သွေးနက်ဆေဘာဓား
Vol. 24 Ch. 328
ဟန်လိ၏ ယုံကြည်မှုရှိသောစကားများနှင့် သူကိုယ်တိုင်လည်း သူ၏ မိုးပြာအဆောင်ကို ထုတ်ကာ ထိုင်၍ အသက်သွင်းသည့်အခါ ချန်ချောင်ချန်နှင့် ကျုံးဝေနင်တို့သည်လည်း သူ့စကားကို နာခံကြတော့သည်။ သူတို့သည် အနီနှင့် အဝါ ရှေးချိပ်တံဆိပ်များကို အသီးသီး ထုတ်ယူကြကာ ၎င်းတို့ကို အသက်သွင်းရန် ခြေချိတ်ကာ ထိုင်ချသည်။
ချန်ချောင်ချန်၏ စီနီယာအစ်ကိုနှင့် စုန့်မင်တို့ကမူ တစ်ယောက်နှင့်တစ်ယောက် ကြည့်မိကာ ခါးသီးစွာ ပြုံးမိသည်။ သူတို့ထံ၌ ရှေးချိပ်တံဆိပ်များ မရှိကြတာ မဟုတ်ပေ။ ချန်ချောင်ချန်၏ စီနီယာအစ်ကို၌ သူ၏ သေဆုံးသွားသော တာအိုလက်တွဲဖော်ထံမှ အပြာရောင်ချိပ်တံဆိပ် ရှိနေသည်။ သို့သော်လည်း သူက ၎င်းကို အသုံးပြုပုံနှင့် ၎င်း၏စွမ်းအားတို့နှင့် ပတ်သတ်ပြီး ကျွမ်းဝင်ခြင်း မရှိပေ။ သူက ၎င်းကို ထုတ်ယူကာ မဆင်မခြင်ဖြင့် အသုံးမပြုမှာ သဘာဝပင်။ စုန့်မင်၌ မီးခိုးရောင်လှံချိပ်တံဆိပ် ရှိနေသော်လည်း ရေခဲနတ်ဆိုးနှင့် တိုက်ခိုက်ခဲ့စဉ်မှာ ၎င်းလှံ၏စွမ်းအားမှာ ကုန်ခမ်းသွားခဲ့လေပြီ။
သို့ဖြစ်၍ သူတို့နှစ်ယောက်သည် ဟန်လိတို့သုံးယောက်ကို ကာကွယ်ပေးရင်းသာ စောင့်နေရုံ ရှိသည်။ ထိုအခိုက်တွင် အင်ပါယာယွဲ့က ရူးသွပ်စွာ လှည့်ပတ်ပျံသန်းနေခြင်းသည် အကျိုးမရှိမှန်း သဘောပေါက်ကာ လေထဲတွင် မလှုပ်မယှက် ရပ်နေသည်။
သူက ခေါင်းငုံ့ကာ ခပ်တိုးတိုး ရေရွတ်နေပြီးနောက်မှာ သူ့ခေါင်းထက်မှ ရွှေရောင်သရဖူကို ချွတ်သည်။ သူ့ဆံပင်များမှာ လေထဲ၌ ဖွာလန်ကြဲကာ သူ့မျက်နှာတစ်ဝက်ကို ဖုံးသွားသည်။ သူ၏ နတ်ဆိုးဆန်သော၊ ထူးခြားဆန်းကြယ်သော အသွင်ဟန်ပြင်မှာ သူ့ခန္ဓာကိုယ်မှာ ထုတ်လွှတ်နေသော သွေးအလင်းနှင့် ဟပ်နေသည်။
သူက အသက်ဝဝရှိုက်သွင်း၏။ ရုတ်တရက် သူ့ချွန်မြသော လက်သည်းကို အသုံးပြုကာ သူ့လက်ကောက်ဝတ်ကို ဆွဲလှီးသည်။ ထိုဒဏ်ရာမှ သွေးများ ပန်းထွက်ကာ သူ့ခန္ဓာကိုယ်ပေါ်ရှိ သွေးအလင်းနှင့် ပေါင်းစပ်သည်။ ထိုအခါ သွေးအလင်းသည် ပိုနက်မှောင်သွားသည်။
သူတို့သည် အကွာအဝေး ခြားနေသော်လည်း အဝါရောင်မေပယ်တောင်ကြားမှ ကျင့်ကြံသူများသည် သွေးနံ့ကိုရကာ အော့အန်ချင်စိတ် ဖြစ်မိသည်။ သူတို့မျက်နှာများမှာ အနည်းငယ် ရှုံ့တွကုန်သည်။ သို့ပေမည့် သူတို့သည် ရန်သူက သူ့မှော်စွမ်းအား ထုတ်ဖော်နေတာကို ခါးသီးစွာသာ ကြည့်နေရသည်။
အင်ပါယာယွဲ့မှာ သူ့ခန္ဓာကိုယ်မှ သွေးအလင်းရောင်ကို မြင်သည့်အခါ ပါးစပ်ဟ၏။ အနီရောင်ချီအမျှင်တန်းနှစ်ခုကို သူ့လက်ကောက်ဝတ်ထံ ထွေးထုတ်သည်။ ထိုအမည်မသိမှော်ပညာရပ်က ချက်ခြင်းပင် သွေးတိတ်သွားစေပြီး သူ၏လက်ပေါ်ရှိ ဒဏ်ရာမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ သို့သော် သူ့အသားအရေကမူ သွေးများစွာ ဆုံးရှုံးခဲ့ရသဖြင့် အကြီးအကျယ် ဖြူရောနေသည်။
မာကြောခက်ထန်သောအသွင်ဖြင့် သူက မှုန်မှိုင်းနက်မှောင်သော ဓားအိမ်တစ်ခုကို ထုတ်ယူသည်။ ထိုဓားအိပ်မှာ ပေတစ်ဝက်လောက်သာ ရှည်သည်။ အင်ပါယာယွဲ့၏ ၎င်းဓားအိမ်ကို ဂရုတစိုက် ကိုင်နေပုံကို ထောက်ရှုပါက ၎င်းမှာ အသုံးမတည့်သောပစ္စည်းမဟုတ်၊ အလွန်အန္တရာယ်များမည့်အရာ ဖြစ်ပုံရသည်။
သူက ဓားအိမ်ကို စိုက်ကြည့်နေလျက် မန္တာန်တစ်ခုကို ခပ်တိုးတိုး စတင်ရေရွတ်သည်။
၎င်းမန္တာန်မှာ မကျယ်လောင်၊ နားလည်ရန်လည်း မလွယ်ကူပေ။ သို့သော် ၎င်းမန္တာန်သံ ဖြည်းဖြည်းချင်း ထွက်ပေါ်နေစဉ် လေထဲ၌ အရိုင်းဆန်သော ချီတစ်ခု မြင့်တက်လာသည်။
“သူ ဘာလုပ်နေတာလဲ…” အဝေးကနေ လှမ်းကြည့်နေရင်းကနေ စုန့်မင်က အံ့အားတသင့်ဖြင့် မမေးဘဲ မနေနိုင် ဖြစ်သည်။
“ငါလည်း မသိဘူး။ ဒါပေမဲ့ သူက တားမြစ်မှော်ပညာရပ်တစ်ခုခုကို အသုံးပြုနေတာ ဖြစ်ဖို့များတယ်…”
ချန်ချောင်ချန်၏ စီနီယာအစ်ကိုမှာ ပူပန်တကြီးဖြင့် ပြောသည်။
သူတို့နှစ်ယောက်မှာ ရန်သူ၏ ရည်ရွယ်ချက်ကို မသိနေသော်လည်း ထိုသူမှာ အစွမ်းကုန်တိုက်ခိုက်တော့မည်မှန်းတော့ သဘောပေါက်သည်။
သူတို့နှစ်ယောက် ဂနာမငြိမ်ဖြင့် ကြည့်နေစဉ်မှာပင် အင်ပါယာယွဲ့၏ မန္တာန်က ပိုမြန်လာသည်။ ကြမ်းကြုတ်သော အော်ရာမှာ ပိုပိုအားကောင်းလာသည်။
အင်ပါယာ၏မျက်လုံးထဲ၌ အနီရောင်အလင်း လင်းလက်နေရင်းနှင့်အတူ တုန်လှုပ်ဖွယ်မြင်ကွင်းတစ်ခု ဖြစ်ပွားလာသည်။
ဓားအိမ်က အနက်ရောင်အလင်းလုံးအဖြစ် ပေါက်ကွဲထွက်ကာ လေထဲ၌ လွင့်မြော၏။ ၎င်းက သူ့ခေါင်းထက် တစ်ပေလောက်မှာ လွင့်မြောနေရင်းကနေ မလှုပ်မယှက် ရှိနေသည်။
အင်ပါယာယွဲ့သည် ပို၍ သတိထားလာကာ ထူးခြားသောလက်ဟန်များကို တစ်ခုပြီးတစ်ခု ထုတ်ဖော်သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ သွေးအလင်းမှာ သွေးအမျှင်တန်းများအဖြစ်သို့ ပြောင်း၍ ဓားအိမ်ထံ အလျင်အမြန် ပျံသန်းတိုးဝင်သည်။
စစချင်း သွေးအမျှင်တန်းများက အနည်းအကျဉ်းသာ။ သို့သော် တအောင့်အကြာ၌ ဆထက်ပွားလာပြီး သွေးအမျှင်တန်း တစ်ရာကျော်ထိ ဖြစ်လာသည်။ ၎င်းတို့အားလုံးက ဓားအိမ်ထံ ပျံသန်းဝင်၏။
ချက်ခြင်းပင် ဓားအိမ်ကို သွေးနက်အမျှင်တန်းများဖြင့် သိပ်သည်းစွာ ထွေးပတ်သွားသည်။ ခဏအကြာ ယင်းအမျှင်တန်းမျးသည် ပေါက်ကွဲလွယ်သော သွေးစက်ဝန်းကြီးတစ်ခုအဖြစ်သို့ သိပ်သည်းလျက် ဓားအိမ်အတွင်းရှိ ဓားထဲထိ ထွေးပတ်သည်။ သေချာကြည့်ပါက သည်အနက်ရောင်အသွင်အပြင်ကနေ ထူးခြားသောအနီရောင်အလင်းတစ်ခုလည်း ဖြာထွက်နေတာကို မြင်ရနိုင်၏။
အင်ပါယာယွဲ့က ချိပ်ဟန်များ ဖန်တီးနေရင်းကနေ သည်မြင်ကွင်းကို မြင်သည့်အခါ ကျေနပ်ပျော်ရွှင်သွားဟန် ဖြစ်ပေါ်လာသည်။
သူက သူ့လက်နှစ်ဖက်ကို ရပ်၏။ မတူညီသော မှော်ပညာရပ်တစ်ခုကို ထပ်အသုံးပြုရန် ဟန်ပြင်သည်။ သို့သော် သူက ထိုသို့ ပြုလုပ်နေစဉ် အနက်ရောင်သွေးစက်ဝန်းက အလွန်အမင်း တောက်ပလှသော အနက်ရောင်အလင်းတစ်ခုကို ထုတ်လွှတ်လျက် ကြမ်းကြုတ်လာသည်။ ထို့နောက်တွင်မူ ၎င်းက စတင်၍ ဆူပွက် ပြန့်ကားလာခဲ့ကာ အလွန်တရာ မတည်မငြိမ် ဖြစ်နေပုံ ပေါ်သည်။ ဤသည်ကိုမြင်သည့်အခါ ပျော်ရွှင်ကျေနပ်နေသော အင်ပါယာယွဲ့၏ ဟန်ပန်တွင် အကြောက်တရား အစားထိုးဝင်ရောက်သည်။
သူက ခေါင်းလှည့်ကာ ဘေးပတ်ပတ်လည်သို့ ကြည့်သည်။ သို့သော် သူ့အကြည့်က သွေးစက်ဝန်းထံ ထပ်မံ ကျရောက်သွားချိန်တွင်မူ အကြောက်တရားကြောင့် မျက်နှာပျက်လာသည်။ သူ့အမူအရာမှာ ချက်ခြင်းပင် သေချာမှုနှင့် ပြည့်သွားကာ လေးနက်သောမန္တာန်စာသားအချို့ကို ရေရွတ်သည်။ ထို့နောက်တွင်မူ သူက သူ့လျှာထိပ်ကို ကြမ်းတမ်းစွာ ကိုက်ချပြီး ညှီစို့စို့သွေးနံ့များကို သူ၏လျှာတစိတ်တပိုင်းနှင့်အတူ ပုံပျက်ယွင်းနေသော စက်ဝန်းထံသို့ ထွေးထုတ်သည်။
အနက်ရောင်သွေးစက်ဝန်းက ၎င်းကို စုပ်ယူပြီးသည်နှင့် ချက်ခြင်းပင် တည်ငြိမ်သွားကာ ၎င်း၏ အလင်းဖြာထွက်မှုမှာ မှိန်ဖျော့သွားသည်။
မလွယ်ကူသေးပေ။ အင်ပါယာယွဲ့က အလွန်လျင်မြန်စွာဖြင့် ချိပ်ဟန်များကို ဖြစ်စေသည်။ သူ အသက်ပင် မရှုနိုင် ဖြစ်နေသည်။ ထိုအခါ သွေးစက်ဝန်း၏ အလင်းဖြာထွက်မှုက လုံးဝ ပျောက်ကွယ်သွားလေသည်။
ထိုအခါကျမှ အင်ပါယာယွဲ့သည် စိတ်သက်သာရာရကာ သက်ပြင်းချနိုင်တော့သည်။ သို့ပေမည့် အစောပိုင်းတုန်းက သူ့သွေးအနှစ်သာရကို ထွေးထုတ်ခဲ့သည့်အတွက် သူ့ရုပ်သွင်မှာ ဆယ်နှစ်ကျော် အိုစာသွားခဲ့လေပြီ။
သို့ဆိုပေမည့် ခုလက်ရှိ၌ သူက သည်ကိစ္စကို အာရုံမစိုက်နိုင်။ ထိုအစား သူက သူ့ခန္ဓာကိုယ်၏ သွေးအလင်းအစိတ်အပိုင်းကို ရုတ်တရက် ဖြတ်တောက်ကာ သွေးစက်ဝန်းထံ စေလွှတ်သည်။ တချိန်တည်းမှာ သူက နောက်ထပ် လေးနက်သောအသံဖြင့် မန္တာန်ရွတ်၏။ သို့သော် သူ့လျှာထိပ်မှာ မရှိတော့သည့်အတွက်ကြောင့် သူ့စကားလုံးများက ဗလုံးဗထွေး ဖြစ်နေသည်။
သွေးနက်စက်ဝန်းက တဖြည်းဖြည်းချင်း ပိုကြီးမားလာသည်။ မန္တာန်ရွတ်ဆိုခြင်း ပြီးမြောက်သည်နှင့် မဲနက်နေသောဓားအိမ်တစ်ခုသည် ဓားသွားတစ်ခု ပေါ်လာသည်။ ၎င်းမှာ သွေးနက်နှင့် ဖန်တီးထားသော ဆေဘာဓား၏ အစွန်းပိုင်း ဖြစ်၏။ သည်အသစ်ဖြစ်ပေါ်လာသော ဆေဘာဓားမှာ တုန်လှုပ်ချောက်ချားဖွယ်သွေးချီကို ထုတ်လွှတ်နေသည်။
တွေဝေခြင်းမရှိလေဘဲ သူက ဆေဘာဓားကို လှမ်း၍ ဆုပ်ကိုင်ကာ ဝေ့ယမ်းသည်။ မည်သည့်စွမ်းပကားမှ ဓားကနေ ထွက်ပေါ်လာခြင်း မရှိသော်လည်း အင်ပါယာယွဲ့မှာ သည်ဓားနှင့် ပတ်သတ်ပြီး အလွန်အမင်း ကျေနပ်နေသည်။
အသက်ဝဝရှိုက်သွင်းပြီးနောက်မှာ အင်ပါယာယွဲ့က စူးရှသောလေချွန်သံ ပြုသည်။ သူ့ကိုယ်သူ ဓားနှင့်အတူ သွေးနက်စက်ဝန်းကြီးအဖြစ်သို့ ပြောင်းလဲပစ်သည်။ ယင်းနောက်မှာ သူက ဝါးတောအုပ်ထံ တိုးဝင်လာချေသည်။ ထိုအခါ စုန့်မင်နှင့် တခြားသူများကား အကြီးအကျယ် စိတ်ပူပန်ကုန်သည်။
သို့သော် ထိုချိန်တွင် ဟန်လိက မျက်လုံးဖွင့်လာပြီး တိုးဝင်လာသော သွေးစက်ဝန်းထံ အေးတိအေးစက် လှမ်းစိုက်ကြည့်သည်။
ဟန်လိက သူ၏ ရှေးချိပ်တံဆိပ်ကို အစောပိုင်းလေးတည်းက အသက်သွင်းထားပြီး ဖြစ်သော်လည်း သူက ရန်သူ၏ လှုပ်ရှားလုပ်ဆောင်မှုများကို သူ၏ နက်နဲသော စိတ်ဝိညာဉ်အာရုံကနေ သိရှိထားပြီး ဖြစ်သည်။
အစောပိုင်းတုန်းက သွေးနက်ဆေဘာဓား ဖွဲ့စည်းနေစဉ် ဟန်လိ၏ စိတ်ဝိညာဉ်အာရုံသည် ၎င်းဓားသွား၏ စုပ်ယူခြင်းကို ခံခဲ့ရပေသည်။ အလန့်တကြား ဖြစ်သွားကာ ဟန်လိသည် သူ့စိတ်ဝိညာဉ်အာရုံကို ပြန်ရုတ်သိမ်းခဲ့ရသည်။ ကံကောင်းစွာဖြင့် ဓားက သူ၏စိတ်ဝိညာဉ်အာရုံကို တမင်မဟုတ်ဘဲ အလိုအလျောက်သာ စုပ်ယူမိသောကြောင့်ပင်။
သို့ဖြစ်၍ သူက သူ့စိတ်ဝိညာဉ်အာရုံကို ၎င်းအနက်ရောင်ဓားသွား၏လက်ကနေ အလွယ်တကူ ပြန်ရုတ်သိမ်းနိုင်ခဲ့သည်။
သို့တိုင် ထိုအဖြစ်အပျက်က ဟန်လိကို ချွေးစေးပြန်သွားစေသည့်အထိ ကြောက်သွားစေခဲ့သည်။ သူ၏ စိတ်ဝိညာဉ်အာရုံသာ ထိုမကောင်းဆိုးဝါးဆေဘာဓား၏ စုပ်ယူခြင်းကို အမှန်တကယ် ခံခဲ့ရပါက အကျိုးဆက်သည် ပြော၍မရနိုင်အောင် ဖြစ်သွားလိမ့်မည်။
ဟန်လိသည် ခုလက်ရှိ ဆေဘာဓားအပေါ် ရှိန်နေ၊ကြောက်နေသော်လည်း သူက သူ အလျင်အမြန် တည်ဆောက်ထားခဲ့သော ဒြပ်စင်ငါးခုပြောင်းပြန်အစီအရင် အပေါ် ယုံကြည်မှု အပြည့်ရှိသည်။
တကယ်တော့ လိုင်ဝမ်ဟဲကဲ့သို့ အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူတစ်ယောက်သည်ပင် သူ၏ မူလတုန်းက ဒြပ်စင်ငါးခုပြောင်းပြန်အစီအရင်ကို ချိုးဖျက်ရန် ခက်မည်ဟု ပြောခဲ့ဖူးသည်။ အခုအခါ မူလဒြပ်စင်ငါးခုပြောင်းပြန်အစီအရင်ကို အဆင့်မြှင့်တင်ထားခဲ့ပြီ ဖြစ်၍ သူ့အနေဖြင့် အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူတစ်ယောက်သည် အချိန်တိုအတွင်း ၎င်းကို ချိုးဖျက်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ဟု သူ့အနေဖြင့် လုံးဝ ယုံကြည်ထားသည်။
သို့ဖြစ်၍ ဟန်လိသည် မျက်လုံးဖွင့်ထားသော်လည်း သူ့စိတ်နှလုံးကမူ အေးဆေး ရှိနေ၏။
ဟန်လိ၏ စိတ်ထဲကနေ ထိုသို့ တွေးနေစဉ် အင်ပါယာယွဲ့ကမူ ရောင်စုံအလင်းအကာကို ကြမ်းတမ်းစွာ တိုက်ခိုက်လာပြီ။ သက်တံအလင်းအကာမှာ ထိုတိုက်ခိုက်မှုများကို အလွယ်တကူ ခုခံသည်။
အင်ပါယာယွဲ့သည် ထိုသည်ကို မျှော်လင့်ထားပြီး ဖြစ်ပုံရသည်။ သူက မကောင်းဆိုးဝါးဆန်စွာ ပြုံးသည်။ ထို့နောက်တွင်မူ သူ့လက်ထဲ၌ ဆုပ်ကိုင်ထားသော ဆေဘာဓားဖြင့် သက်တံအလင်းအကာကို ကြမ်းတမ်းစွာ ခုတ်ပိုင်းသည်။
စူးရှစွာ မြည်သံနှင့်အတူ ၎င်းဆေဘာဓားထံမှ အနက်ရောင်အလင်းတန်းကြီး မြင့်တက်လာသည်။ ထိုဓားအလင်းတန်းကား မီတာသုံးဆယ်ကျော်လောက်ထိကို ရှိပြီး သက်တံ့အလင်းအကာ၏ အစိတ်အပိုင်းများစွာကို ခုတ်ပိုင်းပစ်လေသည်။ ထိုအခါ သုံးမီတာလောက်အကျယ်ရှိသော အဟတစ်ခု ဖြစ်ပေါ်သည်။
ထိုသည်ကို မြင်သည့်အခါ အင်ပါယာယွဲ့သည် အကြီးအကျယ် ပျော်သွားပြီး ၎င်းအဟထဲသို့ နှေးဖင့်ခြင်းမရှိ တိုးဝင်လာသည်။ သူက သက်တံအလင်းအကာအရံထဲ အမှန်တကယ် ဝင်လာနိုင်ခဲ့သည်။
“မကောင်းတော့ဘူး…” စုန့်မင်က ချက်ခြင်းပင် အလန့်တကြားဖြင့် အော်သည်။
“လန့်စရာမလိုဘူး…။ ဒီသက်တံအလင်းဟာ ကျုပ်တို့ အကာအကွယ်ရဲ့ ပထမဆုံးအလွှာပဲ ရှိသေးတယ်။ ဒီမဟာအစီအရင်က အလွယ်တကူ ကျိုးပျက်မှာ မဟုတ်ဘူး…”
ဟန်လိ၏ မထူးခြားနားသံကို ကြားမှ စုန့်မင်နှင့် နောက်ထပ်စီနီယာအစ်ကိုတို့က တည်ငြိမ်သွားပြီး ပြုံးနိုင်တော့သည်။ သို့တိုင် သူတို့နှစ်ယောက်လုံးမှာ အံ့အားတသင့်တော့ ဖြစ်သွားရသည်။ အကြောင်းမှာ သည်ဂျူနီယာညီလေးဟန်က သူ၏ ရှေးချိပ်တံဆိပ်ကို အသက်သွင်းနေသည့်ကြားကနေ သူတို့နှစ်ယောက် ပြောသည့်စကားများအား ကြားနေသောကြောင့်ပင်။ မည်မျှ အထင်ကြီးဖို့ ကောင်းလိုက်သနည်း။
အင်ပါယာယွဲ့သည် သက်တံအရံအတားထဲ မီတာသုံးဆယ်လောက်ထိ ဝင်လာသည့်အခါ သူ၏အောက်မှ အဝါရောင်မေပယ်တောင်ကြားမှ ကျင့်ကြံသူများကို ကောင်းစွာ လှမ်းမြင်ရသည်။ သူက ဟန်လိနှင့် တခြားနှစ်ယောက်က သူတို့၏ ရှေးချိပ်တံဆိပ်များကို အသက်သွင်းနေတာကိုပါ မြင်သည်။
သူက မကောင်းဆိုးဝါးဆန်စွာ ပြုံး၏။ ဖြတ်ခနဲ ဆယ်မီတာကျော်ထိ ရောက်လာပြီး ဟန်လိ ထိုင်နေသော အပေါ်တည့်တည့်နားမှာ ပေါ်လာသည်။ သူ၏ ဆေဘာဓားကို ဝေ့ယမ်းသည်။ ထိုအခါ မီတာသုံးဆယ်ကျော်သော ဆေဘာဓားအလင်းကြီးက ဟန်လိထံ ခုတ်ပိုင်းဝင်လာ၏။