ဖန်းယွင်ရှန်းထံမှ သတင်းစကား
Vol. 78 Ch. 1090
အခန်း (၁၀၉၀) ဖန်းယွင်ရှန်းထံမှ သတင်းစကား
ဖန်းယွင်ရှန်းအတွက် စိုးရိမ်သည်ကတစ်ကြောင်းဖြစ်သလို ယခု ဤနေရာသို့ရောက်ရှိနေသူတိုင်းက ရာဟုကြယ်ထက်ယံအရှင်သခင် ‘ကျန်းရွှင်ဟွား’ ၏ အစီအစဉ် အောင်မြင်သည်လား အလွန်စိတ်ဝင်စားနေကြသည်။
ရန်ကျောက်ကဲက အသက်ပြင်းပြင်းတစ်ချက်ရှူပြီး မျက်လုံးများကို မှေးမှိတ်လိုက်သည်။
သူ၏ ခန္ဓာကိုယ်တဝိုက် အလင်းရောင်များ ထွက်ပေါ်လာပြီး မှောင်မှိုင်းသည့် ရေပမာ အလင်းရောင်အဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် ရေအလင်းရောင်က အဖြူရောင်နှင့် အနက်ရောင်အဖြစ်သို့ ပြောင်းလဲသွားပြီး တောက်ပမှု လုံးဝ မရှိတော့ပေ။
ရေကတဖြည်းဖြည်း စုပ်ယူခံလိုက်ရသည့်ပမာ စိမ့်ဝင်သွားပြီး ဤနေရာရှိ အချိန်ရေစီးကြောင်းက တဖြည်းဖြည်း နှေးကွေးသွားကာ နောက်ဆုံး ရပ်တန့်သွား၏။
ဒါကိုမြင်တော့ ပိုးသားဧကရာဇ်နှင့် လွှမ်းခြုံဧကရာဇ်တို့နှစ်ယောက်လုံး ခေါင်းညိတ်လိုက်ပြီး စိတ်ထဲမှ တွေးလိုက်ကြ၏။
“သူ့အသက်အရွယ် သူ့ရဲ့ကျင့်ကြံခြင်းအဆင့်နဲ့ ထာဝရအလင်းကောင်းကင်ကျမ်းစာကို အောင်မြင်ထားတာ အတော်မြင့်မားတာပဲ”
ထိုစဉ် ရန်ကျောက်ကဲက...
“ဧကရာဇ် (၂)ပါး... ကျွန်တော့်ကို ကူညီပေးပါ”
အခြားသူများအတွက် အချိန်စီးဆင်းမှုနှေးကွေးနေချိန် ရန်ကျောက်ကဲ၏အသံက အနည်းငယ် လျှင်မြန်နေဟန် ရှိသည်။
ပိုးသားဧကရာဇ်နှင့် လွှမ်းခြုံဧကရာဇ်တို့က ရန်ကျောက်ကဲအကူအညီတောင်းသည်ကို ငြင်းပယ်ခြင်းမရှိဘဲ တညီတညွတ်တည်း လှုပ်ရှားလိုက်ကြသည်။
ဧကရာဇ် (၂)ပါးအကူအညီဖြင့် ရန်ကျောက်ကဲက ထာဝရအလင်းကောင်းကင်ကျမ်းစာ လျှို့ဝှက်ချက်ကို အသုံးပြုပြီး အချိန်ကို နောက်ပြန်လှည့်လိုက်သည်။
ဤသည်က အမှန်တကယ် အချိန်နောက်ပြန်လှည့်သွားခြင်း မဟုတ်ပေ။ တကယ်တမ်း အချိန်ကိုနောက်ပြန်လှည့်မည်ဆိုလျှင် လအနည်းငယ်မှ နှစ်ပေါင်းများစွာအထိ ကြာမြင့်နိုင်သည်။
ဗလာနယ်အတွင်းမှ အနက်ရောင်မီးတောက်၏ အန္တရယ်ချီများကို ပေါင်းစပ်ပြီး အတိတ်မှပုံရိပ်များကို ပြန်လည်ပုံဖော်ရန် ကြိုးစားခြင်းသာ ဖြစ်သည်။
ရုတ်တရက် လေထုထဲတွင် အဖြူရောင်အလင်းတန်းတစ်ခု လင်းလက်လာသည်။
ရန်ကျောက်ကဲမျက်ဝန်းများ လက်ခနဲ တောက်ပသွားပြီး...
“ယွင်ရှန်းက သဲလွန်စချန်ထားခဲ့တာပဲ...”
အဖြူရောင်အလင်းတန်းထွက်ပေါ်လာသည်နှင့် လေထုထဲတွင် ပုံရိပ်များ အဆက်မပြတ် ထွက်ပေါ်လာသည်။
ရန်ကျောက်ကဲနှင့် မန်ဝမ်တို့ရင်းနှီးသော မျက်နှာတစ်ခု သူတို့အားလုံးရှေ့တွင် ထွက်ပေါ်လာသည်။
ရိုးရှင်းစွာစည်းနှောင်ထားသည့် အနက်ရောင်ဆံနွယ်ရှည်များက လေထဲတွင်လွင့်ပျံနေပြီး ကြည်လင်သောမျက်ဝန်းများပိုင်ဆိုင်ကာ အဖြူရောင်ဝတ်ဆင်ထားသည့် မိန်းမပျိုတစ်ယောက်၏ပုံရိပ် ထွက်ပေါ်လာသည်။
သူမက ဖန်းယွင်ရှန်းမှလွဲပြီး အခြားသူ မဟုတ်ပေ။
ဖန်းယွင်ရှန်းက ကြမ်းပြင်ထက် တင်ပျဉ်ခွေထိုင်နေပြီး သူမ၏ဦးခေါင်းထက်တွင် လမင်းပမာ အေးစက်တောက်ပသည့် အလင်းရောင်များထွက်ပေါ်နေသော သရဖူတစ်ခု ဆောင်းနှင်းထားသည်။ ထိုသရဖူက ကောင်းကင်ထက်မှ လတစ်စင်းပမာ တောက်ပလျှက် ရှိ၏။
သူမ၏ဒူးထက်တွင် နေရိပ်နတ်ဓားကို ကန့်လန့်ဖြတ်တင်ထားပြီး ထိုဓားမှ အနက်ရောင်ချီစွမ်းအားစီးကြောင်းများ ထွက်ပေါ်နေသည်။ ထိုချီစွမ်းအားစီးကြောင်းများက သံကြိုးများပမာ ချိတ်ဆက်နေသည့် အင်းသင်္ကေတစီးကြောင်းများအဖြစ် ပြောင်းလဲသွားပြီး ဖန်းယွင်ရှန်း၏ခန္ဓာကိုယ်အား ရစ်ပတ်ထားသည်။
ဖန်းယွင်ရှန်း၏အရှေ့ လေထုထဲတွင်တော့ ကြီးမားသည့် အနက်ရောင်နေမင်းကြီးတစ်စင်း လွင့်မျောလျှက် ရှိ၏။
ထိုအနက်ရောင်နေဝန်းကြီး အခြားဘက်တွင် သေးငယ်သည့် အနက်ရောင်မီးတောက်တစ်ခု ဖိနှိပ်ခံထားရပြီး လုံးဝ လှုပ်ရှားနိုင်ခြင်း မရှိပေ။
အနက်ရောင်နေဝန်းကြီးထက်မှ အနက်ရောင်နေခြည်အလင်းတန်းများက ဖန်းယွင်ရှန်းဒူးထက်မှ နေရိပ်နတ်ဓားပေါ်သို့ ကျရောက်နေသည်။
ဖန်းယွင်ရှန်းက တည်ငြိမ်သောမျက်နှာအမူအရာ ၊ ခိုင်ကြည်ထက်ရှသောမျက်ဝန်းများဖြင့် သူမအရှေ့မှ အနက်ရောင်နေဝန်းကြီးကို စူးစိုက်ကြည့်နေသည်။
ထိုအချိန်...
အနက်ရောင်နေဝန်းကြီးထဲမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
ထိုပုံရိပ်က ရာဟုကြယ်ထက်ယံအရှင်သခင် ‘ကျန်းရွှင်ဟွား’ ပင် ဖြစ်၏။
သူမပုံစံက အရင်အတိုင်း လေးနက်တည်ကြည်ကာ အေးစက်နေပြီး ဖန်းယွင်ရှန်းအား စူးရှသောအကြည့်ဖြင့် တည်ငြိမ်စွာ ကြည့်နေသည်။
ဖန်းယွင်ရှန်းက ထိတ်လန့်တုန်လှုပ်ခြင်း အလျဉ်းမရှိဘဲ တည်ငြိမ်စွာဖြင့်...
“ကျွန်မက ပြန်လည်မွေးဖွားလာတဲ့ ဓားဝိညာဉ် မဟုတ်ဘူး ၊ ဒါပေမဲ့ ဒီဓားက ဘာလို့ ကျွန်မနဲ့ အရမ်းနီးကပ်ရသလဲဆိုတာတော့ မသိဘူး”
စကားနည်းသူအဖြစ် နာမည်ကျော်ကြားသော ကျန်းရွှင်ဟွားသည် ယခု ဖန်းယွင်ရှန်းကိုတွေ့သည့်အခါ မတွန့်ဆုတ်ဘဲ စကားများစွာ ပြောဆိုလိုက်သည်။
“မင်းက ပြန်လည်မွေးဖွားလာတဲ့ ဓားဝိညာဉ်မဟုတ်ဘူးဆိုတာ အမှန်ပါပဲ ၊ ဒါပေမဲ့ မင်းရဲ့ ဝိညာဉ်အပိုင်းအစတစ်ခုက ရာဟုဓား အကြွင်းအကျန်တွေထဲမှာ ချိတ်ပိတ်ခံထားရတယ် ၊ ဒီဓားက မင်းရဲ့ ဝိညာဉ်တစ်စိတ်တစ်ပိုင်းကြောင့် ပြန်လည်မွေးဖွားလာတယ်လို့ ဆိုနိုင်တယ် ၊ မင်းရဲ့ကိုယ်ပွားလိုမျိုး မဟုတ်ပေမယ့် ဓားဝိညာဉ်က မင်းရဲ့ ခြေလက်တွေလိုမျိုး မင်းနဲ့ ဆက်စပ်နေတယ်”
ထူးကဲယင်သရဖူ၏ သန့်စင်သော လရောင်ခြည်အလင်းတန်းများက ဖန်းယွင်ရှန်း၏ခန္ဓာကိုယ်အား ဝိုင်းပတ်ထားသော အနက်ရောင်သံကြိုးပမာ အင်းသင်္ကေတကြိုးများကို အတိုင်းအတာတစ်ခုအထိ ဖိနှိပ်ထားသည်။
သို့သော် ထိုအနက်ရောင်အင်းသင်္ကေတများကို ခုခံရန်မှာ ဖန်းယွင်ရှန်း၏ ကိုယ်ပိုင်ဆန္ဒနှင့် စိတ်စွမ်းအားအပေါ် များစွာ မူတည်သည်။
သူမက တည်ငြိမ်စွာဖြင့်...
“ရာဟုကြယ်ထက်ယံအရှင်သခင်... အတိတ်တစ်ချိန်က အကြီးအကဲရဲ့အသွင်အပြင်ကို လေးစားမိတာမှန်ပေမယ့် ဒီတပည့်က တခြားသူတစ်ယောက် သေခြင်းတရားက ပြန်လည်ရှင်သန်လာဖို့အတွက် ရုပ်ခန္ဓာအခွံသက်သက် မဖြစ်ချင်ဘူး”
“အံ့သြစရာကောင်မလေးပဲ...”
ကျန်းရွှင်ဟွားက ဖန်းယွင်ရှန်းစကားကြောင့် စိတ်အနှောက်အယှက်မဖြစ်ရုံသာမက အေးစက်သောမျက်နှာထက်တွင် နှစ်သက်သဘောကျသည့် အပြုံးတစ်ပွင့် ထွက်ပေါ်လာသည်။
သို့သော် ထိုအပြုံးရိပ်က ခဏမျှသာပင်။
ထို့နောက် အနက်ရောင်နေဝန်းကြီးက ရှေ့သို့တဖြည်းဖြည်းတိုးလာပြီး ဖန်းယွင်ရှန်း၏ ခန္ဓာကိုယ်အား ဝါးမျိုသွားသည်။
ဖန်းယွင်ရှန်းက ခုခံခြင်း မရှိပေ။ ပုံမှန်အတိုင်းပင်ထိုင်နေပြီး စိတ်ကိုတည်ငြိမ်အောင် ထိန်းသိမ်းထားသည်။
လွှမ်းခြုံဧကရာဇ်က သူ့အရှေ့မှ မြင်ကွင်းကိုကြည့်ရင်း ခေါင်းညိတ်လိုက်သည်။
“ရာဟုကြယ်ထက်ယံအရှင်သခင်က ပြန်လည်မွေးဖွားလာတယ်ဆိုပေမယ့် အမှောင်ဘက်ခြမ်းကို မကျရောက်သေးတာကြောင့် အတော်လေး အားနည်းနေတယ်”
“ဒါက အစစ်အမှန်နတ်ဘုရားတစ်ပါးနဲ့ နတ်ဘုရားသိမြင်ခြင်းအဆင့် သိုင်းသူတော်စင်တစ်ယောက်ရဲ့ တိုက်ပွဲမဟုတ်ဘူး ၊ သိုင်းပညာပြိုင်တာလည်းမဟုတ်ဘူး ၊ ဒါက စိတ်စွမ်းအား ယှဉ်ပြိုင်ကြတာပဲ”
ရန်ကျောက်ကဲက မည်သည့်စကားမှ မဆိုပေ။
ဖန်းယွင်ရှန်းက သူမြင်ဖူးသမျှလူများကြားတွင် ရှားရှားပါးပါး ခံနိုင်ရည်ရှိပြီး စိတ်ဓာတ်ခိုင်မာသော ကိုယ်ရည်ကိုယ်သွေးကို ပိုင်ဆိုင်သည်။
ထိုကိုယ်ရည်ကိုယ်သွေးက သူမ၏ အသက်အရွယ်နှင့် ကျင့်ကြံခြင်းအဆင့်များကို ကျော်လွန်သွားသည့် စွမ်းအားတစ်ခု ဖြစ်သည်။
ထို့ကြောင့် သူမသာ အခြားသောရန်သူများနှင့် ရင်ဆိုင်ရသည်ဆိုလျှင် ရန်ကျောက်ကဲက သူမအတွက် စိုးရိမ်ပူပန်မည် မဟုတ်ပေ။
ပြီးတော့ ယခုတစ်ကြိမ် ဖန်းယွင်ရှန်း ရင်ဆိုင်ရသော ရန်သူက အတော်လေး စွမ်းအားကြီးမားပြီး သမိုင်းတွင် နာမည်ကောင်းကျန်ရစ်ခဲ့သော အမျိုးသမီးတစ်ယောက် ဖြစ်၏။
သူမက သေလွန်ပြီးနောက် ပြန်လည်ရှင်သန်ရန် အစီအစဉ်ဆွဲခဲ့ရုံသာမက ကျင့်ကြံခြင်းအဆင့်နက်ရှိုင်းသော နတ်ဆိုးတစ်ပါးကိုပင် အသုံးချရန် ပြင်ဆင်ထားခဲ့သည်။
သူမ သေဆုံးခြင်းသည်ပင် ဤအစီအစဉ် အစိတ်အပိုင်းတစ်ခု ဖြစ်နိုင်၏။
သေလွန်ပြီးနောက် နတ်ဆိုးဖြစ်မလာဘဲ ပြန်လည်မွေးဖွားလာသောသူ ဘယ်နှစ်ယောက် ရှိနိုင်ပါမည်နည်း။
သို့တိုင် ကျန်းရွှင်ဟွားကတော့ လောင်းကြေးထပ်ရဲခဲ့သည်။
သူမက ရွေးချယ်စရာမရှိသောကြောင့် ဤသို့လောင်းကြေးထပ်ခဲ့ခြင်းမျိုးမဟုတ်ပေ။ သူမကိုပံ့ပိုးပေးသောအရာမှာ ကံတရားမဟုတ်ဘဲ အလွန်ခိုင်မာသောစိတ်ဓာတ်တစ်ခု ဖြစ်၏။
သို့သော် ဖန်းယွင်ရှန်းကလည်း အလွန်တရာ စိတ်ဓာတ်ခိုင်မာသူပင်။
ယခင်တစ်ချိန်က မဟာညှင်းပမ်းနှိပ်စက်မှုကြီး (၇)ရပ်တွင်တစ်ခုအပါအဝင်ဖြစ်သည့် ရိုးတွင်းခြင်ဆီအေးစိမ့်အပ်ကို ခံစားခဲ့ရသည့်တိုင် သူမက မျက်နှာတစ်ချက်ပျက်ခဲ့သူ မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ ရာဟုကြယ်ထက်ယံအရှင်သခင်ကဲ့သို့ ရန်သူတစ်ယောက်နှင့် ရင်ဆိုင်ရသည့်အခါ ဖန်းယွင်ရှန်းတွင် အောင်မြင်နိုင်ခြေ မည်မျှရှိပါသနည်း။
ပိုးသားဧကရာဇ်က...
“ရာဟုကြယ်ထိပ်တန်းအရှင်သခင်က အမှောင်ဘက်ခြမ်း ကျရောက်မသွားတာ သေချာစေဖို့ သူ့ရဲ့ ပြန်လည်မွေးဖွားခြင်း ယန္တရားမှာ လူသားခန္ဓာတစ်ခုကို အသုံးပြုရလိမ့်မယ်”
သူက ဤဖြစ်စဉ်ကို အတော်လေး စိတ်ဝင်စားလာဟန် ရှိသည်။
“ဒါပေမဲ့ အခု ကြည့်ရတာ သူစီစဉ်ထားသလို ချောချောမွေ့မွေ့ ဖြစ်မလာဘူး ထင်တယ်”
ကြီးမားသော အနက်ရောင်နေဝန်းကြီးက ဖန်းယွင်ရှန်းအား လုံးဝဝါးမျိုသွားချိန် နေကြတ်ခြင်းသင်္ကေတက သူမ၏နဖူးထက် ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။
အနက်ရောင်မီးတောက်အန္တရယ်ချီက ဖန်းယွင်ရှန်း၏မျက်ဝန်းများထဲတွင်လှည့်ပတ်နေသည့်တိုင် သူမ၏မျက်ဝန်းအစုံက ကြည်လင်နေဆဲပင်။
ဖန်းယွင်ရှန်း ရုတ်တရက်ကြုံးဝါးသံတစ်ချက်ပြုရင်း မတ်တ်ရပ်လိုက်ပြီး နေရိပ်နတ်ဓားဖြင့် သူ့အရှေ့သို့ ခုတ်ပိုင်းချလိုက်သည်။
သူမ ဆောင်းနှင်းထားသည့် ထူးကဲယင်သရဖူမှ သန့်စင်သောလရောင်ခြည်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ဓားအလင်းတန်းအဖြစ်ပြောင်းလဲသွားကာ ကြီးမားသည့် အနက်ရောင်နေဝန်းကြီးကို ချိုးဖျက်ပစ်လိုက်သည်။
အနက်ရောင်နေဝန်းကြီး အက်ကွဲပျောက်ကွယ်သွားသည့်တိုင် ဖန်းယွင်ရှန်း၏ မျက်ခုံးနှစ်ခုကြားတွင် အနက်ရောင်အဝိုင်းပုံစံ နေကြတ်ခြင်းသင်္ကေတဆက်လက်တည်ရှိနေပြီး သူမ၏မျက်ဝန်းများတွင် အလင်းရောင်ဖျော့ဖျော့က လူးလွန့်နေသေး၏။
အဖြူရောင်ဓားအလင်းတန်းက ဗလာနယ်ထဲတွင်လှည့်ပတ်သွားပြီး ရန်ကျောက်ကဲဆီသို့ သွားရောက်မည့် လမ်းကြောင်းတစ်ခုပမာ သဲလွန်စခြေရာများ ချန်ထားခဲ့သည်။
ချစ်ရသူနှင့် အမှန်တကယ် တွေ့ဆုံနိုင်ခြင်းမရှိသည့်တိုင် ရန်ကျောက်ကဲက ဖန်းယွင်ရှန်းနှင့် အကြည့်ချင်းဆုံသွားသည်။
ထိုခဏတွင် ဖန်းယွင်ရှန်း၏အကြည့်က အချိန်ကာလကိုဖြတ်သန်းပြီး ပစ္စုပ္ပန်သို့ ရောက်ရှိလာသည့်ပမာ ထင်မှတ်ရ၏။
ထို့နောက်...
ဖန်းယွင်ရှန်းက ဖွင့်ဟ စကားဆိုလိုက်သည်။
“အနာဂတ်မှာ ဒီမြင်ကွင်းကို ဘယ်သူတွေတွေ့မြင်မလဲဆိုတာ ကျွန်မ မသိပါဘူး”
သူမက ဆက်ပြောသည်။
“ကျွန်မနာမည်က ဖန်းယွင်ရှန်းပါ ၊ အထက်ဘုံကမ္ဘာ အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ် ၊ ကျူတောပင်လယ်ဒေသမှာတည်ရှိတဲ့ ဝါဒတောင် တပည့်တစ်ယောက်ပါ”
“မြင်တဲ့အတိုင်းပဲ ကျွန်မရဲ့ခန္ဓာကိုယ်ကို ကျွန်မကိုယ်တိုင်အပြည့်အဝ မထိန်းချုပ်နိုင်တော့ဘူး ၊ လက်ရှိမှာ ရာဟုကြယ်ထိပ်တန်းအရှင်သခင်ရဲ့ ယန္တရားက တစ်ဝက်ပဲ ပြီးပြည့်စုံသေးတယ် ၊ နောက်တစ်ဝက်က မဟာနတ်ဆိုးကြီးနဲ့ ပတ်သက်နေတယ် ၊ အဲဒီနတ်ဆိုးကြီးက ဘယ်သူမှန်းမသိပေမယ့် လုံးဝ မရိုးရှင်းတဲ့ ထူးခြားတဲ့ နတ်ဆိုးတစ်ကောင်ပဲ”
“နောက်တစ်ခုက သူ့ကြောင့်ပဲ ကျွန်မ ငရဲကိုးထပ်နက်ရှိုင်းရာကို ဦးတည်သွားရလိမ့်ဦးမယ် ၊ ကျွန်မကိုယ်ကျွန်မ အပြည့်အဝ မထိန်းချုပ်နိုင်တော့တာကြောင့် ဘာသဲလွန်စမှ ချန်ခဲ့နိုင်မှာ မဟုတ်ဘူး ၊ ကျွန်မ ညာဘက်လက်က ချန်ထားခဲ့တဲ့သဲလွန်စကို ဘယ်ဘက်လက်က ပြန်ဖျက်ပစ်နိုင်တဲ့ အခြေအနေမျိုးကို ရောက်နေပြီ ၊ ဒါကြောင့် ကျွန်မကို လိုက်ရှာဖို့ မကြိုးစားကြပါနဲ့”
“ကျွန်မ ဒီနေရာက အမြန်ဆုံးထွက်သွားမှဖြစ်မယ် ၊ မဟုတ်ရင် ဒီသတင်းစကားကို ကျွန်မကိုယ်တိုင် ပြန်ဖျက်ပစ်မိလိမ့်မယ်”
သူမက ဖြည်းညင်းသည့်လေသံဖြင့်...
“ကျွန်မကို ကူညီပေးမယ်ဆိုရင်တော့ ဖန်းယွင်ရှန်း နက်နက်ရှိုင်းရှိုင်း ကျေးဇူးတင်နေမှာပါ ၊ ဒီ သတင်းစကားကို ကျွန်မဆရာ ‘ဖူအန်းစု’ နဲ့ ကျွန်မခင်ပွန်း ‘ရန်ကျောက်ကဲ’ ဆီကို သတင်းပို့ပေးစေချင်ပါတယ်”
“ဒီနှစ်ပိုင်း အသက်ရှင်သန်ခဲ့တဲ့ကာလတစ်လျှောက် ကျွန်မ အရှုံးတွေနဲ့ပဲ ရင်ဆိုင်ခဲ့ရတယ် ၊ အောင်မြင်မှုဆိုတာ ခပ်ရှားရှားပဲ ၊ ကျွန်မနဲ့သက်ဆိုင်သူတွေကိုလည်း ပြဿနာတွေပဲ အဆက်မပြတ်ဖန်တီးပေးနေမိတယ်”
ထို့နောက် ဖန်းယွင်ရှန်းက တည်ကြည်လေးနက်သည့် မျက်နှာထားဖြင့်...
“ဒါပေမဲ့ ဒီတစ်ကြိမ်တော့ ကျွန်မ ရှုံးနိမ့်မှာမဟုတ်ပါဘူး”
“အနိုင်အရှုံးအတွက်သာမက ရှင်တို့အားလုံးနဲ့ပြန်ဆုံးဖို့ ကျွန်မ သေချာပေါက် ပြန်လာမှာပါ”
သူမက ရုတ်တရက် တောက်ပစွာ ပြုံးလိုက်ရင်း...
“ကျောက်ကဲ... ကျွန်မ သေချာပေါက် ပြန်လာမယ်နော် ၊ ကျွန်မတို့ရဲ့ မင်္ဂလာဦးညလေးကိုတောင် မဖြတ်သန်းရသေးဘူး မဟုတ်လား”