တုန်လှုပ်ခြင်းကင်းသော
Vol. 005 Ch. 485
အားလုံး၏အကြည့်က ရီဖူရှင်းထံ ရောက်လာသည်။
သည်နေရာတွင် နေရာဒေသ အသီးသီးမှ စွမ်းအားမြင့် တန်ခိုးရှင်များ ရောက်ရှိနေကြသည်။ ရီဖူရှင်း၏ ထူးခြားထက်မြက်သော စွမ်းရည်များဖြင့် သူက ထိုကောင်းကင် ပျက်သုဉ်းခြင်းနှင်တံကို အမှန်တကယ် ယူဆောင်သွားရန် ယုံကြည်မှု ရှိပါသလော...။
သိဒ္ဓိဝင်လက်နက် ဖြစ်သည့်အလျောက် ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံက ကြောက်မက်ဖွယ် ကောင်းအောင် စွမ်းအားမြင့်သည်။ အကယ်၍ ရီဖူရှင်းကသာ အမှန်တကယ် နှင်တံကို မယူနိုင်ခဲ့ပါကကော သူက ရရှိခဲ့သော အရာများကို အမှန်တကယ် ချန်ထား ရစ်ခဲ့တော့မည်လော။
ပုံမှန်အားဖြင့် ရီဖူရှင်း၏ အခြေအနေကို ဘယ်သူကမှ စိုးရိမ်ပူပန်ခြင်း မရှိကြပေ။ ဆရာယွန်နှင့် ရီဖူရှင်းတို့၏ မောက်မာမှုဖြင့် အရှေ့မြေရိုင်း ဒေသတွင် ပြိုင်ဘက်ကင်းပါသည် ဆိုသော ဆိုစကားကို အမှန်တကယ် ဟုတ်သလား အားလုံးက သိလိုကြသည်။ အထူးသဖြင့် ခေါင်းဆောင်က အကာနာအဆင့်များ အားလုံးကို စိန်ခေါ်ခွင့် ပေးလိုက်သည့် အလျောက် အားလုံးက ရီဖူရှင်းနှင့် ယှဉ်ပြိုင်ရန် စိတ်အားထက်သန် နေကြသည်။
“မင်းတို့ ကြားတဲ့အတိုင်း အကာနာအဆင့် အားလုံးက ကြယ်တာရာ သီးသန့် နယ်ထဲကို ဝင်ရောက်ပြီးတော့ ကောင်းကင် ပျက်သုဉ်းခြင်းနှင်တံရဲ့ စွမ်းအားကို ခံစားကြည့်လို့ရတယ်… အခု ကြယ်မင်းကျောင်း သားတော်က မြေရိုင်းဒေသ အရှေ့ဘက်နယ်မှာ ပြိုင်ဘက် ကင်းတယ်လို့ ပြောမှတော့ မင်းတို့ကိုယ်တိုင် လက်တွေ့ စမ်းသပ်ကြည့်ဖို့လည်း အခွင့်အရေး ရလာပြီ…” ခေါင်းဆောင်၏ စကားကြောင့် အားလုံးက ရီဖူရှင်းကို ပညာပေးရန် အဆင်သင့် လုပ်ထားကြပြီး ဖြစ်သည်။ သူတို့ ဘာလုပ်ရမည်ကို မေးခွန်းထုတ်စရာ မလိုတော့ပေ။
“ရှေ့ကို ဆက်သွားပါ…” ခေါင်းဆောင်၏ အေးစက်သော အကြည့်က ရီဖူရှင်းတို့ အုပ်စုထံ ရောက်လာသည်။ ရီဖူရှင်းက ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံကို ယူနိုင်မည် မဟုတ်သည်ကို လုံးဝ ယုံကြည်မှု ရှိသည်။ ရီဖူရှင်းကား ငယ်ရွယ်ကာ ပါရမီမြင့်သည်။ သို့သော် သူကား ယုံကြည်ချက် မြင့်မားလွန်း၏။
“အကောင်းဆုံး ဖြစ်ပါစေ အစ်ကိုဖူရှင်း…” လောင်လင်းအာက လက်သီးလေး ဆုပ်ပြကာ အားပေးသည်။
“အင်း…” ရီဖူရှင်းက ပြုံးသည်။ ကုယွန်ချီကလည်း သူမ၏ဘေးမှ ရီဖူရှင်းကို ပြုံး၍ ကြည့်နေသည်။
ဆရာယွန်က အနည်းငယ် စိုးရိမ်စိတ် ဝင်နေသည်။ ရီဖူရှင်းက လောင်ရီထျန်း မလုပ်နိုင်ခဲ့သည် များကို စွမ်းဆောင် နိုင်ခဲ့သည်မှာ မှန်သည်။ သို့သော် သည်နေရာကား ကျိုက်ရှင်း အိမ်တော် ဖြစ်သည်။ သည်နေရာမှ အခြေအနေက ဘာမှ မသေချာပေ။ ကျောင်းအုပ်က ရီဖူရှင်းကို စေလွှတ်ကာ နှင်တံအား ယူခိုင်း ကတည်းက သည်ကိစ္စက အောင်မြင်ရန် မလွယ်ကူသည်ကို ဆရာယွန်က သိသည်။ အကယ်၍ ရီဖူရှင်း မအောင်မြင်က ဘာများ ဖြစ်လာနိုင် မည်နည်း။
ယခုကား အားလုံးက ကြယ်တာရာ ခေါင်မိုးပေါ်က ကြယ်တာရာ သီးသန့်နယ်ထဲကို တိုးဝင် နေကြသည်။ စိန်ခေါ်သော အကြည့်များစွာ ကလည်း ရီဖူရှင်းထံ အဆက်မပြတ် ရောက်လာ နေကြသည်။
သို့သော် ရီဖူရှင်းက ထိုအရာများ အားလုံးက သတိထားမိဟန်မတူ။ သူ၏အကြည့်က ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံကိုသာ ကြည့်နေသည်။ သူက အလယ်ဗဟိုသို့ ချဉ်းကပ် သွားသည်တွင် ကြောက်မက်ဖွယ် ဖိအားက သူ့ထံ ဆင်းသက်လာသည်။ ရီဖူရှင်းက ကြယ်တာရာ သီးသန့်နယ်၏ လေဆင်နှာမောင်း ဝဲအောက်ခြေသို့ ရောက်လာသောအခါ မြေဆွဲအားက ကြောက်မက်ဖွယ် ကောင်းလွန်းရကား သီးသန့်နယ်ထဲတွင် သူက အပိုင်းပိုင်း အစစ ဖြစ်သွားတော့မည် ကဲ့သို့ ခံစားနေရသည်။
ရီဖူရှင်းက လေဆင်နှာမောင်း ဝဲသဏ္ဌာန်၏ အလယ်သို့ လှမ်းလိုက်သည်တွင် မမြင်ရသော မုန်တိုင်းက သူ့အား ရစ်ပတ်သွားကာ သူက ဓားတစ်လက်ကို ဆုပ်ကိုင်ထားသလို ကြောက်မက်ဖွယ် ဆွဲအားကို ခံစားရ၏။
တစ်ချိန်တည်းမှာပင် တခြား စိန်ခေါ်သူများကလည်း ကြယ်တာရာ သီးသန့်နယ်ထဲကို ဝင်ရောက်ကြသည်။ ယခုကား စိန်ခေါ်သူများက ကြယ်တာရာ သီးသန့်နယ်၏ လေဟာနယ်ထဲတွင် ပေါလောရပ် နေကြသည်။ သီးသန့်နယ်၏ ဖိအားက သူတို့ထံကိုလည်း သက်ရောက်ရာ အနည်းငယ်သော နာကျင်မှု အမူအရာများကို သူတို့၏ မျက်နှာများတွင် တွေ့ရသည်။
ရှဲယွန်ဖုန်းနှင့် ရှဲချိန်လင်တို့ကလည်း ကြယ်တာရာ သီးသန့်နယ်ထဲကို ဝင်ရောက်ကြသည်။ ကောင်းကင်မှ နှင်တံကို ကြည့်ကာ သူတို့၏ မျက်နှာများက လေးနက် နေကြသည်။ ဤနေရာတွင်သာ နေ့တိုင်း လေ့ကျင့်ရပါက သူတို့အတွက် အလွန် အကျိုးများမည်ဟု သူတို့ ခေါင်းထဲ ဝင်လာသည်။ သူတို့၏ အကြည့်က မနီးမဝေးတွင် ရှိသော ရီဖူရှင်းထံကို ရောက်သွားသည်။ သီးသန့်နယ်၏ ဗဟိုချက်မတွင် ရီဖူရှင်းက မည်သို့ နေနိုင်သည်ကို သူတို့က အံ့အားသင့်ရသည်။
ရီဖူရှင်းက အထက်ကို စတင်၍ ဆန်တက်သည်။ သူက အမှန်တကယ် နှင်တံကို ယူသွားလိုသည်မှာ သိသာ ထင်ရှားသည်။
“ကောင်းကင် ကျောင်းတော်က ကျုပ် မိုယောင် မင်းကို စိန်ခေါ်မယ်…”
အလင်းတန်းများ လှည့်ပတ်နေလျက် တစ်ယောက်က ရီဖူရှင်းထံ တိုးဝင်လာသည်။ သူ၏တိုက်ပွဲဝင် စိတ်က သိသာနေသည်။ တိုက်ခိုက်မှု ရောက်လာသည်နှင့် အညီ ရီဖူရှင်း၏ ခန္ဓာကိုယ်တွင်လည်း မမြင်ရသော စွမ်းအင်များ စတင် လှည့်ပတ်လာ၏။
ရီဖူရှင်းက သူ၏လက်ကို ဝှေ့ယမ်းသည်။ ချက်ချင်း သူ၏အနီးမှ ဥက္ကာခဲများက တွန်းကန်သွားကာ ပေါက်ကွဲမှု တချို့နှင့်အတူ မိုယောင် အဝေးကို လွင့်စဉ်သွားသည်။ မိုယောင်အား တစ်ချက်မျှ လှမ်းကြည့်ကာ ရီဖူရှင်းက လက်ဝါးတစ်ချက် ရိုက်ထုတ် လိုက်သည်။ လက်ဝါးက လေဟာနယ်ကို ခွင်းလျက် မိုယောင်၏ ခံစစ်များ အားလုံးကို ကျော်ဖြတ် ရောက်ရှိလာသည်။ ဘန်းခနဲ မြည်သံနှင့်အတူ သူ၏ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး အဝေးကို လွင့်စဉ် သွားသည်။ ထို့နောက် သီးသန့်နယ်၏ မြေဆွဲအားကြောင့် မြေပြင်ပေါ်တွင် မလှုပ်မယှက် လဲလျောင်း နေရတော့သည်။
အနီးမှ ရှဲယွန်ဖုန်းနှင့် ရှဲချိန်လင်တို့၏ မျက်လုံးများက အရောင်လက် သွားသည်။ သူတို့ ထင်မှတ် ထားသည့်အတိုင်း သားတော်ကား အမှန် ထူးခြား ထက်မြက်သည်။ ကောင်းကင် ကျောင်းတော်မှ အတော်ဆုံးထဲတွင် တစ်ယောက်ဖြစ်သော မိုယောင်ပင် တစ်ကွက်တည်းဖြင့် ရှုံးနိမ့်သွားရသည်။
“ရွှယ်ယွန်တောင်က မူချိန် မင်းကို စိန်ခေါ်တယ်…”
အဆင့်မြင် အကာနာ တန်ခိုးရှင် တစ်ယောက်က ထပ်စိန်ခေါ်သည်။ သူ၏ ခန္ဓာကိုယ်က အစိမ်းရောင် အလင်းများ ဖြာထွက်နေသည်။ သူက ရီဖူရှင်းအား ဧရာမပုဆိန်ကြီးဖြင့် ခုတ်သည်။ ပုဆိန်ခုတ်ချက်ကား ဥက္ကာခဲများကိုပင် နှစ်ခြမ်း ဖြစ်သွားစေသည်။ ရီဖူရှင်းကသာ ထိုခုတ်ချက် ထိပါက အကျိုးဆက်က မတွေးရဲစရာ။
လျှပ်စီးများ တဖျတ်ဖျတ် ပေါ်လာကာ ရီဖူရှင်း၏ရှေ့တွင် လျှပ်စီးနတ်ဘုရား ဒိုင်းကာ ပေါ်လာသည်။ ပုဆိန်က ဥက္ကာခဲကို ခွဲနိုင်သော်လည်း ဒိုင်းကာကိုမူကား ခြစ်ရာပင် မထင်။ ဒိုင်းခနဲ မြည်ကာ မူချိန် နောက်ကို ခြေလှမ်း အနည်းငယ် ဆုတ်သွားသည်။ ထို့နောက် ရီဖူရှင်းက ဒိုင်းကာကို လက်ဝါးဖြင့် တွန်းထုတ်လိုက်၏။ ချက်ချင်းပင် ဒိုင်းကာက လျှပ်စီး အလင်းတန်းများ အဖြစ် ပြောင်းလဲသွားကာ မူချိန်အား ဖြတ်တိုက်သွားသည်။ မိုးကြိုး လျှပ်စီးရှော့ များစွာ၏နောက်တွင် မူချိန်၏အသားများပင် အက်ကွဲသွားဟန် ရကာ အဝေးကို မြေပြင်ပေါ်ကို ကျသည်။
“မင်းတို့ရဲ့ နာမည်တွေနဲ့ စိန်ခေါ်နေစရာ မလိုဘူး… ငါကမင်းတို့ နာမည်တွေ အကုန်လုံးကို မမှတ်မိနိုင်ဘူး…” ရီဖူရှင်းက အေးစက်စွာ ပြောကာ အပေါ်ကို ဆက်တက်သည်။ အားလုံး၏ မျက်နှာများ နက်မှောင် သွားကြ၏။ သူကား အားလုံးကို သူ့မျက်လုံးထဲတွင်ပင် မရှိဟု စော်ကား ပြောဆိုခြင်းပင်။
ဇာမဏီကလန်မှ စိန်ခေါ်သူ တစ်ယောက်လည်း ပါသည်။ သူမ၏ ခန္ဓာကိုယ်တွင် မီးတောက် မီးလျှံများ လှပစွာ ထွက်ပေါ်လာသည်။ ဇာမဏီငှက်ပုံရိပ် တစ်ခုအား စီးနင်းကာ သူမက ရီဖူရှင်းထံသို့ ပျံသန်းလာသည်။
ရီဖူရှင်းက သူမအား မထုံတက်တေး ကြည့်သည်။ သူ့ထံမှ နေအလင်းက ပြင်းထန်သော အခိုးအငွေ့များ ပေးကာ ထွက်ပေါ်လာသည်။ ရီဖူရှင်း၏ ပတ်ဝန်းကျင် တစ်ခုလုံးကို နေရောင်က ဖျန်းပက်သည်တွင် ဇာမဏီကလန်မှ မိန်းကလေးက လေထဲတွင် ရုတ်တရက် ရပ်လိုက်သည်။ ပူပြင်းသော နေရောင်အောက်တွင် သူမ၏ခန္ဓာကိုယ်မှ မီးဓာတ်ကလည်း လုံလောက်စွာ ထောက်ပံ့ ပေးနိုင်ဟန်မရ။ အခိုးအငွေ့များ ကြားတွင် သူမက ရုန်းကန်နေရဟန် ရှိကာ ခဏအကြာ သူမ၏ပါးစပ်မှ သွေးများ စီးကျလာပြီး မြေပြင်ပေါ်ကို ကျသည်။
မျက်လုံးများ အားလုံးက ရီဖူရှင်းထံကို ရောက်နေသည်။ ကြယ်မင်းကျောင်း၏ သားတော်ကား အမှန်ပင် အားကောင်းသည်။
ခေါင်းဆောင်က ဘေးမှ တိတ်ဆိတ်စွာ ကြည့်နေသည်။ ချန်းယွန် ရွေးထားသော သားတော်က သည်မျှလောက်တော့ အားကောင်းမည်ကို သူသိပြီး ဖြစ်သည်။ သို့သော် သူက စိတ်ပူခြင်း မရှိပေ။ မူကျိချူကလည်း ဘေးမှ တိတ်ဆိတ်စွာ ကြည့်နေသည်။
ကြယ်တာရာ သီးသန့်နယ်ထဲတွင် ရီဖူရှင်းက ကြီးစွာသော ဖိအားကို ဆန့်ကျင်၍ အပေါ်ကို တက်နေသည်။ တစ်ဖက်တွင်လည်း စိန်ခေါ်သူများ အဆက်မပြတ် ရှိနေ၏။ သို့သော် ရီဖူရှင်း၏ အနီးတွင် ကိုယ်ပိုင်ကြယ်တာရာ သီးသန့်နယ်တစ်ခု ရှိဟန်ရကာ သူတို့ထဲက တစ်ယောက်မှ ရီဖူရှင်း၏ အနားကို ကပ်နိုင်စွမ်း မရှိကြပေ။ အနီးကို ရောက်လျှင်လည်း ကွဲပြား ခြားနားသော တိုက်ကွက်များကြောင့် သူတို့ ရှုံးနိမ့်သွားရသည်ချည်း ဖြစ်သည်။ ယခု ရီဖူရှင်း၏ ကိုယ်ပိုင် ကြယ်တာရာ သီးသန့်နယ်ထဲတွင် ဥက္ကာခဲများက ထူထပ်သော တိမ်များလိုပင် သိပ်သည်းစွာဖြင့် လှည့်ပတ် နေကြသည်။
လေတိုးသံတစ်ချက် ကြားရကာ ရီဖူရှင်း၏အရှေ့ကို ပုဆိန်တစ်လက် ရောက်လာသည်။ အရာအားလုံးကို ထွင်းဖောက် နိုင်စွမ်းသော ပုဆိန်ခုတ်ချက်က ကြယ်တာရာ သီးသန့်နယ်ထဲကို ဥက္ကာခဲများအား ဖျက်ဆီးလျက် တိုးဝင်လာသည်။
“သူ လှုပ်ရှားပြီ…”
ပရိသတ်များ၏ မျက်လုံးများက အရောင်လက် သွားကြသည်။ သူကား ရွှယ်ယွန်တောင်မှ တာခိုင်ရှင်း ဖြစ်သည်။ သူကား အလွန်အမင်း အားကောင်းကာ အစစ်အမှန် ရွယ်ယွန်ပုဆိန်အား သိရှိ နားလည်သွားသူဟု ပြောကြသည်။ သူ၏လက်ထဲတွင် ပုဆိန်က အဆုံးစွန်သော ဖျက်ဆီးအားကို ပေးသည်။
ရီဖူရှင်းက ကောင်းကင်ကို ကြည့်သည်။ ပုဆိန်မှ အလင်းက ထူးဆန်းသော စွမ်းအင်ကို ခေါ်ဆောင်လာပုံ ရသည်။ ပုဆိန်၏ရှေ့မှ အရာအားလုံးက ပျက်စီး သွားနေသည် ကိုလည်း မြင်နေရ၏။
ရီဖူရှင်း၏အနီးတွင် လှည့်ပတ်နေသော ဥက္ကာခဲများမှာ ပုဆိန်၏ ခုတ်ဖြတ်ခြင်းကို ခံရသည်။ ယခင်က ပေါက်ကွဲမှုများ မရှိဘဲ ဥက္ကာခဲများက နှစ်ခြမ်း ဖြစ်သွားကြသည်သာ...။ သို့သော် ပုဆိန်က ရီဖူရှင်း၏ရှေ့ကို ရောက်လာသောအခါ ရီဖူရှင်း၏ရှေ့မှ ထူးဆန်းသော အရောင်အဝါများ လင်းနေသော ဥက္ကာခဲကို မဖြတ်တောက်နိုင်။
ထိုလင်းလက် တောက်ပသော ဥက္ကာခဲက ရီဖူရှင်းကို ကာကွယ် ပေးထားဟန် ရသည်။ ရီဖူရှင်းက ကောင်းကင် အင်မော်တယ် ခန္ဓာကိုယ်များ အမည်ရသော ခံစစ်နည်းပညာကို သုံးလိုက်ခြင်း ဖြစ်ကာ ထိုနည်းက အလွန် အားကောင်းပြီး ဖျက်ဆီး၍ မရပေ။
ရီဖူရှင်း၏ မျက်လုံးက ကြယ်ရောင်များ လင်းလက် သွားသည်။ ကြယ်တာရာ သီးသန့်နယ်ထဲကို သူနှင့်အတူ ဝင်လာသော လူအများအပြားကို ကြည့်ကာ သူ၏မျက်လုံးများက အေးစက်သော အငွေ့အသက်များ ယှက်သန်း သွားသည်။
“မင်းတို့ အားလုံးက ဒီလောက် စိန်ခေါ်ချင်နေမှတော့ ငါက မင်းတို့ ဆန္ဒကို ဖြည့်ဆည်း ပေးရတာပေါ့…” ရီဖူရှင်းက အေးစက်စွာ ပြောသည်။ ထို့နောက် ရီဖူရှင်း၏အနီးမှ ကြယ်များက အလွန် လင်းလက် တောက်ပ လာကြသည်။ ရီဖူရှင်းအား ယခု ကြယ်ရောင်များ ဖြာထွက်နေသည်။ ရုတ်တရက် သူက ရှေ့ကို ကြယ်ကြွယ် အလင်းကဲ့သို့ ကောင်းကင်ကို ခွင်းလျက် သူတို့ထံ ပြေးဝင်သွားသည်။
ရီဖူရှင်းက သူတို့ထံ ပျံသန်း လာသည်ကို မြင်သည်တွင် အားလုံးက နောက်ဆုတ်ရန် ကြိုးပမ်းကြသည်။ သို့သော်လည်း ရီဖူရှင်းကား တည်နေရာ ခုန်ကူးသည့်အလား မြန်ဆန်လွန်းရကား ကြယ်ရောင် လင်းလက်နေသော လူက စိန်ခေါ်သူ တစ်ယောက်၏ရှေ့ကို တိုက်ရိုက် ရောက်လာသည်။
ဘုန်းခနဲ မြည်သံနှင့်အတူ ထိုလူက မြေပြင်ပေါ်ကို ကျသည်။
မျက်လုံးတစ်မှိတ် အတွင်းမှာပင် လူတစ်ဆယ်ကျော်က ရီဖူရှင်း၏ ရိုက်ချက် ထိကာ အောက်ကို ပြုတ်ကျသွားသည်။ ကြယ်ကွယ်အလင်းနှင့် ရင်ဆိုင်ရရာတွင် သူတို့က မည်သို့မှ ခုခံနိုင်စွမ်း မရှိပေ။ အရာအားလုံးက မြန်ဆန်လွန်း လှသည်။
ထို့နောက်တွင် ကြယ်ကြွယ်အလင်းက ရပ်တန့်သွားသည်။ သို့သော်လည်း မဆုံးနိုင်သော ကြယ်တာရာ အလင်းတန်းများက အရပ်မျက်နှာမျိုးစုံသို့ ပစ်လွင့်သွားကာ လူအများအပြားအား ထိခိုက်စေ၏။
ခေါင်းဆောင်က ဘေးမှ ထိုတိုက်ပွဲများ အားလုံးကို မျက်ခြည်မပြတ် ကြည့်နေသည်။ သည်တစ်ခေါက် ချန်းယွန်က အမှန်ပင် ထူးခြား ထက်မြက်သော သားတော် တစ်ယောက်အား ရွေးခဲ့သည်။ ရီဖူရှင်းကား ကြယ်တာရာ ပညာတွင် အလွန် အားကောင်း၏။
“ကျိချူ…” ခေါင်းဆောင်က ခေါ်သည်။
“ဟုတ်ကဲ့… အဘိုး…” ခေါင်ဆောင်၏ဘေးမှ မူကျိချူက ပြန်ထူးသည်။
“သီးသန့်နယ်ထဲကို သွားလိုက်…” ခေါင်းဆောင်က ပြောသည်။
မူကျိချူက အသာ ခေါင်းညိတ်ကာ သူမ၏ အဝတ်စများ တစ်ဖျတ်ဖျတ် လွင့်လျက် ရှေ့ကို တိုးသွားလိုက်သည်။ သူမကား အလွန်အမင်း ချောမွေ့လှပရာ ချက်ချင်း လူတိုင်း၏ အကြည့်က သူမထံ ရောက်သွားသည်။ ကျိုက်ရှင်း အိမ်တော်၏ သက်ရှိရတနာ ဖြစ်ကာ တော်ဝင်ကျဲနန်းတော်ကို မကြာမီ ဝင်ရောက်တော့မည့် ပြိုင်ဘက်ကင်း မိန်းမလှလေးက ယခု ကိုယ်တိုင် သွားရောက် စိန်ခေါ်တော့မည် ဖြစ်သည်။
***