← Chapters

ယင်ကျူး

Vol. 24 Ch. 336

ယင်ကျူး

Vol. 24 Ch. 336

“မိတ်ဆွေလေးက ဒီမှာ ရပ်နေမှတော့ ယုကျူးရဲ့မိတ်ဆွေဟောင်းလားလို့ ကျနော် မေးပါရစေ။ အဲ့လိုဆိုရင်တော့ မိတ်ဆွေလေးကို အပြင်လူလို့ ဘယ်သတ်မှတ်လို့ ရမလဲ။ ကျေးဇူးပြုပြီး အခန်းထဲလာပြီး ကျုပ်တို့နဲ့ စကားလေးဘာလေး ပြောကြရအောင်လေ…”

သက်တံဂိုဏ်းချုပ်က ရယ်ကာမောကာဖြင့် ထိုသို့ ယဉ်ယဉ်ကျေးကျေး ပြောလေသည်။

သည်စကားများကြောင့် သူ့ဘေးတွင် ရပ်နေသော လူငယ်မှာ အံ့အားသင့်တုန်လှုပ်သွားဟန် ဖြစ်ပေါ်သည်။ ဟန်လိက သည်စကားကို ကြားသည့်အခါ သူ့အမူအရာက နက်မှောင်လာ၏။ သူက နှာခေါင်းရှုံ့သည်။

“ဟိုး လွန်ခဲ့တဲ့ နှစ်တွေတုန်းက မော့ကျူးရင်(သမားတော်မော့) ထံကနေ သင်ယူခဲ့ရတာတွေ အများကြီးပဲ။ ဒါ့ကြောင့် မော့ကျူးရင်ရဲ့ သမီးဖြစ်တဲ့ မင်းရဲ့ ချွေးမဟာ ငါ့ရဲ့ စီနီယာအစ်မတစ်ယောက်လို့ သတ်မှတ်နိုင်တယ်။ ဒါ့ကြောင့် ငါက အပြင်လူတော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ ငါတို့ရဲ့ ပတ်သတ်မှုတွေအကြောင်း မပြောခင် မော့အိမ်တော် ရှင်းထုတ်ခံခဲ့ရတဲ့အကြောင်းကို အရင်ဆုံး ပြောမယ်ဆိုရင်ကော…”

မော့ယုကျူးသည် ရန်သူဂိုဏ်းမှ သူနှင့် လက်ထပ်ခဲ့သည်ကို မြင်သည့်အခါ ဟန်လိသည် သုန်မှုန်စွာ ခံစားမိနေသည်။

“မင်းက မော့အိမ်တော်ကနေ အသက်ရှင်လျက် လွတ်မြောက်ခဲ့တဲ့သူလား…”

လူငယ်သည် လုံးဝ အံ့အားသင့်ဟန်ဖြင့် ထိုသို့ အော်ပြောမိသည်။

သက်တံဂိုဏ်းချုပ်မှာလည်း အံ့ဩထိတ်လန့်သွားသည်။ သို့သော် တအောင့်အကြာတွင်မူ သူ့မျက်နှာမှာ နက်မှောင်လာသည်။ သူ့ထံမှ အားကောင်းသော ဖိအားတစ်ခုကို ပေးစွမ်းလာသည်။

“မင်းက မော့အိမ်တော်ရဲ့ အကြွင်းအကျန် ဖြစ်နေမှတော့ ဒီကနေ ထွက်သွားဖို့ မစဉ်းစားနဲ့တော့။ မင်းအသက်ကို ဒီမှာ ထားခဲ့ရမယ်…”

သက်တံဂိုဏ်းချုပ်သည် ကျယ်လောင်စွာ အော်ဟစ်သည်။ သူ့ပုံစံမှာ အစောပိုင်းကနှင့် လုံးဝ ကွဲပြားသွားသည်။ ထို့နောက်တွင်မူ သူက ရှေ့သို့ ခုန်ထွက်လာသည်။ သူ့နောက်၌ အပြာရောင်ကျောက်တုံးပေါ်တွင် နှစ်လက်မလောက် ရှိမည့် သူ၏ ခြေရာ ထင်းကျန်ခဲ့ပေသည်။ ထိုသူသည် အတော်လေး ကျွမ်းကျင်သော သိုင်းပညာရှင်တစ်ယောက် ဖြစ်ရပေမည်။ လူငယ်က သူ့အဖေ လှုပ်ရှားတာကို မြင်သည့်အခါ ဘေးသို့ ခြေလှမ်းသည်။ သူက အဖေဖြစ်သူ၏ လှုပ်ရှားမှုနှင့် ပူးပေါင်းတိုက်ခိုက်ရန် ဟန်ပြင်လိုက်တာပင်။

ဟန်လိသည် ထိုအဖေနှင့်သားတို့၏ လှုပ်ရှားမှုများကို မတုန်မလှုပ် ကြည့်နေသည်။ သူက စကား အပိုမဆိုလေဘဲ သူ့လက်ကို ပင့်မြှောက်သည်။ ဝှစ်…။ မီးလုံးများစွာသည် သူ့လက်အထက်မှာ ပေါ်လာပြီး လေထုကို ခြစ်ခြစ်တောက် ပူသွားစေသည်။

သက်တံဂိုဏ်းချုပ်မှာ တောင့်တင်းသွားခဲ့ပြီး ရှေ့သို့ တိုးဝင်မလာတော့ပေ။

“ကျင့်ကြံသူ…” သူက မယုံကြည်နိုင်ဟန်ဖြင့် ထိုသို့ ပြောသည်။ ဘေးမှ သူ့သားလည်း ပါးစပ်အဟောင်းသား ဖြစ်နေသည်။

“ဟက်…”

ဟန်လိသည် အပိုစကားများဖြင့် အချိန်ဖြုန်းဖို့ စိတ်မကူးပေ။ သူက သူ့လက်ကို ညွှန်ကာ ထိုနှစ်ယောက်ကို မီးလုံးများနှင့် သတ်ပစ်ရန် ဟန်ပြင်သည်။ သို့သော် ထိုအခိုက်မှာ အစောပေိုင်းတုန်းက ကလေးပွေ့ချီထားသော မော့ယုကျူးသည် ဟန်လိရှေ့သို့ ချက်ခြင်း ရောက်လာပြီး သူ၏ တိုက်ခိုက်မှုကို တားဆီးသည်။

“မလုပ်ပါနဲ့။ ဒီကလေးရဲ့ အဖေကို နင် သတ်လို့ မရဘူး။ နင် သူ့ကို သတ်မယ်ဆိုရင် ငါ့ကိုရော၊ ငါ့သမီးကိုရော အရင်သတ်ပါ…”

သူမက ပူဆွေးခြင်းကြီးစွာဖြင့် ထိုသို့ ပြောသည်။

ဟန်လိသည် မျက်မှောင်ကြုံ့သွားသည်။ သူက ကျယ်လောင်စွာ ရယ်မော၏။ မီးလုံးများသည် ရုတ်တရက် ပို၍ အရွယ်အစားကြီးလာသည်။ ပိုပူပြင်းလာသည်။ မော့ယုကျူးသည် ထိတ်လန့်တကြား ဖြစ်နေသော်လည်း သူမက လမ်းမဖယ်ပေးချေ။

“ကျင့်ကြံသူ…နားလည်မှု လွဲတာပါ။ ကျနော်တို့ သက်တံဂိုဏ်းဟာ…”

မော့ယုကျူးက သူ့ကို ကာကွယ်ပေးတာကို မြင်သည့်အခါ လူငယ်သည် အကြီးအကျယ် စိတ်လှုပ်ရှားမိသလို ဟန်လိက သူ့ဇနီးကိုကော၊ သမီးကိုပါ သတ်ပစ်လိုက်မည်ကိုလည်း စိုးရိမ်သွားမိသည်။ ထို့ကြောင့် သူက သူတို့၏ နောက်ခံကို အလျင်အမြန် ထုတ်ပြောသည်။

သူ၏ စကားမဆုံးခင်မှာပင် ဟန်လိက အေးစက်စက်ဖြင့် ဖြတ်ပြောသည်။ “ပါးစပ်ပိတ်ထားစမ်း။ မင်းကော၊ မင်းအဖေကော ဒီမှာ ဘာမှ ပြောပိုင်ခွင့် မရှိဘူး။ မင်းတို့ရဲ့ နောက်ခံက ဝိညာဉ်သားရဲတောင်မှန်း ငါ သိတယ်။ ဒါပေမဲ့ အဲ့ နည်းနည်းလေးတောင် ဂရုမစိုက်ဘူး။ မင်းတို့ ထပ်ပြောတာကိုသာ ကြားရင် မင်းတို့ နေအိမ်တော်တစ်ခုလုံးကို ရှင်းထုတ်ပစ်မယ်…”

လူငယ်မှာ မျက်စိပျက်မျက်နှာပျက် ဖြစ်သွားလေသည်။ သူက ဘာကိုမှ ထပ်မပြောဝံ့တော့ပေ။ သူသည် သူ့အဖေဖြစ်သူထံ စိုးရိမ်တကြီးဖြင့် လှမ်းမကြည့်ဘဲ မနေနိုင် ဖြစ်မိသည်။ သက်တံဂိုဏ်းချုပ်မှာ တည်ငြိမ်ဟန် ပေါ်နေသေးသော်လည်း သူ့စိတ်ထဲတွင်မူ ပူပန်နေလေပြီ။

“သူတို့ကို မသတ်ရတဲ့ အကြောင်းရင်းတစ်ခုလောက် ကျုပ်ကို ပြောပါ…။ ဒါဟာ မော့အိမ်တော်အတွက် လက်စားပြန်ချေမှုပဲ။ ဒါ့အပြင် ဖန်းဝူကိုယ်တိုက် ကျုပ်ကို ဒီလို လုပ်ပေးဖို့ တောင်းဆိုခဲ့တာ…”

ဟန်လိသည် မော့ယုကျူးကို မထူးခြားနားဟန်ဖြင့် ပြောလိုက်သည်။

“ဖန်းဝူက အသက်ရှင်နေတုန်းလား။ သိပ်ကောင်းတာပဲ။ ကျမ အမြဲတမ်း စိုးရိမ်ပူပန်နေခဲ့ရတာ…”

ဟန်လိ၏ စကားကို ကြားသည့်အခါ မော့ယုကျူးသည် ပျော်ရွှင်ဟန် ပေါ်သွားသည်။

“ဖန်းဝူတင် မဟုတ်ဘူး။ နင့်ရဲ့ အမေ(လေး)နဲ့ ချိုက်ဟွန်တို့လည်း အသက်ရှင်နေကြသေးတယ်။ ဒါပေမဲ့ နင့်ကိုတော့ ငါ တော်တော်လေး စိတ်ပျက်မိတယ်။ ဒါ့ကြောင့် နင့်ငါ့ကို သေချာရှင်းပြ။ မဟုတ်ရင် ငါ ဒီနှစ်ယောက်ကို သတ်ရလိမ့်မယ်…”

ဟန်လိသည် ထိုသို့ ပြောသည်။ ထို့နောက်တွင်မူ သူက လက်ပင့်မြှောက်သည်။ ထိုအခါ လေထဲတွင် ဝဲနေသော မီးလုံးများမှာ သဲလွန်စမရှိ ပျောက်ကွယ်သွား၏။

ဟန်လိက တိုက်ခိုက်မှုကို ပြန်ရုတ်သိမ်းတာ မြင်သည့်အခါ သက်တံဂိုဏ်းချုပ်နှင့် သူ့သားတို့သည် စိတ်အေးကာ သက်ပြင်းချနိုင်တော့သည်။ အနည်းဆုံးတော့ သူတို့၏အသက်မှာ ချက်ခြင်း မသေနိုင်သေးပေ။ သူတို့က ဟန်လိသည် မေ့ယုကျူး၏ ရှင်းပြချက်ကို နားမထောင်ဘဲ ဒေါသဖြင့် လှုပ်ရှားတိုက်ခိုက်မှုကို စိုးရိမ်ကြောက်လန့်နေသည်။

သူတို့သည် သာမန်လူများထက် ကျင့်ကြံသူများနှင့် ပတ်သတ်ပြီး ပိုသိကြသည်။ သူတို့၏ ကြောက်ရွှံ့မှုမှာလည်း များစွာ ပိုသည်။ သူတို့သည် ထိုကျင့်ကြံသူများကို လုံးဝ ခုခံနိုင်လိမ့်မည် မဟုတ်ပေ။

မော့ယုကျူး၏ အမူအရာမှာလည်း စိတ်အေးသွားမိသည်။ ခဏ စဉ်းစားပြီးနောက်မှာ သူက လေသံတိုးတိုးဖြင့် ပြောသည်။

“ဂျူနီယာမောင်လေးဟန်…နင်က မော့အိမ်တော်ရဲ့ ကိုယ်စား လက်စားချေပေးနိုင်ဖို့အတွက် တောင်အသွယ်၊ တောအထပ်ထပ်ကို ဖြတ်လာခဲ့ရမှာပဲ။ ဒီအတွက် ကျမက ရှင့်ကို ကျေးဇူးတင်ကြောင်း ပြောပါရစေ။ ဒါပေမဲ့ ကျမအနေနဲ့ မေးချင်တာက မောင်လေးဟန်က ကျမ ခင်ပွန်းကို ဘာအတွက်ကြောင့်များ လက်စားချေရမှာလဲ ဆိုတာပါပဲ။ သူဟာ မော့အိမ်တော်က ဘယ်သူ့ကိုမှ မထိခိုက်စေခဲ့ပါဘူး။ သူဟာ အမိန့်တိုင်း လုပ်ခဲ့ရတာပါ။ သူကော၊ သူ့အဖေကောက ဒီအမိန့်ကို မလွန်ဆန်နိုင်ဘူး။ ဘယ်သူတွေက အမိန့်ပေးခဲ့လဲဆိုတာကတော့ ဂျူနီယာမောင်လေးဟန် သိလောက်မှာပါ။ အမိန့်ပေးခဲ့တဲ့သူတွေဟာ ကျင့်ကြံသူတွေပဲ…”

ဟန်လိသည် ထိုစကားကို ကြားသည့်အခါ မင်သက်သွားသည်။ သူသည် မော့ယုကျူး ပြောတာကို နားမလည်ဘဲ ဘယ်နေပါ့မည်နည်း။

မော့အိမ်တော်ကို အဓိက ဖျက်စီးခဲ့သူများမှာ ကျင့်ကြံသူများ ဖြစ်မှာကို သံသယ ရှိစရာမလိုပေ။ ထိုကျင့်ကြံသူများသည် ဝိညာဉ်သားရဲတောင်မှ ဖြစ်ချေလိမ့်မည်။ ဟန်လိသည် ထိုကဲ့သို့သော ရန်သူကို မည်သို့ ရန်စ၍ ရပါ့မည်နည်း။

သို့သော် မော့အိမ်တော်သည် ထိုကဲ့သို့သော ရန်သူတော်ကြီးကို မည်သို့မျှ ဖန်တီးခဲ့သနည်းအပေါ် သူသည် မယုံကြည်နိုင် ဖြစ်နေပေသည်။ သူ့စိတ်ထဲကနေ မော့ဖန်းဝူနှင့် သူတို့ကြား ပြီးခဲ့သော ပတ်သတ်မှုကိုသာ အပြစ်တင် ပုံချနေမိသည်။

တကယ်တော့ သက်တံဂိုဏ်းချုပ်နှင့် သူ့သားတို့သည် အပြစ်ကင်းကင်း၊ မကင်းကင်း မော့အိမ်တော်ကို ဖျက်စီးသုတ်သင်ရာတွင် သူတို့က ပါဝင်ပတ်သတ်ခဲ့တာပင်။

သို့သော် အခုတော့ ရန်သူတော်နှင့် လက်ထပ်ထားသော မော့ယုကျူး ပေါ်လာသည့်အခါတွင်မူ တခုခုတော့ မူမမှန်ဟု သူ စခံစားမိလာသည်။ သူက သက်ပြင်းရှည်သာ ချမိတော့သည်။ မိုးကောင်းကင်သည် လူသားများကို အရူးလုပ်ရတာ သဘောကျပုံ ရလေ၏။

သို့ဖြစ်၍ သူသည် အေးဆေးပြောလာခဲ့သည်။

“စီနီယာအစ်မရဲ့ စကားတွေက အကျိုးအကြောင်း သင့်ပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲ ပြောပြော သူတို့နှစ်ယောက်ဟာ ပြစ်မှုကျူးလွန်ခဲ့တဲ့သူတွေပဲ။ သူတို့ကို သတ်ပစ်တာဟာ မမျှတတာတော့ မဟုတ်ဘူး။ ဒါ့အပြင် ကျုပ်ဟာ မော့အိမ်တော်က တစ်ယောက်လို့ သူတို့ကြားတော့ ကျုပ်ကို သတ်ချင်ခဲ့ကြသေးတယ်မလား။ ဒါ့ကြောင့် မော့အိမ်တော် အမြစ်ဖျက်ခံခဲ့ရတာဟာ သူတို့နဲ့ လုံးလုံး မသတ်ဖူးဆိုတာကတော့ ကျုပ်အတွက် လက်ခံရခက်စေတယ်…”

ထိုသို့ ပြောနေစဉ် ဟန်လိ၏မျက်နှာထက်တွင် ရေခဲလွှာတစ်ထပ် ခြုံလွှမ်းထာသည်။ ထိုအခါ သက်တံဂိုဏ်းချုပ်နှင့်သူ့သားတို့ကို ထပ်မံ ကြောက်လန့်သွားစေသည်။

“ဒါပေမဲ့ စီနီယာအစ်မက ဒီကိစ္စမှာ ပါဝင်လာတဲ့အတွက် ခင်ဗျားတို့ ညီမနှစ်ယောက်ရဲ့ ဖြစ်ချင်တဲ့ဆန္ဒတွေကလည်း မတူမှတော့ ကျုပ် လူဆိုးကောင်း ဖြစ်လာချင်စိတ် မရှိဘူး။ ဒါ့ကြောင့် ဒီကိစ္စကို ခင်ဗျားတို့ ညီမအချင်းချင်းကြားမှာပဲ ထားခဲ့လိုက်မယ်။ အချိန်တန်လို့ ခင်ဗျားအနေနဲ့ ဖန်းဝူကို စကားကောင်းကောင်း ပြောနိုင်ဖို့ ကျုပ် မျှော်လင့်ပါတယ်…”

ထိုသို့ပြောကာ ဟန်လိသည် သည်ကိစ္စကို မော့ချိုက်ဟွန်နှင့် မော့ဖန်းဝူတို့နှင့်သာ ပုံချလိုက်တော့သည်။

သည်စကားကို ကြားသည့်အခါ သက်တံဂိုဏ်းချုပ်နှင့် သူ့သားတို့မှာ ထိုကျင့်ကြံသူသည် သူတို့ကို သတ်ဖြတ်ချင်စိတ်အား ပြန်ရုတ်သိမ်းသွားခဲ့ပြီမှန်း သဘောပေါက်လိုက်သည်။ သူတို့က စိတ်သက်သာရာရကာ သက်ပြင်းမချမိဘဲ မနေနိုင် ဖြစ်ရသည်။

သက်တံဂိုဏ်းချုပ်က အားပါးတရ ပြုံးကာ ရှေ့သို့ လှမ်းသည်။ သူက ဟန်လိ၏ မျက်နှာသာပေးမှုကို ရလေမလားဟုပင်။ သို့ပေမည့် ဟန်လိ၏ အေးစက်စက်အကြည့်ကြောင့် ထိုအဘိုးအိုသည် တုန်ယင်သွားကာ ရှေ့ဆက်မလှမ်းဝံ့တော့ပေ။

“မင်းက ကျုပ်ရဲ့ စီနီယာအစ်ကို ဘာနည်းလမ်းတွေ သုံးပြီး လက်ထပ်စေခဲ့လဲတော့ ကျုပ် မသိဘူး။ ဒါပေမဲ့ ကျုပ်က ပြန်ပြင်လို့မရတဲ့ ကိစ္စမှာတော့ ဝင်ပါမှာ မဟုတ်ဘူး။ ဒါပေမဲ့လို့ ခုချိန်ကစပြီး မင်း သူမကို အကောင်းဆုံး ပြုမူဆက်ဆံပါ။ မဟုတ်ရင်တော့…”

ဟန်လိသည် သူ့စကားများကို အဆုံးမသပ်ပေ။ သို့သော် သူက ချိန်းခြောက်စကားဆိုခဲ့တာ သိသာသည်။

“မောင်လေး…နင် နားလည်မှု လွဲနေပါပြီ။ ငါက…”

မော့ယုကျူးက ဟန်လိ နားလည်မှု လွဲသည့်အကြောင်းကို ဖြေရှင်းရန် ခပ်မြန်မြန် ပြောသည်။ သို့သော် သူမ၏ စကားမဆုံးခင်မှာပင် သက်တံဂိုဏ်းချုပ်က ကြားဖြတ်ကာ ဝင်ပြောသည်။

“အရှင်အင်မောတယ်။ စိတ်ချနေပါ။ ကျနော်တို့က သူမကို သေချာပေါက် ဂရုစိုက်မှာပါ…။ သူမကို တစ်ခုခု ဖြစ်ခံမှာ မဟုတ်ပါဘူး…”

သက်တံဂိုဏ်းချုပ်သည် ဖြတ်ထိုးဉာဏ်ကောင်းလှသည်။ သူက ဟန်လိသည် ရှင်းပြတာ လိုချင်တာမဟုတ်၊ ကတိလိုချင်မှန်း ချက်ခြင်း သဘောပေါက်၏။ ထို့ကြောင့် သူက ထိုသို့ ပြောခဲ့တာပင်။ ဟန်လိသည် ကျေနပ်သွားဟန်ဖြင့် ခေါင်းညိတ်ပြသည်။

မော့ယုကျူး၏ မျက်လုံးထဲတွင် ကျေးဇူးတင်စိတ် ဖြတ်ပြေးသွားသည်။ ခဏ ချီတုံချတုံ ဖြစ်နေပြီးနောက်မှာ သူမက သူမ၏ လက်ထဲမှာ အိပ်ပျော်နေသော ကလေးမငယ်လေးကို လှမ်းပေးသည်။

“မောင်လေးဟန်…နင်က ခုဆို အင်မောတယ်တစ်ယောက် ဖြစ်နေမှတော့ ကျေးဇူးပြုပြီး သူမကို ချီပေးပါ။ သူမရဲ့ နာမည်ကတော့ ယင်ကျူးပါ။ မောင်လေးဟန်ရဲ့ အင်မောတယ်ချီနဲ့ ထိလိုက်ရင် သူမအတွက် ကောင်းမွန်တဲ့ကံမ္မတစ်ခု ရချင်ရသွားနိုင်မှာပါ…”

မော့ယုကျူးက ခပ်တိုးတိုး ဆိုသည်။

သည်မိန်းမလှ၏ စကားကို ကြားသည့်အခါ ဟန်လိသည် နည်းနည်းတော့ မင်သက်သွားသေးသည်။ ထို့နောက် သူက မသိမသာ ပြုံး၍ ဘာစကားမှ မဆိုလေဘဲ ကလေးငယ်လေးကို လက်လှမ်းယူပြီး ခေါင်းငုံ့ကာ ကြည့်သည်။ ထိုကလေးလေးမှာ အပြစ်ကင်းစင်လှကာ စိတ်အညစ်အကြေး အစွန်းအထင်း ဟူ၍ ရှိမနေပေ။ သူမ၏ နူးနူးညံ့ညံ့ မျက်နှာလေး။ အဖြူရောင်နှင်းဆီရောင် ရောယှက်ကာ သမ်းနေသော အသားအရည်။ သူမက ငယ်ရွယ်လွန်းနေသေးသော်လည်း ဟန်လိသည် အနာဂတ်၌ မော့ယုကျူးကဲ့သို့ လှပသူလေး ဖြစ်လာမည်မှန်း ပြောနိုင်ပေသည်။

ထိုမိန်းကလေးပေါက်စနလေးမှာ အပြုံးချိုချိုဖြင့် နှစ်ခြိုက်စွာ အိပ်မောကျနေလေသည်။ သူမသည် နေ့ခင်းအခါတုန်းက ကစားရတာ ပင်ပန်းလွန်းသွားခဲ့သောကြောင့် ဖြစ်နိုင်သည်။

ဟန်လိက ထိုကလေးမလေး၏ ချစ်စဖွယ်ပါးဖောင်းဖောင်းလေးကို တို့ကိုင်ကြည့်ချင်စိတ် ဖြစ်ပေါ်တာကို မနည်းချုပ်တည်းလိုက်ရသည်။ ပေါ့ပေါ့ပါးပါး သက်ပြင်းချပြီးနောက်မှာ သူက သူ့သိုလှောင်အိတ်ထဲမှ အဖြူရောင်ကျောက်စိမ်းဆွဲသီးလေးတစ်ခုကို ထုတ်၍ ကလေးမလေး၏ လက်ကြားထဲ ညင်ညင်သာသာ ထည့်ပေးသည်။ ထို့နောက်တွင်မူ သူက ကလေးမငယ်ကို မော့ယုကျူးထံ ပြန်ပေးလိုက်သည်။

“ဒါက ကျော်လွန်ခြင်းဝိညာဉ်ကျောက်စိမ်းပြားပဲ။ ဒီပစ္စည်းက သိပ်မရှားပေမယ်လို့ ဆောင်းရာသီမှာ နွေးထွေးမှု ပေးနိုင်တယ်။ နွေရာသီမှာဆို အေးမြမှု ပေးနိုင်တယ်။ ဒါ့အပြင် ပိုးမွှားတွေ၊ အကောင်ပလောင်တွေလည်း သူမနားကို ကပ်ဝံ့မှာ မဟုတ်ဘူး။ ဒီဟာကို အမှတ်တရ ပစ္စည်းအဖြစ် ငါ ဒီကလေးမလေးကို လက်ဆောင်ပေးခဲ့မယ်…”

တိုက်ပွဲများစွာ တိုက်ခဲ့ပြီးနောက်မှာ ဟန်လိသည် စစ်ပွဲကနေ အကျိုးအမြတ်များစွာ ရခဲ့ပေသည်။ သူသည် မှော်ပစ္စည်းမျိုးစုံကို ရခဲ့သည်သာမက ရှားပါးရတနာများကိုလည်း ရခဲ့သေးသည်။ သည်ကျော်လွန်ခြင်းဝိညာဉ်ကျောက်စိမ်းပြားမှာ ထိုကဲ့သို့သော ရတနာများထဲမှ တစ်ခု ဖြစ်လေသည်။

All Chapters