အဲဒါက ပြဿနာမဟုတ်ဘူး။
Vol. 5 Ch. 65
ညက နက်လာသည်။
မှောင်မိုက်သောညသည် မှောင်ခိုလမ်းတစ်ခုလုံးကို လွှမ်းခြုံထားသည်။
သူဒီကိုရောက်တာ လဝက်ရှိပြီပင်။ ဒီနေရာက အရင်ကထက် အုံ့မှိုင်း အေးစက်နေသည်။
မှောင်နေသောလမ်း၏ တစ်ဖက်တစ်ချက်စီတွင် အမျိုးမျိုးသော ဈေးဆိုင်များ၏ တံခါးများက တစ်ဝက်သာ ဖွင့်ထားသည်။ လမ်းသွားလမ်းလာတွေ အားလုံး ကမောက်ကမ ဖြစ်နေကြပြီး အဲဒီမှာ အားလုံးက တိတ်တိတ်ဆိတ်
ဆိတ်ဖြစ်နေသည်ဟု ခံစားရသည်။
လင်းရှန်လည်း အပါအဝင်ပင်။
အဘိုးအိုက သူ့ကိုမှတ်မိနေတာကြောင့် လင်းရှန်သည် မှောင်ခိုလမ်းကိုမဝင်မီ အနက်ရောင်၀တ်စုံရှည်ကို ၀တ်ဆင်ခဲ့သည်။
မျက်နှာပြောင်းဆေးကိုသုံးတဲ့အပြင် မျက်နှာဖုံးကိုလည်းတပ်ထားသေးသည်။
ဤကဲ့သို့ သုံးလွှာဖြင့် ဖုံးကွယ်ထားတာကြောင့် အဘိုးအိုက လင်းရှန်ရှေ့တွင် ထပ်မံရပ်နေလျှင်ပင် သူ့ကို မှတ်မိနိုင်မည်မဟုတ်ပေ။
လင်းရှန်သည် ဆိုင်သို့ လွယ်ကူစွာ ရောက်ရှိလာပြီး ကောင်တာ ခေါက်လိုက်သည်။
"ကျွန်တော် အဆီအရည်လိုချင်တယ်။"
သူဌေးက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ကောင်တာအောက်က အဆီအရည် တစ်ဗူးကို ထုတ်ပေးလိုက်သည်။
လင်းရှန်က တစ်ချက်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည် ။
"ဆယ်လီတာပဲလား"
“ဒါပဲ ငါတို့မှာရှိတယ်” သူဌေးက ပျင်းရိစွာပြောသည်။
လင်းရှန်သည် စိတ်ထဲတွင် သက်ပြင်းချကာ သူဌေးကို ငွေပေးချေပြီး အဆီအရည်ဗူးကို ယူလိုက်သည်။
“အဆီအရည် ဆယ်လီတာက ငါ့ကျင့်ကြံမှုကို အများဆုံး ၂၀%ပဲ တိုးပေးနိုင် တယ်။ ကွာဟချက်က ကြီးမားနေသေးတယ်”
ဆိုင်ထဲက ထွက်လာတော့ လင်းရှန်ကမျက်မှောင်ကြုတ်လိုက်သည် ။
သူ့လက်ထဲတွင် ဝိညာဉ်ဒင်္ဂါး၄၀၀,၀၀၀လောက် ရှိသေးသည်။ မူလဆေးလုံးများ ဝယ်ရန် ၎င်းတို့အားလုံးကို အသုံးပြုပါက အများဆုံး ခြောက်ပုလင်းသာ ရနိုင်ပြီး သူသည် ကျင့်ကြံမှု ၁၂ ရာခိုင်နှုန်းထက် မပိုနိုင်ပေ။ သူသည် ကြာရှည်စွာ အသက်ရှုခြင်းအဆင့်သို့ ဖြတ်ကျော်နိုင်ဖို့ ၅၀ % ကျော်လောက် လိုသေးသည်။
“မူလဆေးလုံးတွေက အရမ်းဈေးကြီးတယ်။ အဆီအရည်လို ဈေးသက်သာပြီး အသုံးဝင်တဲ့အခြားဆေးတွေ ရှိရင်ကောင်းမယ်”
လင်းရှန်က သူ့ဘာသာ တွေးနေမိသည်။
ထို့နာက်ရုတ်တရက် မျက်လုံးထောင့်ကနေ လမ်းဘေးမှာ ထိုင်နေတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရသည်။ သူ လှည့်ကြည့်လိုက်တော့ အဘိုးအိုဝူကို တွေ့လိုက်ရသည်။
အဘိုးအိုသည် လမ်းဘေးတွင် ထိုင်ကာ ဝက်လက်ကို မြိန်ရေရှက်ရေ စားနေလေသည်။ သူ့မေးစေ့အောက်က မုတ်ဆိတ်မွေးက အဆီတွေနဲ့ ဖုံးနေသည်။
လင်းရှန်ကိုလည်း အဘိုးအိုဝူက သတိထားမိသည်။ သူ့ကို တစ်ချက် ကြည့်လိုက်ပြီးနောက် အဝေးကို လှမ်းကြည့်ကာ ဆက်လက် စားသောက်နေသည် ။သေချာတာက သူသည် “ချပ်ဝတ်တန်ဆာအပြည့်အစုံ”နှင့် လင်းရှန်ကို မမှတ်မိပေ။
လင်းရှန်က အဘိုးအိုဝူကို နှုတ်ဆက်ရန် ရည်ရွယ်ချက်မရှိသဖြင့် လမ်းလျှောက် လာခဲ့သည်။ သို့သော် ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ရုတ်တရက် ရပ်လိုက်ကာ အဘိုးအိုဆီသို့ လှည့်ကြည့်လိုက်သည်။
သူ့လုပ်ရပ်ကို သတိပြုမိတော့ အဘိုးအိုကပထမတော့ ပဟေဋ္ဌိဖြစ်သွားသည်။ ထို့နောက် မျက်လုံးပြူးကာ ရယ်မောလိုက်သည်။
“ကောင်လေး မင်းဆီမှာ ထူးထူးခြားခြား အရိုးတည်ဆောက်ပုံကို ငါမြင်နေရတယ်။ မင်းက တစ်သန်းမှာ တစ်ယောက်ပဲရှိတဲ့ ပါရမီရှင်တစ်ယောက်ပဲ…”
လင်းရှန်သည် သူ့လက်ကို မြှောက်လိုက်ပြီး အဘိုးအိုဝူကို စကား ဖြတ်လိုက်သည်။
"ရပ်လိုက် အဘိုးအိုဝူ.. ခင်ဗျားရဲ့လျှို့ဝှက်စာအုပ်ကို ကျွန်တော် မဝယ်ဘူး။"
အဘိုးအိုက အံ့ဩသွားသည်။ သူသည် လင်းရှန်ကို ကြည့်လိုက်ပြီး "မင်းက”
“ဝိညာဉ်ဒင်္ဂါးနှစ်ဆယ်နဲ့ လျှို့ဝှက်မြွေ၊” လင်းရှန်က တည်ငြိမ်စွာပြောသည်။
ဤအဓိကစကားလုံးနှစ်လုံးကို ပြောလိုက်သည်နှင့် တပြိုင်နက် အဘိုးအိုသည် ချက်ချင်းပင် နားလည်သဘောပေါက်လာပြီး လင်းရှန်မှန်းသိသွားသည်။
"မင်းကို”
သူသည် လင်းရှန်၏ ၀တ်စားဆင်ယင်မှုကို ကြည့်ပြီး ရယ်မောလိုက်သည်။
“ဒီတစ်ခါ မင်းအဝတ်အစားကို နည်းနည်း ပိုဝတ်ထားတာပဲ ။ပုံသဏ္ဍာန်အရ မင်းမှာ မေးစရာမေးခွန်းတွေမရှိရင် ငါ့ကိုစကားပြောဖို့ အစပြုမှာမဟုတ်ဘူး။ ငါ့အကူအညီလိုသေးလို့လား"
လင်းရှန်သည် အဘိုးအိုကို အကြာကြီးကြည့်လိုက်သည်။ သူသည် အမှန်ပင် အလွန်ပါးနပ်သူဖြစ်သည်။
သူသည် ဝေ့လည်ကြောင်ပတ်မလုပ်ဘဲ စကားကိုတည့်တိုးပြောတတ်သည်။
"မှောင်ခိုလမ်းမှာ အဆီအရည် ဒါမှမဟုတ် အဲ့လိုမျိုး ဆေးလုံးတွေနဲ့ ရှားပါးဆေးဖက်ဝင်အပင်တွေလို ပစ္စည်းတွေကို ဘယ်မှာဝယ်လို့ရသေးလဲ သိလား။"
ဤစကားကိုကြားသောအခါ အဘိုးအိုဝူက အံ့အားသင့်သွားသည်။ သူသည် လင်းရှန်ကို စိုက်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
"မင်းရဲ့ ကျင့်ကြံမှုအဆင့်အတိအကျကို ငါမသိပေမယ့် မင်းက ချီအသွင်ပြောင်းခြင်းဆဋ္ဌမအဆင့်ထက် မနိမ့်ဘူးလို့ ငါပြောနိုင်တယ်။ မင်းအသက်အရွယ်အရ မင်းက တော်တော်ကောင်းနေပါပြီ။ မင်းခွန်အားကို မြှင့်တင်ဖို့ အဆီအရည်လို အရာတွေကို အသုံးပြုဖို့ မလိုအပ်ပါဘူး။ အဲ့တာက ဆိုးရွားတဲ့ အကျိုးဆက်တွေ ရှိလာလိမ့်မယ်နော်”
လင်းရှန်က သူ့ကို စကားပြောဖို့ လုပ်ပေမဲ့ အဘိုးအိုဝူက သူ့လက်ကို မြှောက်ပြီးတားလိုက်သည်။
"ခဏလေး.. အကြောင်းပြချက်ကို မပြောနဲ့။ စူးစမ်းချင်စိတ်က ကြောင်တစ်ကောင်ကို သတ်ပစ်လိုက်နိုင်တယ်။ ပိုသိလေ ပိုမြန်မြန်သေလေပဲ။ ငါနောက်ထပ် နှစ်အနည်းငယ်လောက် နေချင်သေးတယ်”
ခေတ္တနားပြီးနောက် အဘိုးအိုက ဆက်ပြောသည်။
“ဒါပေမယ့် မင်းလူမှန်ကို မေးမိတာပါပဲ။ တခြားအရာတွေနဲ့ မရင်းနှီးပေမယ့် ဒါကငါ့ရဲ့ ကျွမ်းကျင်မှုနယ်ပယ်ပဲ”
ဝူသည် ပညာရှိတစ်ယောက်လို သူ့မုတ်ဆိတ်မွေးကို ပွတ်သပ်လိုက်သည်။ ကံမကောင်းစွာပဲ သူ့လက်ထဲက ဝက်လက်က လေထဲမှာ လွင့်သွားသည်။
ဝက်လက်ကို လွှင့်ပစ်ချင်ပေမယ့် သူမလုပ်နိုင်ပေ။
လင်းရှန်က ရယ်ပြီး အဘိုးအိုဝူကို "ကောင်းပြီ ခင်ဗျားရဲ့ ဝက်လက်နဲ့ ဆော့တာကို ရပ်လိုက်။ နောက်ပြီးကျရင် ညစာဝယ်ကျွေးမယ်။ ကျွန်တော်မေးခွန်းကို အရင်ဖြေပါ။"
အလကားစားစရာရှိတယ်ဆိုတာကြားတော့ အဘိုးအိုဝူက ချက်ချင်းထပြီး ပြောလိုက်သည်။
“အဆီအရည်လို အာနိသင်ရှိတဲ့ သွေးဆူမှုန့်၊ မြွေသစ်ခွ၊ အဆိပ်မီးတောက်မှို အဲ့လို ရှားပါးဆေးဖက်ဝင်အပင်တွေ ရှိသေးတယ်”
ဝုသည် ဆေးလုံးဆယ်မျိုးကျော်နှင့် ရှားပါးဆေးဖက်ဝင်အပင်များကို တစ်ကြိမ်
တည်းတွင် ရွတ်ပြခဲ့သည်။
“အဲ့ဒီအရာအားလုံးက ကျင့်ကြံရေးမှာ အထောက်အကူဖြစ်စေပြီး
ခန္ဓာကိုယ်တက်ကြွမှုကို အားကောင်းစေဖို့အတွက် အသုံးပြုနိုင်တယ်။ ဒါပေမဲ့ ဘေးထွက်ဆိုးကျိုးတွေလည်း ရှိတယ်။ အဲ့တာက လူတစ်ဦးရဲ့ သက်တမ်းကို လျှော့ချနိုင်တယ်။ ပြီးတာ့ အခြေခံအုတ်မြစ်ကို ပျက်စီးစေပြီး တစ်သက်လုံး ကျင့်ကြံသူ သခင်ထံ ဆက်မတက်လှမ်းနိုင်တော့ဘူး။ ပြင်းထန်တဲ့ အခြေအနေများတွေမှာဆို စိတ်ပိုင်းဆိုင်ရာကိုချို့ယွင်းသွားစေနိုင်ပြီး စိတ်ပိုင်းဆိုင်ရာ အတားအဆီးတွေလည်း ဖြစ်ပေါ်လာစေနိုင်တယ်။ တခြားရွေးချယ်စရာမရှိရင် ဒီအရာတွေကို မစားရဘူး”
အဘိုးအိုဝူလေသံသည် ရှားရှားပါးပါးဖြစ်ပြီး သူဖော်ပြခဲ့သော အကျိုးဆက်များသည် နောက်ဆုံးအကြိမ်ထက် ပို၍လေးနက်သည်။
သို့သော် လင်းရှန်က နားထောင်လေလေ သူ့မျက်လုံးများ တောက်ပလာလေလေ ဖြစ်သည်။
သက်တမ်းကို လျှော့ချပြီး အခြေခံအုတ်မြစ်ကို ပျက်စီးစေတာလား။
ဒါက ပြဿနာဖြစ်မှာမဟုတ်ချေ။
သူ့ရဲ့ ကျင့်ကြံမှု အဆင့်ကို မြှင့်တင်နိုင်သရွေ့တော့အဆင်ပြေသည်။
မည်သို့ပင်ဆိုစေကာမူ သူသည် ၎င်းတို့ကို စားသုံးမည့်သူ မဟုတ်ပေ။
လင်းရှန်ကသူ့စိတ်ထဲက အံ့သြမှုကို နှိမ့်ချရင်း“အဲ့ဒီပစ္စည်းတွေကို မှောင်ခိုလမ်းမှာ ဘယ်မှာရောင်းလဲ” ဟု အလောတကြီး မေးလိုက်သည်။
အဘိုးအိုဝူ၏အမူအရာက ရပ်တန့်သွားသည်။ လင်းရှန်က သူပြောသည့် စကားတစ်ခွန်းကို နားမထောင်ဘဲ နေလိမ့်မည်ဟု သူ မျှော်လင့်မထားပေ။ လူငယ်လေးသည် ဘေးထွက်ဆိုးကျိုးများပါရှိသော အဆိုပါဆေးလုံးများနှင့် ရှားပါးသော ဆေးဖက်ဝင်အပင်များကို ဝယ်ယူရန် အခိုင်အမာ ပြောဆိုနေဆဲဖြစ်သည်။
သူ့ဝေဖန်မှုတွေကြားက အဘိုးအိုဝူက ရိုးရိုးသားသားပဲ ပြန်ဖြေသည်။
“ရောင်းတဲ့ ဆိုင်အနည်းငယ်တော့ ရှိပါတယ်”
"ကျွန်တော်ကို ပြပေးပါ”
“ငါပြပေးလို့ ရပေမယ့်…”
အဘိုးအိုဝူက တခစ်ခစ်ရယ်ကာ သူ့လက်ကို ပွတ်သပ်လိုက်သည်။
လင်းရှန်သည် ဝိညာဉ်ဒင်္ဂါး ၂၀၀ ကိုထုတ်ပြီး အဘိုးအိုဝူလက်ထဲသို့ ထည့်လိုက်သည်။
ပိုက်ဆံပေးလိုက်တော့ အဘိုးအိုဝူသည် ချက်ချင်းပင် စွမ်းအင်ပြည့်သွားခဲ့သည်။ သူက ချက်ချင်းလှည့်ပြီး လင်းရှန်ကို လမ်းပြပေး
သည်။
အဘိုးအိုသည် ယုံကြည်စိတ်ချရသောလူတစ်ဦးမဟုတ်သော်လည်း ၎င်းကိုပြုလုပ်ရန် အခကြေးငွေရရှိခဲ့သောကြောင့် လင်းရှန်ကို မလိမ်လည်ခဲ့ပေ။ မကြာမီတွင် သူသည် လင်းရှန်အား ဆိုင်လေးငါးဆိုင်သို့ ခေါ်ဆောင်လာပြီး အစက ပြောခဲ့သော ဆေးလုံးများနှင့် ရှားပါးဆေးအများအပြားကို အောင်မြင်စွာ ရရှိခဲ့သည်။
သွေးဆူအမှုန့် ပုလင်းသုံးလုံးဝယ်ခဲ့ပြီး တစ်လုံးလျှင် ဝိညာဉ်ဒင်္ဂါး ၃,၀၀၀ ပေးရသည်။
မြွေသစ်ခွနှစ်ခုက တစ်ခုလျှင် ဝိညာဉ်ဒင်္ဂါး ၅,၀၀၀ တန်ကြေးရှိသည်။
အဆိပ်မီးတောက်မှိုနှစ်ခုသည် တစ်ခုလျှင် ဝိညာဉ်ဒင်္ဂါး ၈၀၀၀ ကုန်ကျသည်။
အဘိုးအိုဝူ၏ အဆိုအရ ဤအရာများသည် အဆီအရည်ထက် ပိုမိုထိရောက်သည်။
ဘေးထွက်ဆိုးကျိုးတွေလည်း ပိုအားကောင်းသည်။
သို့သော် လင်းရှန်က လုံးဝ ဂရုမစိုက်ပေ။မြင်သမျှ ကာလပတ်လုံး မဆိုင်းမတွ ဝယ်ပစ်လိုက်သည်။
သူတို့ နှစ်ယောက် ဆိုင်လေးငါးဆိုင် ပတ်ဝယ်ပြီးတော့ မိုးကုပ်စက်ဝိုင်းက ပိုတောက်ပလာသည်။
ဒါကိုမြင်တော့ လင်းရှန်က ခဏလောက် စဉ်းစားပြီး လှည့်ကြည့်လိုက်သည်။
"အဘိုးအိုဝူ ကျွန်တော်တို့ သဘောတူညီချက်တစ်ခု လုပ်ရင်ရော ဘယ်လိုလဲ။ဒီဆေးလုံးတွေနဲ့ ရှားပါးဆေးဖက်ဝင်အပင်တွေကိုကူညီ စုဆောင်းပေးပါလား။ အဲ့အတွက် ဝိညာဉ်င်္ဒဂါးပြားတွေ ပေးမယ်လေ။ အဲဒါဆို ဘယ်လိုလဲ?"
သူသည် နောက်တစ်ကြိမ်ကျ ကျင့်ကြံရန်အာရုံစိုက်နေရဆဲဖြစ်ပြီး အပြန်ပြန်အလှန်လှန် ပြေးလွှားရန် အချိန်များစွာ မရှိချေ ။အဘိုးအိုဝူ၏အကူအညီကို ရရန် သူလည်း ငွေအနည်းငယ်သုံးနိုင်သည်။
အဘိုးအိုဝူသည် လင်းရှန်ပေးသော ဝိညာဉ်ဒင်္ဂါးများကို ပျော်ရွှင်စွာ ရေတွက်နေသည်။ ထိုစကားကို ကြားသောအခါ ဘာမှမတွေးဘဲ သဘောတူလိုက်သည်။
“ကိစ္စမရှိပါဘူး၊ ဒါပေမယ့် အရင်ဝယ်ဖို့ ကြိုငွေတော့ ပေးရမယ်။ ငါ့မှာ ကြိုပေးစရာ ပိုက်ဆံမရှိဘူး”
လင်းရှန်က အနည်းငယ် ခေါင်းညိတ်လိုက်သည်။
ဒါတောင်မှ သူတို့နှစ်ယောက်က သူစိမ်းတွေ ဖြစ်နေတုန်းပင်။ လင်းရှန်က တစ်ခါတည်း ပိုက်ဆံအများကြီးမပေးချေ။ သူက အဘိုးအိုဝူကို ဝိညာဉ်ဒင်္ဂါး ၃၀,၀၀၀ ပဲပေးခဲ့သည်။အဘိုးအိုဝူက ပိုက်ဆံဖြင့် ထွက်ပြေးသွားရင်တောင် လင်းရှန်အနေနဲ့ အလွန်အကျွံ ဆုံးရှုံးမည်မဟုတ်ပေ။
သို့သော် လင်းရှန်ထင်မြင်ချက်အရ အဘိုးအိုဝူသည် လောဘကြီးပြီး အခြားသူများ၏ အခွင့်ကောင်းကို ရယူလိုသော်လည်း သူသည် ငွေဖြင့် ထွက်ပြေးမည့် အမျိုးအစားမဟုတ်ပေ။