လူသတ်အေဂျင်စီ
Vol. 2 Ch. 27
အရိုးပုံဖော်ခြင်းနည်းသနစ်
လင်းရှန်က အံ့အားသင့်သွားသည်။ ဤကမ္ဘာပေါ်ရှိ တစ်စုံတစ်ယောက်သည် အရိုးတည်ဆောက်ပုံကို အခြေခံပြီး လူများကို အမှန်တကယ် မှတ်မိနိုင်သည်ကို သူမသိခဲ့ပေ။
လင်းရှန်သည် ဝိညာဉ်ဒင်္ဂါးပြား ၂၀ ဖြင့် နဂါးလှံကို ဝယ်ခဲ့သည်ဟု အဘိုးအိုက ပြောပုံအရ သူက လိမ်ညာနေတာ မဖြစ်နိုင်ပေ။
အနည်းဆုံးတော့ အဘိုးအိုက ကျင့်ကြံသူသခင်ဆိုတာထက် အရိုးဖွဲ့စည်းပုံမှ လူများကို မှတ်မိနိုင်သည်ဟု လင်းရှန် ယုံချင်လာသည်။
အတွေးအားလုံးသည် လင်းရှန်၏ စိတ်ထဲတွင် လျင်မြန်စွာ ဖြတ်သန်းသွားသည်။ လင်းရှန်သည် ရှုပ်ထွေးသောအမူအရာကို ရပ်တန့်လိုက်ပြီး အဘိုးအိုကို စိုက်ကြည့်လိုက်သည်။
“ငါ့ကို သိတယ်ဆိုရင်တောင် ဒုတိယအကြိမ် ကူညီမယ်လို့ မမျှော်လင့်နဲ့”
အဲဒါနဲ့ သူထွက်သွားတော့သည်။
အဘိုးအိုးက သူ့ရဲ့တစ်ဦးတည်းသောကယ်တင်ရှင်ကို လွှတ်ပေးမှာ မဟုတ်ချေ။ သူ က စိတ်လှုပ်ရှားစွာနဲ့ လင်းရှန်ကို တားလိုက်သည်။
“ခဏနေပါဦး လူငယ်လေး၊ ဒီတစ်ခါတော့ မင်းကို ဘာမှမပေးဘဲ အကူအညီ မတောင်းပါဘူး ...”
လင်းရှန်က သူ့ကို ဖြတ်ပြောလိုက်သည်။ “ ခင်ဗျားရဲ့လျှို့ဝှက်လက်စွဲစာအုပ်တွေကို ကျွန်တော် မလိုချင်ဘူး။”
“ဒါက လျှို့ဝှက်လက်စွဲစာအုပ်မဟုတ်ပါဘူး။ ငါ့မှာ မင်းနဲ့ပတ်သက်တဲ့ အရေးကြီးတဲ့ အချက်အလက်တစ်ခုရှိတယ်”
လင်းရှန်က မျက်ခုံးပင့်လိုက်သည်။ “ ကျွန်တော်အကြောင်း အရေးကြီးတဲ့ အချက်အလက်လား။”
“ဟုတ်တယ် ။ တန်ဖိုးရှိမယ်လို့
ကတိပေးတယ်“
လင်းရှန်က ရပ်တန့်နေတာကိုမြင်တော့ အဘိုးအိုက သက်ပြင်းချပြီး တောင်းပန်ကာ ပြုံးလိုက်သည်။
“ဒီတစ်ခါ မင်းငါ့ကိုကူညီရင် ငါမင်းကိုပြောပြပေးမယ်”
လင်းရှန်”အချက်အလက်ကို အရင်ပြောပါ”
“အင်း…”
“ဒါဆိုလည်း ထားလိုက်ပါ”
“မဟုတ်ဘူး၊ မဟုတ်ဘူး…” အဘိုးအိုက လင်းရှန်ကို အမြန်တားလိုက်ပြီး ခါးသီးသောအမူအရာဖြင့် သဘောတူလိုက်သည်။ “ငါပြောမယ်။”
ထိုမှသာ လင်းရှန်သည် နားထောင်ရန် ရပ်လိုက်သည်။
အဘိုးအိုက သူ့လည်ချောင်းကို ရှင်းထုတ်ပြီး “တစ်ယောက်ယောက်က မင်းကို သေစေချင်နေတာ”
လင်းရှန်း၏ မျက်လုံးများသည် ကျုံ့သွားသော်လည်း ဘာမှ ပြန်မပြောပေ။ သူ့မျက်လုံးများကို အသုံးပြုကာ အဘိုးအိုကို ဆက်ပြောရန် အချက်ပြခဲ့သည်။
“တစ်စုံတစ်ယောက်က လျှို့ဝှက်မြွေဆီမှာ မင်းအသက်အတွက် ဝိညာဉ်ဒင်္ဂါး ၃၀၀,၀၀၀ကို သုံးစွဲခဲ့တယ်။ ဆုကြေးငွေကို ဒီနေ့နံနက်ကပဲ ထုတ်ထားတာ”
“လျှို့ဝှက်မြွေက ဘာလဲ”
“ မှောင်ခိုလမ်းမှာ အကျော်ကြားဆုံး လုပ်ကြံသတ်ဖြတ်ရေး အေဂျင်စီပဲ။ အလုပ်ရှင်တွေရဲ့ လုပ်ကြံသတ်ဖြတ်မှု တောင်းဆိုချက်တွေကို လက်ခံရာမှာ အထူးကျွမ်းကျင်တယ်။ အဲဒီကနေ တစ်စုံတစ်ယောက်ကို အမိန့်ပေးပြီး တောင်းဆိုချက်တွေကို လုပ်ပေးတာ…လျှိုဝှက်မြွေက ကြားက ကော်မရှင် ရယူမှာ “
“ဘယ်သူက ငါ့ကိုသတ်ချင်တာလဲ”
“အဲဒါတော့ ငါမသိဘူး။” အဘိုးအိုက သူ့လက်တွေကို ဆန့်ထုတ်လိုက်ပြီး ဖြူစင်တဲ့အပြုံးကို ထုတ်ဖော်လိုက်သည် “ဒါဆို ဘယ်လိုလဲ၊ ဒီအချက်အလက်က ငါ့ကို တစ်ခါလောက် ကူညီဖို့ လုံလောက်တယ်မလား”
လင်းရှန်က အသက်ပြင်းပြင်းရှူပြီး ငြိမ်သက်သွားသည်။ ထို့နောက် ပိန်ပိန်ပါးပါးလူနဲ့ တခြားသူတွေဘက်ကို လှည့်ကြည့်လိုက်သည်။
“သူ မင်းကို ဘယ်လောက် အကြွေး ပေးစရာရှိလဲ”
“ဝိညာဉ်ဒင်္ဂါး ၅၀၀”
စကားတစ်ခွန်းမှ မပြောဘဲ လင်းရှန်သည် တစ်ခုလျှင် (၁၀၀)တန်သော ဝိညာဉ်ဒင်္ဂါးငါးပြားကို ထုတ်ပေးလိုက်သည် ။
ဝိညာဉ်ဒင်္ဂါးပြားများကို လက်ခံရရှိပြီးနောက် ပိန်ပိန်းပါးပါးလူ၏ အုံ့မှိုင်းသောအမူအရာက ချက်ချင်းပြေလျော့သွားခဲ့သည်။ သူသည် အဘိုးအိုကို စူးစူးစိုက်စိုက်စိုက်ကြည့်ကာ သူ့အလူများနှင့်အတူ ဆိုင်သို့ ပြန်ဝင်သွားခဲ့သည်။
သူတို့သုံးယောက် ဆိုင်ထဲဝင်သွားပြီးနောက် လင်းရှန်က အဘိုးအိုကို လှည့်ကြည့်ပြီး “ခင်ဗျား နာမည်ဘယ်လိုခေါ်လဲ” ဟု မေးသည်။
“ငါ့မျိုးရိုးနာမည်က ဝူ၊ လူတော်တော်များများက ငါ့ကို အဘိုးကြီးဝူလို့ခေါ်တယ်”
လင်းရှန်က ခေါင်းညိတ်လိုက်သည်။ “လျှို့ဝှက်မြွေဆီကို ခေါ်သွားပေး”
အဘိုးအိုဝူက အမှန်အတိုင်းပြောတာလားဆိုတာ သူသိချင်သည်။
အဘိုးအိုဝူလိမ်နေရင် လင်းရှန်က ဒီလူလိမ်ရဲ့ ဖင်ကို ကန်ပစ်မည်ပင်။
အဘိုးအိုဝူပြောတာ မှန်တယ်ဆိုရင် လင်းရှန်က ဒါကို ရပ်တန့်ဖို့ နည်းလမ်းရှာရလိမ့်မည်။
အဘိုးအိုဝူက လင်းရှန်တွေးနေတာကို သိသိသာသာ ခန့်မှန်းနိုင်ခဲ့သည်။ သူက တခစ်ခစ်ရယ်ပြီး လမ်းလျှောက်ဖို့ လှည့်လိုက်သည်။
လုပ်ကြံသတ်ဖြတ်ခြင်းအေးဂျင့်စီဖြစ်သော လျှို့ဝှက်မြွေ၏ဌာနချုပ်သည် မှောင်ခိုလမ်း၏အမှောင်ဆုံးနေရာတွင် သဘာဝအတိုင်းတည်ရှိနေသည်။
အဘိုးအိုဝူ၏ ဦးဆောင်မှုအောက်တွင် သူတို့နှစ်ဦးသည် လမ်းအသွယ်သွယ်ကိုဖြတ်ကာ ခဏတာ လမ်းလျှောက်ခဲ့ကြသည်။ နောက်ဆုံးတွင် သူတို့သည် လမ်းသေးသေးလေးထဲသို့ ဝင်ကာ သံတံခါးရှေ့တွင် ရပ်လိုက်သည်။
“ဒါက လျှို့ဝှက်မြွေရဲ့ ဌာနချုပ်ပဲ” ဝူသည် သံတံခါးကို ညွှန်ပြလိုက်သည်။
လင်းရှန်က လှည့်ကြည့်လိုက်သည်။
သူတို့သည် အဆောက်အဦးတစ်ခု၏ နောက်ဖေးလမ်းကြားတွင် ရှိနေကြသည်။
သံတံခါးက လမ်းကြားအလယ်မှာပင်။ နံရံနှစ်ဘက်စလုံးက ပြိုကျနေသည်။ ညာဘက်တွင် ခရုပတ်သံလှေခါးတစ်ခုရှိပြီး သံချေးများဖြင့် ဖုံးအုပ်နေသည်။ ဘယ်ဘက်တွင် အနက်ရောင် အမှိုက်အိတ်များသည် တောင်ငယ်တစ်ခုလို စုပုံနေပြီး ရင်သပ်ရှုမောဖွယ် အပုပ်နံ့များ ထွက်နေသည်။
တံခါးကို သံတစ်ချပ်ဖြင့် ဖုံးအုပ်ထားပြီး တစ်စုံတစ်ဦးသည် ၎င်းအပေါ်တွင် မကောင်းဆိုးဝါးပုံကို မြေဖြူခဲဖြင့် ရေးဆွဲထားသည်။
တံခါးမှာ လက်ကိုင်ဘုမရှိချေ။ မထင်မရှားသော့အပေါက်နှင့် ပြတင်းပေါက်တစ်ခုမှလွဲ၍ ၎င်းသည် ဗလာဖြစ်နေသည်။
အဘိုးအိုဝူသည် တံခါးခေါက်ဖို့ သွက်လက်နေသည်။
သံတံခါးနောက်ကနေ အလင်းတန်းတွေ ထွက်လာသည်။ တစ်စုံတစ်ယောက်က ချဉ်းကပ်လာပြီး ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်ရှိ လူများ၏ အထောက်အထားကို စစ်ဆေးနေပုံရသည်။
စက္ကန့်အနည်းငယ်ကြာပြီးနောက် သံတံခါးက ပွင့်လာသည်။ ညာလက်မောင်းတွင် တက်တူးထိုးထားသော အရပ်ရှည်ရှည် လူတစ်ယောက်က ခန္ဓာကိုယ်တစ်ဝက်ထွက်လာပြီး အဘိုးအိုဝူကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
“အဘိုးအိုဝူ ဒီမှာ ဘာလုပ်နေတာလဲ”
“ဘာလို့ ငါက ဒီကို လာလို့ မရတာလဲ” အဘိုးအိုဝူက အော်ဟစ်လိုက်သည်။ “လွန်ခဲ့တဲ့ရက်အနည်းငယ်က ငါလူတစ်ယောက်ကို ဒီကိုခေါ်လာခဲ့တာမဟုတ်ဘူးလား”
“လမ်းညွှန်ကြေးကို ရဖို့က မင်းအတွက် တော်တော် လွယ်တာပဲ။” အရပ်ရှည်ရှည်နဲ့လူသည် လင်းရှန်ကို ကြည့်လိုက်သည်။ သူ့ကို အကျယ်တဝင့် မပြောဘဲ မြှောက်ပြလိုက်
သည်။ “ အလုပ်အပ်ဖို့လား ဒါမှမဟုတ် လက်ခံဖို့လား”
လင်းရှန်က သူဘာကိုဆိုလိုသည်ကို ချက်ချင်းသဘောပေါက်ပြီး “လက်ခံဖို့”
အရပ်ရှည်ရှည်နဲ့လူက သူ့ကို အကြာကြီးကြည့်ကာ ဘေးသို့ ရွှေ့လိုက်သည်။
“အထဲဝင်ပါ”
လင်းရှန်နဲ့ အဘိုးအိုဝူက ဝင်လာသည်။
တံခါးနောက်ကွယ်တွင် အခန်းကျဉ်းလေးရှိသည်။ ဆိုဖာ နှစ်ခုမှလွဲ၍ အခြားပရိဘောဂ မရှိချေ။
ထွားကြိုင်းပြီး ရန်လိုသောအကြည့်များနဲ့ လူသုံးယောက်သည် ဆိုဖာပေါ်တွင် ထိုင်ကာ လင်းရှန်နှင့် အဘိုးအိုဝူ တို့ကို ရဲရင့်စွာ ကြည့်နေလေသည်။သေချာတာက သူတို့က အစောင့်အချို့ပင်။
အခန်း၏အစွန်ဆုံးတွင် ဝင်ပေါက်တစ်ခုရှိနေပြီး ၎င်းနောက်တွင် ရှည်လျားသောစင်္ကြံတစ်ခုရှိသည်။
အရပ်ရှည်သောလူသည် လင်းရှန်နဲ့အဘိုးအိုဝူကို စင်္ကြံလမ်းအတိုင်း ဖြတ်ခေါ်သွားပြီး နောက်ဆုံးတွင် ဘားနှင့်တူသော နေရာကို ခေါ်သွားသည်။
မှိန်ဖျော့ဖျော့ဘားတွင် လူခုနစ်ဦး သို့မဟုတ် ရှစ်ဦးခန့် ရှိနေခဲ့သည်။ တချို့က တိတ်တိတ်လေး သောက်နေပြီး တချို့က စာရွက်
တစ်ရွက်ကို တိတ်တဆိတ်ဖတ်နေသည်။
အရပ်မြင့်မြင့်နဲ့လူသည် ဘားနောက်ဘက်ရှိ အဖျော်ဆရာ အင်္ကျီဝတ်ထားသည့် အမျိုးသားတစ်ဦးကို လက်ညှိုးထိုးပြကာ လင်းရှန်အား “ အလုပ်လက်ခံချင်ရင် သူနဲ့စကားပြောလိုက်”
ထိုလူက လင်းရှန်၏ တုံ့ပြန်မှုကို မစောင့်ဘဲ လှည့်ထွက်သွားသည်။
“ဒီမှာ ပေါ့ပေါ့ပါးပါးနဲ့ ပါလား?” လင်းရှန်က အသံတိုးတိုးဖြင့် မေးသည်။
အဘိုးအိုဝူက ပြုံးပြလိုက်သည်။ “သတ်ဖြတ်ခြင်းအေဂျင်စီက နေ့အလင်းရောင်ကို မမြင်နိုင်တဲ့ တည်ရှိမှုပဲ ။ အလုပ်လက်ခံလိုသူရဲ့ အထောက်အထားကို ဘယ်လိုစစ်ဆေးပိုင်ခွင့်ရှိမလဲ။ မစ်ရှင်စပေါ်ငွေကို ပေးချေနိုင်သရွေ့ မင်းရဲ့နောက်ခံနဲ့ ခွန်အားကို ဘယ်သူက ဂရုစိုက်မှာလဲ”
လင်းရှန်က နားလည်ဟန်ဖြင့် ခေါင်းညိတ်လိုက်ပြီး ဘားဆီသို့ လျှောက်သွားသည်။
အဖျော်ဆရာသည် သူ့နှင့် အဘိုးအိုဝူရှိနေသည်ကို သတိထားမိသည်မှာ ကြာပြီပင်။ လင်းရှန် လမ်းလျှောက်လာတာကို မြင်တော့ သူက စာရင်းကို ပေါ့ပေါ့ပါးပါး ပစ်ချလိုက်ပြီး သူ့ဖန်ခွက်ကို သုတ်လိုက်သည်။
“ဒါက မင်းအတွက် ပထမဆုံး အကြိမ်ပဲ ဟုတ်တယ်မလား၊ ဒါက မစ်ရှင်အသေးလေးပါ။ မင်းလက်ခံချင်တဲ့ မစ်ရှင်ကို အရင်ရွေးလိုက်။ ပြီးတော့ အသေးစိတ် မစ်ရှင်ဖော်ပြချက်ရဖို့အတွက် ရှာကြည့်လိုက်”
“ပထမဦးစွာ မစ်ရှင်တစ်ခုရဲ့ အသေးစိတ်အချက်အလက်တွေကိုကြည့်ရှုဖို့ မစ်ရှင်
အခကြေးငွေကို ပေးဆောင်ရမယ်။ ပြီးတော့ မစ်ရှင်ကို လက်ခံဖို့အတွက် ၁၀% ကြိုတင်ငွေပေးချေရမယ်။ ကြိုတင်ငွေကို ပြန်အမ်းမှာ မဟုတ်ဘူး။ မင်းတာဝန်ပြီးရင် ၁၀% ကြိုတင်ငွေကို ပြန်ပေးမှာ”
လင်းရှန်က ခေါင်းညိတ်လိုက်သည်။ စကားတစ်ခွန်းမှ မပြောဘဲ စာရင်းကို ကောက်ယူပြီး သေချာကြည့်သည်။
“ပစ်မှတ်နံပါတ်- ၁ ကုမ္ပဏီတစ်ခု၏ အလယ်အလတ်အဆင့် ဝန်ထမ်းများ။ ချီ အသွင်ပြောင်းရေး အဆင့် ၆ ။ ခက်ခဲမှု အဆင့်သတ်မှတ်ချက်- D အလယ်အလတ် အဆင့်၊ ဆုကြေး- ၄၀၀,၀၀၀ ။ အချိန် ကန့်သတ်ချက်- ၁၀ရက်။”
“ပစ်မှတ်အမှတ်- ၁ ကိုယ်ခံပညာကျောင်း နည်းပြဆရာ။ ချီအသွင်ပြောင်းရေး အဆင့် ၉။ ခက်ခဲမှု အဆင့်သတ်မှတ်ခြင်း- D အဆင့်မြင့်။ ဆုငွေ- ၆၅၀,၀၀၀။ အချိန်ကန့်သတ်ချက်- ၁၅ ရက်။”
“ပစ်မှတ်အမှတ်- ၁ - ကိုယ်ခံပညာတည်မြဲရေးစံအိမ်၏ သာမန်အဖွဲ့ဝင်။ ချီအသွင်ပြောင်းခြင်း အဆင့် ၉။ ခက်ခဲမှုအဆင့်သတ်မှတ်
ချက်- C အလတ်စားအဆင့်၊ ဆုလာဘ်- ၁.၅ သန်း။ အချိန်ကန့်သတ်ချက်- ရက် ၃၀။”
စာရင်းပါမစ်ရှင်များ၏ဖော်ပြချက်သည် အလွန်တိုတောင်းသည်။
လင်းရှန်သည် ကိုယ်ခံပညာတည်မြဲရေးစံအိမ်၏ အဖွဲ့ဝင်တစ်ဦးကို လုပ်ကြံသတ်ဖြတ်ချင်သည့် မစ်ရှင်ကိုပင် မြင်ခဲ့ရသည်။
အဖွဲ့ဝင်သည် ချီအသွင်ပြောင်းခြင်း အဆင့်(၉)တွင်ရှိသော်လည်း ဆုကြေးမှာ ယခင်ပုံစံထက် နှစ်ဆပိုများသည်။ အခက်အခဲအဆင့်မှာလည်း အဆင့်နှစ်ဆင့် ပိုမြင့်သည်။
ဒါပေမယ့် ဒါက ပုံမှန်ပင်။
ကိုယ်ခံပညာတည်မြဲရေးစံအိမ်၏အဖွဲ့ဝင်တစ်ဦးကို လုပ်ကြံသတ်ဖြတ်ခြင်းသည် ကျားနှုတ်ခမ်းမွှေးကို နှုတ်ခြင်းနှင့် မခြားနားပေ။ ထို့နောက်တွင် ကိုယ်ခံအာဏာတည်မြဲရေးစံအိမ်သည် လုပ်ကြံသတ်ဖြတ်သူကို ချမ်းသာပေးမည် မဟုတ်ချေ။
ဒီလိုတာဝန်ကို ဘယ်သူက လက်ခံဝံ့မှာလဲ။
သူတို့သည် ဤမစ်ရှင်မှရရှိသောငွေများကို သုံးစွဲရန်အခွင့်အရေးရှိမည်မဟုတ်ပေ။
သို့သော် လျှို့ဝှက်မြွေသည် ထိုမစ်ရှင်ကို လက်ခံဝံ့သည်။ ဆိုလိုသည်မှာ ၎င်းသည် အလွန်ကောင်းမွန်သော ဆက်နွှယ်မှု ရှိလောက်ပြီးသား ဖြစ်သည် ။
လင်းရှန်သည် အံ့သြစွာဖြင့် ဆက်ဖတ်နေသည်။
ရုတ်တရက် သူ့အမူအရာ က အေးစက်သွားသည်။
“ပစ်မှတ်အမှတ်-၁၊ မိုးမခသင်တန်းကျောင်းမှ ကျောင်းသား။ ချီအသွင်ပြောင်းခြင်း အဆင့် (၅) ။ ခက်ခဲမှု အဆင့်သတ်မှတ်ခြင်း- Dအသေးစား၊ ဆုကြေး -၃၀၀,၀၀၀ ၊ အချိန်ကန့်သတ်ချက် - (၁၀)ရက်”