ခွန်အား၏အကျိုးကျေးဇူးများ
Vol. 5 Ch. 64
အိမ်ပြန်ရောက်တာနဲ့ လင်းရှန်အပေါ် အနက်ရောင် အရိပ်တစ်ခု ကျနေတာကို တွေ့လိုက်ရသည်။ ထိုအရာကို သူ့လက်ဖဝါးနဲ့ ရိုက်ဖို့လုပ်ပေမဲ့ အိုက်ကို မြင်လိုက်တာနဲ့ ရပ်တန့်လိုက်သည်။
"လင်းရှန် နောက်ဆုံးတော့ နင်ပြန်လာပြီ။"
အိုက်သည် လင်းရှန်၏ အင်္ကျီကို ဆွဲကိုင်လိုက်ပြီး မျက်ရည်လည်သော
မျက်လုံးများဖြင့် သူ့ကို ကြည့်နေသည်။
"ငါ ဘာမှားလို့လဲ?" လင်းရှန် စိတ်ရှုပ်သွားသည်။
"ငါ့ကြောင်စာ ဗူးက ဘယ်မှာလဲ"
လင်းရှန်က သူ့နဖူးကို ပုတ်ပြီး နောက်ဆုံးမှာတော့ အိုက်ကို ကြောင်စာကျွေးတဲ့နေ့ကို သတိရလိုက်မိသည်။ သူသည် သိုလှောင်ကျောက်စိမ်းပြားမှ သံဘူးကို ချက်ချင်းထုတ်လိုက်သည်။
သူ့ရှေ့က ဗူးခွံတွေက အိုက်ရဲ့ နာကြည်းမှုတွေကို ပျော်ရွှင်မှုအဖြစ် ပြောင်းလဲသွား စေသည်။ ချက်ချင်းပဲ သူမက လက်သည်းတွေနဲ့ ဗူးကိုဖွင့်ပြီး စားလိုက်သည်။
"ဗိုက်ဆာနေတာ ဘယ်နှစ်ရက်ရှိပြီလဲ။ နင် ဘာလို့ဒီလောက်မြန်မြန်စားနေတာလဲ" လင်းရှန်က စိတ်ဝင်တစား မေးလိုက်လေသည်။
ဒါကိုပြောတော့ အိုက်က ရုတ်တရက် မျက်ရည်တွေကျလာပြန်သည်။
“ငါက ဘူးတွေကို ရေတွက်နေတာ။ တစ်နေ့ကို ခုနစ်ဗူးစားတယ်လို့ ထင်ခဲ့ပေမယ့် ငါးရက်အတွင်း ဗူးအားလုံး ကုန်သွားတယ်။ ငါ လွန်ခဲ့တဲ့ သုံးရက်လောက်ကတည်းက ငတ်နေခဲ့တာ။ ငါဘယ်လိုကျော်ဖြတ်ခဲ့လဲဆိုတာ နင်မသိဘူး”
လင်းရှန် ရှက်သွားသည်။
သူသည် လွန်ခဲ့သည့် ရက်အနည်းငယ်က တိမ်တိုက်ကြားမှ နဂါးဟောက်သံကို နားလည်ရန် အလုပ်များနေသောကြောင့် အိုက်ကို ဂရုစိုက်ရန် အချိန်မရှိပေ။
“မငိုနဲ့။ နောက်ဆို မင်းရဲ့ဗူးခွံတွေ ကုန်သွားတဲ့အခါ ငါ့ကို ပိုတောင်း”
အိုက်က သူ့ကို ငုံ့ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။ "လင်းရှန် နင်က လူကောင်းပဲ"
လင်းရှန် ရှက်သွားပြန်သည်။
ဒီလို တုံးအတဲ့ ကလေးကို လှည့်စားရတာက စိတ်မကောင်းစရာပင်။
နောက်ဆုံးတွင် အိုက်သည် တည်ငြိမ်သွားပြီးလင်းရှန်က စည်သွပ်ဘူးခွံများ စားသုံးနေသော ကြောင်ကို ကြည့်နေသည်။ နောက်ပြီး သက်ပြင်းတစ်ချက်ချကာ ဒုတိယထပ်သို့ တက်သွားသည်။
စာမေးပွဲပြီးသွားပေမဲ့ ကျောင်းကို သတင်းမပို့ခင် တစ်လလောက် အချိန်ရသေးသည်။
ဤလတွင် သူသည် ကျင့်ကြံရန် စွမ်းအင် အားလုံးကို သုံးစွဲရမည် ။
“အရိပ်နဲ့ တိမ်တိုက်ကြားက နဂါးဟောက်သံတွေကို ဆက်ပြီး ကျင့်ကြံရမယ်၊ အဲ့တာတွေကို တတ်နိုင်သမျှ ပြီးပြည့်စုံခြင်း အဆင့်ကို မြန်မြန်ရောက်အောင် လုပ်ရမယ်”
အရိပ်ဖြစ်ဖြစ် ၊ တိမ်တိုက်ကြားက နဂါးဟောက်သံ ဖြစ်ဖြစ် ၎င်းတို့၏ လက်တွေ့ကျမှုနှင့် ခွန်အားကို စာမေးပွဲတွင် အတည်ပြုပြီးဖြစ်သည်။
အထူးသဖြင့် တိမ်တိုက်ကြားမှ နဂါးဟောက်သံက လင်းရှန်ကို များစွာ အံ့အားသင့်စေခဲ့သည်။
စာမေးပွဲပြီးဆုံးပြီးနောက် ကျောက်ရွှမ်ရင်သည် ချီအသွင်ပြောင်းခြင်းအဆင့်တွင် နံပါတ်တစ် ကိုယ်ခံပညာဟု လူသိများသော အငွေ့ပျံကြိုးကို အသုံးပြုခဲ့ကြောင်း ယန်ကျုံးရီထံမှ လင်းရှန် သိရှိခဲ့ရသည်။
နည်းစနစ်နှစ်ခု၏ သဘောသဘာဝကြောင့် တိမ်တိုက်ကြားမှ နဂါးဟောက်သံသည် အငွေ့ပျံကြိုးများကို ဖိနှိပ်ထားနိုင်ပြီး မည်မျှအစွမ်းထက်ကြောင်း ပြသရန် လုံလောက်
ခဲ့သည်။
ကြောင်ဗိုလ်ချုပ်က သူ့ကို မလိမ်ချေ။ ဒါက တကယ်ကို အစွမ်းထက်တဲ့ ကိုယ်ခံပညာတစ်ခုပင်။
လူတစ်ယောက်က အဲဒါကို ပြီးပြည့်စုံခြင်းအဆင့် ရောက်အောင်ကျင့်ကြံနိုင်ရင် ကြာရှည်စွာ အသက်ရှုခြင်းအဆင့် ကျင့်ကြံသူလို သန်မာတဲ့သူတစ်ယောက်တောင်မှ ထိပ်တိုက်ရင်ဆိုင်ဝံ့မှာ မဟုတ်ချေ။
"ငါ့ရဲ့ ကျင့်ကြံမှုကို ဆက်တိုးအောင်လုပ်ပြီး ကြာရှည်စွာအသက်ရှုခြင်းအဆင့်ကို ဖြတ်ကျော်နိုင်အောင် လုပ်ရမယ်”
လင်းရှန်က မျက်နှာပြင်ကို ဆင့်ခေါ်လိုက်သည်။
[အမည်-လင်းရှန်]
[စွမ်းရည် - နတ်ဘုရား၏ မနာလိုမှု]
[အဆင့်- ချီအသွင်ပြောင်းခြင်းအဆင့်(၉)၊ ၂%]
[ကျင့်ကြံနည်းစနစ်- မူလအသက်ရှူခြင်းနည်းစနစ်( ပြီးပြည့်စုံမှု) ၊နေမီးတောက်လက်ဝါး (ပြီးပြည့်စုံမှု)၊ သေခြင်းအတားအဆီး (အစပြုသူ အဆင့် ၆၂ %)၊ အရိပ် (အထူး ကျွမ်းကျင်အဆင့် ၄%] ၊ တိမ်တိုက်ကြားမှ နဂါးဟောက်သံ (အစပြုသူအဆင့် ၃%)]
[ကိုယ်ပွားအရေအတွက်- ၄ (၆၂%)]
“ငါက အဆီအရည်တွေကို အကုန်သုံးပြီးပြီ။ နောက်ထပ်ဝယ်ဖို့ မှောင်ခိုလမ်းကို သွားရအုံးမယ်။"
လင်းရှန်က ခဏလောက် စဉ်းစားကြည့်နေသည်။
သူ၏ လျှို့ဝှက်စနစ် တည်ရှိမှုကြောင့် ကျင့်ကြံသောအခါတွင် အတားအဆီးမရှိပေ။ သူရဲ့တိုးတက်မှုအဆင့်ကို ရောက်သရွေ့တော့ သူ က အောင်မြင်မှုတွေ ရနိုင်မှာပင်။
တစ်နည်းဆိုရသော် သူ့တွင် လုံလောက်သော ကျင့်ကြံမှု အရင်းအမြစ်များ ရှိနေသရွေ့ လင်းရှန်သည် တစ်လအတွင်း ကြာရှည်စွာအသက်ရှုခြင်းအဆင့်သို့ ဖြတ်ကျော်နိုင်မည်ဟု ယုံကြည်သည်။
အဓိက အတားအဆီးမှာ ကျင့်ကြံရေး အရင်းအမြစ်များကို ရှာဖွေရန် မလွယ်ကူခြင်း ဖြစ်သည်။
မှောင်ခိုလမ်းပေါ်ရှိ ထိုဆိုင်မှ အဆီအရည်သည် အကန့်အသတ်ရှိသည်။ ဆိုင်မှာက အဆီအရည် ဆယ်လီတာကျော်လောက်ကိုသာ သိုလှောင်ထားသည်။ လင်းရှန်သည် ၎င်းတို့အားလုံးကို ဝယ်ခဲ့လျှင်ပင် ကျင့်ကြံရန် လုံလောက်မည်မဟုတ်ပေ။
သို့ရာတွင် သူသည် ကျင့်ကြံမှုကို အထောက်အကူပြုရန်အတွက် မြှင့်တင်ခြင်း အဆီအနှစ်ဆေးလုံး သို့မဟုတ် မူလဆေးလုံးများကို ဝယ်လိုပါက သူ့တွင်ရှိသော ဝိညာဉ် ဒင်္ဂါး နှစ်သိန်းသည် မလုံလောက်ပေ။
အမြုတေကျောက်တုံးအပိုင်းအစ အနည်းငယ်ကိုလည်း မရောင်းနိုင်ပေ။
လင်းရှန်သည် လှေကားဆီသို့ လှမ်းကြည့်လိုက်ပြီး ခေါင်းယမ်းကာ ခဏလောက် တွေးနေသည်။
ညသွေးစက်များသည် အိုက်ကို ရှာဖွေနေဆဲဖြစ်ကောင်းဖြစ်နိုင်သည်။ လောလောဆယ် အိုက် အပြင်မထွက်တာက ပိုကောင်းသည်။
ထို့အပြင် အမြုတေကျောက်တုံးအပိုင်းအစများကို မည်သို့ရှာဖွေရ လွယ်ကူနိုင်မည်နည်း။
မှောင်ခိုလမ်းကို အရင်သွားကြည့်တာ ပိုကောင်းအုံးမည်။
ထို့အပြင် မိုးမခကျောင်းမှ ဆုများလည်း ရရှိအုံးမည် ။မနက်ဖြန် ကျောင်းကို သွားပြီး အဲ့တာကို အရင် ယူရမည်။
နောက်နေ့မနက်မှာတော့
လင်းရှန်သည် မိုးမခကျောင်းသို့ ရောက်ရှိခဲ့သည်။
မိုးမခ သင်တန်းကျောင်းသည် ယခုအချိန်တွင် အားလပ်ရက်ဖြစ်တာကြောင့် ကျောင်းတွင် လူအနည်းငယ်သာရှိသည်။
သို့သော် ဒါက လင်းရှန်အတွက် အဆင်ပြေသည် ။ သူကို အဝိုင်းခံရမှာကို စိတ်ပူစရာမလိုတော့ချေ။
ကျောင်းအဆောက်အအုံ၏ အပေါ်ဆုံးထပ်ရှိ ရုံးခန်းသို့ ရောက်သောအခါ ခုန်ဟုန်သည် သူ့ကို စောင့်နေပြီဖြစ်သည်။ ဟွိုက်လျှိုကျောင်း၏ ဌာနမှူး ဟယ်ရှန်းလင်းလည်း ထိုနေရာတွင် ရှိနေသည်။
"ငါတို့ ကျောင်းရဲ့ ပါရမီရှင်က ဒီမှာပဲ“
လင်းရှန် ရုံးခန်းထဲသို့ ဝင်လာသည်နှင့် တပြိုင်နက် ဟယ်ရှန်းလင်းက သူ့ကို ပုဂ္ဂိုလ်ရေးအရ အပြုံးဖြင့် နှုတ်ဆက်သည်။ သူ့ရဲ့ အပြုအမူနဲ့ အမူအရာတွေက ပြိုင်ပွဲမှာ ဆုတွေ ပေးတုန်းကထက် ပိုပြီး စိတ်အားထက်သန်နေသည်။
ဒါကို ခုန်ဟုန်က မြင်ပြီး ရင်ထဲမှာ ကျိန်ဆဲနေသည်။
ယခင်က နိုင်ယန်းကျောင်းသို့ ဝင်ရောက်ခဲ့သော အခြားကျောင်းသားများကို
ဟယ်ရှန်းလင်းက တွေ့သောအခါတွင် တစ်သီးတစ်သန့်နေတတ်သည် ။ သူက အခုလောက် စိတ်အားထက်သန်မှု မရှိချေ။ သူက အခု လင်းရှန်ကို နည်းနည်းလေး အာရုံစိုက်နေသည်။
သို့သော် ခုန်ဟုန်သည် ဆန့်ကျင်ဘက်အရာများကို နားလည်ပေးနိုင်သည်။
တကယ်တော့ လင်းရှန်သည် နိုင်ယန်းကျောင်းကိုဝင်ခဲ့တဲ့ တခြားကျောင်းသားတွေနဲ့ မတူချေ။
သူသည် အဓိက တပည့်ဖြစ်လာပြီး သာမန်လူတန်းစားတစ်ဦးလည်း ဖြစ်သည်။ သူ့ရဲ့ အရည်အချင်းက အံ့ဩစရာပင်၊
ထိုသို့သော ပါရမီရှင်သည် တောက်ပသော အနာဂတ်ကို ရရှိမှာ သေချာသည်။
သြဇာကြီးသော မိသားစုများ၏ ခန့်အပ်မှုကို လက်ခံလိုသရွေ့ အနာဂတ်တွင်
ကျင့်ကြံသူသခင် ဖြစ်လာဖို့က သေချာသော အလောင်းအစားတစ်ခုဖြစ်သည်။ ယခု သူနှင့် ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်ခြင်းသည် သေချာပေါက် အကျိုးရှိမည်ဖြစ်သည်။
ဟယ်ရှန်းလင်းသည် မိုးမခကျောင်း၏ ဌာနမှူးဖြစ်သော်လည်း သူသည် တောက်ပသော ဝင်ပေါက်အဆင့် ကျင့်ကြံသူတစ်ဦးသာဖြစ်သည်။ သူသည် အနာဂတ်တွင် ကျင့်ကြံသူ သခင်ဖြစ်သို့ တိုးလာမည့် လင်းရှန်ကဲ့သို့ အလားအလာရှိသော ပါရမီရှင်ကို လျစ်လျူမရှုဝံ့သည်မှာ သဘာဝပင် ဖြစ်သည်။
ခဏတာ ကြည်နူးစရာတွေ ဖလှယ်ပြီးနောက် ဟယ်ရှန်းလင်းက ကျောင်းရဲ့ ဆုလာဘ်တွေကို လင်းရှန်ကို ပေးခဲ့သည်။
၎င်းတွင် ဝိညာဉ်ဒင်္ဂါး ၂၀၀,၀၀၀၊ မူလဆေးပြားငါးပုလင်းနဲ့ အဆင့်နိမ့် အဆောင် အစုံတို့ ပါဝင်သည်။
အဆောင် အုပ်တွင် အဆင့်နိမ့် အဆောင် စုစုပေါင်း ၁၂ ခုရှိသည်။ နှလုံးသန့်စင်ခြင်း အဆောင်၊ ငှက်မွှေးအဆောင်၊ ကာကွယ်ရေးအဆောင်၊ ဖယ်ရှားခြင်းအဆောင်၊ နတ်ဆိုး တားဆီးခြင်း အဆောင်နဲ့ နတ်ဘုရားလက်နက် အဆောင် အပါအဝင် အဆောင် အမျိုးအစား ခြောက်မျိုး ပါဝင်သည်။ အမျိုးအစားတစ်ခုစီတွင် အဆောင် နှစ်ခုစီ ရှိသည်။
၎င်းတို့သည် အဆင့်နိမ့် အဆောင်များဖြစ်သော်လည်း စျေးကွက်ပေါက်ဈေးမှာ တစ်ခုကို ဝိညာဉ်ဒင်္ဂါး ၂၀၀၀ ထက် မနည်းပေ။
တန်ဖိုးအကြီးဆုံး နတ်ဘုရားလက်နက် အဆောင်၏စျေးနှုန်းသည် တစ်ခုလျှင် ဝိညာဉ်ဒင်္ဂါး တစ်သောင်း အထိပင် မြင့်မားသည်။
ဤအဆင့်နိမ့် အဆောင်အစုံသည် ဝိညာဉ်ဒင်္ဂါး ၆၀,၀၀၀ကျော်တန်ဖိုးရှိသည်။
ဝိညာဉ်ဒင်္ဂါး၂၀၀,၀၀၀ ၊ မူလဆေးပြား ပုလင်းငါးလုံးတို့နှင့်ဆို ဤဆုကြေးငွေ၏ စုစုပေါင်းတန်ဖိုးမှာ၆၀၀,၀၀၀ နီးပါးဖြစ်သည်။ ဒါက အလွန်ရက်ရောသည်။
လင်းရှန်က သက်ပြင်းချလိုက်သည်။ ဤသည်မှာ ခွန်အား၏ အကျိုးကျေးဇူးကို ပထမဆုံးအကြိမ် ခံစားရခြင်းဖြစ်သည်။
ပြီးတော့ ဒါက အစပဲလို့ မှန်းဆရသည်။
ဌာနမှူးကို ကျေးဇူးတင်ကြောင်းပြောပြီးနောက် လင်းရှန်သည် နေ့လည်စာစားဖို့ ဖိတ်ကြားချက်ကို ယဉ်ကျေးစွာ ငြင်းဆိုခဲ့ပြီး မိုးမခကျောင်းမှ ထွက်လားခဲ့သည်။
လက်ထဲတွင် ဝိညာဉ်ဒင်္ဂါး ၂၀၀,၀၀၀ နှင့် အမြုတေကျောက်တုံး အပိုင်းအစများ ရောင်းချခြင်းမှ ရရှိသောငွေများကြောင့် လင်းရှန်သည် ယခုအချိန်တွင် သူ့ဘဝ၏ အချမ်းသာဆုံးအချိန် ဖြစ်နေသည် ။
ယှဉ်ကြည့်လျှင် ကိုယ်ခံပညာကျောင်း၏ လေ့ကျင့်ရေးတွဲဖက်လစာသည် ဖော်ပြရန်မထိုက်တန်တော့ပေ။
လင်းရှန်သည် တစ်လအတွင်း ကျောင်းသို့ ၀င်ရောက်ရမည်ဖြစ်ပြီး အနာဂတ်တွင် ဆိတ်ငြိမ်သောနေမင်း ကိုယ်ခံပညာကျောင်းသို့ သွားရန် အချိန်မရှိတော့သဖြင့် ဂေါင်ကျန်ထံမှ နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့သည်။
လင်းရှန်သည် ယခုနှစ်တွင် နိုင်ယန်းကျောင်း၏ ထိပ်တန်းကျောင်းသားအသစ် ဖြစ်လာကြောင်း ဂေါင်ကျန် ကြားနေတာ ကြာပြီပင်။ သူက အံ့အားသင့်နေပြီး ဒီအလုပ်သမားကို ဆွဲမထားတော့ပေ။ သူက ချက်ချင်း သဘောတူပြီး လင်းရှန် ထွက်သွားသောအခါ တံခါးဆီသို့ပင် လိုက်ပို့ခဲ့သေးသည်။
အိမ်ပြန်ရောက်ပြီးတဲ့နောက် လင်းရှန်သည် အိပ်ခန်းထဲသို့ ချက်ချင်းဝင်သွားပြီး တံခါးကို သော့ခတ်လိုက်သည်။ သူသည် သူ၏ကိုယ်ပွားကို ဆင့်ခေါ်ကာ မူလဆေးလုံးကို ထုတ်ပြီး စတင် ကျင့်ကြံခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်း ချီအသွင်ပြောင်းခြင်း နဝမအဆင့်သို့ ဖြတ်ကျော်ပြီးနောက် သူ့အပေါ် မူလဆေးလုံး၏ အကျိုးသက်ရောက်မှုများသည် ယခင်ကဲ့သို့ မကောင်းတော့ပေ။
ပျမ်းမျှအားဖြင့် မူလဆေးလုံးခြောက်လုံးသည် သူ၏ ကျင့်ကြံမှုကို ၁%ရာခိုင်နှုန်းသာ တိုးစေသည်။
“ဒါက ငါ့ရဲ့ ပင်ကိုယ်စွမ်းရည်က မြှင့်တင်ပေးနေလို့သာပဲ။ တခြားသူသာဆိုရင် မူလဆေးလုံးရဲ့ အာနိသင်က ပိုတောင်ဆိုးလိမ့်မယ်” လင်းရှန်က သက်ပြင်းချလိုက်သည်။
ပုလင်းငါးလုံးတွင် မူလဆေးလုံးစုစုပေါင်း (၆၀) ပါ၀င်ပြီး ၎င်းသည် သူ၏ ကျင့်ကြံမှုကို ၁၀ % သာ တိုးတက်စေမည်ဖြစ်သည်။ ဒါဆိုကြာရှည်စွာ အသက်ရှုခြင်းအဆင့်သို့ ဖြတ်ကျော်ရန် ဝေးကွာနေသေးသည်။
"ငါ ဒီည မှောင်ခိုလမ်းကို သွားရအုံးမယ်။"