ထူးခြားသော ပြောင်းလဲမှု
Vol. 24 Ch. 334
“အဆိပ်လား…မဖြစ်နိုင်ဘူး။ ကျနော်က အတော်လေးကို သတိထားတဲ့သူပါ။ ကျနော့်ရဲ့ အစားအသောက်တွေအတွက် စမ်းသပ်ပေးဖို့အတွက် ပညာရှင်တစ်ယောက်ကိုပါ ခန့်ထားသေးတယ်…”
ထိတ်လန့်တကြားဖြစ်သွားပြီးနောက် စွန်းအာကုံး၏ အမူအရာမှာ ပျက်ယွင်းသွားသည်။ သည်စကားကို ကြားသည့်အခါ ဟန်လိက ရှည်ရှည်ဝေးဝေး ရှင်းပြနေရမှာကို ပျင်းလှ၏။ သူက လက်ဝေ့ယမ်းသည်။ မိုးပြာအလင်း လင်းလက်သွားကာ စွန်းအာကုံး၏ ခန္ဓာကိုယ်ထံ ပျံသန်းသွားသည်။
“သခင်လေး…။ ဒါ…ဒါ ဘာလုပ်တာလဲဗျ…” စွန်းအာကုံးသည် မရှောင်ဝံ့ပေ။ သို့သော် သူက အထစ်ထစ်အငေါ့ငေါ့ဖြင့် အလန့်တကြား ပြောသည်။
“ဒါက အစစ်အမှန်ဝိညာဉ်ပညာရပ်ပဲ။ ဒါက မင်းခန္ဓာကိုယ်တွင်းက အဆိပ်တွေကို မြင်နိုင်အောင် လုပ်ပေးနိုင်တယ်။ မင်းဟာမင်းပဲ သွားပြီးတော့ မှန်ကြည့်လိုက်…”
ထိုစကားကို ကြားသည့်အခါ စွန်းအာကုံး၏ စိတ်နှလုံးမှာ ပြုတ်ကျသွားသည့်နှယ်။ ထို့နောက်တွင် သူသည် အခန်းထောင့်ရှိ အလှဆင်ထားသောခုံတစ်ခုထံ ပြေးသွားသည်။ ကြေးမုံငယ်တစ်ချက်ကို ကသိုက်ကရိုက် ရှာကာ သတိကြီးကြီးထား၍ သူ မှန်ကြည့်သည်။ သူ တွေ့မြင်ရသည့် အရာကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ သူ့မျက်နှာထက်တွင် ခရမ်းနက်ချီများ ဖုံးနေတာကို သူ မြင်လိုက်ရလေသည်။ တချက်ကြည့်ရုံဖြင့် သူ့ကိုယ်သူ အဆိပ်မိနေတာ ဖြစ်ကြောင်းကို ပြောနိုင်သည်။
“သခင်လေး…ကျေးဇူးပြုပြီး ကျနော့် အသက်ကို ကယ်တင်ပေးပါ။ ဒီတစ်ယောက်က တချိန်လုံး သခင်လေးအပေါ် သစ္စာစောင့်သိနေခဲ့ပြီး နာခံခဲ့တဲ့သူပါဗျ…”
စွန်းအာကုံးက ဟန်လိထံ အပြေးလာပြီး သူ့အသက်ကို ကယ်ပေးဖို့ ဒူးထောက် တောင်းဆိုသည်။
ဟန်လိသည် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ သို့ဖြစ်၍ သူကဲ့သို့သူမျိုးကို လှည့်စားနေရန် များစွာ အားစိုက်ထုတ်နေစရာ လိုလိမ့်မည် မဟုတ်မှန်း စွန်းအာကုံးက ကောင်းကောင်းသိသည်။ ဟန်လိသာ သူ့ကို အမှန်တကယ် ထိခိုက်စေချင်ပါက လက်တစ်ချောင်း လှုပ်ရုံသာ လိုလိမ့်မည်။
သစ္စာရှိကြောင်း ပြသတာကို မြင်သည့်နောက် ဟန်လိက မသိမသာ ပြုံး၍ တည်ငြိမ်စွာ ပြောသည်။ “စိတ်အေးအေးနေပါ။ မင်းရဲ့ အဆိပ်က ဖုံးကွယ်နေပေမယ့် အဆိပ်ဓာတ်ကတော့ ပျော့တယ်။ ဒါက ရက်အနည်းငယ်အတွင်းတော့ မင်းကို သတ်နိုင်လိမ့်မှာ မဟုတ်ဘူး။ ဒါ့ကြောင့် အကြောက်လွန်မနေနဲ့…”
စွန်းအာကုံးသည် အနည်းနှင့်အများ ပြန်တည်ငြိမ်သွားသော်လည်း သူက ဆက်၍ အသနားခံနေတုန်းပင်။
“သခင်လေးဟာ စွမ်းအားကြီးတဲ့သူပါ။ ကျေးဇူးပြုပြီး ကျနော်၊ စွန်းအာကုံးရဲ့ အဆိပ်ကို ဖြေပေးပါဗျ။ သခင်လေးကို ကျနော်တက် တသက်လုံး သစ္စာရှိရှိ နာခံမယ့်သူပါ။ သခင်လေး ကျနော့်ကို မယုံဘူးဆိုရင် ကျိန်ဆိုပါ့မယ်။ ကျနော်ဟာ…”
စွန်းအားကုံးသည် ဂိုဏ်းခေါင်းဆောင်တစ်ယောက် ဖြစ်နေသော်လည်း သေရမှာ အလွန်ကြောက်နေဆဲသာ။ ဟန်လိ၏ အပြောကိုပင် စောင့်မနေလေဘဲ သူက သူ့ဟာသူ ကျိန်ဆိုလေတော့သည်။ ဟန်လိမှာ စွန်းအားကုံး၏ ပုံစံကြောင့် ရယ်ချင်မိသွားသည်။
“ငါ့အတွက် သစ္စာရှိရှိ တာဝန်ထမ်းဆောင်ပေးမှာ ဟုတ်လား။ ကြည့်ရတာ သူက အတုန့်အလှည့် ဘာမှ မရှိဘဲ အကျိုးအမြတ်ကြီး ရနေတဲ့ပုံပဲ…”
ထိုသို့တွေးမိကာ ဟန်လိသည် ငိုရမလား၊ ရယ်ရမလား မသိတော့ပေ။
“ကဲ ဒီမှာ အဆိပ်ဖြေဆေး။ မင်း သောက်ပြီးတာနဲ့ အဆင်ပြေသွားလိမ့်မယ်။ ဒါပေမဲ့ မင်းကို အဆိပ်ခက်တဲ့သူကိုတော့ သေချာသိအောင် လုပ်ပါ…”
ဟန်လိသည် အပြာရောင်ဆေးလုံးတစ်လုံးကို စွန်းအာကုံးထံ လှမ်းပစ်ပေးသည်။
“ကျေးဇူးအများကြီး တင်ပါတယ်။ ကျေးဇူး အများကြီး တင်ပါတယ်…သခင်လေး…”
ဆေးလုံးရသည့်နောက် စွန်းအာကုံးမှာ အလွန်ပျော်ရွှင်သွားပြီး ကျေးဇူးစကား အခါခါ ပြောသည်။ ထို့နောက်တွင်မူ သူက အလျင်အမြန် ထရပ်ကာ ဆေးလုံးကို သိမ်းဆည်းသ်ည။
“ဒီအဆိပ်ဟာ တစ်ခါနှစ်ခါ အခတ်ခံရရုံနဲ့ ခုလောက်ထိ ပြင်းထန်တဲ့အထိ မရောက်ဘူး။ အနည်းဆုံး ဒီအဆင့်ထိ ရောက်လာဖို့အတွက် လပေါင်းများစွာ ကြာလိမ့်မယ်။ မင်းအနေနဲ့ အဆိပ်ခက်တဲ့သူကို ရှာနိုင်လိမ့်မယ်လို့ ငါ ယုံတယ်။ အနည်းဆုံးတော့ မင်း အဲ့လို လုပ်နိုင်ရမှာပေါ့။ မဟုတ်ဘူးလား…ကျုပ်ရဲ့ ဂိုဏ်းခေါင်းဆောင်ကြီးစွန်းရဲ့…”
ဟန်လိသည် ဟာသတဝက်နှော၍ ရယ်ကာမောကာဖြင့် ပြောသည်။
“သခင်လေး စိတ်ချပါ။ ကျနော့်ကို အဆိပ်ခက်ခဲ့တဲ့သူ ဘယ်သူဆိုတာ ကျနော့်စိတ်ထဲမှာ ထင်ကြေးတချို့ ရှိနေပြီးပါပြီ…”
စွန်းအာကုံးသည် ခေါင်းကုတ်ကာ ပြုံး၍ ထိုသို့ ပြောသည်။ သူ့ဘဝကို ခုလေးမှ ဟန်လိက ကယ်တင်ပေးထားခဲ့တာ မဟုတ်လား။ သို့ဖြစ်၍ သူသည် အခုအခါ၌ ဟန်လိကို ပို၍ လေးစားမိနေတာ သဘာဝပင်။
“အင်း…ကျင့်ကြံသူတစ်ယောက်အနေနဲ့…ကျုပ်က မင်းတို့ သေမျိုးတွေရဲ့ ကိစ္စကိုတော့ အရမ်း ဝင်ပါမှာ မဟုတ်ဘူး။ ကျုပ် ဒီကို လာခဲ့တဲ့အကြောင်းရင်းဟာ ဝိညာဉ်သေကို မြင်ချင်လို့ရယ်၊ ပြန်လာယူတာရယ်ကြောင့်ပဲ။ အခု ကျုပ်ရဲ့ ကျင့်ကြံမှုအဆင့်က နည်းနည်း တိုးတက်လာပြီဆိုတော့ သူ့ကို ခေါ်သွားလည်း ဘာပြဿနာမှ မရှိလောက်တော့ဘူး။ ဒါနဲ့ ပတ်သတ်ပြီး မင်း ဘာပြောစရာ ရှိလဲ…”
ဟန်လိ၏မျက်နှာထက်ရှိ အပြုံးသည် ပျောက်ကွယ်သွားပြီး လေးနက်သောလေသံဖြင့် ပြောသည်။
“သခင်လေးက ဆရာဝိညာဉ်သေကို ပြန်ခေါ်ချင်လို့လား…။ ဒါပေမဲ့ သခင်လေး…ဆရာဝိညာဉ်သေဟာ ခု စတုတ္ထဂိုဏ်းမှာ မရှိနေဘူး…”
စွန်းအာကုံး၏ လေသံအရ သူ့စိတ်ထဲတွင် ပြောချင်စရာများ ရှိနေပုံ ရသည်။ သို့သော် သူသည် သတ္တိမွေးကာ ထိုသို့ ပြန်ဖြေသည်။
“မင်း ဘာပြောတယ်။ မင်း သူ့ကို ဆုံးရှုံးသွားတာလား…” ဟန်လိ၏မျက်နှာမှာ နက်မှောင်လာသည်။ အခန်းထဲရှိ အပူချိန်မှာ တိုးလာသည်။ စွန်းအာကုံးမှာ ကြောက်လန့်ကာ ကတုန်ကယင် ဖြစ်သွားသည်။
“သခင်လေး…ကျေးဇူးပြုပြီး တည်ငြိမ်ပေးပါအုံး။ ကျနော် သူ့ကို ဆုံးရှုံးသွားတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဆရာဝိညာဉ်သေက သူ့ဟာသူ ထွက်ပြေးသွားခဲ့တာပါ။ သူဟာ မြို့ထဲမှာ မရှိပေမယ့်လည်း သိပ်မဝေးလှပါဘူး။ အနီအနားက တောအုပ်တစ်ခုထဲမှာပါ။ ဆရာဝိညာဉ်သေနောက်ကို ကျနော် လူတချို့ စေလွှတ်ခဲ့ပါသေးတယ်…”
စွန်းအာကုံးသည် ဟန်လိ ဒေါသထွက်ကာ ထလုပ်မည်ကို ကြောက်၍ အလျင်မြန်ဆုံးနှုန်းဖြင့် ရှင်းပြလေသည်။
“သူ့ဟာသူ ထွက်ပြေးသွားတယ် ဟုတ်လား။ ဘာဖြစ်ခဲ့တာလဲ။ သေချာ ရှင်းပြ။ မင်း ပြောသလိုသာ မဟုတ်လို့ကတော့ ငါ ပြန်လာတာက မင်းကို အပြစ်ပေးသလိုဖြစ်မှ ငါ့ကို အပြစ်မတင်နဲ့…”
ဟန်လိ၏မျက်နှာထက်တွင် အံ့အားသင့်ဟန် မသိမသာ ဖြတ်ပြေးသွားသော်လည်း သူက အေးအေးဆေးဆေးအသွင်ဖြင့် ပြန်တုန့်ပြန်သည်။
စွန်းအာကုံးသည် ဝိညာဉ်သေ မည်သည့်နေရာတွင် ရှိနေတာကို သိသည်ဆိုလျှင် လုံလောက်ပေပြီ။ သို့သော် ဝိညာဉ်သေမှာ လမ်းလျှောက်သော အလောင်းတစ်ခုသာ ဖြစ်၍ ဟန်လိအနေဖြင့် ၎င်းဘာသာ ထွက်ပြေးသွားသည်ဟူသော အချက်ကို ယုံဖို့ ခက်နေသည်။
ဟန်လိ ဒေါသမထွက်တာကို မြင်မှ စွန်းအာကုံးသည် စိတ်အေးသွားသည်။ သူ့က လစ်လျူမရှုဝံ့ဘဲ အလျင်စလို ရှင်းပြသည်။
“သခင်လေးက ကျုပ်ရှိ ဆရာဝိညာဉ်သေကို ပေးခဲ့တုန်းက သခင်လေးရဲ့ ညွှန်ကြားချက်တွေအတိုင်း နောက်ဆုံးဝှက်ဖဲအနေနဲ့ သူ့ကို အသုံးပြုခဲ့ပါတယ်။ တခြားသူတွေ သူ့ကို မြင်ခွင့် မပေးခဲ့ပါဘူး…”
“ဒါပေမဲ့လို့ လွန်ခဲ့တဲ့ ခြောက်နှစ်တုန်းက ဆရာဝိညာဉ်သေဟာ ပုံမှန် မဟုတ်တော့ဘူး။ အဲ့အချိန်တုန်းက ကျနော်တို့ ဂိုဏ်းဟာ တခြားဂိုဏ်းတစ်ခုနဲ့ ရင်ဆိုင်နေရတဲ့အတွက် အရေးတကြီး အချိန် ဖြစ်ခဲ့ပါတယ်။ အဲ့ဂိုဏ်းက ကျွမ်းကျင်သူတွေကို ရင်ဆိုင်ပေးဖို့ ဆရာဝိညာဉ်သေကို အကူအညီပေးဖို့ ကျနော် တောင်းဆိုခဲ့ပါတယ်။ အဲ့တိုက်ပွဲမှာ ဆရာဝိညာဉ်သေဟာ အင်အားပြခဲ့ပြီး ကျနော်တို့ ဂိုဏ်းဟာ အနိုင်ရခဲ့ပါတယ်။ ဒါပေမဲ့ တိုက်ပွဲပြီးတဲ့နောက် ရက်တချို့မှာ ဝိညာဉ်သေကို စောင့်ကြည့်ပေးဖို့ တာဝန်ပေးထားတဲ့ ငယ်သားဟာ ကျနော့်ရှိ ရုတ်တရက် ရောက်လာခဲ့ပြီး ဆရာဝိညာဉ်သေဟာ စကားစပြောတယ်လို့ ကျနော့်ကို တင်ပြခဲ့ပါတယ်။ ဒါ့ကြောင့် ကျနော်လည်း အတော့်ကို အံ့အားသင့်တုန်လှုပ်သွားပြီး ဝိညာဉ်ထိန်းချုပ်ခေါင်းလောင်းနဲ့အတူ အပြေးသွားခဲ့တယ်။ အဲ့နောက်မှာတော့…”
စွန်းအာကုံးသည် ထိုနေရာတွင် သူ့စကားကို ရပ်ကာ ခါးသီးစွာ ပြုံးသည်။
“အဲ့နောက်ပိုင်း ဘာဖြစ်ခဲ့လဲ။ ဝိညာဉ်ထိန်းချုပ်ခေါင်းလောင်း ပိုင်ဆိုင်ထားတဲ့ မင်းကို ဝိညာဉ်သေက တိုက်ခိုက်လာတယ်လို့တော့ ငါ့ကို မပြောနဲ့…”
စွန်းအာကုံးသည် အလန့်တကြားနှင့် ဆက်ပြောသည်။
“သူက ကျနော့်ကိုတော့ မတိုက်ခိုက်ပါဘူး။ ဒါပေမဲ့ ကျနော်က သူ့အခန်းထဲ မဝင်ခင်မှာပဲ ဆရာဝိညာဉ်သေဟာ ရုတ်တရက် နံရံကို ချိုးဖျက်ပြီး ထွက်ပြေးသွားခဲ့တယ်။ ကျနော့်အနေနဲ့ သူ့နောက်ကို လုံးဝ မလိုက်နိုင်ခဲ့ပါဘူး…”
စွန်းအာကုံးသည် အကူအညီမဲ့သည့်ဟန်ဖြင့် ထိုသို့ ပြောသည်။
“သူ ထွက်ပြေးသွားတာလား…” ဟန်လိမှာ မျက်ခုံးပင့်သွားသည်။ သူ့စိတ်ထဲ၌လည်း အတွေးများသွားပုံ ရသည်။
“အမှန်ပါပဲ…သခင်လေး။ အဲ့အဖြစ်အပျက်ဟာ နှစ်များစွာ ရှိခဲ့ပေမယ့် တချို့အကြောင်းရင်းတွေကြောင့် ဆရာဝိညာဉ်သေဟာ တောအုပ်အစပ်မှာပဲ ရှိနေတုန်းပဲ။ ကျနော်က ဂိုဏ်းက ကျွမ်းကျင်သူတွေနဲ့ သူ့ကို သွားခေါ်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးပေမယ့်လည်း သူက ကျနော့်ကို မမြင်ချင်ဘူး။ ကျနော် လာတာနဲ့ ချက်ခြင်းကို ထွက်ပြေးတော့တာ။ သူ့လမ်းကြောင်းကို ကျွမ်းကျင်သူတချို့နဲ့ ပိတ်ဆို့တားဆီးခဲ့ပေမယ့် ဘယ်သူကမှ ဆရာဝိညာဉ်သေရဲ့ ပြိုင်ဘက် မဟုတ်ခဲ့ဘူး။ ကျနော့်ဂိုဏ်းရဲ့ ကျွမ်းကျင်သူနှစ်ယောက်ပါ သေဆုံးခဲ့ရသေးတယ်…”
စွန်းအာကုံးက ထိုသို့ ပြောသည်။
“ဒါက သိပ်တော့ မထူးဆန်းဘူး။ ဘာလို့လဲဆိုတော့ ဝိညာဉ်ထိန်းချုပ်ခေါင်းလောင်းကို မင်း ယူသွားလို့ပဲ။ ဝိညာဉ်သေကို ထိန်းချုပ်မှုဟာ ဘာကြောင့် ဆုံးရှုံးသွားလည်း ငါ မသိပေမယ့် ကြည့်ရတာ ငါ အရင်တုန်းက သူ့အပေါ် ချထားခဲ့တဲ့ အတားအဆီးတွေကတော့ ခုထိ သက်ရောက်မှု ရှိနေတဲ့ပုံပဲ…”
ဟန်လိက အေးတိအေးစက် ရယ်မောပြီး မထူးခြားနားဟန်ဖြင့် ထိုသို့ ပြောလိုက်သည်။
“ဝိညာဉ်သေ ဘယ်မှာ ရှိလဲ ငါ့ကို ပြောပါ။ သူ့ကိစ္စကို ငါပဲ ဖြေရှင်းလိုက်မယ်။ ငါ ကိုယ်တိုင်ပဲ ဘယ်လိုဖြစ်ပျက်ခဲ့လဲ သွားကြည့်တော့မယ်။ မင်းက ဝိညာဉ်ထိန်းချုပ်ခေါင်းလောင်း အသုံးပြုလို့ မရမှတော့ ငါ့ကို ပြန်ပေးချေ…”
ခဏစဉ်းစားပြီးနောက်မှာ ဟန်လိသည် တည်ငြိမ်စွာ ပြောသည်။
“ဟုတ်ကဲ့ပါ…သခင်လေး။ ကျနော့်ရဲ့ ငယ်သားတွေဟာ လွန်ခဲ့တဲ့နှစ်ရက်ကတင် ဝိညာဉ်သေ ဘယ်မှာ ရှိနေလဲဆိုတာကို တင်ပြထားပါသေးတယ်။ ခုလက်ရှိ သူဟာ အနောက်ဘက်…”
စွန်းအာကုံးက ကျားယွမ်မြို့အပြင်ဘက် ကီလိုမီတာတစ်ရာလောက်တွင် ရှိနေသော နေရာတစ်ခုထံ တလေးတစား လမ်းညွှန်ပြောပြသည်။ ထို့နောက်တွင်မူ သူက ဝိညာဉ်ထိန်းချုပ်ခေါင်းလောင်းကို ဂရုတစိုက်ထုတ်ကာ ဟန်လိထံ လက်နှစ်ဖက်ဖြင့် တရိုတသေ ပေးလိုက်သည်။
ဟန်လိက ခေါင်းညိတ်ပြ၏။ သူက ထိုမှော်ခေါင်းလောင်းကို ခဏ စစ်ကြည့်သည်။ ထို့နောက်တွင်မူ ၎င်းကို သူ့သိုလှောင်အိတ်ထဲ ထည့်သည်။
“ဝိညာဉ်သေ ကိစ္စအပြင် ငါ ဒီကို ရောက်လာခဲ့တာဟာ မင်းကို သက်တံဂိုဏ်းနဲ့ ပတ်သတ်ပြီး မေးစရာ တချို့ ရှိလို့ပဲ။ မင်း သိထားတာကို ရိုးရိုးသားသား ဖြေပါ…”
ဟန်လိ၏မျက်နှာမှာ မာတင်းသွားသည်။ သူ၏အသံမှာလည်း ပိုအေးစက်လာ၏။
ဟန်လိ၏ လေသံ ပြောင်းလဲသွားမှုကြောင့် ခေါင်းဆောင်စွန်းမှာ မင်သက်သွားမိသည်။ ခဏအကြာ သူက အခါခါ ခေါင်းညိတ်၍ ပြောပြတော့သည်။
“ခုလက်ရှီ သက်တံဂိုဏ်းချုပ်က ဘယ်လိုလူစားမျိုးလဲ။ သူ့မှာ မိသားဝင် ဘယ်နှစ်ယောက် ရှိလဲ။ လီအိမ်တော်မှာ မကြာသေးခင်က အပြင်လူတွေ ရောက်လာခဲ့သေးလား။ သူတို့ထဲက ဘယ်နှစ်ယောက်လောက် ခု လီအိမ်တော်မှာ ရှိနေကြလဲ…”
ဟန်လိသည် မျက်နှာကြောတင်းတင်းဖြင့် ထိုသို့ ဆက်တိုက်မေးသည်။
စွန်းအာကုံး၏ စိတ်နှလုံးမှာ တုန်ယင်သွားမိသည်။ သို့သော် သူက နည်းနည်းလေးမှ နှေးဖင့်မနေဝံ့ဘဲ ချက်ခြင်း ဖြေသည်။
“သက်တံဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဟာ ကျနော် နားမလည်နိုင်တဲ့ လူစားမျိုးပါ။ ကျနော်က သူ့ကို အဝေးကနေပဲ တစ်ခါ မြင်ဖူးခဲ့ပါတယ်။ သူ့ သိုင်းပညာဟာ မြင့်မားလွန်းတယ်ဆိုတာကိုပဲ ကျနော် သိပါတယ်။ သူ့မှာ သားနှစ်ယောက်၊ သမီးတစ်ယောက် ရှိပါတယ်။ သူတို့အားလုံး လက်ထပ်ပြီးကုန်ပါပြီ။ ကျနော်ကြားတာကတော့ သားအကြီးဆုံးဟာ အရင်တုန်းက သက်တံဂိုဏ်း ဌာနချုပ်မှာပဲ နေထိုင်တယ်တဲ့။ ဒုတိယသားကတော့ လီအိမ်တော်ဆီ သက်တံဂိုဏ်းခေါင်းဆောင်နဲ့အတူ လိုက်လာခဲ့ပါတယ်…”
စွန်းအာကုံးသည် သေချာရှင်းပြနေသည်။ သူသည် သက်တံဂိုဏ်းနှင့် ပတ်သတ်၍ ထိုမျှ သိရအောင် အတော်လေး အားစိုက်ထုတ်ထားခဲ့ပုံ ရသည်။
ဟန်လိသည် တည်တည်ငြိမ်ငြိမ်ဖြင့် နားထောင်နေလျက် သူ့လက်ကို စားပွဲပေါ်တင်ကာ တတောက်တောက် ခေါက်နေသည်။ သူသည် သည်သတင်းအချက်အလက်များကို စဉ်းစားနေပုံ ရ၏။
စွန်းအာကုံးသည် ဟန်လိက ငြိမ်သက်စွာ နားထောင်နေသည်ကို မြင်သည့်အခါ သူ စိတ်ထဲ ဂနာမငြိမ်ဖြစ်လာပြီး သတိထား၍ မေးလိုက်သည်။
“သက်တံဂိုဏ်းကို တိုက်ခိုက်ချင်တဲ့ သခင်လေးရဲ့ ဆန္ဒဟာ လွန်ခဲ့တဲ့ နှစ်များစွာက ဖြစ်ပျက်ခဲ့တဲ့ မော့အိမ်တော်ရဲ့ ကိစ္စကြောင့်များလား ခင်ဗျာ…”
သည်စကားကို ကြားသည်နှင့် ဟန်လိသည် မျက်မှောင်ကြုံ့သွားပြီး သူ့မျက်နှာမှာ သုန်မှုန်သွားသည်။
“မင်း စကားများလွန်းနေပြီ။ မင်း သိခွင့်မရှိတဲ့ အကြောင်းအရာတွေကို ထင်သလို လျှောက်မမေးနဲ့။ ဒါ့အပြင် ခန့်မှန်းကြည့်နေဖို့ကို မလိုဘူး။ မင်းအနေနဲ့ မှတ်ဉာဏ်ဆုံးရှုံးသွားတဲ့ သနားစရာကောင်းတဲ့သူတွေထဲက တစ်ယောက်တော့ မဖြစ်လာချင်ဘူး မဟုတ်လား…”
ဟန်လိ၏ အေးစက်စက်စကားသံကြောင့် စွန်းအာကုံးသည် ပြိုလဲကျမတတ် ဖြစ်သွားကာ ချက်ခြင်းပင် ခွင့်လွှတ်ပေးရန် တောင်းပန်တော့သည်။
ဟန်လိက နှာခေါင်းရှုံ့ကာ သည်ကိစ္စကို လွှတ်ပေးလိုက်သည်။ လူတစ်ယောက်သည် အာဏာထူထောင်သည့်အခါတွင် ယဉ်ကျေးနေဖို့ တတ်နိုင်မည် မဟုတ်ပါ။
( မှတ်ချက်…အပိုင်း(၆၃)တွင် ဟန်လိ၏ ခင်မင်ရသော သူငယ်ချင်း၏ အလောင်းမှာ သန့်စင်မွန်းမံခံရပြီး ဝိညာဉ်သေ ဖြစ်လာခဲ့သည့်အကြောင်းကို ဖော်ပြခဲ့ပါသည်။ ထိုဝိညာဉ်သေ(ဝါ) ရုပ်သေးကို သယ်ယူရန် လေးလံလှသဖြင့် ဟန်လိသည် စွန်းအားကုံးထံ ချန်ထားခဲ့သည့်အကြောင်းကို အပိုင်း(၁၂၅)တွင် ဖတ်နိုင်ပါသည်။)