သွေးဝိညာဉ်ဆူး
Vol. 24 Ch. 326
ဟန်လိသည် အင်ပါယာယွဲ့၏ မကျေမနပ်အကြည့်ကို ပြန်မကြည့်ပေ။ ထိုအစား သူက အင်ပါယာယွဲ့၏ ခန္ဓာကိုယ်ပေါ်တွင် ကြွင်းကျန်နေသော နက်မှောင်သည့် သွေးအလင်းကိုသာ ကြည့်နေသည်။
ထိုသွေးအလင်းအတွင်း၌ ရွှေရောင်ပေတံတစ်ချောင်း၊ ခရမ်းရောင်ဓားသွားတစ်စုံ၊ အပြာရောင်ဓားရှည်တို့ လွင့်မြောနေသည်။ ယင်းတို့မှာ စုန့်မင်နှင့် တခြားသူများ၏ မှော်ပစ္စည်းများ ဖြစ်၏။
ထိုအခိုက်၌ ယင်းမှော်လက်နက်တို့မှာ သွေးအလင်းအတွင်း၌ မလှုပ်မယှက် ရှိနေသည်။ ယင်းတို့၏ စိတ်ဝိညာဉ်သတ္တိ လုံးဝ ဆုံးရှုံးနေသည့်အလား။
ဟန်လိ၏မျက်လုံး၌ အတွေးများဖြင့် လင်းလက်သွားသည်။ အင်ပါယာယွဲ့၏ ခန္ဓာကိုယ်ကို ကာကွယ်ပေးထားသော မိစ္ဆာဆန်သည့်အလင်းမှာ သာမန်မှော်ပစ္စည်းများကို တိုက်စားနိုင်စွမ်း ရှိပုံရသည်။ ခုလက်ရှိ၌ ထိုမကောင်းဆိုးဝါး ပညာရပ်ကို ခုခံနိုင်တာဆို၍ ဟန်လိ၏ နဂါးနက်ချုပ်ကိုင်ခြင်းလက်နက်သာ ရှိသည်။
ခုချိန်တွင် အခိုးအငွေ့များကြား၌ အင်ပါယာယွဲ့တစ်ယောက်သာ ရှိနေသည်။ မိစ္ဆာနက်ကျောင်းတော်သခင်ကမူ ဟန်လိ၏ ကောင်းကင်လျှပ်စီးအစေ့ကြောင့် အမှန်တကယ် အသက်ပျောက်သွားခဲ့လေပြီ။ ထိုသို့တွေးမိကာ ဟန်လိက များစွာ စိတ်အေးသွား၏။ သူက ရန်သူကို အချိန်ပေးဖို့ ရည်ရွယ်ချက် ရှိမနေချေ။ သူက ချက်ခြင်းပင် သူ့ရုပ်သေးများကို တိုက်ခိုက်ရဣ် အမိန့်ပေး၏။ ရုပ်သေးတပ်ထံမှ အလင်းတန်းများစွာ ရှေ့သို့ ထိုးထွက်သွားလေပြီ။
သူတို့၏ မှော်ပစ္စည်းများကို ဆုံးရှုံးမှာ ကြောက်၍ အဝါရောင်မေပယ်တောင်ကြားမှ ကျင့်ကြံသူများသည် မန္တာန်များကို ရေရွတ် သူတို့၏လက်များဖြင့် ချိပ်ဟန်များကိုသာ ထုတ်ဖော်ပြီး မှော်ပညာရပ်များ၊ မှော်အဆောင်များနှင့်သာ တိုက်ခိုက်ကြတော့သည်။ သူတို့အားလုံးသည် ဒီအိပ်မက်ဆိုးကနေ လွတ်နိုင်ဖို့ အင်ပြည့်အားပြည့်တိုက်ခိုက်မှ ရမည်မှန်း ကောင်းကောင်း သိကြ၏။ မဟုတ်ပါက သူတို့အတွက် ဘေးဒုက္ခဆိုးများဖြင့် အဆုံးသပ်သွားနိုင်သည်။
အင်ပါယာယွဲ့က ဤသည်ကို မြင်သည့်အခါ သူ့လက်ကို ဖြန့်ကားကာ ရှေ့သို့ ဝေ့ယမ်းသည်။ သွေးနီးအလင်းဒိုင်းတစ်ခု ပေါ်လာပြီး တိုးဝင်လာသော တိုက်ခိုက်မှုများအား အလွယ်တကူ တားဆီးသည်။ သို့သော် သူ၏ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော သွေးအလင်းကမူ များစွာ အားနည်းသွားလေ၏။ အချိန်မရွေး ပျက်စီးတော့မည့်နှယ်။ ထိုအခါ ဟန်လိနှင့် တခြားသူများသည် ပို၍ ပြင်းပြင်းထန်ထန် တိုက်ခိုက်လေသည်။
အင်ပါယာယွဲ့က နှာခေါင်းရှုံ့၏။ သူက သူ့ဝတ်ရုံရင်ဘက်ထဲမှ အစိမ်းရင့်ရောင်ပုလင်းငယ်တစ်ခုကို ထုတ်ကာ ၎င်းထဲမှ လက်သည်းခွံအရွယ်လောက်ရှိမည့် ကြက်သွေးရောင်ဆေးလုံးတစ်လုံးကို ထုတ်သောက်လေသည်။ ၎င်းမှာ ဆေးကောင်းဝါးကောင်း မဟုတ်ပုံ ပေါ်နေသည်။ သို့သော် ထိုဆေးကို သူက ချက်ခြင်း သောက်ပြီး ပုလင်းကို လွှတ်ပစ်ခဲ့၏။ သည်ပုလင်း၌ အနှီဆေးလုံးတစ်လုံးတည်းသာ ရှိ၏။
ယင်းကြက်သွေးရောင်ဆေးလုံးက အင်ပါယာယွဲ့၏ ဝမ်းဗိုက်ထဲ ရောက်သွားသည့်အခါ ဟန်လိသည် တုန်လှုပ်ဖွယ်မြင်ကွင်းကို မျက်မြင်တွေ့ရတော့သည်။ အင်ပါယွဲ့၏ ခန္ဓာကိုယ်မှ သွေးအလင်းက တဖန် ပြန်တောက်ပလာခဲ့ပြီ။ သည့်အပြင် သူ၏ဒဏ်ရာများမှာ လျင်မြန်သောနှုန်းဖြင့် ပျောက်ကင်းလာတာကို မျက်လုံးဖြင့်ပင် မြင်နေရသည်။ အချိန်တိုအတွင်း ဟန်လိတို့ရှေ့တင် ကောင်းကင်လျှပ်စီးအစေ့ကြောင့် ရခဲ့သော ဒဏ်ရာအားလုံးကို ကုသနိုင်ခဲ့ပြီး သူ့မှော်စွမ်းအားများ အပြည့်အဝ ပြန်ကောင်းမွန်သွားသည်။
“သေစမ်း…။ ဘာတွေ ဖြစ်ကုန်ပြီလဲဟ…” စုန့်မင်က ဤသည်ကို မြင်သည့်အခါ မယုံကြည်နိုင်ဟန်ဖြင့် ခပ်တိုးတိုး ပြောသည်။ သူက အဆင်သင့် ပြင်ထားသော ရေခဲစူးချွန်များကိုပါ ပစ်လွှတ်ဖို့ မေ့သွားလေ၏။
ဟန်လိသည်လည်း ထိုနည်းတူသာ။ သူ့မျက်လုံးကိုယ်သူ မယုံနိုင်ဖြစ်နေမိသည်။ သူက ရန်သူက မည်သည့်ဆေးကို သောက်ခဲ့မှန်း သူ မသိ၊ သို့သော် ၎င်းဆေးတွင် ကောင်းကင်ကို ဖိဆန်သော အကျိုးအာနိသင့် ရှိနေချေ၏။
သူက ရှေးဟောင်းစာအုပ်များစွာကို ဖတ်ဖူး၊လေ့လာခဲ့ဖူးသည်။ သို့သော် မည်သည့်စာအုပ်တွင်မှ ဤကဲ့သို့သော အခြင်းအရာကို မဖော်ပြထားခဲ့ပေ။
“သူက ကျင့်ကြံခြင်းအနှစ်သာရ ဆေးလုံးကို အသုံးပြုခဲ့တာ။ ဒါက အထူးသဖြင့် မိစ္ဆာပညာရပ်တွေကို ကျင့်ကြံပြီး ကျင့်ကြံမှုအဆင့်ကို အထိခိုက်ခံပြီး သန့်စင်ထားတဲ့ ဆေးလုံးပဲ။ ဒီဆေးလုံးကို ဖန်တီးခဲ့တဲ့သူကပဲ အသုံးပြုနိုင်တယ်…”
ချန်ချောင်ချန်၏ ဘေးမှ အေးစက်ကြည်လင်သော အသံတစ်သံ ထွက်ပေါ်လာသည်။ ဟန်လိက အံ့အားတသင့်ဖြင့် နောက်လှည့်ကြည့်မိသည်။
“အစ်မကျုံး…နင် အဆင်ပြေရဲ့လား…”
“ငါ ပြေပါတယ်။ ဒါပေမဲ့ အစ်ကိုလျှိုကို သတ်ခဲ့တဲ့ ဒီနတ်ဆိုးကောင်ဟာ ငါ့မျက်စိရှေ့မှာတင် ရှိနေပြီ၊ ငါ သူ့ကို မဖြစ်မနေ သတ်ရမယ်…”
နောက်ဆုံး၌ ကျုံးဝေနင်သည် အသိပြန်ဝင်လာခဲ့ပြီ။ သူမက ချန်ချောင်ချန်ကို ခက်ခက်ခဲခဲ ပြုံးပြကာ ထို့နောက်တွင် အေးစက်သည့်ဟန်ပန်ဖြင့် ထိုသို့ ပြောသည်။
“ကျုပ်တို့အားလုံး သူ့ကို သတ်ချင်နေတာပဲ။ ဒါပေမဲ့ ပြဿနာက သူကလည်း ကျုပ်တို့ကို သတ်ချင်နေတယ်…”
ဟန်လိက ခေါင်းမလှည့်ဘဲ မထူးခြားနားစွာဖြင့် လှမ်းပြောသည်။
ထိုအခါကျမှ ကျုံးဝေနင်၏ အကြည့်က အောက်ဘက်သို့ ရောက်သွားပြီး အံ့အားသင့်သွားလေသည်။ သူမ မြင်လိုက်ရသည့်အရာကြောင့် သူမ၏ အမူအရာမှာ ပျက်ယွင်းသွားလေသည်။ သူတို့ စကားပြောနေချိန်တွင် သူတို့အောက်ဘက်မှ အင်ပါယာယွဲ့သည် သူ့အလင်းဒိုင်းကို ရုတ်သိမ်းလိုက်ပေပြီ။ သူ့ခန္ဓာကိုယ်ကို ဝန်းရံထားသော သွေးအလင်းက မြင့်တက်လာကာ ဆယ်မီတာကျော်လောက်ထိကို ချဲ့ကားနေလေပြီ။ ထိုသွေးအလင်းထဲ၌ ပိတ်မိနေသော မှော်ပစ္စည်းများမှာ တဖြည်းဖြည်း အရည်ပျော်လာနေသည်။
သူ၏ခန္ဓာကိုယ်ကို ကာကွယ်ထားသော အလင်းဓာတ်က ခုဆို အဆများစွာ ပိုကြီးမားလာပြီး သူ၏ ကျင့်ကြံမှုမှာလည်း အရင်ထက် ပိုအားကောင်းလာသည်။ ထိုသို့ဖြင့် သူ့ခန္ဓာကိုယ်ပေါ်မှ သွေးအလင်းမှာ ရုပ်သေးများနှင့် မှော်ပညာရပ်များ၏ တရစပ်ထိုးနှက်တိုက်ခိုက်မှုကို လွယ်ကူစွာ ခုခံနိုင်လေသည်။
ယွဲ့အင်ပါယာသည် ခေါင်းမော့လာပြီး ဟန်လိကို အေးစက်လွန်းစွာ စိုက်ကြည့်သည်။ သူက သူ့လက်ဖြင့် လေထုကို အကြမ်းပတမ်း ဖမ်းဆုပ်သည်။ ထို့နောက်တွင် နီရဲတောက်နေသော မီးမျိုးစေ့တစ်စေ့သည် ရုတ်တရက် ပျံသန်းထွက်သွားသည်။
ထိုသည်ကို မြင်သည့်အခါ ဟန်လိ၏ မျက်လုံးထဲ၌ အံ့အားသင့်ဟန် ဖြတ်ခနဲ ပေါ်၏။ သူက သူ၏ ကောင်းကင်လျှပ်စီးပုတီးစေ့ကြောင့် သေဆုံးသွားခဲ့သော မိစ္ဆာနက်ကျောင်းတော်သခင် အကြောင်းကိုပါ တွေးမိသွားသည်။ သည်ပုတီးစေ့က ဒြပ်စင်ငါးခုသွေးပုတီးစေ့တွေထဲမှ ဖြစ်နိုင်သည်။ အခုအခါ ယင်းပုတီးစေ့ငါးခုလုံးသည် စုံလင်သွားပြီဟု ဆိုနိုင်သည်။ ဟန်လိသာ ဒီမိစ္ဆာကောင်ကို သတ်နိုင်ခဲ့ပါက သူ၏ အမြုတေဖွဲ့စည်းခြင်းအတွက် များစွာ အကျိုးရှိစေသော သည်ရတနာကို ရနိုင်မည် ဖြစ်သည်။
“ကောင်လေး…မင်းမှာ နောက်ထပ် ကောင်းကင်လျှပ်စီးအစေ့တွေ ရှိသေးလား။ ရှိတယ်ဆိုရင် ငါ ဒီမှာ ရပ်နေပြီး မင်း တိုက်ခိုက်တာကို ခံယူမယ်။ မင်းရဲ့ ကောင်းကင်လျှပ်စီးအစေ့တွေကပဲ ပိုအားကောင်းလား၊ ငါ့ရဲ့ အကာအကွယ်မိစ္ဆာပညာရပ်ကပဲ ပိုကောင်းလား ငါ မြင်ချင်တယ်…”
အင်ပါယာယွဲ့သည် ထိုပုတီးစေ့ကို သေချာသိမ်းဆည်းကာ ဟန်လိကို အေးစက်စက် လှမ်းပြောသည်။
သူ့ပါးစပ်မှ ထိုစကားများ ထွက်လာသည့်အခါ အဝါရောင်မေပယ်တောင်ကြားမှ ကျင့်ကြံသူများသည် မင်သက်ကုန်ကာ ဟန်လိကို လှမ်းမကြည့်မိဘဲ မနေနိုင် ဖြစ်ကုန်သည်။
ဟန်လိ၏ အမူအရာမှာ ပြောင်းလဲမသွားပေ။ သို့သော် သူက အေးတိအေးစက် နှာခေါင်းရှုံ့သည်။ သူက တည်ငြိမ်စွာ ပြန်ဖြေသည်။
“ခင်ဗျားဟာ မိစ္ဆာနက်ကျောင်းတော်သခင်ပဲလား။ ဒါမှမဟုတ် တခြားတစ်ယောက်လား ကျုပ် သိချင်တယ်။ ဒါ့အပြင် အစောပိုင်းတုန်းက သူဟာ သူ့ရဲ့ ကျင့်ကြံမှုကို ခင်ဗျားဆီ လိုလိုလားလား စုပ်ယူခံခဲ့တယ်။ လောကမှာ အဲ့လိုမျိုး စတေးတဲ့သူတွေ ရှားလွန်းတဲ့အတွက်ကြောင့် ကျုပ်အနေနဲ့ နည်းနည်းတော့ စဉ်းစားမရ ဖြစ်နေတယ်…”
ဟန်လိသည် ထိုသူ၏ မေးခွန်းကို ပြန်မဖြေ။ ထိုအစား သူကသာ ပြန်မေးသည်။
အင်ပါယာယွဲ့သည် သည်စကားကို ကြားသည့်အခါ သူ့အမူအရာမှာ ထူးဆန်းသွားသည်။ သူ့ဟန်ပန်၌ လှောင်ပြောင်သည့်သဘောကော၊ စိတ်မကောင်းသည့်ဟန်ကော ဖြစ်ပေါ်နေသည်။ သို့သော် တအောင့်အကြာ၌ မည်သည့်အတွက်ကြောင့်မှန်းမသိရလေဘဲ သတ်ချင်ဖြတ်ချင်စိတ် ပေါ်လာလေသည်။
ဟန်လိ၏စိတ်ထဲ တုန်လှုပ်သွားပြီး သူက စကားအနည်းငယ် ပြောကာ အဝါရောင်မေပယ်တောင်ကြားမှ ကျင့်ကြံသူများကို သတိလှမ်းပေးသည်။
သူက အသံပို့လွှတ်ခြင်းကို အသုံးမပြုပေ။ သူ့စကားများကို အင်ပါယာယွဲ့ကိုပါ ကြားစေသည်။ အင်ပါယာယွဲ့၏ မျက်နှာက ပို၍ အေးစက်လာပြီး သူက ရုတ်တရက် ဟန်လိထံ လက်ညွှန်လိုက်သည်။ ထိုအခါ အနီရောင်အလင်းတန်းတစ်ခုသည် ဟန်လိထံ ချက်ခြင်း တိုးဝင်လာသည်။ ထိုအလင်းတန်းက အံ့ဩဖွယ်ကောင်းလောက်အောင် မြန်လှသော်လည်း ဟန်လိက သူ့အဖြူရောင်ကြေးခွံဒိုင်းနှင့် လိပ်ခွံတို့ကို သူ့ရှေ့မှာ ကာရံထားပြီး ဖြစ်သည်။ တအောင့်အကြာ၌ အပြာရောင်အလင်းအကာအရံသည် သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားသည်။ သို့သော် ဟန်လိသည် မပေါ့ဆဝံ့သေးပေ။
ဖောင်း…ဖောင်း…။ ဟန်လိက သည်အသံကို ကြားသည်နှင့် ဘေးသို့ အလိုလို တိမ်းစောင်းသည်။ ထို့နောက်တွင်မူ သူ့ပုခုံးထက်မှ အပူဓာတ်ကို ခံစားမိရပြီး စူးရှစွာ နာကျင်သွားသည်။
ထို့နောက်တွင် သူက သူ့မှော်ပစ္စည်းနှစ်ခုထံ မယုံကြည်နိုင်စွာဖြင့် လှမ်းကြည့်မိသည်။ အဖြူရောင်ကြေးခွံဒိုင်းနှင့် လိပ်ခွံတို့ပေါ်တွင် အပေါက်ငယ်တစ်ခု ပေါ်လာကာ အနီရောင်အလင်းတန်းက ယင်းတို့ကို ထွင်းဖောက်သွားခဲ့တာ ဖြစ်သည်။ သည့်အပြင် သူ့ခန္ဓာကိုယ်ပေါ်ရှိ မိုးပြာအနှစ်သာရဓားဒိုင်းမှာလည်း အလားတူသာ။ ထိုအနီရောင်အလင်းတန်းကို မကာကွယ်နိုင်ခဲ့ပေ။
ထိုသည်ကို မြင်သည့်အခါ ဟန်လိသည် သူ့စိတ်နှလုံး ပြုတ်ကျသွားမတတ် ခံစားမိသည်။
အရိပ်မြူခိုးခြေလှမ်းပညာရပ်ကိုသာ ကာလကြာရှည် လေ့ကျင့်ထား၍ အလေ့အထ ဖြစ်နေခြင်းကြောင့်သာ မဟုတ်ခဲ့ပါက သူသည် အစောလေးတုန်းက သေသွားနိုင်သည်။ မဆိုသလောက် ပေါ့ဆမိသည်နှင့် သူ့အသက် ဆုံးရှုံးသွားနိုင်သည်။ ပေါ့ဆမိသည့် အခိုက်အတန့်လေးတွင် လူတိုင်း၏ ဘဝမှာ ဆုံးရှုံးသွားနိုင်သည် မဟုတ်လား။
ဟန်လိက ထိုသို့ တွေးမိလေလေ သူ ခံစားရသော ကြောက်ရွှံ့မှုက ပိုကြီးမားလာလေပင်။
သူက အင်ပါယာယွဲ့မှာ မိစ္ဆာနက်ကျောင်းတော်သခင်၏ မှော်စွမ်းအား အများစုကို စုပ်ယူနိုင်ခဲ့သော်လည်း ယခုလောက်ထိ အစွမ်းထက်နေလိမ့်မည်ကိုမူ မမျှော်လင့်ထားမိခဲ့ပေ။
သို့သော် ဟန်လိသည် သေဘေးမှ လွတ်ရုံလေး လွတ်သွားကာ တုန်လှုပ်မိနေစဉ် အင်ပါယာယွဲ့မှာလည်း သူ့တိုက်ခိုက်မှုကြောင့် ဟန်လိ အသက်ရှင်နိုင်သွားသည့်အပေါ် ပို၍ အံ့အားသင့်နေသည်။
သူ တိုက်ခိုက်ခဲ့သော လှုပ်ရှားမှုက အချည်းနှီး ဖြစ်သွားခဲ့ပြီ။ သို့သော်လည်း သူ အသုံးပြုခဲ့သော ထိုသွေးဝိညာဉ်စူးက တကြိမ်သာ အသုံးပြုနိုင်သည်။ လူတစ်ယောက်၏ အစစ်အမှန်အနှစ်သာရကို ဆယ်စကျော်လောက် ဖိသိပ်ပြီးနောက်မှသာ ယင်းသို့သော အလစ်တိုက်ခိုက်မည့် အသေတိုက်ကွက်ကို ထုတ်ဖော်နိုင်တာ ဖြစ်သည်။
ဤသည်မှာ သူ ကျင့်ကြံခဲ့သော မိစ္ဆာပညာရပ်များ၏ အသေတိုက်ကွက်များထဲမှ တစ်ခု ဖြစ်သည်။ သည်တိုက်ခိုက်မှုကို ပြင်ဆင်ရာတွင် ပြင်းထန်စွာ နာကျင်မှုကို ခံစားရရုံသာမ အချိန်များစွာလည်း လိုအပ်သည်။
အင်ပါယာသည် ထိုပညာရပ်ကို အရင်တုန်းက အသုံးပြုခဲ့ချိန်၌ သည်သတ်ကွက်ကနေ လွတ်မြောက်ခဲ့သော ကျင့်ကြံသူဟူ၍ တစ်ဦးတစ်လေပင် မရှိပေ။ သို့သော် အခုအခါတွင်မူ ဟန်လိသည် ၎င်းတိုက်ကွက်ကြောင့် ဒဏ်ရာ ခပ်ပါးပါးသာ ရသွားခဲ့ပေသည်။ သည့်အတွက်ကြောင့် သူ တုန်လှုပ်အံ့အား မသင့်မိဘဲ ဘယ်နေတော့မည်နည်း။
သူ၏ခန္ဓာကိုယ်တွင်း၌ သွေးဝိညာဉ်စူးသည် တစ်ခုတည်းသာ ကျန်တော့သည်။ သူ တုံ့ဆိုင်းနေမိသည်။ အကြောင်းမှာ ၎င်းကို ထပ်မံ အသုံးပြုခဲ့လျှင်လည်း ဟန်လိကို သတ်နိုင်၊ မသတ်နိုင်က မသေချာသောကြောင့်ပင်။
အဝါရောင်မေပယ်တောင်ကြားမှ ကျင့်ကြံသူများသည် ဟန်လိက ပြီးခဲ့သော တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသွားတာကို မြင်သည့်အခါ သူတို့၏ အမူအရာများ သိသိသာသာ ပြောင်းလဲသွားသည်။
သူတို့၏ မသိစိတ်၌ ဟန်လိမှာ သူတို့အားလုံး၏ အခရာတစ်ခု ဖြစ်လာခဲ့လေပြီ။ ဟန်လိ ဒဏ်ရာရသွားခြင်းက သူတို့ကို မထင်မှတ်စွာဖြင့် အကြီးအကျယ် အလန့်တကြား ဖြစ်စေခဲ့သည်။
“လူစုခွဲကြ…” ဟန်လိက သူ့ဒဏ်ရာကို ကြည့်ပြီးသည်နှင့် တုံ့နှေးမနေဘဲ ချက်ခြင်း အော်ပြောသည်။ သူသည် မှော်စွမ်းအားကို သူ၏ နတ်လေလှေငယ်ထဲ သွန်းလောင်းကာ ဘေးသို့ အလျင်အမြန် ပျံသန်းထွက်သည်။
စုန့်မင်နှင့် တခြားသူများက ဟန်လိ၏ စကားကို ကြားသည့်အခါ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်မိသည်။ ထို့နောက်တွင် ဟန်လိ၏ အမိန့်အတိုင်း သူတို့က ပျံသန်းထွက်ကြသည်။
ထိုသည်ကို မြင်သည့်အခါ အင်ပါယာယွဲ့သည် စစချင်း အံ့အားသင့်သွားသေးသည်။ သို့သော် တအောင့်အကြာတွင်မူ သူက နှာခေါင်းရှုံ့၏။
သူက ဖြတ်ခဲ လေထဲသို့ ပျံသန်းတက်သွားပြီး ဟန်လိ၏ နောက်သို့ ချက်ခြင်း လိုက်လံချင်သည်။ သို့ပေမည့် ခုခါ၌ သူ့ဘေးပတ်လည်တွင် ရုပ်သေးဆယ်ကောင်ကျော်က ဝိုင်းရံလာသည်။