မိစ္ဆာနက်ကျောင်းတော်သခင်
Vol. 24 Ch. 324
ထိုငှက်ကြီးသည် လေထဲကနေ ပျံသန်းတက်လာပြီး ချင်းဝမ်ကို ၎င်း၏ နှုတ်သီးကြီးဖြင့် ထိုးစိုက်လေ၏။ ချင်းဝမ် မြေပေါ်သသို့ ပြုတ်ကျသွားချိန်တွင် သူသည် နှစ်ကြိမ်သာ တွန့်လိမ်အော်ဟစ်နိုင်ပြီး ခုခံနိုင်စွမ်း အလျင်းမဲ့ကာ ပြာဖြစ်သွားလေတော့သည်။
ဟန်လိသည် ထိုအံ့ချီးထိတ်လန့်ဖွယ် မြင်ကွင်းကို ကြည့်နေစဉ် ထိုမီးငှက်ကြီးသည် စူးရှစွာ အော်မြည်သည်။ ၎င်းက ကျန်သည့် သွေးပိုးအိမ်နှစ်ခုထံ ခေါင်းလှည့်သွားပြီး ၎င်းတို့ထံ ကြမ်းတမ်းစွာ တိုးဝင်သွားလေသည်။ ထိုအခါ မီးတိုင်လုံးကြီးတစ်ခုသည် ထိုပိုးအိမ်များရှိနေသော နေရာကနေ ကောင်းကင်ထက်သို့ ထိုးတက်သွားသည်။ အသွင်ပြောင်းခါစ သွေးကျွန်နှစ်ယောက်သည် ချက်ခြင်းလက်ငင်း မီးပင်လယ်၏ လွှမ်းခြုံခြင်းကို ခံလိုက်ရပြီ။
အလင်းပိုးအိမ်များမှာ ခဏတော့ မီးတောက်များကို ခုခံသေးသည်။ ထို့နောက်မှာ လုံးဝ ပျောက်ကွယ်သွားတော့သည်။ ထိုအခါ အကာအကွယ်မဲ့နေသော သွေးကျွန်များသည် ခြေလှမ်း ဒယိုးဒယိုင်ဖြစ်ကာ အဆုံးသပ်တွင်မူ ပြာဖြစ်သွားတော့သည်။
ထိုမီးတောက်များက တမူထူးလွန်း၏။ ၎င်း၏ ကြမ်းကြုတ်မှုက ဟန်လိကို တအား တုန်လှုပ်သွားစေခဲ့သည်။
ဟန်လိကလွဲ၍ သူ၏ရောင်းရင်းများကမူ ကျေနပ်အားရသည့်ဟန်အမူအရာများ ဖြစ်ပေါ်ကုန်သည်။
“ဒီအစစ်အမှန်ချိပ်တံဆိပ်ဟာ မယှဉ်သာအောင် အစွမ်းထက်လှပါတယ်…”
“လျှိုကျင်းကြောင့် ကျုပ်တို့ဟာ မကောင်းဆိုးဝါးကျောင်းတော်ကို အမြစ်ဖြတ်နိုင်စွမ်း ရှိပြီ…”
တခြားသူများက စိတ်လှုပ်တရှားဖြင့် ထိုသို့ ပြောကြသည်။
သူတို့၏အမြင်၌ သွေးကျွန်လေးယောက်ကို ရှင်းထုတ်ပြီးပါက မိစ္ဆာနက်ကျောင်းတော်သခင်နှင့်သာ ရင်ဆိုင်ရန် ကျန်တော့မည် ဖြစ်၏။ အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူ အမြောက်အများ ရှိနေသော သူတို့အုပ်စုက တစ်ယောက်တည်းသော မကောင်းဆိုးဝါးကျောင်းတော်သခင်ကို ရင်မဆိုင်နိုင်စရာ ဘာအကြောင်းမှ မရှိဟု ယုံကြည်ထားသည်။
လျှိုကျင်းသည် ထိုမီးငှက်၏ ရုန်းကြွနေသော မီးတောက်များ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို မြင်သည့်အခါ သူကား အကြီးအကျယ် နှမြောတသ ဖြစ်ရလေပြီ။ သို့သော် တခြားသူများ၏ ချီးကျူးစကားသံများကို ကြားရသည့်အခါတွင်မူ သူက စိတ်အားပြန်တက်ကြွလာသည်။
“ကျုပ်တို့ အတော်လေး အချိန်ဖြုန်းတီးမိနေပြီ။ ခု အထဲဝင်ပြီး မိစ္ဆာနက်ကျောင်းတော်သခင်ကို သတ်ကြတာပေါ့…”
လျှိုကျင်းက လက်သီးလက်မောင်းတန်းကာ သူရဲကောင်းတစ်ယောက်၏ ဟန်ပန်ဖြင့် ပြောသည်။
တခြားသူများမှာ သဘောတူကြသည်။ သူ့နောက်သို့ လိုက်လာ၏။
ဟန်လိကတော့ မသိမသာ ပြုံးမိသည်။ သူက သူတို့နောက်သို့ လိုက်ရန် ဟန်ပြင်စဉ် စီနီယာအစ်ကိုဝမ်သည် တစ်ခုတည်းသော နေရာထံ ထူးခြားသည့်ဟန်ပန်ဖြင့် လှမ်းကြည့်နေတာကို သူ သတိပြုမိသွားသည်။ ဟန်လိ အံ့အားသင့်သွားပြီး သူ ကြည့်နေသော နေရာထံ အကြည့်ရောက်သွားမိသည်။
အသွင်ပြောင်းထားသော သွေးကျွန်များ၏ ပြာများနှင့် သနားစရာကောင်းသော ရွှဲ့ဟုန်၏ အကြွင်းအကျန်များကိုအပြင် သူက တခြားဘာကိုများ ကြည့်နေရသနည်း။
“အစ်ကိုဝမ်…ခင်ဗျား တစ်ခုခုကိုများ တွေ့မိလို့လား…” ဟန်လိက သံသဝင်ကာ လှမ်းမေးသည်။
“မဟုတ်ပါဘူး။ ကျုပ် ဘာမှ မတွေ့ဘူး။ ညီလေးဟန်…မင်းက သံသယများနေတာပဲ..”
အစ်ကိုဝမ်သည် ဟန်လိ၏ မေးခွန်းကို ကြားသည့်အခါ သူ့အကြည့်ကို ချက်ခြင်း ပြန်ဖယ်ကာ ယင်းသို့ ဖြေသည်။
ထိုသည်ကို မြင်သည့်အခါ ဟန်လိသည် တစ်ခုခုတော့ ထူးခြားနေပြီဟု သူ့အနေဖြင့် ပြောနိုင်သည်။ ထိုသူမှာ အရေးကြီးသော တစုံတစ်ခုကို တွေ့သွားတာ သေချာသည်။ သို့သော် သူက တခြားသူများကို မပြောချင်နေပေ။ သူက မည်သည့်အတွက်ကြောင့် အခုလို ပြုမူရသနည်း။
ဟန်လိ နည်းနည်းတော့ စိတ်ပျက်သွားသည်။ သို့သော် သူက ခပ်ရေးရေး ပြုံးကာ ပြောလိုက်သည်။
“
“ဒီလိုဆိုမှတော့ကျုပ်တို့ မြန်မြန် ဆင်းကြတာပေါ့။ လူတိုင်းက အထဲကို သွားချင်နေကြပြီ…”
အေးစက်နန်းဆောင်ထံ လက်ညှိုးထိုးပြလျက် ဟန်လိက သူကိုယ်တိုင်လည်း ဆင်းသက်လာသည်။ ကောင်းကင်ထက်၌ အစ်ကိုဝမ်တစ်ယောက်သာ ကျန်ခဲ့တော့သည်။ သူ့မျက်နှာထက်တွင် မရေရာဟန်၊ သံသယဖြစ်ဟန်တို့ဖြင့် အစ်ကိုဝမ်သည်လည်း လိုက်ပါဆင်းသက်ကာ တခြားသူများနောက်သို့ လိုက်လာ၏။
ဟန်လိက မြေပေါ်သို့ ရောက်သည်နှင့် ကောင်းကင်ထက်ကနေ ချစ်စရာကောင်းလှသော အသံတစ်သံကို ကြားရလေ၏။
“စီနီယာအစ်ကိုလျှို၊ ဂျူနီယာမောင်လေးဟန်…ကျမတို့ကို စောင့်ပါအုံး…”
အံ့အားတသင့်ဖြစ်နေပြီးနောက်မှာ ဟန်လိက တဖြည်းဖြည်း ခေါင်းလှည့်ကာ ကောင်းကင်ထက်သို့ လှမ်းကြည့်သည်။ တခြားသူများက သည်စကားကို ကြားသည့်အခါ ရပ်၍ ထိုအသံလာရာထံ လှမ်းကြည့်ပြီး သူတို့က ပျော်ရွှင်သွားကြသည်။
လရောင်ခပ်ဖျော့ဖျော့အောက်မှာ ကျုံးဝေနင်နှင့် ချန်ချောင်ချန်တို့သည် ကောင်းကင်ထက်ကနေ အလွန်တရာ ဖြူဖပ်ဖြူရော် ဖြစ်နေသော သက်လတ်ပိုင်းလူတစ်ယောက်ကို ဂုတ်ကနေ ဆွဲခေါ်ကာ သူတို့၏ ပျံသန်းခြင်းမှော်ပစ္စည်းကနေ အောက်သို့ ဖြည်းဖြည်းချင်း ဆင်းသက်လာသည်။
သက်လတ်ပိုင်းလူမှာ ရွှေရောင်ဝတ်ရုံနှင့် ဖြစ်၏။ သူ့အသားအရေမှာ ဖြူရော်နေသည်။ သူက ဟန်လိနှင့် တခြားသူများကို မြင်သည့်အခါ ပို၍ အလန့်တကြား ဖြစ်သွားလေသည်။
လျှိုကျင်းက သူတို့ကို မြင်သည့်အခါ ပြုံး၍ ကြိုဆိုသည်။
“ကြည့်ရတာ ညီမတို့နှစ်ယောက်က အောင်မြင်ခဲ့တဲ့ပုံပဲ။ ဆိုတော့ ဒီလူဟာ ယွဲ့အင်ပါယာမလား…”
အမျိုးသမီးကျင့်ကြံသူနှစ်ယောက် ဆင်းသက်လာကြစဉ် လျိုကျင်း၏အကြည့်က သက်လတ်ပိုင်းလူထံ ကျရောက်သွားပြီး ထိုသို့ မေးသည်။
“အမှန်ပါပဲ။ သူ့က နန်းဆောင်ခန်းမတစ်ခုမှာ နန်းတွင်းအရာရှိ တချို့နဲ့ အစည်းအဝေး လုပ်နေတာ။ စီနီယာအစ်မနဲ့ ကျမတို့က ဒီအရာရှိတွေကို မေ့မြောအောင် လုပ်ခဲ့ပြီး ဒီအင်ပါယာကို ဖမ်းလာခဲ့တာ။ အဲ့အချိန်မှာပဲ အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူနှစ်ယောက်က ကျမတို့ကို တားဖို့ ကြိုးစားလာခဲ့တယ်။ ဒါပေမဲ့ ကျမတို့က သူတို့ကို အလွယ်တကူပဲ ကိုင်တွယ်နိုင်ခဲ့ပါတယ်။ အစ်ကိုလျှိုတို့ကော ဘာပြဿနာမှ မကြုံခဲ့ရတဲ့ ပုံပဲ…။ သိပ်ကောင်းတယ်…”
ကျုံးဝေနင်သည် လျှိုကျင်း မထိမခိုက်ဘဲ ရှိတာ မြင်သည့်အခါ သူမသည် အဆက်မပြတ် စကားတစ်ထိုးနေတော့သည်။ သူ့အပေါ် စိတ်ပူပန်နေကြောင်းကို ပြသသည်။ သည့်အတွက်ကြောင့် လျှိုကျင်းမှာ ရှက်သွားလေသည်။
“ ဂျူနီယာညီမချန်…နင်ကော အဆင်ပြေရဲ့လား…” ချန်ချောင်ချန်၏ စီနီယာအစ်ကိုများထဲမှ တစ်ယောက်က လှမ်းမေးသည်။ ချန်ချောင်ချန်က မထူးခြားနားဟန်ဖြင့် ခေါင်းသာ ညိတ်ပြသည်။ သူမက လူအုပ်ကို ဝေ့ကြည့်လိုက်ပြီး ဟန်လိကို မြင်သည့်အခါ ခဏ စိုက်ကြည့်လိုက်ပြီး စိတ်ရှုပ်ထွေးဟန်ဖြင့် တဖက်သို့ အကြည့်ပြန်လွှဲသွားသည်။
“စီနီယာအစ်မက ရွှဲ့ဟုန်ကော…” ချန်ချောင်ချန်သည် သူမ၏ မျက်ခုံးလေးကို ကြုံ့ကာ စိုးရိမ်စွာ မေးသည်။
ထိုအခါ လူတိုင်းသည် မျက်နှာပျက်သွားကာ စိတ်ဖိစီးဟန်တို့ ဖြစ်ပေါ်ကုန်သည်။
“ကျုပ်တို့က ညီမရွှဲ့ဟုန်ကို တိုက်ပွဲမှာ ဆုံးရှုံးခဲ့ရတယ်…” ရွှဲ့ဟုန်၏ တာအိုလက်တွဲဖော်က ခက်ခက်ခဲခဲ ပြောရဟန်ဖြင့် ထိုသို့ ဆိုသည်။ သူ့အသံတွင် ဝမ်းနည်းမှုတို့ ပြည့်နေလျက်။
သည်စကားကို ကြားသည့်အခါ ချန်ချောင်ချန်နှင့် ကျုံးဝေနင်တို့သည် မျက်စိမျက်နှာ ပျက်သွားကြသည်။ ကျုံးဝေနင်က ဒေါသတကြီးဖြင့် ပြောသည်။
“နင်တို့…”
သူမသည် စကားတဝက်သာ ပြောနိုင်ခဲ့သည်။ အကြောင်းမှာ ဆိုးဝါးနာကျင်စွာ အော်သံက သူမ၏ စကားကို ကြားဖြတ်သွားသောကြောင့်ပင်။
ဟန်လိနှင့်တခြားသူများသည် အလန့်တကြား ဖြစ်ကာ ယင်းအသံ ထွက်ပေါ်လာသော နေရာထံ သတိထား၍ လှမ်းကြည့်သည်။
သူတို့၏ အနီးအနား၌ အပြာရောင်ဝတ်စုံဖြင့် လူတစ်ယောက် မည်သည့်အချိန်က ပေါ်လာမှန်း မသိရပေ။ ထိုသူက စီနီယာအစ်ကိုဝမ်၏ ရင်ဘက်ကနေ သူ့လက်ကို ပြန်ရောက်စဉ် အနီရောင်လင်းလက်သွားသည်။ တခဏအကြာ အစ်ကိုဝမ်၏ အသက်မဲ့သွားသောအလောင်းက မြေပေါ်သို့ ပြိုလဲကျသွားသည်။
“အစတုန်းကတော့ ငါ မင်းကို မသတ်ဘူးလို့ တွေးထားတာ။ ဒါပေမဲ့ ကလေးတွေက တကယ်ကို အလိုက်ကန်းဆိုး မသိကြဘူး…”
အပြာရောင်ဝတ်စုံနှင့်သူသည် တောက်ပစွာ ပြုံး၍ ထိုသို့ ပြောသည်။ သူသည် အသက်လေးဆယ်ဝန်းကျင်လောက် ရှိရော့မည်။ သူ့မျက်လုံးတောင့်၌ အရေးအကြောင်း မသိမသာ ရှိနေတာကလွဲ၍ ထိုသူမှာ အတော်လေး ကြည့်ကောင်းသောအသွင်အပြင် ရှိသည်။
ထိုသို့ ပြောရင်း သူက ခါးကိုင်းကာ အလောင်းထံမှ လက်မလောက် အရွယ်အစားရှိမည့် မိုးပြာပုတီးစေ့တစ်စေ့ကို ကောက်ယူသည်။ သူ၏အပြုံးက ပို၍ ပီပြင်လာ၏။
ထိုသူကို မြင်သည့်အခါ လျှိုကျင်းနှင့် ဟန်လိတို့မှာ တချိန်တည်းလိုလို မျက်နှာပျက်သွားကာ အလွန်အမင်း သတိထားလေသည်။
“ခင်ဗျားဟာ မိစ္ဆာနက်ကျောင်းတော်သခင်ပဲ ဖြစ်ရမယ်…”
လျှိုကျင်းက တွေးတွေးဆဆဖြင့် ထိုသို့ မေးသည်။
“ဟားဟား..မင်းက တော်သားပဲ။ ကျုပ်က မိစ္ဆာနက်ကျောင်းတော်ကို တည်ထောင်တဲ့သူပဲ။ ဆိုတော့…မင်းက ခေါင်းဆောင် ဖြစ်ရမယ်…”
ထိုသူက တဟားဟား ရယ်နေလျက် ပြော၏။
သူတို့သည် သည်လူမှာ မိစ္ဆာနက်ကျောင်းတော်သခင် ဖြစ်သည်ဟု ကြားသည့်အခါ ဟန်လိသည်ပင် မတုန်လှုပ်မိဘဲ မနေနိုင် ဖြစ်သွားရသည်။ အဝါရောင်မေပယ်တောင်ကြားမှ သူတို့အားလုံးသည် သူတို့၏ လက်နက်များကို ထုတ်ကာ သည်မဟာရန်သူတော်ကို ရင်ဆိုင်ရန် အသင့်ပြင်သည်။
လျှိုကျင်းက မျက်နှာပျက်သွားပြီးနောက် သူက လေးပင်စွာ အသက်ရှုထုတ်ပြီး သူ့စိတ်နှလုံးထဲရှိ အကြောက်တရားကို ဖိနှိပ်သည်။
တအောင့်အကြာတွင် သူသည် တခြားသူများကို တချက်ကြည့်ပြီး အေးစက်စွာ လှမ်းမေးသည်။
“အမှန်ပါပဲ။ ကျုပ်က လျိုကျင်းပါ။ ဒီတာဝန်ရဲ့ ခေါင်းဆောင်ပဲ…။ ကျုပ် လာခဲ့တာက ခင်ဗျားရဲ့ မကောင်းဆိုးဝါး မိစ္ဆာနက်ကျောင်းတော်ကို အမြစ်ဖျက်ပစ်မလို့။ ခု ခင်ဗျားက တစ်ယောက်တည်း ကျန်တာတောင်မှ မထီလေးစားနဲ့ ကျုပ်တို့လူကို သတ်ဝံ့တယ်လား။ ခင်ဗျား သိပ်သတ္တိကောင်းနေတယ်ပေါ့…”
လျှိုကျင်းသည် အကြောက်အလန့်ကင်းကင်း မာန်အပြည့်ဖြင့် ပြောလိုက်သည်။
သူသာ သည်မကောင်းဆိုးဝါးကျောင်းတော်သခင်ကို သုတ်သင်နိုင်ပါက သူ၏အမည်သည် ဂိုဏ်းကြီးခုနစ်ဂိုဏ်းကြားမှာ အမြင့်ဆုံးထိ ရောက်သွားပေလိမ့်မည်။ ထိုအခါ တခြားသူများက သူ့ကို လေးစားမှု၊ အားကျမှုတို့ဖြင့် မော်ကြည့်ကြလိမ့်မည်။
ထိုအတွေးဖြင့် လျှိုကျင်း၏ စိတ်ထဲ၌ ပီတိဖြစ်လာသည်။ သူက လက်စွပ်တစ်ခုနှင့်အတူ ငွေရောင်ချိပ်ကောက်နှစ်ခုကို ထုတ်ယူသည်။ ရန်သူဖြစ်သော မိစ္ဆာနက်ကျောင်းတော်သခင် လှုပ်ရှားမည်ကို စောင့်မနေလေဘဲ သူ တစ်ယောက်သာ ကြားရသော လေသံနှင့် အေးတိအေးစက် ပြောသည်။
“အခု ခင်ဗျား သေလိုက်တော့…”
ထိုအခိုက်မှာပင် လျှိုကျင်းသည် သူ့ရင်ဘက်တည့်တည့်မှ နာကျင်မှုကို ခံစားရ၏။ မည်သို့ဖြစ်ပျက်သွားမှန်း သူ မသိလိုက်ရဘဲ သွေးများစွန်းပေနေသော လက်တစ်ဖက်က သူ့ရင်ဘက်ကို ဖောက်ထွက်သွားခဲ့ပြီး ဖြစ်သည်။ ၎င်းလက်တွင် လုံးဝန်းသော အရာဝတ္တုတစ်ခုကို ဆုပ်ကိုင်ထားသည်။
“ဘာဖြစ်သွားတာလဲ….” လျှိုကျင်းသည် အံ့ဩတကြီး မတွေးမိဘဲ မနေနိုင် ဖြစ်ရသည်။ သူက မည်သို့ဖြစ်ပျက်သွားသည်ကို နားလည်သွားပုံ ရသည်။ သို့သော် သူသည် မယုံကြည်နိုင်ပါ။ တအောင့်အကြာ၌ သူက သူ့ဘေးပတ်လည်ရှိ လောကမှာ ချာချာလည်လျက် သူ့အမြင်သည် ဝေဝါးလာပြီဟု ခံစားရသည်။ သူက သူ့ကို ချစ်မြတ်နိုးနေသော ကျုံးဝေနင်ထံမှ အလန့်တကြားဖြင့် ဗလုံးဗထွေးလှမ်းအော်သံကို ကြားရသည်။ သို့သော် ထိုအသံများက သူနှင့် တဖြည်းဖြည်း ဝေးကွာသွားလေတော့သည်။
“ဟူး…ဒီမိန်းကလေးရဲ့ အသံက တကယ် ချစ်ဖို့ ကောင်းတာပဲ…”
လျှိုကျင်းသည် နောက်ဆုံး၌ ထိုအတွေးတစ်ခုကိုသာ တွေးနိုင်ခဲ့ပြီးနောက်မှာ ထာဝရအမှောင်ထုထဲ နစ်မြုပ်သွားလေတော့၏။
ဟန်လိမှာ မျက်နှာပျက်နေပြီ။ တိုက်ပွဲပင် မစရသေး ရန်သူက အခြေခံတည်ဆောက်ခြင်းအလယ်အဆင့် ကျင့်ကြံသူနှစ်ယောက်ကို သတ်ပစ်ခဲ့လေပြီ။ သူတို့အုပ်စု၏ ဦးဆောင်လာသူ၊ လျှိုကျင်းမှာလည်း ခုလို လွယ်လွယ်နှင့် အမှန်တကယ်ကြီး သေဆုံးသွားရပြီ။ လျှိုကျင်းနှင့် အစ်ကိုဝမ်တို့ကို အလစ်တိုက်ခိုက်ခဲ့သူက ဖြတ်ခနဲဖြင့် မိစ္ဆာနက်ကျောင်းတော်သခင် ဘေးနားသို့ ရောက်သွားကာ ဟန်လိတို့အုပ်စုကို ညစ်ကျယ်ကျယ်ပြုံး၍ လှမ်းကြည့်သည်။ ထိုအဖြစ်အပျက်က ဟန်လိ ဘာမှ မတုန့်ပြန်နိုင်လောက်အောင် မြန်လွန်း၏။
လျှိုကျင်းသေဆုံးသွားသည့်နောက်မှာ အကြောင်သား ဖြစ်နေသော ကျုံးဝေနင်သည် စိတ်နှလုံးနာကျင်စွာဖြင့်သာ အော်ဟစ်နေနိုင်တော့သည်။ ချန်ချောင်ချန်က ကျုံးဝေနင်၏အဖြစ်ကို မြင်သည့်အခါ သူမကို ကာကွယ်ဖို့အတွက် နောက်သို့ အလျင်အမြန် လှမ်းဆွဲခေါ်လိုက်ရသည်။ ထို့နောက်တွင်မူ သူမက အလစ်တိုက်ခိုက်ခဲ့သူကို ဒေါသလည်းထွက်၊ နောင်တလည်း ရနေသော အကြည့်ဖြင့် လှမ်းစိုက်ကြည့်သည်။