← Chapters

နတ်ဆိုးကွပ်မျက်ခြင်း

Vol. 24 Ch. 323

နတ်ဆိုးကွပ်မျက်ခြင်း

Vol. 24 Ch. 323

အစစ်အမှန်ချိပ်တံဆိပ်များသည် ပုံမှန်ချိပ်တံဆိပ်များထက် အသက်သွင်းဖို့ ပိုခက်ခဲသည်။ သို့ဖြစ်၍ လျှိုကျင်းက သူ့ဂိုဏ်းတူများကို သူ့အား ကာကွယ်ပေးရန် တောင်းဆိုခဲ့တာ ဖြစ်သည်။ သူက သူ့ဂျူနီယာညီမရွှဲ့ဟုန်ကဲ့သို့ အဖြစ်မျိုး မကြုံချင်မှာ သဘာဝပင်။ သူ ဖြစ်ချင်တာ ပြောပြီးနောက် လျှိုကျင်းသည် အဝါရောင်လက်စွပ်ကွင်းကို အသုံးပြု၍ သူ့ကိုယ်သူ ကာကွယ်မှု ပြုသည်။ ထို့နောက်တွင် သူက သူ၏ ပျံသန်းခြင်းမှော်ပစ္စည်းပေါ်မှာ ခြေချိတ်ထိုင်သည်။ တည်ငြိမ်သောစိတ်နှလုံးဖြင့် သူက ၎င်းမီးငှက်အစစ်အမှန်ချိပ်တံဆိပ်ထဲ မှော်စွမ်းအား စတင်သွန်းလှောင်း၏။

မီးငှက်အဆောင်က လျှိုကျင်း၏ လက်ထဲမှာ တဖြည်းဖြည်း တောက်ပလာသည်။ မီးငှက်၏ တောင်ပံမှာ ပြန့်ကားကာ ပို၍ အသက်ဝင်လာခဲ့ပြီ။ ထိုမီးငှက်သည် အဆောင်ထံမှ ပျံသန်းထွက်တော့မည့်နှယ် ထင်ရသည်။

ဟန်လိသည် ရေခဲနတ်ဆိုးနှင့် တိုက်ခိုက်နေသော်လည်း သူ့ရောင်းရင်းဂိုဏ်းဝင်များ၏ အပြုအမူများကို ခံစားသိနေ၏။ သူသည်လည်း ဂိုဏ်းဖော်များက သွေးကြောင်ကာ အညံ့ခံ ထွက်ပြေးမှာကို စိုးရိမ်နေသည်။ အကယ်၍ သူ တစ်ယောက်တည်းသာ ကျန်ခဲ့ပါက ဟန်လိသည် မိစ္ဆာနက်ကျောင်းတော်သခင်ထံမှ သူ လိုချင်နေသော အရာများကို ရနိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။

သည်အခါတွင် ဟန်လိက အပိုတွေ ကြောင့်ကြပူပန်မနေတော့ဘဲ သူ့ရှေ့ရှိ ရန်သူအပေါ်တွင်သာ အာရုံ အပြည့်စိုက်တော့သည်။ အမြုတေဖွဲ့စည်းခြင်းအလယ်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေခဲ့လျှင်ပင် အရိပ်မီးခိုးခြေလှမ်းကို အသုံးပြုနေရခြင်းကြောင့် သူ့ခန္ဓာကိုယ်ပေါ် ဝန်မိနေသည်သာ။ သို့ဖြစ်၍ သူက သည်တိုက်ပွဲကို အချိန်ဆက်ဆွဲမနေနိုင်တော့၊ အစွမ်းကုန် ထိုးနှက်မှ ဖြစ်တော့မည်။

ထိုအတွေးဖြင့် ဟန်လိက သူ့လက်ထဲရှိ ငွေရောင်ဓားကို အလျင်အမြန် ပစ်သွင်း၍ ရေခဲနတ်ဆိုးကို ဖိနှိပ်သည်။ ကျန်လက်တစ်ဖက်ဖြင့် သူ၏သိုလှောင်အိတ်ထဲမှ ပစ္စည်းတစ်ခုကို တိတ်တဆိတ်ဆင့်ခေါ်ကာ သူ့လက်သူကြွယ်၌ စွပ်သည်။

သူ၏မျက်လုံးထဲ သတ်ဖြတ်ချင်စိတ် ဖြတ်ပြေးသွားသည်။ သည့်နောက်မှာ ဟန်လိသည် ကြောက်လန့်ဖွယ်အမြန်နှုန်းဖြင့် ရှေ့သို့ တိုးဝင်ကာ လက်နှစ်ဖက်ဖြင့် ဓားကို ဆုပ်ကိုင်သည်။ ရုတ်တရက်ကြီး အပြင်းအထန် တိုက်ခိုက်လာသည်ကို မြင်သည့်အခါ ရေခဲနတ်ဆိုးမှာ လန့်သွားလေ၏။ ရေခဲနတ်ဆိုးသည် အလျင်အမြန် နောက်ဆုတ်ကာ ခုခံကာကွယ်ရန် သူ၏ ချွန်မြသော လက်သည်းများကို ပင့်မြှောက်၏။

ရေခဲနတ်ဆိုးက အေးတိအေးစက် ရယ်မောလိုက်သေးသည်။ ထိုတိုက်ခိုက်မှုအဟုန်ကို အားပြုကာ သူက နောက်သို့ ပျံသန်းဆုတ်ပြီး သူနှင့်ဟန်လိကြားအကွာအဝေးကို ပိုဝေးသွားအောင် လုပ်နိုင်လိုက်သည်။ ထိုအခိုက်တွင် ဟန်လိ၏မျက်နှာထက်၌ လှောင်ပြောင်ဟန် မသိမသာ ဖြစ်ပေါ်သည်။

ဤသည်ကို မြင်သည့်အခါ ရေခဲနတ်ဆိုးမှာ မသက်မသာ ခံစားမိ၏။ ဟန်လိက ဓားထံမှ သူ့လက်တစ်ဖက်ကို ပြန်ရုတ်ကာ ဆွဲယူ၏။ ထိုအခါ နောက်ဆုတ်နေသော ရေခဲနတ်ဆိုးမှာ ဖော်ပြ၍မရသော အားတစ်ခုကို ခံစားမိပြီး သူသည် ဟန်လိ၏ အကြမ်းပတမ်း တိုက်ခိုက်မှုကို ထပ်မံ၍ မရှောင်တိမ်းနိုင်တော့ပေ။ ထိုအခိုက်မှာ ဟန်လိက လက်နှစ်ဖက်ဖြင့် ဓားကို ပြန်ဆုပ်ကိုင်ပြီး မတုန်မလှုပ်ဟန်ဖြင့် ခုတ်ပိုင်းလိုက်သည်။

ရေခဲနတ်ဆိုးမှာ ဖြူရော်သွားပြီး အင်အားရှိသမျှ ရုန်းကန်ရန် ကြိုးစားသည်။ သူ ကံမကောင်းပါ။ နောက်ကျသွားခဲ့လေပြီ။ မျက်စိတမှိတ်အတွင်း ဟန်လိက သူ့ရှေ့ ရောက်လာခဲ့ပြီ။ ဟန်လိ၏ ဓားအဟုန်နှင့် မရေမတွက်နိုင်သော ငွေရောင်အလင်းတန်းများက ရေခဲနတ်ဆိုးကို ထိုးနှက်သွားသည်။ တချိန်တည်းမှာ လရောင်အောက်၌ လူရိပ်နှစ်ခု ပေါ်လာသည်။ ထိုလူရိပ်တို့မှာ ဓားကို ဆုပ်ကိုင်လျက် မားမားရပ်နေသော ဟန်လိနှင့် မြေပေါ်သို့ ပြုတ်ကျသွားသော ရေခဲနတ်ဆိုးတို့ပင် ဖြစ်ချေ၏။

ဤသည်ကို မြင်သည့်အခါ စုန့်မင်နှင့် တခြားသူများက အလွန်အမင်း စိတ်ပူပန်သွားသည်။ ရေခဲနတ်ဆိုးက ခြေတရွတ်တိုက်ဆွဲသွားပြီး ဟန်လိ၏ နောက်ကျောကို ယုတ်မာသောအကြည့်ဖြင့် လှမ်းကြည့်သည်။ ထိုစဉ် သူက တခုခုကို တွေးမိသွားပြီး သူ့အမူဟန်ပန်မှာ တောင့်တင်းသွားလေသည်။

အက်သံများ ကြားရ၏။ ရေခဲနတ်ဆိုး၏ အလင်းဖောက်ခန္ဓာကိုယ်ပေါ်မှာ အက်ကွဲမှုများ အထင်းသား ပေါ်လာခဲ့သည်။ ထိုအသံများ ဆက်တိုက်ထွက်ပေါ်နေလျက် ရှိပြီး အက်ကြောင်းများက ပိုကြီးလာသည်။ တဖြည်းဖြည်းဖြင့် ရေခဲနတ်ဆိုး၏ ခန္ဓာကိုယ်သည် ပျက်စီးကျိုးကြေနေသော ရေခဲပုံအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ထိုရေခဲသလင်းများက ကျိုးပျက်နေစဉ် မထိမခိုက်ဘဲ ကျန်ခဲ့တာ ဆို၍ ရေခဲနတ်ဆိုး၏ ချွန်မြသော လက်သည်းတစ်စုံသာ။ ၎င်းက သိပ်သည်းသော အေးစက်စက်ချီတို့ကိုပင် ထုတ်လွှတ်နေဆဲပင်။ ၎င်းမှာ ဟန်လိ၏ လျင်မြန်လှသော ဓားခုတ်ပိုင်းချက်ကြောင့် မထိခိုက်ဘဲ ကျန်ခဲ့သည့် တစ်ခုတည်းသော အရာသာ။

ဟန်လိက ရေခဲနတ်ဆိုး၏ အကြွင်းအကျန်များထံ လှမ်းကြည့်သည်။ ထို့နောက်တွင်မူ သူ့အကြည့်က တလက်လက်တောက်ပနေသော သွေးနီအလင်းပိုးအိမ်တို့ထံ ကျရောက်သွားပြီး သူ မျက်မှောင်ကြုံ့သွား၏။ သူက သူ့လက်ဖြင့် ဆွဲငင်၏။ ထိုအခါ မထိခိုက်ဘဲ ကျန်ခဲ့သော လက်သည်းသည် သူ့ထံ ပျံသန်းလာသည်။

လရောင်အောက်မှာ ပါးလှပ်သော အလင်းဖောက်ကြိုးမျှင်တစ်ခုကို ဟန်လိနှင့် ထိုချွန်မြသော လက်သည်းတစုံကြား၌ ခပ်ရေးရေး တွေ့မြင်ရသည်။ ၎င်းကြိုးမျှင်သည် အစောပိုင်းတုန်းက ရေခဲနတ်ဆိုး သေဆုံးသွားရသည့်အကြောင်းရင်းပင်။

ပြီးခဲ့သော တိုက်ခိုက်မှုတွင် သူတို့ချင်း နီးကပ်သွားမှုကို အခွင့်ကောင်းဘူကာ ဟန်လိက သူ့လက်သူကြွယ်၌ ဝတ်ထားသော အလင်းဖောက်ကြိုးကို ရေခဲနတ်ဆိုး၏ လက်သည်းတွင် တိတ်တဆိတ် ချည်ပတ်ထားခဲ့ပေသည်။ ရေခဲနတ်ဆိုး၏ ခန္ဓာကိုယ်မှာ အလင်းဖောက်နိုင်ပြီး သန်မာလှသော်လည်း သူ့၌ အာရုံခံစားမှု သိပ်ရှိမနေပေ။ ထို့ကြောင့် သူက ကံဆိုးသွားခဲ့တာ ဖြစ်ပြီး ဟန်လိအနေဖြင့် ထိုသူ့ကို အောင်အောင်မြင်မြင် သတ်နိုင်ခဲ့တာ ဖြစ်လေသည်။ ဟန်လိသည် ခေါင်းငုံ့ကာ ရေခဲလက်သည်းတစုံကို လှမ်းကြည့်သည်။ ခဏချီတုံချတုံ ဖြစ်နေပြီးနောက် သူက ၎င်းကို ပစ်လွှတ်လိုက်သည်။

သည်ရေခဲလက်သည်းမှာ သူ၏ ငွေရောင်ဓားကို ခုခံနိုင်မှတော့ ၎င်းမှာ ပစ္စည်းကောင်းမှန်း သိသာသည်။ သို့သော် ၎င်းမှာ လူတစ်ယောက်၏ လက်သည်းဖြစ်နေသဖြင့် ဟန်လိသည် မနှစ်မြို့၍ ၎င်းကို လွှတ်ပစ်ခဲ့တာ ဖြစ်သည်။

သူက ရေခဲနတ်ဆိုး၏ အကြွင်းအကျန်များထံ လျှောက်လာပြီး သိုလှောင်အိတ်ထဲမှ ငွေရောင်ဓားကို ထုတ်ကာ ရေခဲပုံများကို အကြိမ်အနည်းငယ် ခုတ်ပိုင်းသည်။ သည့်နောက်တွင် သူ့ဓားကို သေချာ ပြန်သိမ်းပြီး ကောင်းကင်ထက်သို့ ပျံသန်းတက်လာတော့သည်။ သူ၏ ရောင်းရင်းများက အသွင်ပြောင်းနေသော သွေးကျွန်များနှင့် မည်သို့ရင်ဆိုင်နေသည်ကို သူ မြင်ချင်နေသည်။

ရေခဲနတ်ဆိုး သေဆုံးသွားခိုက်တွင် တစ်နေရာ၌ တရားထိုင်နေသော သက်လတ်ပိုင်းလူတစ်ယောက်သည် ရုတ်တရက် သူ၏ နီရဲရဲမျက်လုံးများကို ဖွင့်ကာ ခပ်တိုးတိုး ရေရွတ်သည်။

“ရေခဲနတ်ဆိုး သေသွားပြီလား။ ကောင်းတာပဲလေ။ အနာဂတ်မှာ သူနဲ့ရင်ဆိုင်ဖို့ ငါ့အတွက် အားစိုက်ထုတ်ရတာ သက်သာသွားတာပေါ့…”

သည်အကြောင်းကိုမူ ဟန်လိက သိမနေခဲ့ပါ။

ထိုသို့ပြော၍ သူသည် ဘာမှမဖြစ်လေဟန်ဖြင့် တည်ငြိမ်စွာ မျက်လုံးပြန်မှိတ်သွားတော့သည်။

ယင်းသက်လတ်ပိုင်းလူကြီး၏ ရှေ့တွင်မူ အလောင်းတစ်လောင်း ရှိနေ၏။ ထိုအလောင်းမှာ အရိုးများ ပေါ်နေသည်။ အရေပြားအောက်၌ အသွေးအသားများ မရှိတော့တာ သိသာသည်။ ထိုအလောင်းကား အဝါရောင်မေပယ်တောင်ကြား၏ ဝတ်စုံကိုကို ဝတ်ထားလျက် ရှိသည်။

ဟန်လိသည် ကောင်းကင်ထက်သို့ ပျံသန်းတက်လာသည့်အခါ စုန့်မင်နှင့် တခြားသူများက သူ့နား ရောက်လာသည်။ သူတို့သည် လေးစားတုန်လှုပ်ဟန် အမူအရာတို့ဖြင့် ဟန်လိကို ချီးကျူးကြသည်။ သူတို့၏ စကားများ၌ အထင်ကြီးမှုပါ ပါဝင်နေသေးသည်။ စီနီယာအစ်မရွှဲ့ဟုန်၏ တာအိုလက်တွဲဖော်ဖြစ်သူကတော့ ဟန်လိကို ကျေးဇူးတင်ကြောင်း အခါခါ ပြောလေသည်။

ဟန်လိက နှိမ့်နှိမ့်ချချဖြင့် စကားအနည်းငယ် ပြန်ပြောသည်။ ထို့နောက်တွင် သူသည် လျှိုကျင်း၏ လက်ထဲရှိ အနီရောင်တောက်တောက်အဆောင်ကို သတိပြုမိကာ ၎င်းနှင့် ပတ်သတ်ပြီး မေးမြန်းကြည့်သည်။ တစ်ယောက်က ဟန်လိကို အစစ်အမှန်ချိပ်တံဆိပ်များနှင့် ပတ်သတ်ပြီး ချက်ခြင်း ရှင်းပြပေးသည်။ ထိုအခါ ဟန်လိသည် ကျေနပ်အားရသွားလေ၏။

ဟန်လိသည်လည်း သည်အစစ်အမှန်ချိပ်တံဆိပ်များအကြောင်းကို အရင်တည်းက ကြားဖူးခဲ့သည်သာ။ သို့သော် သူက စီနီယာအစ်ကိုလျှို၌ ယင်းသို့သော ရတနာတစ်ခု ပိုင်ဆိုင်ထားလျက် ဤကဲ့သို့ အသက်ကယ်ရတနာကို ထုတ်အသုံးပြုလိမ့်မည်ဟု မထင်ထားမိခဲ့တာတော့ အမှန်ပင်။ ဟန်လိသည် လျှိုကျင်းကို သိတာ မကြာသေးပေ။ သို့ဖြစ်၍ လျှိုကျင်းက သူ့ဂုဏ်သတင်းအတွက် အခုကဲ့သို့ တန်ဖိုးကြီးကြီးမားမား ပေးကာ တိုက်ခိုက်နေမှန်း သူ မသိနေပါ။

ထိုသို့သော ကိစ္စတွင် ဟန်လိဆိုလျှင်တော့ သူ့ကို တခြားသူများ မည်သို့မြင်မြင် ဂရုစိုက်နေမည် မဟုတ်ပေ။ အကျိုးအမြတ် မပါသော ဂုဏ်သတင်းမျိုးကို သူက အရေးမစိုက်သူ ဖြစ်၏။

များစွာ အားထိုင်ရခြင်း မရှိလေဘဲ အထင်အမြင်ကောင်း ရမည်ဆိုလျှင်တော့ သူ့အနေဖြင့် လုပ်ချင်လုပ်လိမ့်မည်။ သို့သော သူ့ဂုဏ်သတင်းအတွက် အစစ်အမှန်ချိပ်တံဆိပ်ကဲ့သို့ တန်ဖိုးရှိသော အရာကို အသုံးပြုရမည် ဆိုလျှင်တော့ ဟန်လိမှာ သူ အသက်ခံခဲ့ရလျှင်ပင် အနှီရူးကြောင်ကြောင် အရာမျိုးကို ပြုလုပ်ချင်စိတ် မရှိလေပေ။

မည်သို့ပင်ဖြစ်စေ လျှိုကျင်း၏ အပြုအမူက ဟန်လိကို အမြင်ကောင်း ထင်ကျန်စေနိုင်ခဲ့သည်သာ။ သူကိုယ်တိုင် ယုံကြည်ဆိုင်ကိုင်ထားမှုအပေါ်ကိုပင် သံသယ ရှိမိသွားသည်။ သည်လောက၌ မိစ္ဆာကောင်များကို ရှင်းထုတ်နိုင်ခဲ့လျှင်ကော သူ့အတွက် ဘာထူးလေမည်နည်း။ သူသည် လူကောင်းတစ်ယောက်ဟု သတ်မှတ်နိုင်၏လား။

ဟန်လိသည် နည်းနည်းတော့ ရှက်မိသွားစဉ် ရုတ်တရက် အောက်ဘက်မှ သွေးနှင့်ကြမ်းကြုတ်မှု ဆန္ဒတို့ ပြည့်နေသော ဒေါသတကြီး အော်ဟစ်သံကို ကြားရလေသည်။ ဟန်လိနှင့် တခြားသူများသည် အောက်သို့ အလျင်စလို ငုံ့ကြည့်သည်။

အလင်းပိုးအိမ်ထဲမှ တစ်ခုသည် ကြီးကြိးမားမား ပြောင်းလဲနေခဲ့လေပြီ။ ၎င်းအတွင်းမှ သွေးကျွန်က ထွက်လာတော့မည့်အလား။ ဟန်လိ၏စိတ်ထဲ တုန်ရင်သွားမိသည်။ သူသည် စီနီယာအစ်ကိုလျှို သူ့အဆောင်ကို အပြီးသပ် အသက်သွင်းနိုင်ဖို့ အချိန်ဆွဲပေးနိုင်ရန် သူက နောက်ထပ် သွေးကျွန်တစ်ကောင်နှင့် တိုက်ခိုက်ရအုံးမည့်ပုံ ပေါ်သည်။

ထိုအတွေးဖြင့် ဟန်လိသည် လှုပ်ရှားရန် ဟန်ပြင်စဉ် သူ၏နောက်မှ အာပြည့်အားပြည့်အသံတစ်သံကို ကြားရသည်။

“အားလုံးပဲ…ဘေးကို ရှောင်ပေးပြီး ကျုပ်ကို ဒီနတ်ဆိုးသုံးကောင်ကို ရှင်းထုတ်ခွင့် ပေးကြပါ…”

ယင်းစကားသံကို ကြားသည့်အခါ ဟန်လိတို့အားလုံး ပျော်ရွှင်သွားကြသည်။ ဟန်လိက နောက်သို့ အလျင်အမြန် လှည့်ကြည့်သည်။ လျှိုကျင်းက သူတို့ကို ပြုံး၍ ကြည့်နေတာ သူ လှမ်းမြင်သည်။ လျှိုကျင်း၏ လက်ထဲ၌ နီရဲတောက်ပသော ငှက်တစ်ကောင်ကို ကိုင်ထားလျက်ရှိသည်။ထို့အပြင် ၎င်းငှက်၏ ဝန်းကျင်ရှိ ချီဓာတ်တို့မှာ လောင်ကျွမ်းခံရကာ သဲလွန်စမရှိ ပျောက်ကွယ်နေလေသည်။

“ဒါက အစစ်အမှန်ချိပ်တံဆိပ်ရဲ့ အသွင်ဟန်ပန်လား…” ဟန်လိသည် ထိုအနီရောင်ငှက်ငယ်ကို အံ့ဩထိတ်လန့်စွာ လှမ်းကြည့်မိသည်။

“ကျုပ်ကို ကာကွယ်ပေးခဲ့တဲ့အတွက် လူတိုင်းကို ကျေးဇူးတင်ပါတယ်…”

လျှိုကျင်းက အုပ်စုရှေ့သို့ စိတ်အေးသက်သာဟန်ဖြင့် ပျံသန်းလာသည်။ တခြားသူများ၏ အံ့အားတသင့် ဖြစ်နေသောအကြည့်အောက်မှာ သူက တွေဝေခြင်းမရှိ လှုပ်ရှားလေပြီ။ သူ၏လက်ထဲရှိ ငှက်ငယ်ကို လေဖြင့်မှုတ်၏။ စူးရှစွာ ငှက်သံနှင့်အတူ ၎င်းငှက်က လျှိုကျင်း၏ လက်ထံမှ အလျင်အမြန် ပျံသန်းထွက်သွား၏။

ထိုအခိုက်တွင် သူတို့အောက်ဘက်မှ အလင်းပိုးအိမ်သည် အသွင်ပြောင်းတာ ပြီးမြောက်လေပြီ။ ၎င်းထံမှ မိုးပြာအလင်းခြုံလွှမ်းထားသော နတ်ဆိုးတစ်ကောင် ထိုးထွက်လာပြီ။ ၎င်းနတ်ဆိုးကောင်၏ အသွင်မှာ အစောပိုင်းတုန်းက တဝက်တပျက်အသွင်ပြောင်းထားသော ရေခဲနတ်ဆိုးနှင့် တူသည်။ သို့ရာတွင် ၎င်း၏ ပုံပန်းသွင်ပြင်က မိုးပြာရောင်ပိုရင့်သည်။ နတ်ဆိုးကောင်၏ အသွင်အပြင်အရကို သူသည် တာအိုရသေ့ချင်းဝမ်မှန်း ပြောနိုင်သည်။ သို့သော် ခုချိန်၌ သူက လုံးဝ ရူးသွပ်နေပုံ ပေါ်သည်။ သူ့၌ စဉ်းစားနိုင်စွမ်းပင် မရှိတော့သည့်နှယ်။

သူက ရူးသွပ်စွာ အော်သံပေးလျက် ခေါင်းမော့ကာ တဖြတ်ဖြတ် ပျံသန်းလာသော မီးငှက်ကို ကြည့်သည်။ သူ၏ခန္ဓာကိုယ်မှာ ချက်ခြင်း ကြီးထွားလာသည်။ သူ့မျက်နှာထက်၌ ရှိနေသော ရူးသွပ်ခြင်းတွင် အလွန်အမင်း ကြောက်ရွှံ့ဟန်အမူအရာ ပေါ်လာသည်။ သူက ထိတ်လန့်လွန်းသဖြင့် သူ့ကိုယ်သူ ဆုံးရှုံးသွားကာ ဘေးပတ်လည်သို့ ကြည့်သည်။ ရုတ်တရက် သူက မိုးပြာအလင်းဖုံးအုပ်ထားသော ကောင်းကင်ထက်သို့ ပျံသန်းတက်သည်။ ကြည့်ရတာ သူ ထွက်ပြေးချင်ပုံ ရသည်။

သို့သော် ထိုအချိန်အခါ၌ ငှက်ငယ်ထံမှ ကြမ်းတမ်းလှသော ပေါက်ကွဲမှုတစ်ခု ဝုန်းခနဲ ပေါက်ကွဲထွက်လာကာ ၎င်းသည် မီတာနှစ်ဆယ်လောက်ရှိမည့် တလျှံလျှံတောက်ပသော ငှက်ကြီးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသည်။ ၎င်းက တောင်ပံကို ခတ်ကာ မီတာသုံးဆယ်ကျော်ထိ ချက်ခြင်း ရောက်သွားပြီး နတ်ဆိုးအသွင်ပြောင်းထားသော ချင်းဝမ်ရှေ့သို့ ရောက်သွားပြီး ၎င်း၏ ချွန်ရှနီရဲသော နှုတ်သီးဖြင့် ချင်းဝမ်ကို ပေါက်ချလိုက်သည်။

All Chapters