← Chapters

အစီအရင်ထဲ ဝင်ရောက်ခြင်း

Vol. 24 Ch. 327

အစီအရင်ထဲ ဝင်ရောက်ခြင်း

Vol. 24 Ch. 327

“သွားစမ်း…” အင်ပါယာယွဲ့က သုန်မှုန်စွာဖြင့် အော်ပြောသည်။

ထိုအော်သံနှင့်အတူ သွေးအလင်းသည် ရုပ်သေးအုပ်ကို လျင်မြန်စွာ လွှမ်းခြုံသွားသည်။ ထို့နောက်တွင်မူ သူသည် ဟန်လိနှင့် တခြားသူများနောက်သို့ လိုက်လာတော့သည်။

တအောင့်အကြာတွင် ရုပ်သေးများသည် ကောင်းကင်ကနေ ရုတ်တရက် ပြုတ်ကျကာ အပိုင်းပိုင်းအစစ ဖြစ်သွားခဲ့သည်။

ဟန်လိသ် သူ ချခင်းထားသော အစီအရင်နားထိ ရောက်လာသည်။ သူ့ရုပ်သေးများ ဖျက်စီးခံလိုက်ရပြီးမှန်း သူ့အသိစိတ်အမျှင်တန်းကနေ ခံစားမိသည်။ ဟန်လိမှာ အလွန်နှမြောမိသွားသည်။ ထို့နောက်တွင်မူ သူက တခြားသူများကို ခေါ်ကာ ဝါးတောအုပ်ငယ်ထဲ ဝင်လာလေသည်။

ဟန်လိနှင့် တခြားသူများက အလျင်အမြန် ဆင်းသက်လာနေစဉ် အင်ပါယာယွဲ့သည် ရုပ်သေးများ ဝန်းရံထားတာကို ဖျက်စီးပစ်ခဲ့ပြီး ဟန်လိနှင့် တခြားသူများက ဝါးတောအုပ်ထဲ ဝင်သွားကြတာကို လှမ်းမြင်သည်။ သည့်အတွက် သူသည် အကြီးအကျယ် အံ့အားသင့်သွားသလို စဉ်းစဉ်းစားစား ဖြစ်သွား၏။ သို့ပေမည့် စိတ်ထဲကနေမူ သူ ကြိတ်ပျော်နေသည်။

သူက ဝါးတောအုပ်အထက်သို့ ရောက်လာကာ ဟန်လိနှင့် တခြားသူများက ထွက်မသွားရသေးတာကို မြင်သည့်အခါ မသတီစရာပြုံး၍ သူ့လက်နှစ်ဖက်ကို ချက်ခြင်း ဝေ့ယမ်းသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ သွေးအလင်းကနေ အစိတ်အပိုင်းငယ်တစ်ခုသည် ခွဲထွက်သွားသည်။ ထိုခွဲထွက်သွားသော သွေးအလင်းက လျှပ်တပြတ်အတွင်း ဝါးတောအုပ်ထံ ကြမ်းတမ်းစွာ တိုးဝင်သွားသည်။

၎င်းအလင်း တိုးဝင်လာစဉ် လမ်းတစ်ဝက်မှာပင် တောအုပ်တစ်ခုလုံးကို တောက်ပသော အနီရောင်အရံအတားတစ်ခုက ခြုံလွှမ်းသွားသည်။

သွေးအလင်းက သည်တောအုပ်ကို ပိတ်ထားလိုက်တာကို ကြည့်ကာ အင်ပါယာယွဲ့က ကျေနပ်အားရနေ၏။ မိစ္ဆာအလင်းအတားအဆီးက တောအုပ်တစ်ခုလုံးကို ခိုင်မာစွာ ခြုံလွှမ်းထားသ၍ သူသည် နောက်ထပ် လျှို့ဝှက်ပညာရပ်တစ်ခုကို ထုတ်သုံးကာ ၎င်းအတွင်းရှိ အရာအားလုံးကို သုတ်သင်ပစ်နိုင်ပေသည်။ ရန်သူအုပ်စုက သူတို့ဘာသာ သည်မှာ ပိတ်မိနေမှတော့ သူတို့သည် သူ၏ ရက်စက်မှုကို အပြစ်တင်နေစရာ မရှိလေတော့ပေ။

အင်ပါယာယွဲ့က သူ့လက်နှစ်ဖက်ကို လှုပ်ရှားသည်။ မန္တာန်ချိပ်ဟန်များ ဖြစ်စေကာ လျှို့ဝှက်ပညာရပ်ကို အသက်သွင်း၏။ ထိုစဉ် တောအုပ်မှာ ရုတ်တရက်ကြီး အပြာ၊အဖြူအလင်းများဖြင့် ခြုံလွှမ်းလာကာ သွေးအလင်းအရံအတားကို ရပ်တန့်စေလေသည်။ အံ့အားသင့်မိသွားပြီးနောက်မှာ အင်ပါယာယွဲ့၏ အမူအရာက အေးစက်လာသည်။

“ထင်ထားတဲ့အတိုင်းပဲ…ဒီအုပ်စု ဒီကို ရောက်လာတာ အကြောင်းရင်းတစ်ခု ရှိလို့ပဲကို။ သူတို့က ဒီမှာ အစီအရင်မန္တာန်တစ်ခု တကယ်ပဲ ချထားခဲ့တာပဲ…”

အင်ပါယာယွဲ့သည် မကျေမနပ်ဖြင့် ထိုသို့ တွေးနေသည်။

“ဒါပေမဲ့လည်း ကိစ္စတော့ မရှိဘူး။ အလျင်စလို ဖန်တီးခဲ့တဲ့ အခြေခံတည်ဆောက်ခြင်းမန္တာန်ဟာ ဘယ်လိုလုပ် အထင်ကြီးဖို့ ရှိမလဲ။ ငါ ဒီအုပ်စုကို သူတို့ရဲ့ မန္တာန်အစီအရင်နဲ့အတူ သန့်စင်ပစ်ရုံပေါ့…။ ဘာပဲဖြစ်ဖြစ်လေ…ငါက သူတို့ကို အင်ပါယာမြို့ကနေ အဝေးကို ထွက်ပြေးခွင့် ပေးလို့ မဖြစ်ဘူး…”

သူက ထိုသို့ တွေးသည်။ သူ့စိတ်ထဲက အကြံအတိုင်း သူက တုံ့နှေးမနေဘဲ မန္တာန်ချိပ်ဟန်များကို ဖြစ်ပေါ်စေပြီး သူ၏လျှို့ဝှက်ပညာရပ်များကို ချက်ခြင်း ထုတ်ဖော်သည်။

ရပ်တန့်ခြင်း ခံရသော သွေးအလင်းသည် တောက်ပလာပြီး ဟန်လိတို့၏ အစီအရင်ကို ပို၍ ဖိအားပေးလာသည်။ သို့သော် ၎င်းသွေးအလင်းမှာ အနည်းငယ်သာ သက်ရောက်မှု ရှိ၏။

သို့ပေမည့် အင်ပါယာယွဲ့ကမူ ထိုနေရာတွင် ရပ်မနေပေ။ သူက လက်ညွှန်ကာ သူကိုယ်တိုင်ထံမှ သွေးအလင်းကို နောက်ထပ်ခွဲထုတ်စေပြီး ရှိနှင့်ပြီးသား မိစ္ဆာအလင်းအရံအတားနှင့် ပေါင်းစပ်စေသည်။ ထိုအရံအတား၏ သွေးအလင်းက ပို၍ နက်ရှိုင်းလာပြီး သွေးနံ့ခပ်ဖျော့ဖျော့ကိုပါ ထုတ်လွှတ်လာသည်။ သည်သွေးနံ့ကို ရှုရှိုက်မိသူတိုင်းမှာ အော့အန်သွားနိုင်သည်။

ဤသည်ကို မြင်သည့်အခါ အင်ပါယာယွဲ့မှာ နည်းနည်းတော့ ကျေနပ်သွားသည်။ သူက မန္တာန်ချိပ်ဟန်များကို ပိုထုတ်ဖော်သည်။ မှော်ပညာရပ်များကို သွေးအရံအတားထံ ပို၍ ပို့လွှတ်သည်။

ထိုအခါ အရံအတားသည် အဘက်ဘက်သို့ ကြမ်းတမ်းစွာ ပြန့်ကားထွက်လာသလို သွေးရောင် ပိုတောက်လာသည်။ မိုးပြာနှင့်အဖြူရောင်အလင်းတို့သည် ထိုကဲ့သို့ တိုးလာသော ဖိအားကို မနည်းခုခံနေလေသည်။ ၎င်းမှာ အချိန်မရွေး ပြိုလဲသွားတော့မလို ထင်ရလေသည်။

ထိုသည်ကို မြင်သည့်အခါ အင်ပါယာယွဲ့မှာ စိတ်အေးသက်သာ ဖြစ်သွားသည်။

ခု သူမြင်ရသလောက် အဝါရောင်မေပယ်တောင်ကြားမှ ကျင့်ကြံသူများ သေဆုံးဖို့မှာ အချိန်တစ်ခုသာ လိုပေတော့မည်။ သူတို့ လွက်မြောက်ဖို့ မဖြစ်နိုင်တော့ချေ။ သို့ပေမည့် ထို့နောက်တွင်မူ သူ့အတွက် အခက်အခဲတစ်ခု ရှိလာနိုင်သည်။

“ကြည့်ရတာ ငါဟာ အင်ပါယာယွဲ့အဖြစ် ဆက်သရုပ်ဆောင်လို့ မရတော့မယ့်ပုံပဲ။ ငါ ကိုယ့်ကိုယ်ကိုယ် ကွယ်ဝှက်နေပြီး အစကနေ ပြန်စဖို့တော့ လိုလိမ့်မယ်…”

အင်ပါယာယွဲ့သည် ထိုသို့ တွေးမိနေသည်။

သူသည် လေထဲ၌ ဖြစ်နိုင်ချေများကို စဉ်းစားနေစဉ် ဝါးတောအုပ်ထဲရှိ စုန့်မင်နှင့် တခြားသူများကမူ အကြောက်လွန်နေကြပြီ။

ဟန်လိ၏ အသံပို့လွှတ်ချက်ကို ကြားရပြီးနောက် သူတို့၏အသက်ကိုယ် ကယ်တင်နိုင်ဖို့အတွက် တခြားသူများက အလျင်အမြန် နောက်ဆုတ်ခဲ့ကြသည်။ ဟန်လိ ပြသခဲ့သော ခွန်အားကို ယုံကြည်၍ လူတိုင်းက သူ့ကို ဆွေးနွေးတိုင်ပင်ခြင်း မရှိလေဘဲ ယုံကြည်ခဲ့ကြသည်။ သို့သော် မည်သူကမျှ အခုကဲ့သို့ ချောင်ပိတ်မိနိုင်သော ဝါးတောအုပ်ထဲ ဟန်လိက ခေါ်လာလိမ့်မည်ဟု မထင်ထားမိခဲ့ကြပေ။ အမှန်တကယ်လည်း အခုတော့ သူတို့သည် အန္တရာယ်ကြားမှာ ပိတ်မိနေရပြီ။

သည်နေရာတွင် အကာအကွယ်အစီအရင်တစ်ခု ရှိနေသော်လည်း သူတို့ကို ထွင်းဖောက်မရနိုင်သည့် သွေးအလင်းက ခြုံလွှမ်းထားနေသည်။ ထို့အပြင် သည်အစီအရင်မှာ အချိန်မရွေး ပျက်စီးတော့မည့်ဟန် ရှိသည်။ အန္တရာယ်က ချဉ်းကပ်လာခဲ့ပြီ ဖြစ်ရာ သူတို့သည် မကြောက်လန့်ဘဲ ဘယ်နေနိုင်တော့မည်နည်း။

“ညီလေးဟန်…ဒါက မင်း ပြင်ဆင်ထားတဲ့ အကာအကွယ်လား…”

စုန့်မင်က ယုံကြည်မှု ကင်းမဲ့စွာဖြင့် ခပ်တိုးတိုး မေးလာ၏။

“အမှန်ပါပဲ။ ဘာပြဿနာများ ရှိလို့လဲ…” ဟန်လိသည် မထူးခြားနားစွာဖြင့် ထိုသို့ ပြောသည်။

ချက်ခြင်းလက်ငင်းပင် စုန့်မင်၏မျက်နှာမှာ အလွန်အမင်း ဖြူရောသွား၏။ ကျုံးဝေနင်နှင့် ချန်ချောင်ချန်တို့၏ စီနီယာအစ်ကိုမှာလည်း မျက်နှာပျက်နေသည်။

ချန်ချောင်ချန် တစ်ယောက်သည်သာ ဟန်လိကို တည်ငြိမ်စွာ ကြည့်နေ၏။ သူမ၏မျက်လုံးထဲတွင် အတွေးနှင့် ပြည့်နှက်နေကာ ထူးခြားသည့်အသွင်ဟန်ဖြင့် ရှိနေသည်။

“ဟန်လိ…နင့်မှာ တခြားနည်းလမ်းတွေ ရှိရင်လည်း ကျေးဇူးပြုပြီး သူတို့ကို ပြောလိုက်ပါ။ ငါတို့ကို မျက်ကန်းလိုမျိုး မထားပါနဲ့။ နင့်မှာ တခြားနည်းလမ်းတွေ ရှိနေသေးတာ ငါ ယုံတယ်။ ဒီမှော်အစီအရင်လောက်တင် မကပါဘူး…”

ရုတ်တရက် ချန်ချောင်ချန်က ထိုသို့ တည်ငြိမ်စွာ မေးသည်။

တခြားသူများက သည်စကားကို ကြားသည့်အခါ စိတ်အားတက်ကြွလာပြီး ဟန်လိကို လှမ်းကြည့်သည်။ သည်ညတွင် ပြသခဲ့သော ဟန်လိ၏ သတိထားပုံအရ သူသည် ခုကဲ့သို့ ရူးမိုက်သော လှုပ်ရှားမှုကို လုပ်ရန် အကြောင်း မရှိလေပေ။ ချန်ချောင်ချန်၏ စကားကို ကြားသည့်အခါ ဟန်လိက ခေါင်းငုံ့ကာ စဉ်းစားသွားသည်။ ထို့နောက်တွင် သူက တခြားသူများကို ခပ်ရေးရေး ပြုံးပြ၏။

“စိတ်အေးအေးထားပါ။ ကျုပ်က စီနီယာတို့ကို ဒီကို ခေါ်လာမှတော့ စိတ်ထဲမှာ တွေးထားတာ ရှိပြီးသားပါ…”

ဟန်လိက တည်ငြိမ်စွာဖြင့် ပြောသည်။ သူ၏ သိုလှောင်အိတ်ကို ပုတ်ကာ ခရမ်းရောင်အလံငယ်တစ်ခုကိုလည်း ထုတ်ယူ၏။ ထိုအလံတွင် မန္တာန်သင်္ကေတများစွာ ကျပ်ပြည့်နေသည်။ ၎င်းမှာ ထူးကဲသော မှော်ပစ္စည်းတစ်ခု ဖြစ်ပုံ ရသည်။

“ဒါက အစီအရင်အလံလား…” ကျုံးဝေနင်က အံ့အားတသင့် မေးသည်။

အစီအရင်သတ္တုပြားများနှင့် အလံ အမျိုးအစားများသည် ယွဲ့ဒေသ၌ မြင်ရခဲသော မှော်ပစ္စည်းများ ဖြစ်လေ၏။

“စီနီယာအစ်မက တကယ်ပဲ အကြားအမြင် ကြွယ်ဝလှပါတယ်…”

ဟန်လိက ဟုတ်မှန်ကြောင်း ပြောကာ သူ၏ အစ်မခုနစ်ကို ချီးကျူးလိုက်သည်။

သည့်အတွက်ကြောင့် တခြားသူများမှာလည်း အံ့အားသင့်သွားခြင်းနှင့်အတူ ယုံကြည်မှုလည်း အနည်းနှင့်အများ ပြန်ရလာသည်။ သည်ဂျူနီယာညီလေးဟန်ကား တခြားသော တစုံတစ်ခုကိုပါ အမှန်တကယ် ပြင်ဆင်ထားပုံ ပေါ်သည်။

သူတို့၏ အကြည့်များအောက်မှာ ဟန်လိက သူ့လက်နှစ်ဖက်ဖြင့် ထိုအလံငယ်ကို ဆုပ်ကိုင်သည်။ မျက်စိတမှိတ်အတွင်း ယင်းအလံသည် အဆများစွာ ကြီးမားလာပြီး ခရမ်းရောင်အလင်းတစ်ခု ဖြာထွက်လာသည်။

ဟန်လိသည် သူ့လက်ထဲရှိ အစီအရင်အလံကို နေရာချကာ မန္တာန်တစ်ခုကို ခပ်တိုးတိုး ရေရွတ်သည်။ ထို့နောက်မှာ သူက ‘သွား’ ဟူသောစကားကို ကျယ်လောင်စွာ အော်ဟစ်သည်။

သည့်နောက်တွင်မူ ဟန်လိသည် သူ့သိုလှောင်အိတ်ထဲမှ ပုံစံတူ အလံသုံးခုကို ထပ်ထုတ်ကာ အစောလေးကအတိုင်း တူညီစွာ ပြုမူသည်။ ယင်းအလံများက တခြားနေရာများထံ ပျံသန်းသွားသည်။

ဤကဲ့သို့ ပြုလုပ်ပြီးသည့်နောက် ဟန်လိသည် ကောင်းကင်ထက်သို့ အေးစက်စက် လှမ်းကြည့်သည်။ သူ့လက်ထဲတွင်လည်း အဝါရောင်အစီအရင်သတ္တုပြားတစ်ခုကိုပါ ကိုင်ထားလျက် ရှိသည်။ ထိုသတ္တုပြားမှာ မထင်မရှား၊ အလင်းဓာတ်လည်း ရှိမနေ။ သို့သော် ဟန်လိက သည်သတ္တုပြားကို သူ့ခေါင်းထက်သို့ အလေးအနက်ဟန်ဖြင့် ပင့်မြှောက်သည်။ ၎င်းက ခပ်ဖျော့ဖျော့အလင်း စတင် တောက်ပလာသည်။

သည့်နောက်တွင်မူ အဝါရောင်အလင်းတန်းသည် ကောင်းကင်ထက်သို့ ထိုးတက်သွားကာ မိုးပြာနှင့်အမြူအလင်းအကာအရံကို ရိုက်ခတ်သည်။

တချိန်တည်းမှာ ရွှေရောင်၊ မိုးပြာရောင်၊ အနီရောင်၊ အပြာရောင်အလင်းတန်းများက မတူညီသော အရပ်လေးမျက်နှာကနေ ကောင်းကင်ထက်မှ ထိုးထွက်ကုန်သည်။

သည်အလင်းတိုင်းငါးလုံးကို လက်ခံပြီးသည့်အခါ မိုးပြာနှင့်အဖြူရောင်အလင်းအကာအရံကား ပျက်စီးတော့မလို ဖြစ်နေရာကနေ ချက်ခြင်း တည်ငြိမ်သွားသည်။ ၎င်းထံမှ ပင်လယ်လှိုင်းသံကဲ့သို့ အသံများကို ခပ်ဖျော့ဖျော့ ကြားရသည်။

ထိုအသံများက မိုးကြိုးသံနှယ် ကျယ်လောင်လာသည်။ ကြားရသူတိုင်းမှာ အကြောက်တရားကို မခံစားမိဘဲ မနေနိုင် ဖြစ်ရသည်။

ထိုကဲ့သို့ အသံပိုကျယ်လောင်လာလေ‌လေ မိုးပြာနှင့်အဖြူအလင်းအကာအရံမှာ မထင်မှတ်စွာဖြင့် ပြောင်းလဲသွားကာ သက်တံရောင် အရံအတား ဖြစ်သွားလေသည်။ အင်ပါယာယွဲ့၏ သွေးနီအလင်းတန်းက ၎င်းကို တိုက်စားပစ်ရန် မည်သို့ပင် ကြိုးစားပါစေ အသစ်ဖြစ်ပေါ်လာသော သက်တံအလင်းအရံအတားကိုမူ တုတ်တုတ်မှ မလှုပ်စေနိုင်ချေ။

ထိုသည်ကို မြင်သည့်အခါ စုန့်မင်နှင့် တခြားသူများမှာ ပို၍ စိတ်အေးသက်သာသွားကာ ဟန်လိ၏ အစီအရင်သည် ထူးကဲလှမှန်း သဘောပေါက်သွားသည်။ ကြည့်ရတာ သူတို့အသက်ရှင်ဖို့အတွက် ပြဿနာ မရှိတော့ပုံ ရသည်။

အင်ပါယာယွဲ့က ထိုထူးခြားသောမြင်ကွင်းကို မြင်သည့်အခါ သူ့မိစ္ဆာမှော်ပညာရပ်များကို ထုတ်သုံး၍ တုန့်ပြန်သည်။ သို့သော် သူ၏ပညာရပ်များသည် သူ့သွေးရောင်အရံအတားအောက်ရှိ သက်တံရောင်စုံအလင်းအကာအကွယ်အပေါ် အနည်းငယ်သာ သက်ရောက်မှုရှိသည်။

သူက မျက်မှောင်ကြုံ့သွား၏။ ထို့နောက်တွင်မူ ခြေစောင့်ကာ အနီရောင်အလင်းများကို သူ့ထံ ပြန်စီးဆင်းစေသည်။ ထိုအခါ သူ၏ ခန္ဓာကိုယ်သည် အနီရောင်အလင်းလုံးအဖြစ်သို့ ပြောင်းလဲသွားပြီး ပျံသန်းထွက်သည်။

ထူးခြားသည်မှာ ထိုသူသည် မူလနေရာသို့သာ ပြန်ရောက်နေသည်။ သူက ရှစ်ကြိမ်လောက် ကြိုးစားကြည့်သည်။ သို့သော သူသည် အကြိမ်တိုင်းမှာ မီတာတစ်ရာကျော်ထက်ပို၍ မပျံသန်းနိုင်ဘဲ ရှိနေသည်။ သူ့မျက်နှာထက်တွင် မယုံကြည်နိုင်ဟန် ဖြစ်ပေါ်လာ၏။

သည်အခါတွင်မူ အင်ပါယာယွဲ့မှာ အံ့အားသင့်ဟန် ဖြစ်မနေတော့၊ သူ့မျက်နှာပေါ်မှာ ထိတ်လန့်မှုတို့ ရှိလာသည်။ ထိုသည်ကို မြင်သည့်အခါ ဟန်လ အေးစက်စက်နှင့် ရယ်၏။ တခြားသူများကမူ မျက်လုံးပြူးကာ စွံ့အနေသည်။ ကျုံးဝေနင်က အင်ပါယာယွဲ့ ထိုသို့ ဗျာများနေတာကို မြင်သည့်အခါ ကျေနပ်အားရနေပြီး လက်သီးတင်းတင်း ဆုပ်ထားသည်။

ချန်ချောင်ချန်၏ မျက်နှာထက်တွင်မူ အံ့အားသင့်မှုအပြင် ရှုပ်ထွေးသော စိတ်ခံစားချက်များပါ ဖြစ်ပေါ်နေသည်။

ဟန်လိက လိပ်ခွံနှင့် အဖြူရောင်ကြေးခွံဒိုင်းတို့ကို ထုတ်ကာ သူ့ခန္ဓာကိုယ်ကို လှည့်ပတ်စေသည်။ သူက ဒြပ်စင်ငါးခုပြောင်းပြန်အစီအရင်၏ လျှို့ဝှက်ချက်များကို မရှင်းပြလေဘဲ အလေးအနက်လေသံဖြင့်ပြောသည်။

“ရတနာအဆောင်ရှိတဲ့ သူတိုင်း ဒီအခွင့်အရေးကို အသုံးပြုပြီး အသက်သွင်းထားပါ။ ခဏကြာရင် ကျုပ်တို့ ပူးပေါင်းတိုက်ခိုက်ပြီး သူ့ကို ရှင်းထုတ်မယ်။ သူဟာ ဒီအစီအရင်ထဲမှာ ပိတ်မိနေမှတော့ မြန်မြန်ဆန်ဆန် ထွက်ပြေးနိုင်စွမ်း ရှိတော့မှာ မဟုတ်ဘူး…”

ဟန်လိ၏ စကားများထဲ၌ ယုံကြည်မှုတို့ ပြည့်နေသည်။

All Chapters