ကြီး ကျန့်ကျန့်မှာ ကောင်းကင်နှင့် မြေကြီး အကြားတွင် ဖြစ်ပေါ်နေသည့် သဘာဝလွန် ဖြစ်စဥ်များကို ကြည့်ကာ အံ့သြ နေဆဲ ဖြစ်သည်။ သို့သော်လည်း ခေါင်းဆောင် တစ်ယောက် အနေဖြင့် ဖရိုဖရဲ ဖြစ်နေသည့် နောက်လိုက်ငယ်သားများကို ထိန်းရန်က သူ့တာဝန်ပင်။
စစ်ဝိညာဥ် ပြောသည့် အတိုင်း အတိအကျပင် သူတို့ အားလုံးမှာ လူသားများ ကဲ့သို့ တည်ဆောက်ခံထားရသူများ ဖြစ်သည်။ သူတို့တွင် လူသားများ ကဲ့သို့ပင် ခံစားချက်များ၊ အမှားများ ရှိပေသည်။
သူတို့ သုံးစက္ကန့်ခန့် အံ့သြ ထိတ်လန့်မှုများနှင့် ငေးကြောင် နေမိခဲ့သည်။ ထိုသုံးစက္ကန့် ဆိုသည့် အချိန်က လျှို့ဝှက် အာဏာရှင် အဆင့်များ အတွက် မရေမတွက်နိုင်သည့် တိုက်ခိုက်မှုများ ထုတ်ဖော်ရန် လုံလောက်သည့် အချိန် ဖြစ်သည်။
အထူးသဖြင့် သူတို့ထံတွင် အရေအတွက် အားဖြင့် တစ်သောင်း ရှိနေချိန်တွင်ပင်...။
ရွှင်း...
ရုတ်ချည်းပင် ဆေဘာ အလင်း တစ်ခုမှာ တိုးဝင်လာသည်ကို တွေ့မြင်လိုက်ရရာ ရှေ့ဆုံး၌ ရပ်နေသည့် တပ်ရင်းမှူး တစ်ယောက်မှာ ထိတ်လန့် တုန်လှုပ်စွာ အော်ဟစ်လိုက်၏။ သူ ခန္ဓာကိုယ် အတွင်းရှိ စွမ်းအားများကို အသုံးပြု၍ ခုခံရန် ပြင်လိုက်သော်လည်း အဆိပ်က ချက်ချင်းပင် သက်ဝင် လှုပ်ရှားလာကာ ခန္ဓာကိုယ်ကို ပို၍ပင် အားနည်း သွားစေခဲ့သည်။
ဘုတ်...
ခေါင်းတစ်ခု ပြတ်ကာ မြေပြင်ပေါ် ပြုတ်ကျသွား၏။
“လေးဆယ့် ခုနစ် စက္ကန့်...”
ဝေ့ဝူယင်က ခပ်တိုးတိုး ရေရွတ်လိုက်လေ၏။