← Chapters

ဂိုဏ်းခေါင်းဆောင်စွန်း

Vol. 24 Ch. 333

ဂိုဏ်းခေါင်းဆောင်စွန်း

Vol. 24 Ch. 333

ကောင်းကောင်းမွန်မွန်ဝတ်ဆင်ထားသော လူတစ်ယောက်သည် ဒုတိယထပ်သို့ ရောက်လာသည်။ သူ့ကို ကျန်လူငယ်သခင်လေးများက ဝန်းရံနေသည်။ ထိုလူငယ်မှာ အသက်သုံးဆယ်ဝန်းကျင်လောက် ရှိရော့မည်။ သူ့ကို လူအများက အထင်ကြီးအားကျနေသည့်အခါ သူက ပြုံးနေလေသည်။ အစောပိုင်းတုန်းက တိုးတိုးလျလျ ခြေသံက သူ့နောက်မှ ထွက်ပေါ်လာခဲ့တာ ဖြစ်သည်။

ထိုလူငယ်နှင့် ကျန်လူငယ်လေးများက ဒုတိယထပ်ကို ဝေ့ဝိုက်ကြည့်ရှုသည်။ ဟန်လိ၏ သာမန်အသွင်ဟန်ပန်က သူတို့ကို စိတ်မဝင်စားစေပေ။ သူတို့က တတိယထပ်သို့ ဆက်တက်သွားကြသည်။ ဧည့်သည်တော်ဆိုသူမှာ ထိုလူငယ် ဖြစ်ပုံရသည်။

သူတို့က တတိယထပ်သို့ ရောက်လာရုံရှိသေး စားပွဲထိုးများက အရသာရှိသော ဟင်းပွဲလျာများနှင့်အတူ နောက်မှ ရောက်လာခဲ့ပေပြီ။ ဟင်းပွဲများ ပြင်ဆင်ပေးပြီးသည်နှင့် စားပွဲထိုးများကို ပြန်ဆင်းခိုင်းသည်။ သူတို့ ပြောကြဆိုကြမည့် စကားများကို တခြားသူများကို မကြားစေချင်ပုံ ရသည်။ ထိုသည်ကို မြင်သည့်အခါ ဟန်လိက ပိုစိတ်ဝင်စားမိသွားသည်။ သူက သူ့စိတ်ဝိညာဉ်အာရုံကို အပေါ်ထပ်သို့ တိတ်တဆိတ် စေလွှတ်ပြီး သူတို့၏ စကားများကို ကောင်းကောင်း ကြားရသည်။

“အစ်ကိုလီ…ခင်ဗျား ရောက်လာတာ ကံကောင်းတာပဲ။ မဟုတ်ရင် ကျုပ်တို့ ဆိုးဝါးတဲ့ ကြမ္မာကို ခံစားနေရလောက်ပြီ။ ခင်ဗျား ဒီကို လာဖို့ သဘောတူခဲ့တာဟာ ကျုပ်တို့ကို မျက်နှာသာ ပေးလိုက်တာပဲ။ အစ်ကိုလီကို ဂုဏ်ပြုတဲ့အနေနဲ့ ကျုပ်တို့ တခွက်လောက် မော့ကြရအောင်….”

ပိန်ပိန်ပါးပါးနှင့်လူငယ်၏အသံတွင် ကျေးဇူးတင်အသိအမှတ်ပြုခြင်းတို့ ပြည့်နေသည်။

“မဟုတ်တာ။ အဲ့အပြင်လူတွေက ကျုပ်တို့ သက်တံဂိုဏ်းရဲ့ မျက်လုံးအောက်မှာ ရှိတဲ့ တစုံတစ်ယောက်ကို ရှာဝံ့တယ်ဆိုရင် သူတို့ဟာ ကျုပ်တို့ဂိုဏ်းရဲ့ ဥပဒေသတွေကို ဖောက်ဖျက်ရာ ကျနေပြီ။ ဒါ့ကြောင့် ကျုပ်က လုပ်သင့်တာကို လုပ်ခဲ့တာပါ…”

ကောင်းမွန်စွာ ဝတ်ထားသောလူငယ်က ထိုသို့ ပြောသည်။

သက်တံဂိုဏ်း၊ အစ်ကိုလီ ဟူသော အမည်တို့ကို ကြားသည့်အခါ ဟန်လိက နည်းနည်းတော့ အံ့အားသင့်သွားသည်။

“ဒါက တိုက်ဆိုင်မှုတစ်ခုလား။ ငါက ဖြတ်သွားဖြတ်လာသဘောနဲ့ ဒီကို ဝင်လာခဲ့ရုံနဲ့ သက်တံဂိုဏ်းနဲ့ ပတ်သတ်တဲ့ တစ်ယောက်ယောက်ကို လာတွေ့နေတယ်…”

“ဘာပဲဖြစ်ဖြစ်ပါလေ…ကျနော်တို့က အစ်ကိုလီကြောင့်သာ မဟုတ်ရင် အန္တရာယ်ကြီး ကြုံရမှာ။ အနာဂတ်မှာ အစ်ကိုလီကသာ အကူအညီ တစ်ခုခု တောင်းတာနဲ့ ကျုပ်တို့ အကောင်းဆုံး လုပ်ဆောင်ပေးပါ့မယ်…”

ထိုလူငယ်က သူ့ရင်ဘက်ကို ပုတ်ကာ ထိုသို့ ပြောသည်။

“ဒီက ညီအစ်ကိုတွေရဲ့ စိတ်ရင်းအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ မင်းတို့အားလုံးကို ပြန်ပေးဆွဲဖို့ ကြိုးစားတဲ့သူဟာ ကျန်းဟူ(သိုင်းလောက)မှာ နာမည်ကျော်တစ်ယောက်ပဲ ဖြစ်ရမယ်။ မဟုတ်ရင် သူက ကျားယွမ်မြို့လို နေရာမှာ အဲ့လိုမျိုး လှုပ်ရှားဝံ့မှာ မဟုတ်ဘူး…”

ဝတ်ကောင်းစားကောင်းဖြင့် လူငယ်သည် အကြောင်းအရာ ပြောင်း၍ ပြောသည်။

“အမှန်ပါပဲ။ အဲ့ဒီ ပြန်ပေးဆွဲတဲ့သူတွေဟာ အတော်လေး ကြမ်းကြုတ်တယ်။ ကျုပ် အိပ်ယာမှာပဲ အိပ်ပျော်နေတုန်း မျက်လုံးလည်း ပွင့်ရော တခြားနေရာမှာ ရောက်နေပြီလေ။ အဲ့အချိန်တုန်းကဆို ကျုပ် အတော့်ကို လန့်သွားတာ။ ကံကောင်းစွာနဲ့ ကျနော်တို့ရဲ့ အကြီးအကဲတွေဟာ ခင်ဗျားရဲ့ မြင့်မြတ်တဲ့အဖေကို ရှာနိုင်ခဲ့တာပဲ။ မဟုတ်ရင် ကျနော်တို့တော့ အတော်လေးကို ခံစားနေရလောက်ပြီ…”

ပိန်ပိန်ပါးပါးသူသည် ဖြစ်ပျက်ခဲ့တာကို ထိတ်ထိတ်လန့်လန့်ဖြင့် ပြန်ပြောပြသည်။

“တကယ်တော့ ဆရာဝမ်နဲ့ တခြားသူတွေက အမှန်တကယ် မရှာနိုင်ခဲ့ပါဘူး…”

လီမျိုးရိုးနှင့် တခြားလူငယ်များသည် ဆက်၍ စကားပြောနေသည်။

သူတို့စကားတချို့တလေကို ကြားရပြီးသည့်အခါ ဟန်လိသည် မည်သို့ဖြစ်ပျက်ခဲ့မှန်းကို အကြမ်းဖျဉ်း သိလိုက်သည်။

သည်အခွင့်ထူးခံလူငယ်လေးများမှာ ကျန်းဟူ၏ သိုင်းပညာရှင်တစ်ယောက်၏ ပြန်ပေးဆွဲတာကို ခံခဲ့ရတာ ဖြစ်မည်။ ထိုအခါ သူတို့၏အကြီးအကဲများက သက်တံဂိုဏ်းကို သွား၍ အကူအညီတောင်းခံခဲ့ကြသည်။ လူငယ်မှာ သက်တံဂိုဏ်းချုပ်၏ သားဖြစ်နိုင်သည်။ အခုစားပွဲသောက်ပွဲသည် သည်ဂိုဏ်းသခင်လေးကို ကျေးဇူးတင်ကြောင်း ပြသတာ ဖြစ်မည်။

ဟန်လိသည် ပြတင်းပေါက်ကနေ အပြင်သို့ ငေးကြည့်နေရင်း သက်တံဂိုဏ်းချုပ်နှင့် ပတ်သတ်သည့် အသုံးဝင်သော သတင်းအချို့ ရလေမလားဟုလည်း နားစွင့်ထားသေးသည်။ တအောင့်အကြာ၌ ပိန်ပိန်နှင့်လူငယ်ထံမှ လေးစားသော စကားတချို့ ထွက်ပေါ်လာသည့်အခါ ဟန်လိကို စိတ်လှုပ်ရှားသွားစေသည်။

“အစ်ကိုလီ၊ ဂိုဏ်းချုပ်လီရဲ့ အသက်ခြောက်ဆယ်ပြည့်မွေးနေ့က သိပ်မလိုတော့ဘူနော်။ သူဟာ ဒီအရွယ်ရောက်လာပေမယ့် အမြဲတမ်း တက်ကြွနေပြီး အသက်ကြီးပုံကို မပေါ်ဘူး။ ဒါ့ကြောင့် ခင်ဗျားတို့အိမ်တော်မှာ ဒီပွဲအတွက် ကြိုပြင်ဆင်နေကြမှာပေါ့…။ အဲ့အချိန်ကျရင် ကျနော်တို့လည်း သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ တခွက်တဖလားတော့ သောက်ကို သောက်ရမယ်…”

“ဟားဟား…အဖေရဲ့ သိုင်းအစွမ်းဟာ နက်နဲတယ်လေ။ ဒါ့ကြောင့် သာမန်လူတွေ မယှဉ်နိုင်ဘူး။ ညီအစ်ကိုတို့ကသာ လာချင်တဲ့ ဆန္ဒရှိရင် ကျုပ်က ကြိုဆိုမှာပေါ့။ ဒါ့အပြင် ကျုပ်ရဲ့ အဖေဟာ သူ့ဂိုဏ်းခွဲကနေ ပြန်ရောက်လာပြီး အဲ့ပြင်ဆင်မှုတွေအတွက် ကိုယ်တိုင်လာကြီးကြပ်နေတာ။ သူက အသက်သာကြီးနေတာ မွေးနေ့ပွဲနဲ့ ပတ်သတ်ပြီး အတော်လေး အားပါးတယ်…”

ထိုစကားကို ကြားပြီးသည်နှင့် ဟန်လိက သူ့စိတ်ဝိညာဉ်အာရုံကို ပြန်ရုတ်သည်။ သူသည် သက်တံဂိုဏ်းချုပ်သည် လီအိမ်တော်၌ ရှိနေသည်ကို သိလိုက်ရပြီဖြစ်၍ နောက်ထပ် တခြားအရာများကို သိဖို့ မလိုတော့ပေ။ ထို့နောက်တွင်မူ ဟန်လိသည် အရက်ခွက်ကို ပြန်ချပြီး စားပွဲပေါ်တွင် ငွေစတချို့ တင်ပေးပြီး လှမ်းပြောသည်။

“ကောင်လေး…ငါ ဒီမှာ ငွေရှင်းခဲ့ပြီ။ လာယူအုံး…”

သည်စကားကို ကြားသည့်အခါ စားပွဲထိုလေးက ခပ်မြန်မြန် လှမ်းလာသည်။

စားပွဲထိုးလေးသည် ဟန်လိ၏ စားပွဲနား ရောက်လာသည့်အခါ မျက်လုံးပြူးသွားပြီး အထပ်ထပ် ကျေးဇူးတင်တော့သည်။

ထိုစားသောက်ဆိုင်ထဲကနေ ထွက်လာပြီးသည့်နောက်မှာ ဟန်လိသည် လီအိမ်တော်ရှိနေသော နေရာကို လှမ်းကြည့်သည်။ သက်တံဂိုဏ်းချုပ်အဖို့ အချိန်သိပ်မကျန်တော့ပေ။ ညရောက်လာသည်နှင့် သူက လီအိမ်တော်ထံ သွားလည်ရမည်။ အနီးအနားတွင် အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူ တစ်ယောက်မှ မရှိသ၍ သူသည် သက်တံဂိုဏ်းချုပ်၏ အသက်ကို အလွယ်တကူ ယူနိုင်ကာ သူ ပေးထားသော ကတိကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်သည်။

သို့သော် အခုက စောနေသေးသည်။ သို့ဖြစ်၍ ဟန်လိက သူ၏ တခြားကိစ္စများကို သွားရောက်ကိုင်တွယ်အုံးမည်ဟု စဉ်းစားသည်။ ထိုအတွေးဖြင့် ဟန်လိသည် ပျာပန်းခတ်နေသော လူအုပ်ကြားထဲ ပျောက်ကွယ်သွားလေသည်။

စတုတ္ထဂိုဏ်းသည် ကျားယွမ်မြို့၌ နာမည်ဂုဏ်သတင်း ရှိသောဂုဏ်းတစ်ခု ဖြစ်သည်။ ယင်းဂိုဏ်းသည် အင်အားစုကြီးများကို မယှဉ်သာသော်လည်း အလယ်အလတ်ဂိုဏ်းများကြားတွင်မူ အစွမ်းထက်ဆုံး ဖြစ်သည်။ ယင်းဂိုဏ်း၏ ခေါင်းဆောင်မှာ စွန်းအာကုံး ဆိုသူ ဖြစ်သည်။

(မှတ်ချက်…အပိုင်း(၁၀၁)တွင် ဟန်လိသည် စွန်းအာကုံးနှင့် စတွေ့သည်။ ထိုသူမှာ ဟန်လိ၏ အစေခံဖြစ်လာခဲ့သူပင်။ )

အခုအခါ၌ စွန်းအာကုံးသည် အတိတ်ကအဆင့်အတန်းနှင့် သိသာစွာ ကွာခြားသွားခဲ့လေပြီ။ သူ့ကို အမည်တပ်ခေါ်ဝံ့သူဟူ၍ မရှိတော့ပေ။ အခုအခါ၌ သူ့ကို မြင်သူတိုင်းက ဂိုဏ်းခေါင်းဆောင်စွန်းဟုသာ ခေါ်ဝေါ်သုံးစွဲရသည်။

စတုတ္ထဂိုဏ်းမှာ အရင်ဆယ်နှစ်တုန်းက နေရာတွင် မရှိတော့ပေ။ မြို့ထဲရှိ လူစည်သောလမ်းမတစ်ခုပေါ်မှာ ရှိနေသည်။

ဂိုဏ်းဝင်များမှာ အရင်တုန်းကကဲ့သို့ ဆိပ်ကမ်းများ၌ ခရီးဆောင်အိတ်များကို သယ်ပေးသူများ မဟုတ်ကြတော့ပေ။ ထိုအစား သူတို့သည် နယ်မြေအပိုင်စားကနေ ရသော အကျိုးအမြတ်များ၊ စားသောက်ဆိုင်များနှင့် တခြားစီးပွားရေးများဖြင့် ရပ်တည်နေကြသည်။

ထိုသို့ဖြင့် စတုတ္ထဂိုဏ်းသည် ချမ်းသာကြွယ်ဝလာပြီး ဂိုဏ်းချုပ်စွန်း၏ ဘဝအဆင့်အတန်းမှာလည်း တိုးတက်လာခဲ့သည်။

စွန်းအာကုံးက လွန်ခဲ့သော တစ်လက်မှ ကိုးယောက်မြောက် ကိုယ်လုပ်တော်တစ်ယောက်ကို လက်ထပ်ထားသေးသည်။ သူက ကျားယွမ်မြို့၏ နာမည်ကျော်ခြံဝန်းတစ်ခုတွင် နေထိုင်သည်။

ထိုမိန်းကလေးက မည်သို့နေထိုင်ပြုမူရမှန်း အမှန်တကယ် သိသူ ဖြစ်၏။ သက်လတ်ပိုင်းအရွယ် စွန်းအာကုံးက သူမကို လက်ထပ်ပြီးသည့်နောက်မှာတော့ သူသည် သူမ၏ အခန်းထံ နေ့စဉ် ရောက်လာကာ ပြန်ထွက်သွားဖို့ကိုပါ မေ့မေ့သွားတတ်သည်။ တခြားကိုယ်လုပ်တော်များကိုမူ သူ့ခေါင်းထဲ သိပ်မရှိတော့ပေ။

သည်နေ့တွင်လည်း ဂိုဏ်းချုပ်စွန်းသည် သူမ၏ ခြံဝန်းထဲမှာ ပျော်မြူးနေသည်။ ဤကဲ့သို့သော အလှလေးနှင့် အတူတူ ရှိနေရခြင်းကြောင့် သူ့စိတ်ထဲ ပီတိဖြစ်၍မဆုံးတော့ပေ။

သို့သော် စွန်းအာကုံးသည် သည်နေ့၌ မွှေးရနံ့သင်းသော အခန်းထဲ ဝင်လာသည့်အခါတွင် သူက ချက်ခြင်း မင်သက်သွားသည်။

သူ ဝင်လာသည်နှင့် သူ အရှေ့တွင် မြင်ရသည်မှာ လူငယ်တစ်ယောက် ဖြစ်နေလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ ထိုလူငယ်သည် ဂိုဏ်းချုပ်စွန်းကို မြင်သည့်အခါ ပျင်းရိပျင်းတွဲဖြင့် ပြောလာသည်။

“စွန်းအာကုံး…မင်းမှာ ခုလောက် အရည်အချင်း ရှိလိမ့်မယ်လို့ ငါ မထင်ထားမိခဲ့ဘူး။ စတုတ္ထဂိုဏ်းကို စီမံတာ တော်တော်လေး ကောင်းတယ်။ ကြည့်ရတာ ငါ လူရွေးမှန်ခဲ့တဲ့ပုံပဲ…”

ထိုလူငယ်သည် သူ၏အမည်အပြည့်အစုံကို ခေါ်လာရုံသာမက အထက်စီးလေသံဖြင့်ပင် ပြောလာသေးသည်။ ထိုလူငယ်မှာ စတုတ္ထဂိုဏ်း၏ ဌာနချုပ်ထဲ လျှို့ဝှက်ဝင်ရောက်လာသော ဟန်လိပင်။ စွန်းအာကုံးသည် ဟန်လိကို မြင်သည်နှင့် ထိုနှစ်က သူ့ကို ကူညီပေးခဲ့သူမှန်း ချက်ခြင်း သိရှိသွားသည်။ တကယ်တော့ ဟန်လိသည် ဟိုးလွန်ခဲ့သော ဆယ်နှစ်ကျော်တုန်းကကဲ့သို့ ရုပ်ရည်သာ ရှိနေသေးသည် မဟုတ်လား။ အကြောင်းမှာ ရုပ်ပျိုဆေးကြောင့် ဖြစ်၏။

စွန်းအာကုံးသည် တုန်လှုပ်နေရင်းကနေ သူ့စိတ်ထဲတွင်လည်း မရေမရာဖြစ်မှု၊ စိုးရိမ်မှု၊ လက်မခံနိုင်မှုတို့ ဖြတ်ပြေးသွားသည်။ သူ့အမူအရာမှာ ဆက်တိုက် ပြောင်းလဲနေပြီးနောက်မှာ သူက လေးစားသည့်ဟန်ပန် ထုတ်ဖော်ကာ ရှေ့သို့ ခပ်မြန်မြန် လှမ်းလာပြီး ဟန်လိကို ဂါဝရပြုသည်။

“သခင်လေး ရောက်လာတာလား။ စွန်းအာကူးက သခင်လေးကို လေးစားသမှု ပေးပါတယ်…”

သူ၏ ထိုပုံစံမှာ ခုလက်ရှိခေါင်းဆောင်စွန်းနှင့် အတော့်ကို ကွဲပြားနေသည်။ သူသည် အခုလို နှိမ့်ချမပြောခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့လေပြီ။ သို့သော် သူသည် ယင်းသို့ နှိမ့်ချဝတ်တွားသော ဟန်ပန်ကို အတော်လေး ကျွမ်းကျင်စွာ လုပ်နိုင်နေတုန်းပင်။

ဟန်လိသည် မျက်ခုံးပင့်ကာ စွန်းအာကုံး၏ အပြောင်းအလဲမြန်လှသော အပြုအမူကြောင့် အံ့အားသင့်မိသွးသ်ည။ ခဏအကြာ သူက ခပ်ရေးရေး ပြုံး၍ သိချင်စိတ်အနည်းငယ်ဖြင့် လှမ်းပြောသည်။

“ကောင်းပြီ။ အခု မင်းက ဂိုဏ်းခေါင်းဆောင်တစ်ယောက် ဖြစ်နေပြီ။ ဒါ့ကြောင့် အရမ်း နှိမ့်ချခယနေစရာ မလိုဘူး။ ငါ အခု မင်းရှိလာခဲ့တာဟာ မင်း ဘယ်လိုဘယ်ပုံ ကြီးပွားနေလဲ၊ တိုးတက်နေလဲ မြင်ချင်လို့ပဲ။ ပြီးရင် ငါ ထွက်သွားတော့မှာ…”

စွန်းအားကုံးသည် ထိုစကားကို ကြားမှ ချက်ခြင်းစိတ်အေးနိုင်တော့သည်။ သူသည် သူ ခုရထားသော အခွင့်အာဏာများကို လက်လွှတ်ရမှာ စိုးရိမ်နေပေသည်။ သူသည် မြင့်မားသောအဆင့်တစ်ခု၌ နှစ်များစွာ နေလာခဲ့သည်ဖြစ်၍ ကျင့်ကြံသူများနှင့် ပတ်သတ်သည့် ကိစ္စအနည်းငယ်ကိုလည်း သိလာခဲ့ပြီ။ သူကဲ့သို့ သေမျိုးများမှာ ယင်းကျင့်ကြံသူများကို ခုခံဖို့ဆို လုံးဝ မျှော်လင့်ချက် မရှိမှန်း သူ သဘောပေါက်သည်။

မည်သို့ပင်ဖြစ်စေ စွန်းအာကုံးသည် ထိုသူမှာ အလွန်ဉာဏ်များသူမှန်း ကောင်းကောင်းသိသည်။ သူက ဟန်လိအတွက် ရုပ်သေးအဖြစ် လုပ်ဆောင်ပေးခဲ့သောကြောင့် ဟန်လိက သူ့ကို အကျိုးအမြတ်အများကြီး ပေးခဲ့တာဟု အစတုန်းက ထင်ထားခဲ့ပေသည်။ သို့သော် သူသည် ဟန်လိက သူ့ကို လွှတ်ပေးခဲ့ကာ နှစ်ပေါင်းများစွာ ပျောက်နေခဲ့လိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထိုသို့ဖြင့် စွန်အာကုံးသည် တခြားသူများ၏ အထက်တွင် ရှိနေရသော အရသာကို သဘောတွေ့လာခဲ့သည်။

သူသည် သည်လူငယ်သခင်လေးက ရုတ်တရက် ကိုယ်ထင်ပြလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပါ။ ဟန်လိက သူနှင့် ပတ်သတ်ပြီး လုံးဝ မေ့သွားခဲ့လောက်ပြီဟုသာ ထင်ထားခဲ့သည်။ ဟန်လိ၏ ရည်ရွယ်ချက်က ဘာမှန်းမသိရသော်လည်း သူက အမှန်တကယ် စိုးရိမ်ပူပန်မှု ပိုတိုးလာသည်။

“အန်…” ဟန်လိက စွန်းအာကုံးကို အံ့အားတသင့်ဟန်ဖြင့် လှမ်းကြည့်သည်။

“ဒီကိုလာခဲ့။ ငါ မင်းရဲ့ လက်ကောက်ဝတ်ကို ကြည့်ရအောင်လို့…” ဟန်လိက မျက်မှောင်ကြုံ့ကာ အမိန့်ပေးသည်။ စွန်းအာကုံးက မင်သက်သွားသည်။ ခဏတွေဝေနေပြီးနောက်မှာ သူက နာခံစွာဖြင့် လှမ်းလာပြီး သူ့လက်ကို ရှေ့ဆန့်ပြသည်။

ဟန်လိက စွန်းအာကုံး၏လက်ကို လှမ်းကိုင်ကာ သူ့ခန္ဓာကိုယ်ထဲသို့ စိတ်ဝိညာဉ်ချီအနည်းငယ် သွန်းလောင်းထည့်ပြီး သူ၏ သွေးကြောများကြား အလျင်အမြန် လှည့်ပတ်စေသည်။ ခဏကြာပြီးနောက်မှာ ဟန်လိက သူ့လက်ကို ပြန်လွှတ်ပေးပြီး စွန်းအာကုံးကို အလန့်တကြား ဖြစ်သွားစေသည့် စကားတချို့ကို ပြောသည်။

“မင်းခန္ဓာကိုယ်ထဲမှာ ပုန်းကွယ်နေတဲ့ အဆိပ်က သက်ရောက်မှု စနေပြီ။ အများဆုံးမှ မင်းဟာ အချိန်တစ်လလောက်ပဲ အသက်ရှင်နိုင်တော့မယ်…”

ဟန်လိ၏အသံမှာ အေးစက်နေလျက် မည်သည့်စိတ်ခံစားချက်မှ ပါဝင်မနေပေ။

All Chapters