← Chapters

အမိန့်များ

Vol. 24 Ch. 331

အမိန့်များ

Vol. 24 Ch. 331

အင်ပါယာယွဲ့ထံမှ ပစ္စည်းအမယ်များကို သေချာ သိမ်းဆည်းပြီးနောက်မှာ ဟန်လိသည် သက်တံအလင်းထံ မော့ကြည့်ပြီး ဝါးတောအုပ်ထောင့်သို့ အလျင်အမြန် ပျံသန်းသွားသည်။

အချိန်ခဏ ကြာပြီးနောက်မှာ ဟန်လိသည် ဝါးပင်ရှည်တစ်ပင်နား ရောက်သည့်အခါ ၎င်း၌ စိုက်ထားသော အစီအရင်အလံကို ပြန်နှုတ်ယူသည်။

သက်တံအလင်းအရံအတားသည် ချက်ခြင်းပင် သဲလွန်စမရှိ ပျောက်ကွယ်သွားသည်။

ဟန်လိက ခပ်ရေးရေး ပြုံးကာ နောက်ထပ်တောအုပ်ထောင့်နား ပျံသန်းသွားပြန်သည်။ တအောင့်အကြာတွင် သူသည် အစီအရင်အလံများ၊ သတ္တုပြားများအားလုံးကို ပြန်သိမ်းဆည်းကာ ဝါးတောအုပ်ထဲကနေ ထွက်လာတော့သည်။

ဒြပ်စင်ငါးခုပြောင်းပြန်အစီအရင်၏ တိုးတက်လာသော ခွန်အားကို တွေ့ကြုံပြီးနောက်မှာ ဟန်လိသည် အရင်ကထက် ၎င်းကို ပို၍ တန်ဖိုးထားလာတော့သည်။ ဟန်လိသည် ဝါးတောအုပ်ထဲကနေ တည်တည်ငြိမ်ငြိမ် ထွက်လာသည့်အခါ၌ တစုံတစ်ခုက သူ့မျက်လုံးကို ဖမ်းစားသွားသည်။ ၎င်းမှာ ပျက်စီးယိုယွင်းနေသော အင်ပါယာယွဲ့၏အလောင်းပင်။ သက်တံအလင်း ပျောက်ကွယ်သွားချိန်တွင် ထိုသူ၏ ခန္ဓာကိုယ်မှာ မြေပြင်သို့ ပြုတ်ကျလာခဲ့တာ ဖြစ်ရမည်။

ဟန်လိက မျက်မှောင်ကြုံ့ကာ သက်ပြင်းချသည်။ ထို့နောက်တွင် သူသည် လက်သီးစုပ်ခန့် မီးလုံးတစ်လုံးကို ၎င်းအလောင်းထံ ပစ်လွှတ်ကာ ပြာဖြစ်သွားစေသည်။

သည့်နောက် ဟန်လိက သိုလှောင်အိတ်ကို ပုတ်သည်။ ရွှေရောင်အလင်းတန်းတစ်ခုသည် ပျံသန်းထွက်ကာ မြေပြင်၌ တွင်းနက်တစ်ခု ဖြစ်စေသည်။

ထို့နောက်တွင်တော့ ဟန်လိက သူ့အင်္ကျီလက်အိုးကို ပေါ့ပေါ့ပါးပါး ဝေ့ယမ်းပြီး အင်ပါယာယွဲ့၏ ပြာများကို ထိုတွင်းထဲသို့ ကျရောက်စေလိုက်သည်။ ရုတ်တရက် အဖြူရောင်အလင်း လင်းလက်သွားသည်။ ဟန်လိက ထိုတွင်းနားသို့ သွားရန် တွေးပြီးမှ ရပ်လိုက်သည်။

အံ့အားသင့်သွားကာ သူက လက်ဖြင့် လှမ်း၍ ယပ်သည်။ ထိုအခါ ပြာပုံထဲမှ နန်းတွင်းဝတ်ရုံတစ်ခုသည် သူ့လက်ထံ ပျံသန်းလာသည်။

“ဒါက…” ဟန်လိက ၎င်းကို သိချင်စိတ်ဖြင့် သေချာကြည့်သည်။

ထိုဝတ်ရုံသည် အဝါရောင်ခပ်ဖျော့ဖျာ့ရှိကာ ရှေးဆန်သည်။ ၎င်းဝတ်ရုံကို မည်သည်နှင့် ယက်လုပ်ထားမှန်း သူ မသိပေ။ ဟန်လိက သည်ဝတ်ရုံပေါ်၌ မထင်မရှားမြေပုံတစ်ခု ရှိနေတာကို မြင်လိုက်ရသည်။

သူ၏ သိချင်စိတ်က ပိုတိုးလာ၏။ သူက ထိုမြေပုံကို အလျင်အမြန် စူးစမ်းကြည့်သည်။ အကြိမ်ကြိမ် ကြည့်ပြီးသည့်နောက်မှာတော့ သူ၏ စိတ်ဝင်စားမှုက ဆုံးရှုံးသွားလေ၏။ အကြောင်းမှာ သေချာကြည့်ပြီးသည့်နောက်မှာ ၎င်းမြေပုံမှာ ယွဲ့ဒေသ၏ နယ်မြေဝန်းကျင် မဟုတ်နေ။ သူ့အတွက် စိမ်းလွန်းနေသော ဒေသတစ်ခု၊ နေရာတစ်ခု ဖြစ်နေသောကြောင့်ပင်။

ထိုမြေပုံက အစိမ်းသပ်သပ်ကုန်းမြေတစ်ခု ဖြစ်နိုင်သည်။ ထို့အပြင် ၎င်းဝတ်ရုံမှာ ထိခိုက်ပျက်စီးမှု ရှိထားသည့်အတွက် မြေပုံမှာ ပြည့်ပြည့်စုံစုံ ဟုတ်မနေပေ။ ၎င်းမှာ မူလမြေပုံ၏ တဝက်လား သို့မဟုတ် အစိတ်အပိုင်းလောက်လေးကိုတော့ ဟန်လိက သေချာ မသိချေ။ သို့သော် မြေပုံသည် အင်ပါယာယွဲ့သေပြီးနောက်မှ ပေါ်လာတာ ဖြစ်သည့်အတွက် သူက ၎င်းကို သူ့ခန္ဓာကိုယ်ထဲမှာ ဖုံးကွယ်ထားဖို့ လျှို့ဝှက်ပညာရပ်တစ်ခုခုကို အသုံးပြုခဲ့တာ ဖြစ်နိုင်သည်။ မဟုတ်ပါက ဟန်လိ၏ ရုပ်သေးများသည် ၎င်းမြေပုံကို အစကတည်းက ရှာတွေ့ခဲ့မှာ သေချာ၏။

သို့ဖြစ်၍ သည်မြေပုံမှာ အလွန်တရာ အရေးကြီးပုံ ရသည်။ ဟန်လိသည် ခဏ စဉ်းစားနေသေး၏။ ထို့နောက်တွင်မူ သူက သည်ပျက်စီးနေသော မြေပုံကို ဒြပ်စင်ငါးခုသွေးအမြုတေများနှင့်အတူ ကျောက်စိမ်းသေတ္တာထဲ ထည့်သိမ်းထားရန် ဆုံးဖြတ်လိုက်သည်။

အခုချိန်မှာ သည်မြေပုံ၏ ထူးခြားဆန်းကြယ်မှုကို ဖော်ထုတ်နေရမည့် အချိန် မဟုတ်ပါ။ သူက အလျင်လိုနေပြီ။ တခြားသူများကို သွားရှာရမည်။ တကယ်တော့ အင်ပါယာယွဲ့၏ သေဆုံးသွားခြင်းကြောင့် သည့်နောက်ပိုင်းမှာ ပြဿနာများ ရှိလာနိုင်ပေသည်။

ဟန်လိသည် ချန်ချောင်ချန်နှင့် တခြားသူများကို အေးစက်နန်းဆောင်၏ အရှေ့မှာ တွေ့ချိန်တွင် အဆင်မပြေသော သတင်းဆိုးအချို့နှင့် ကြုံရလေတော့သည်။

သူတို့က ဝူရွှမ်၏ အလောင်းကို မိစ္ဆာနက်ကျောင်းတော်သခင်၏ အခန်းထဲတွင် တွေ့ရှိခဲ့ရပေသည်။ သူ သေသွားခဲ့တာ သိပ်မကြာသေး။ သူက သွေးစတေးခံ ဖြစ်သွားခဲ့တာပင်။ သူ့သွေးအနှစ်သာရမှာ စုပ်ယူခြင်း ခံခဲ့ရသည်။ ဟန်လိက သည်အကြောင်းကို ကြားသည့်အခါ ခါးသီးစွာသာ ပြုံးနိုင်ပြီး ငြိမ်သက်သွားသည်။

မိစ္ဆာနက်ကျောင်းတော်နှင့် ကိစ္စကြောင့် သူ့ဂိုဏ်းမှ အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူများ သေဆုံးခဲ့ရသည်။ ဟန်လိက သူ ပြန်ရောက်သည့်အခါ သူ့ဆရာဖြစ်သူ လီဟာယွမ်မှာ သူ့ကို ကျိန်းသေပေါက် မျက်နှာသာပေးတော့မည် မဟုတ်ပေ။ တကယ်တော့ သည်ကိစ္စမှာ သူ့ကြောင့် ဖြစ်လာခဲ့တာ မဟုတ်လား။

အကူအညီမဲ့မှုကို ခံစားနေရရင်း ဟန်လိသည် နောက်ပိုင်း၌ မည်သို့တာဝန်ခံရမည့်အကြောင်းကို ချန်ချောင်ချန်နှင့်ကျုံးဝေနင်တို့ဖြင့် ပွင့်ပွင့်လင်းလင်း ပြောသည်။ ထို့နောက်တွင် သူက အကြောင်းပြချက်တစ်ခုပေးကာ ချင်းအိမ်တော်ထံ အရင်ဆုံး ပြန်လာခဲ့သည်။

သို့သော် သူ ပြန်ရောက်လာပြီး သိပ်မကြာခင်မှာပင် ဟန်လိသည် မထင်မှတ်ထားသော ဧည့်သည်တစ်ယောက်နှင့် တွေ့ရသည်။

……

“သိုင်းဦးလေးဟန်ကို နှုတ်ဆက်ပါတယ်…” သက်လတ်ပိုင်းလူတစ်ယောက်က သူ့ကို ဂါဝရပြု နှုတ်ဆက်သည်။

“သိုင်းတူလေးမာ…မင်းက ဒီလောက်နောက်ကျမှ ဘာလို့ ကျုပ်ကို လာရှာရတာလဲ။ အရေးကြီးတာ တစ်ခုခုများ ဖြစ်လို့လား…” ဟန်လိ၏မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှုဖြင့် ပြည့်နှက်သွားသည်။ ယွဲ့ဒေသ၏ တားမြစ်မြို့တော်မှ ခုလေးတင် ပြန်ရောက်လာသော ဟန်လိသည် ယွဲ့ကျင်း၌ ဂိုဏ်းနှင့် ဆက်ဆံရေးတာဝန်ခံ တပည့်တစ်ယော်ကက သူ့ကို ခြံဝန်းထဲမှာ စောင့်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။

ထို့အပြင် ယင်းတပည့်က သူ့ကို စောင့်နေတာ အတော်ကြာလောက်ပြီ။

“သိုင်းဦးလေး…ကျနော်က အမိန့်အသစ်တွေ ရရှိထားပါတယ်။ ဂိုဏ်းကြီးခုနစ်ဂိုဏ်းရဲ့ အခြေခံတည်ဆောက်ခြင်းတပည့်တွေအားလုံးဟာ နယ်စပ်တပ်စခန်းကို အလျင်အမြန် ပြန်လာရမယ်တဲ့။ ရန်သူတွေရဲ့ ထိုးစစ်ဟာ အရှိန်အဟုန် ပြင်းတော့မယ်လို့ ဆိုတယ်။ ပြီးခဲ့တဲ့ နှစ်လကစလို့ မိစ္ဆာတာအိုဂိုဏ်းခြောက်ဂိုဏ်းနဲ့ ယွဲ့ဒေသရဲ့ ဂိုဏ်းခုနစ်ဂိုဏ်းတို့ကြား စစ်ပွဲဟာ အပြင်းထန်ဆုံး အခြေအနေကို ရောက်လာခဲ့တယ်။ ဒါ့ကြောင့် အကုန်လုံး တိုက်ပွဲနေရာဆီ ပြန်သွားရမယ်။ ဒါ့အပြင် သိုင်းဘိုးဘေးလီက သိုင်းဦးလေးဟန်ဆီ သတင်းစကားတစ်ခုလည်း ပို့ပေးခဲ့ပါသေးတယ်…”

ထိုသက်လတ်ပိုင်းလူသည် အလေးအနက် ပြောကာ အမိန့်စာချွန်တစ်ခုနှင့် ကျောက်စိမ်းပြားတစ်ခုကို ဟန်လိထံသို့ လှမ်းပေးသည်။

သည်စကားကို ကြားချိန်၌ ဟန်လိသည် နည်းနည်းတော့ မင်သက်သွားသေးသည်။ သို့သော် သူက တည်ငြိမ်စွာ ဆက်နေပြီး ၎င်းပစ္စည်းနှစ်ခုကို လက်ခံယူကာ သေချာကြည်သည်။ အမိန့်စာတွင် ရေးထားသည်မှာ သက်လတ်ပိုင်းလူ ပြောခဲ့သည့်အတိုင်း အတိအကျပင်။ တာဝန်အသီးသီးဖြင့် တိုက်ပွဲကွင်းပြင်ပ ရောက်နေသော အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူအားလုံးသည် သည်အမိန့်စာချွန် လက်ခံရပြီး တစ်လအတွင်း ရှေ့တန်းတပ်စခန်းသို့ လာရမည်။ အဆုံးအဖြတ်တိုက်ပွဲက စတော့မည် ဖြစ်သည်။

သည်အမိန့်ချွန်စာကို ဖတ်ပြီးနောက်မှာ ဟန်လိက ကျောက်စိမ်းပြားထဲ သူ့စိတ်ဝိညာဉ်အာရုံကို ထည့်သွင်းသည်။ လီဟွာယွမ်၏ ပုံရိပ်ပေါ်လာကာ သူ့ကို ပွင့်ပွင့်လင်းလင်း ပြောလေသည်။ သူသည် ချင်းနေအိမ်ကို ကာကွယ်ပေးရန် မလိုတော့ကြောင်း၊ တခြားတပည့်များနှင့်အတူ နယ်စပ်သို့ လာရမည့်အကြောင်းကို ပြောခဲ့ပေသည်။ ထို့အပြင် သူက မိစ္ဆာတာအိုဂိုဏ်းများ၏ ယွဲ့ဒေသ၊ သေမျိုးလောကထဲ ဝင်မွှေမည့် အကြံလည်း မည်သည့်အတွက်ကြောင့်မှန်းမသိ ဖျက်သိမ်းသွားသည်ဟုပါ ဟန်လိကို ပြောသည်။

ဟန်လိက လီဟွာယွမ်၏ ပုံရိပ်ကနေ စကားတချို့ကို ကြားသည့်အခါ ဟန်လိမှာ သွေးအန်မတက် စိတ်တိုသွားမိသေးသည်။ သူက စိတ်ထဲရှိ သုန်မှုန်နေစိတ်ကို အတင်းဖိနှိပ်ကာ သူ့အသိစိတ်ကို ၎င်းကျောက်စိမ်းပြားထံမှ ပြန်ရုတ်၏။

ခဏ စဉ်းစားပြီးနောက်မှာ သူက လက်ထဲရှိ ပစ္စည်းနှစ်ခုကို ကြည့်ပြီး ပြောသည်။

“ဒီအမိန့်စာနဲ့ ကျောက်စိမ်းပြားကို ချန်ထားခဲ့။ ငါ ဒီအကြောင်းနဲ့ ပတ်သတ်ပြီး တခြားသူတွေကိုလည်း အသိပေးလိုက်မယ်…”

သက်လတ်ပိုင်းလူက ခဏ ချီတုံချတုံ ဖြစ်နေပြီးမှ တလေးတစား ပြောသည်။

“ကောင်းပါပြီ…ကျနော်က စီနီယာသိုင်းဦးလေးကို ဒုက္ခ ပေးမိပါပြီ…”

ထို့နောက်တွင် သူက ပြန်ထွက်သွားလေ၏။ ဟန်လိကမူ ဘာစကားမှ ထပ်မပြောတော့၊ သက်လတ်ပိုင်းလူ ပြန်ထွက်သွားသည်ကိုသာ စောင့်ကြည့်နေသည်။ ယင်းနောက် သူက လေတချက် ရှိုက်သွင်းပြီး သူ့အခန်းထဲ ပြန်လာခဲ့၏။

……

ဒုတိယနေ့ နံနက်ခင်းမှာ ဟန်လိနှင့် တခြားသူများက ဧည့်ဆောင်ခန်းမထဲမှာ ယွဲ့ကျင်းကနေ ထွက်ခွာမည့်အကြောင်းကို ဆွေးနွေးနေကြ၏။

“ကျမကတော့ ရှေ့တန်းတပ်စခန်းကို မသွားခင် မဟာတိုက်ပွဲကြီးမှာ မပါဝင်ခင် အရင်ဆုံး ကျမဂိုဏ်းကို သွားရအုံးမယ်။ ဒါ့ကြောင့် ရှင်တို့နဲ့အတူတူ လိုက်နိုင်မှာ မဟုတ်လောက်ဘူး…”

အမိန့်စာကို ဖတ်ပြီးသည့်နောက်မှာ ချန်ချောင်ချန်က သူမ၏ နှုတ်ခမ်းကို ခပ်ဖွဖွ ကိုက်ကာ ထိုသို့ ပြောသည်။

“ကျမကတော့ အစ်ကိုလျှိုရဲ့ အလောင်းကို သူ့ဂိုဏ်းဆီ ပို့ပေးရမယ်…”

ကျုံးဝေနင်ကလည်း ထိုသို့ ဆိုသည်။ သူမ၏မျက်လုံးက မသိမသာ နီမြန်းနေသည်။

တခြားသူများမှာလည်း အလားတူသာ တစ်ကိုယ်တည်း သွားကြရန်သာ စီစဉ်ထားကြသည်။

“ကျုပ်မှာတော့ ဘာအစီအစဉ်မှ မရှိဘူး။ ဒါ့ကြောင့် ကျုပ်က ညီလေးဟန်နဲ့ အတူတူ သွားလို့ရတယ်…”

စုန့်မင်က သူ့ဘေးရှိ ဟန်လိ၏ပုခုံးကို ပုတ်ကာ ထိုသို့ ပြောသည်။

“အစ်ကို(လေး)…ကျနော်က အဲ့လို သွားလို့ မဖြစ်သေးဘူး။ ကျနော် လုပ်ရမယ့် ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ချို့ ရှိနေသေးလို့…”

ဟန်လိသည် သူ့မှာ တွေးထားသည့်အကြံ ရှိနှင့်ထားပြီးသား ဖြစ်၍ စုန့်မင်၏ စကားကို မသိမသာ ပြုံး၍ လက်မခံပေ။

“ဒါဆိုလည်း ထားလိုက်တော့…” စုန့်မင်က အတော်လေး စိတ်ပျက်သွားပုံ ပေါ်သည်။

“ကျုပ်နဲ့ ဂျူနီယာစုန့်တို့ အတူတူ သွားကြမလား…” ချန်ချောင်ချန်၏ စီနီယာအစ်ကိုက စုန့်မင်ကို ပြုံး၍ ပြောသည်။ စုန့်မင်မှာ ချက်ခြင်းပင် စိတ်အား ပြန်တက်ကြွသွား၏။

ဟန်လိက ထိုသည်ကို မြင်သ်ည့အခါ သူသည် စိတ်ထဲကနေ မပြုံးမိဘဲ မနေနိုင် ဖြစ်ရသည်။ သူက သွေးလွှမ်းသော တိုက်ပွဲတစ်ခု ပြီးသည့်နောက်မှာပင် သူ၏ အစ်ကို(လေး)မှာ အရင်ကအတိုင်းသာ ဖြစ်နေအုံးမည်ဟု မထင်ထားမိခဲ့ပေ။

နောက်နေ့ မနက်ခင်းတွင်မူ လူတိုင်းက ကိုယ်လမ်းကိုယ်သွားကြမည်ဟု သဘောတူကြ၏။

နေ့လည်ခင်းတွင် ဟန်လိသည် ချင်းယန်ကို အန္တရာယ်မရှိတော့ကြောင်း၊ နောက်နေ့တွင် သူတို့ ထွက်သွားတော့မည့်အကြောင်းကို ပြောပြသည်။ သည်သတင်းကြောင့် ချင်းယန်မှာ အတော့်ကို ကျေနပ်ပျော်ရွှင်သွား၏။ သို့သော် သူက ဟန်လိကို ဧည့်သည်တစ်ယောက်အဖြစ် နေထိုင်ပေးပါရန် အလျင်စလို ပြောသေးသည်။ ဟန်လိက ပြုံး၍ ငြင်းသည်။ ထို့ကြောင့် ချင်းယန်မှာ သည်ကိစ္စကို လက်လျော့လိုက်ရသည်။

ချင်းယန်နှင့် စကားပြောပြီးနောက်မှာ ဟန်လိက သူ့နေအိမ်ထံ ပြန်လာသည်။

သို့သော် အပြန်လမ်းတွင် ရှိနေသော ဥယျာဉ်၌ သူ့ကို နောက်ကျောပေးထားသော အဖြူရောင်ဂါဝန်လေးဖြင့် ချန်ချောင်ချန်နှင့် လာကြုံသည်။

သူမက ပန်းပင်များကို နှစ်လိုစွာ ကြည့်ရှုနေရင်းကနေ သူ့လမ်းကို ပိတ်ထားသလို ဖြစ်နေသည်။

ထိုသည်ကို မြင်သည့်အခါ ဟန်လိက နည်းနည်းအံ့အားသင့်သွားပြီး ပြောသည်။

“အစ်မချန်…ဘယ်လောက်တောင် တိုက်ဆိုင်လိုက်လဲ…” ဟန်လိက ဖြတ်သွားဖြတ်လာ ကြုံ့သည့်အခါ နှုတ်ဆက်သည့်သဘောဖြင့် ပြောသည်။

သို့ပေမည့် ချန်ချောင်ချန်က ရုတ်တရက် ခါးမတ်သွားပြီး ဟန်လိဘက်သို့ လှည့်ကြည့်လာသည်။ သူမ၏ ဟန်ပန်မှာ ပန်းတစ်ပွင့်နှယ်၊ လှရက်လွန်းသည်။

“ဒါက တိုက်ဆိုင်တာ မဟုတ်ပါဘူး။ ကျမက ရှင့်ကို ဒီမှာ လာစောင့်နေတာ…”

ချန်ချောင်ချန်က သူမ၏ ဖူးသွယ်သော နှုတ်ခမ်းတစုံကို လှစ်ဟကာ ထိုသို့ ဆိုသည်။ သူမ၏မျက်နှာထက်တွင် စိတ်ရှုပ်ထွေးဟန် အမူအရာနှင့် သူမက ဟန်လိကို စိုက်ကြည့်နေသည်။

“အန်…ကျနော့်ကို စောင့်နေတာလား…” ဟန်လိက အံ့အားသင့်သွားသလို လန့်လည်း လန့်သွားမိသည်။ မည်သည့်အတွက်ကြောင့်မှန်းမသိ သူက စိတ်ထဲကနေ ခါးသီးမှုကော၊ ပျော်ရွှင်မှုကိုကောပါ ခံစားမိသည်။

ခဏ တိတ်ဆိတ်သွားပြီးနောက်မှာ ချန်ချောင်ချန်သည် ဟန်လိကို အလန့်တကြားအံ့ဩသွားစေမည့် စကားတချို့ကို ပြောသည်။

“ယွဲ့ကျင်းရဲ့ တောတောင်ရေမြေတွေဟာ အတော်လေး လှပတယ်လို့ ကျမ ကြားဖူးတယ်။ ဂန္ဓမာပန်းတောင်ဟာ လှပတဲ့ရှုခင်းတောင်တန်းတွေထဲက တစ်ခုပေါ့။ မောင်လေးဟန်က ကျမနဲ့အတူ အဲ့နေရာကို ရှုခင်းကြည့်ဖို့ လိုက်ပေးနိုင်မလား…”

“ရတာပေါ့…” အစတုန်းကတော့ ဟန်လိက ငြင်းမည်ဟု ကြံသေးသည်။ သို့သော် သူမ၏မျက်လုံးထဲရှိ ဝမ်းနည်းမှုကို မြင်သည့်အခါ သူက ပေါ့ပေါ့ပါးပါး သဘောတူသည်။ နတ်ဘုရားများက ဘာတွေ လုပ်နေသနည်း။

ချန်ချောင်ချန်က ဟန်လိ သဘောတူတာကို ကြားသည့်အခါ သူမ၏မျက်နှာက မသိမသာ နီမြန်းသွားသည်။ သူမက ပျော်ရွှင်သွားဟန် ဖြစ်ပေါ်၏။ ထိုအခါ သူမ၏ မယှဉ်သာအောင် အလှတရားမှာ လှစ်ဟပေါ်သည်။

“ကောင်းတာပေါ့။ မောင်လေးဟန်…ခုပဲ သွားကြမယ်လေ။ နေဝင်တဲ့ထိ စောင့်နေမယ်ဆို ကျမတို့ ဘာရှုခင်းမှ မြင်ရတော့မှာ မဟုတ်ဘူးလေ…”

All Chapters