အံ့ဩကြောက်လန့်သွားခြင်း
Vol. 24 Ch. 335
စွန်းအာကုံးမျက်နှာထက်တွင် ချွေးများ ပြန်လာသည်ကို မြင်သည့်အခါ ဟန်လိက သူ ဖိအားပေးတာ အကန့်အသတ် ရောက်သွားပြီမှန်း သိသည်။ ထိုအခါ သူက စွန်းအာကုံးကို အကျိုးအမြတ် တချို့ ပေးရန် ပြင်ဆင်သည်။
“တော်လောက်ပြီ။ အနာဂတ်မှာ မင်းဟာ ဂိုဏ်းခေါင်းဆောင်စွန်းအဖြစ် ဆက်နေပါ။ ငါ မင်းကို လာရှာစရာ မလိုရင် မင်းရှိလာမှာ မဟုတ်ဘူး။ ဒါပေမဲ့ ငါတို့ ဘယ်အချိန်မှ ပြန်တွေ့နိုင်မလဲတော့ ငါလည်း မသိဘူး။ ဒါ့ကြောင့် မင်းအနေနဲ့ ဒါကို ယူပြီး သိမ်းထားပါ။ အနာဂတ်မှာ မင်းရဲ့ ဒီပစ္စည်းနဲ့ဆို မင်းရဲ့ မျိုးဆက်တစ်ယောက်ယောက်ကို ငါ သိလိမ့်မယ်။ မင်းရဲ့ မျိုးဆက်တွေကလည်း ငါ့အပေါ် နာခံထမ်းရွက်ချင်စိတ် ရှိတယ်ဆိုရင် ငါ့အနေနဲ့ သူတို့ရဲ့ အသက်၊ ချမ်းသာမှု၊ အဆင့်အတန်းတွေကို ကာကွယ်ပေးမယ်…”
ဟန်လိက ထိုသို့ ပြောရင်း အဆောင်စက္ကူချပ်တစ်ခုကို ထုတ်ကာ နှစ်ပိုင်းခြမ်းသည်။ တစ်ဝက်ကို သူ သိမ်းပြီး နောက်တစ်ခုကို စွန်းအာကုံးထံ ပေးသည်။
“စွန်းအာကုံးသည် ပထမပိုင်း၌ ဟန်လိ၏ စကားများကို ကြားကြားချင်း အံ့ဩတုန်လှုပ်သွားသည်။ တအောင့်အကြာတွင်မူ သူသည် ရွှင်မြူးစွာဖြင့် ဟန်လိအရှေ့သို့ ဒူးထောက်ချသည်။ သူက ရိုသေလေးစားစွာဖြင့် ကြမ်းပြင်နှင့် ဦးခေါင်းထိကာ သုံးကြိမ်တိုင် ဦးညွှတ်သည်။
သခင်လေးရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။ သခင်လေး စိတ်ချနေပါ။ ကျနော့်ရဲ့ စွန်းမျိုးဆက်ဟာ သခင်လေးထံပါးမှာ မျိုးဆက်များစွာ ထမ်းရွက်မှာပါ။ ဒီသဘောတူညီချက်ကို လုံးဝ ဖောက်ဖျက်မှာ မဟုတ်ပါဘူး။ မဟုတ်ရင် ကျနော့်မျိုးနွယ်ဟာ ပျက်သုဉ်းပြီး ကပ်ဘေးစိုက်ပါစေ…”
ထိုသို့ပြောကာ စွန်းအာကုံးသည် ကြမ်းပြင်နှင့်ခေါင်းထိကာ ဦးထပ်ညွှတ်သည်။ ထိုသို့ ပြုမူပြီးမှ စွန်းအာကုံးသည် လေးစားကြည်ညိုသည့်ဟန်ပန်ဖြင့် ထရပ်၏။
ထိုသည်ကို မြင်သည့်အခါ ဟန်လိမှာ မင်သက်သွားသည်။
သူ့မူလရည်ရွယ်ချက်မှာ စွန်းအာကုံးကို နှစ်သိမ့်ရုံသာ ဖြစ်သည်။ သူ၏ မည်ကာမတ္တကတိစကားလေးဖြင့် စွန်းအာကုံးမှာ မျက်ရည်ကျမတတ် ကျေးဇူးတင်လိမ့်မည်ဟု မတွေးထားခဲ့ပေ။ သို့သော် ခဏ စဉ်းစားပြီးနောက်မှာ ဟန်လိက သဘောပေါက်သွားသည်။
သေမျိုးလောက၌ သူတို့ဂိုဏ်း၏ ချမ်းသာကြွယ်ဝမှုကို နောက်မျိုးဆက်အထိ ဆက်လက်တည်တံဖို့မှာ အရေးကြီးဆုံး ဖြစ်သည်။ သို့ဖြစ်၍ ဟန်လိ၏ နောက်မျိုးဆက်အထိ အာမခံပေးမှုမှာ စွမ်းအာကုံးအဖို့ အလွန်တရာ ကျေနပ်စရာ ကိစ္စဖြစ်လေသည်။
တကယ်တော့ ဟန်လိသည် စွန်းအာကုံးကို အတိတ်တုန်းက အကျိုးအကြောင်း မသင့်သော ဘာအမိန့်ကိုမှ မပေးခဲ့ပေ။ သည့်အတွက်ကြောင့် ဟန်လိထံ သူ၏ နောက်မျိုးဆက်များအထိ တာဝန်ထမ်းဆောင်ခြင်းမှာ အကောင်းဆုံး ဖြစ်သည်ဟု စွန်းအာကုံးက ခံစားမိပေသည်။
ထိုသို့ စဉ်းစားမိသွားပြီး ဟန်လိသည်လည်း အတော်လေး ကျေနပ်သွားသည်။ စွန်းအာကုံးကသာ ဖိအားကြောင့် မဟုတ်လေဘဲ စိတ်ရင်းကိုယ်ရင်းဖြင့် သူ့ကိစ္စများကို ကိုင်တွယ်ပေးနိုင်ပါက သူ့အဖို့လည်း အကျိုးများပေသည်။
“ကောင်းပြီ။ မင်းက ငါ့ကို ဒီလို ပြောမှတော့ ငါ မထွက်သွားခင် မင်းကို နည်းနည်းတော့ ဆုချီးမြှင့်ခဲ့ရမှာပေါ့။ ဒီဆေးပုလင်းနှစ်ခုကို ယူလိုက်။ တပုလင်းက ပြင်ပဒဏ်ရာတွေကို ကုသဖို့အတွက်။ မင်းအသက်ရှုနိုင်သရွှေ့ ဘယ်ဒဏ်ရာကိုမဆို ပြန်ကောင်းနိုင်လိမ့်မယ်။ နောက်ပုလင်းတစ်ခုကတော့ အစောပိုင်းတုန်းက ငါ မင်းကို ပေးခဲ့တဲ့ အဆိပ်ဖြေဆေးနဲ့ တူတူပဲ။ ကောင်းကင်နဲ့မြေကြီးအောက်က အဆိပ်အားလုံးကို ပျောက်ကင်းစေနိုင်တယ်။ ဒါက မင်း ဘဝကို သက်ဆိုးရှည်စေမှာပါ…”
ထိုသို့ ပြောကာ ဟန်လိက လက်ဝေ့ယမ်းသည်။ ထိုအခါ ဆေးပုလင်းနှစ်ပုလင်း သူ့လက်ထဲတွင် ပေါ်လာပြီး သူက ၎င်းတို့ကို စွန်းအာကုံးထံ တည်ငြိမ်သောအသွင်ဟန်ပန်ဖြင့် လှမ်းပေးသည်။
စွန်းအာကုံးသည် မည်သို့ ကျေးဇူးစကား ဆိုရမည်မှန်းကိုပင် မသိတော့ပေ။
သည့်နောက်တွင်မူ ဟန်လိက သူ မထွက်ခွာခင် စွန်းအာကုံးကို သတိပေးစရာ တချို့ကို သတိပေးသည်။ ထို့နောက်တွင် စွန်းအာကုံးက သူ့ကို တလေးတစား လိုက်ပါပို့ဆောင်ပေးသည်။ ဟန်လိသည် စတုတ္ထဂိုဏ်း၏ ဌာနချုပ်ကနေ ပျံသန်းထွက်လာခဲ့တော့သည်။
“ဒီအရံအစီအစဉ်က ခုထိ အလုပ်ဖြစ်နေသေးတာပဲ။ ဒါပေမဲ့ ဒီအရာအတွက် နောက် ဘယ်အချိန်ကျမှ ငါ့အတွက် အသုံးတည့်လာမှာလဲ…”
ဟန်လိသည် တိတ်တဆိတ် တွေးနေမိသည်။
ခုလက်ရှိတွင် ဟန်လိသည် လမ်းတစ်ခုအစွန်းနားမှာ ရပ်နေပြီး ဘေးပတ်ပတ်လည်သို့ ခေါင်းလှည့်ကာ ကြည့်သည်။ သူက ပိန်းပိန်းမှောင်နေသော ညအခါတွင် လီအိမ်တော်နားမှာ ရောက်နေတာ ဖြစ်သည်။
သူ၏ပုံရိပ်မှာ ဝေဝါးသွားပြီး သူက မှော်ပစ္စည်းတစ်ခု အသုံးပြု၍ ကောင်းကင်ထက်သို့ ပျံသန်းတက်သွားသည်။ သိပ်မကြာခင် သူ လီအိမ်တော်၏ အထက်သို့ ရောက်လာသည်။
ညအမှောင်ကို အခွင့်ကောင်းယူကာ ဟန်လိက ကောင်းကင်ကနေ သက်တောင့်သက်သာ ဆင်းသက်လာပြီး သူက ဖုံးကွယ်ခြင်းပညာရပ်တစ်ခုကို အသုံးပြုသည်။ သူသည် ဆူသံညံသံ မထွက်စေဘဲ လီအိမ်တော်အတွင်းမှာ ပျောက်ကွယ်သွား၏။
မင်းသားရှင်း၏ နေအိမ်တော်တွင် အတွေ့အကြုံ ရှိထားပြီးသည့်အတိုင်း ဟန်လိက သည်နေရာတွင် စောင့်ကြပ်နေသော သိုင်းပညာရှင်များအပေါ် ဝိညာဉ်ချိပ်ပိတ်ခြင်းအဆောင် ကျွမ်းကျင်စွာ အသုံးပြုပြီး ဝိညာဉ်ထိန်းချုပ်ခြင်း ပညာရပ်ကို သုံးကာ သက်တံဂိုဏ်းခေါင်းဆောင်၏ နေထိုင်ရာနေရာကို မေးမြန်းခဲ့သည်။
ရလဒ်က ဟန်လိကို စိတ်ကျေနပ်သွားစေသည်။ သက်တံဂိုဏ်းခေါင်းဆောင်သည် အနောက်ဘက်ခြံဝန်း၌ နေသည်။ ထိုနေရာတွင် အစောင့်အကြပ်များစွာ ရှိမနေပေ။ ၎င်းနေရာမှာ သူ၏ ဒုတိယမြောက်သား၏ နေအိမ်နေရာလည်း ဟုတ်သည်။ သူက သူ့သားနှင့် ကိစ္စတစ်ခုခု ဆွေးနွေးနေတာ ဖြစ်ချင်ဖြစ်နိုင်သည်။
ထိုသို့ဖြင့် ဟန်လိသည် ကင်းအစောင့်များကို ကျော်လွန်လာပြီး ခြံဝန်းကြီးတစ်ခုရှေ့သို့ ရောက်လာသည်။ သူ တွေ့မြင်ရသည့်အရာကြောင့် ဟန်လိမှာ အံ့အားတော့ သင့်သွားသည်။ ဝတ်စုံဖြူလေးယောက်က သည်ခြံဝန်းဂိတ်တံခါးကို သေချာ စောင့်ကြပ်နေကြသည်။
သူတို့က အရပ်ရှစ်မျက်နှာအနှံ့သို့ အာရုံစိုက်ထား၍ ကြည့်နေနိုင်ကြသည်။ သူတို့သည် ကျွမ်းကျင်သော သိုင်းပညာရှင်များ ဖြစ်ပုံရသည်။
ဟန်လိက မျက်မှောင်ကြုံ့သွား၏။ ထိုလေးယောက်မှာ သက်တံဂိုဏ်းချုပ်၏ သက်တော်စောင့်များ ဖြစ်နိုင်သည်။ သူတို့သည် အပြင်ဘက်တွင် ရှိနေပုံထောက်တော့ သက်တံဂိုဏ်းချုပ်ကမူ ခုလက်ရှိတွင် နေအိမ်အတွင်း၌ ရှိရမည်။
ဟန်လိက သက်တော်စောင့်လေးယောက်ကို အေးစက်စက် လှမ်းကြည့်ပြီး ခဏ စဉ်းစားသည်။ သည့်နောက်မှာ သူက ဖြတ်ခနဲ ထိုလေးယောက်၏ရှေ့တွင် ပေါ်လာသည်။
ထိုလေးယောက်မှာ အတော့်ကို အံ့အားတသင့် ဖြစ်ကာ ကြောင်သွားသည်။ သူတို့က ချက်ခြင်း လှုပ်ရှားရန် ဟန်ပြင်၏။ သို့သော် ဟန်လိ၏ခန္ဓာကိုယ်က ထပ်မံ ဝေဝါးသွားကာ ပုံရိပ်အထပ်ထပ် ဖြစ်သွားပြီး သူတို့လေးယောက်ထံ လက်ဝေ့ယမ်းသည်။
ရုတ်တရက် ထိုလေးယောက်မှာ အလောင်းကောင်များအဖြစ် မြေပေါ်သို့ ငြိမ်သက်စွာ ပြိုလဲကျသွားလေသည်။ ထိုအလောင်းများ၏ ရင်ဘက်တွင်မူ ရေခဲဆူးချွန်များ ထွင်းဖောက်နေပြီး အဖြူရောင်နှင်းခဲလွှာတစ်ခုက ခြုံလွှမ်းထားလေသည်။ ဟန်လိသည် ယင်းအလောင်းများကို မီးလုံးများဖြင့် ပြာဖြစ်စေပြီးနောက်မှာ သူက ဂိတ်တံခါးကို မောက်မာစွာ တွန်းဖွင့်၍ ခြံဝန်းထဲ ဝင်လာခဲ့သည်။
သည်ကိုလာသည့် လမ်းတစ်လျှောက်မှာ ဟန်လိက လီအိမ်တော်ကို သူ့စိတ်ဝိညာဉ်အာရုံဖြင့် ရှာဖွေကြည့်ရှုထားပြီး ဖြစ်သည်။ သူက မည်သည့်ကျင့်ကြံသူကိုမျှ မတွေ့လေရာ သူ့စိတ်ထဲ အေးဆေး ဖြစ်သွားတော့သည်။ ကြည့်ရတာ သက်တံဂိုဏ်းချုပ်မှာ သူ့လက်ချက်ကြောင့် အမှန်တကယ် သေဆုံးတော့မည့် ပုံပေါ်သည်။
ဟန်လိက သူ့စိတ်ကိုယ်သူ ပြင်ဆင်ထား၏။ သူသည် ခြံဝန်းထဲ ဝင်လာသည်နှင့် လူတိုင်းကို သတ်မည်။ အကယ်၍ သူ သဲလွန်စတစ်ခုခု ကျန်ခဲ့လျှင် ဝိညာဉ်သားရဲတောင်မှ ကျင့်ကြံသူများ စုံစမ်းလာခဲ့ရင် ပြဿနာ တက်နိုင်သည်။
ထိုအတွေးဖြင့် ဟန်လိသည် ခြံဝန်းထဲ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် လှမ်းဝင်လာ၏။ သို့သော် သူ့ရှေ့ရှိ မြင်ကွင်းကြောင့် သူ့ခြေလှမ်းများမှာ ရပ်တန့်သွားခဲ့ရသည်။
ခြံဝန်းထဲမှာ အမျိုးသမီးငယ်တစ်ယောက် ရှိနေပြီး သူမက သုံးနှစ်အရွယ်ကလေးမလေးကို ရင်ဝယ်ပိုက်ကာ သီချင်းဆို၍ ချော့မြူနေပေသည်။ ထိုအမျိုးသမီးငယ်က ခေါင်းငုံ့ထား၍ သူမ၏ မျက်နှာကို ကောင်းကောင်း မမြင်ရသော်လည်း သူမ၏ ကြည်သာချစ်ခင်ဖွယ်အသံကြောင့် ဟန်လိသည် ထိုကလေးအပေါ် သူမ၏ ချစ်ခြင်းမေတ္တာကို ရှင်းလင်းစွာ ခံစားမိသည်။
ထိုမြင်ကွင်းမှာ ဟန်လိ မျှော်လင့်ထားသောအရာ မဟုတ်လေပေ။ သူ၏ သတ်ဖြတ်ချင်စိတ်မှာ စိတ်ထဲကနေ မသိမသာ ပျောက်ကွယ်သွားသည်။ သူက အတွေးထဲ နစ်မြောသွားမိ၏။
ထိုအမျိုးသမီးမှာ ဂိုဏ်းသခင်လေး၏ ဇနီးဖြစ်ရမည်။ သို့ပေမည့် စွန်းအာကုံးသည် သူတို့မှာ သမီးလေးတစ်ယောက်ရှိကြောင်းကိုမူ မပြောခဲ့ပေ။
ဟန်လိ ဝင်လာသည့်အခါ၌ သူ့လှုပ်ရှားမှုကို မကွယ်ဝှက်ထားသောကြောင့် ခေါင်းမမော့ကြည့်လာသော်လည်း ထိုအမျိုးသမီးမှာ တစုံတစ်ယောက် ဝင်လာတာကို သတိပြုမိပေသည်။
တဖြည်းဖြည်းဖြင့် သူမက ကလေးကို သီချင်းဆို ချော့မြူနေတာကို ရပ်ပြီး မကြည်မသာဖြင့် ပြောလာသည်။
နင်က ခုထိ စကားမပြောသေးဘူးလား။ “အပြင်မှာ စောင့်နေပါ။ ဒါမှ နင့်ကြောင့် ငါ့သမီးလေး ယင်ကျူးနိုးမသွားမှာ…”
ထိုသို့ပြော၍ ယင်းအမျိုးသမီးငယ်သည် အေးတိအေးစက်ဖြင့် ခေါင်းမော့ကြည့်လာသည်။
သူမက ဟန်လိကို သက်တော်စောင့်လေးယောက်ထဲမှ တစ်ယောက်ဖြစ်မည်ဟု ယူဆနေတာ သိသာသည်။
သို့ပေမည့် သူမနှင့် ဟန်လိတို့ တစ်ယောက်ကိုတစ်ယောက် ကောင်းကောင်းမြင်ရသည့်အခါတွင်တော့ သူတို့နှစ်ယောက်လုံးမှာ အံ့အားတသင့်ဖြင့် ထအော်ပြောမိသည်။
“နင်လား…”
“နင် ဒီမှာ ဘာလုပ်နေတာလဲ…”
……
ထိုအမျိုးသမီး၏ အမူအရာမှာ ဆက်တိုက်ပြောင်းလဲသွားသည်။ သူမ၏ လှပသော မျက်နှာထက်တွင် အံ့အားသင့်မှုနှင့်အတူ တုန်လှုပ်မှုတို့ ပြည့်နေသည်။
ဟန်လိသည် သူမ၏ထိုပုံစံကို ရယ်စရာကောင်းလှသည်ဟု နည်းနည်းလေးမှ မခံစားမိပေ။ သူလည်း အမူအရာ ပျက်သွားမိသည်။
အချိန်အတန်ကြာပြီးနောက်မှာ ဟန်လိက အတိတ်ကို အောက်မေ့သွားသည့်စိတ်ဖြင့် သက်ပြင်းသဲ့သဲ့ချပြီး အေးစက်စက် ပြောလေသည်။
“ကျုပ်က မင်းကို စီနီယာအစ်မမော့လို့ ခေါ်သင့်လား။ ဒါမှမဟုတ် ဇနီးလီလို့ ခေါ်သင့်လား…။ ဒါမှမဟုတ် မော့ယုကျူးပဲလား…”
ထိုအမျိုးသမီးသည် မော့မိသားစု၏ ညီမသုံးယောက်ထဲမှ အကြီးဆုံး ဖြစ်သော မော့ယုကျူး အမှန်တကယ်ကြီး ဖြစ်နေပေသည်။ ထိုနှစ်တွေတုန်းက သူမက ကျားယွမ်မြို့၏ လူငယ်သခင်လေးများစွာ၏ သဘောကျခဲ့သူ ဖြစ်ခဲ့သည်။ သူမ၏ မျိုးဆက်မှာ ပြိုင်ဘက်ကင်းအလှကြောင့် တခြားသူများကလည်း သည့်အတွက် စိတ်ထဲမထားခဲ့ပေ။ သူမက ခုချိန်၌ လက်ထပ်ပြီးသော အမျိုးသမီးတစ်ယောက်ကဲ့သို့ ဝတ်ဆင်ထားသော်လည်း သူမ၏အလှမှာ နည်းနည်းလေးမှ လျော့မသွားခဲ့၊ အတိတ်တုန်းကကဲ့သို့သာ လှရက်နိုင်နေတုန်းသာ။ ယောက်ျားသားများကို စွဲဆောင်နိုင်နေတုန်းသာ။
ဟန်လိ၏ စကားကို ကြားသည့်အခါ မော့ယုကျူး၏ မျက်နှာမှာ သိသာစွာ ဖြူရော်သွားသည်။ သူမက ခွန်အားမဲ့သွားပြီး ယိုင်ထိုးယိုင်ထိုးပါ ဖြစ်သွား၍ သူမ၏ ကလေးငယ်ပင် ပြုတ်ကျမတတ် ဖြစ်သွားသည်။
“ယုကျူး…ငါ သူစိမ်းတစ်ယောက်ရဲ့ အသံကို ဘာကြောင့် ကြားလိုက်ရတာလဲ။ နင် ဘယ်သူနဲ့ ပြောနေတာလဲ…”
အိမ်ထဲရှိ လူများသည် အပြင်ဘက်တွင် တစ်ခုခု မူမမှန်သည်ဟု ခံစားမိပုံ ရသည်။ ထိုအသံကို ဟန်လိ ကြားဖူးသည်။ အိမ်တံခါး ပွင့်လာပြီး တခေါင်းလုံးဖြူဆွတ်နေသော အဘိုးအိုတစ်ယောက်နှင့် အသက်သုံးဆယ်ဝန်းကျင်လောက် ရှိမည့် လူငယ်တစ်ယောက်တို့ ထွက်လာကြသည်။
သည်လူငယ်သခင်လေးလီကို ရနံ့သာစားသောက်ဆိုင်တွင်အစောပိုင်းတုန်းက ဟန်လိ မြင်ဖူးခဲ့သည်။ အဘိုးအိုကမူ ဟန်လိကို မြင်သည့်အခါ သူ့မျက်နှာထက်တွင် မသိမသာ ထူးခြားဟန် ဖြစ်ပေါ်သည်။
“ခင်ဗျားက သက်တံဂိုဏ်းချုပ်လား…”
ဟန်လိ၏ အေးစက်စက်အကြည့်က အဘိုးအိုထံ ရောက်သွားပြီး မော့ယုကျူးကို အားမနာတမ်းမေးသည်။
သို့သော် မော့ယုကျူးက မပြောပေ။ သူမက သမီးငယ်ကိုသာ တင်းတင်းကြပ်ကြပ် ပွေ့ချီထားပြီး ဟန်လိကို စိုက်ကြည့်နေသည်။
“မင်း ဘယ်သူလဲ။ မင်းက ငါ့ဇနီးနဲ့ ဘာပတ်သတ်လဲ…”
လူငယ်သည် ဘယ်ကမှန်းမသိရသော လူငယ်တစ်ယောက် သူ့ခြံဝန်းထဲတွင် လာရပ်နေတာကို မြင်မြင်ချင်းတော့ မင်သက်နေသေးသည်။ သို့သော် သူက မော့ယုကျူးဟု တဖက်သူက သူ့ဇနီးကို ခေါ်ဆိုသည့်အခါတွင်မူ ဒေါသပုန်ထသွားပြီး ရှေ့တိုးဝင်လာသည်။ သူက ဟန်လိကို သင်ခန်းစာတစ်ခု ပေးချင်နေသည်။
သို့သော် သူက ရှေ့သို့ လှမ်းစဉ် သက်တံဂိုဏ်းချုပ်က သူ့သားကို လှမ်းတားပြီး တည်ငြိမ်စွာ ပြောသည်။
“မင်းက အရွယ်ရောက်နေပြီ။ ဒါတောင် ခုထိ မဆင်မခြင် နိုင်တုန်းပဲ။ ဒီလူဟာ ငါတို့ရဲ့ ကျွမ်းကျင်ပညာရှင်အစောင့်တွေကို ဖြတ်ပြီးတော့ တိတ်တဆိတ် ဝင်လာနိုင်ခဲ့တဲ့သူပဲ။ သူဟာ မရိုးရှင်းမှာ သေချာတယ်။ ဒါ့ကြောင့် မင်း အလျင်စလို မလုပ်နဲ့…”
မျှော်လင့်ထားသည့်အတိုင်း ထိုအဘိုးအိုသည် အရည်အချင်း ရှိသူ ဖြစ်နေသည်။ သက်တံဂိုဏ်းချုပ်ဖြစ်သော ထိုအဘိုးအိုသည် ဟန်လိမှာ သာမန်သူမဟုတ်မှန်း ကောက်ချက်ချနိုင်နေသည်။
ထိုအဘိုးအိုကသာ အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူတစ်ယောက် အမှန်တကယ် ဖြစ်နေခဲ့လျှင် ဟန်လိသည် အလွန်သတိထားကာ ရန်သူ့အပေါ် အထင်ကြီးမိမှာ သေချာပါသည်။ ကံမကောင်းစွာဖြင့် ထိုသူသည် စိတ်ဓာတ်ထက်မြတ်သော သေမျိုးတစ်ယောက်သာ ဖြစ်နေသည်။ သို့ဖြစ်၍ ဟန်လိသည် သူ့ကို မျက်လုံးထဲ ထည့်မထားပေ။
(မှတ်ချက်…မော့ယုကျူးအကြောင်းကို အပိုင်း(၁၀၇) တွင် စဖော်ပြခဲ့ပါသည်။ )