ပဉ္စမမြောက်ကိုယ်ပွါး
Vol. 5 Ch. 73
ဖန်းရှင်းယွမ်နှင့် ခွမ်းပေါင်တို့၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်တဲ့နေရာမှာ လင်းရှန်က မတုန်မလှုပ် ဖြစ်နေသည်။ သူသည် သူတို့နှစ်ဦးကိုဒီထက်ပိုကောင်းတဲ့ လုပ်စရာ မရှိတော့ဘူးလားဟု မေးနေသကဲ့သို့ အထင်အမြင်သေးစွာ ကြည့်နေမိသည်။
"အဲဒါအတွက် ကျွန်တော်ကိုတားတာလား။"
ဖန်းရှင်းယွမ်နဲ့ ခွမ်းပေါင်တို့သည် လင်းရှန် ထိုသို့ တုံ့ပြန်မည်ဟု မျှော်လင့်မထားခဲ့ကြပေ။ သူတို့နှစ်ယောက်လုံး အံ့အားသင့်သွားကြသည်။ အာရုံတွေပြန်ရလာတဲ့အခါ သူတို့က ဒေါသထွက်သွားသည်။
“ကျောင်းသားသစ်တွေကို စာရင်းသွင်းတဲ့နေ့မှာ ငါနဲ့ ခွမ်းပေါင်က လမ်းပြတိုက်ပွဲမှာ ပါဝင်မှာ။ အဲ့ကျ ငါတို့က မင်းကို တိုက်ခိုက်ဖို့ စိန်ခေါ်လိုက်မယ်။အဲ့နေ့ကျ မင်းကို ဩဇာကြီးမားတဲ့မိသားစုရဲ့တပည့်တွေနဲ့ ငအတွေကြားက ခွန်အားကွာခြားမှုကို တွေ့ကြုံခံစားခွင့်ပေးရမှာပေါ့”
“ကောင်းပါပြီ။ ကျွန်တော်နားလည်ပါတယ်။ ကြိုအကြောင်းကြားပေးလို့ ကျေးဇူးတင်ပါတယ်”
လင်းရှန်က ခေါင်းညိတ်ပြလိုက်သည်။ မသိတဲ့သူတွေအမြင်မှာတော့ လင်းရှန်က မိုက်မဲပြီး ဥာဏ်မကောင်းတဲ့ ကလေးတစ်ယောက်ကို ချော့နေတယ်လို့ ထင်ကြလိမ့်မည်ပင်။
ဖန်ရှန်းယွမ်နဲ့ ခွမ်းပေါင်တို့သည် ပို၍ ဒေါသထွက်လာသည်။ သူတို့ဝုန်းဒိုင်းကြဲဖို့ လုပ်နေချိန်တွင် သာယာသောအသံက ရုတ်တရက် နှောက်ယှက်လိုက်သည်။
"နင်တို့ ဘာလုပ်နေတာလဲ?"
နှစ်ယောက်သား လှည့်ကြည့်လိုက်တော့ မီတာအနည်းငယ်အကွာတွင် ရပ်နေပြီး
သူတို့ကို ဂရုမစိုက်သလို ကြည့်နေသော ကျောက်ရွှမ်ရင်ကိုတွေ့လိုက်ရတာကြောင့် အံ့ဩသွားကြသည်။
" ဘာမှမဟုတ်ပါဘူး။ ငါတို့က ဒီအတိုင်း လင်းရှန်နဲ့ စကားပြောချင်လို့ပါ”ခွမ်းပေါင်က ကမန်းကတန်းပြောလိုက်သည်။
ဖန်းရှင်းယွမ်ကလည်း ခေါင်းညိတ်ပြသည်။
ကျောက်ရွှမ်ရင်သည် ဩဇာကြီးမားသောမိသားစုများ၏ တပည့်များမှ အနိုင်ကျင့်တာကို သဘောမကျတတ်မှန်း လူတိုင်းသိသည်။
လင်းရှန်ကို အစွမ်းပြနေတယ်ဆိုတာ သူမသိရင် သူမ ဘာလုပ်မယ်ဆိုတာ ဘယ်သူသိနိုင်မည်နည်း။
ဖန်းရှင်းယွမ်နဲ့ခွမ်းပေါင်တို့သည် ထင်ရှားကျော်ကြားသော မိသားစုဆယ်စု၏ အကိုင်းအခက်များမှသာဖြစ်သည်။ သူတို့သည် အဓိက မိသားစုသုံးစုထဲမှ တိုက်ရိုက်ဆင်းသက်လာသော သားစဉ်မြေးဆက်ဖြစ်သည့် ကျောက်ရွှမ်ရင်ကို မနှိုးဆော်ဝံ့ပေ။
ကျောက်ရွှမ်ရင်က စကားတစ်ခွန်းမှ မပြောပေ။သူမသည် ဖန်ရှင်းယွမ်နဲ့ခွမ်းပေါင်ကို တိတ်တဆိတ် စိုက်ကြည့်နေသည်။
သူမသည် ရိုးသားသော်လည်း ဘာမှမသိသူ မဟုတ်ပေ။ ထုံးစံအတိုင်း သူမသည် သူတို့၏အလိမ်အညာများကို ယုံမည်မဟုတ်ပေ။
ကျောက်ရွှမ်ရင်၏ တိတ်ဆိတ်သောအကြည့်ကို ဖန်းရှင်းယွမ်နဲ့ ခွမ်းပေါင်က မခံနိုင်တော့ဘဲ ထွက်ပြေးသွားခဲ့သည်။
သို့သော် သူတို့ မထွက်ခွာမီတွင် လင်းရှန်ကို စိုက်ကြည့်ပြန်သည်။
လင်းရှန်က လုံးဝ ဂရုမစိုက်ချေ။သူတို့လို လူအုပ်စုလိုက် ရောက်လာရင်တောင် သူ့စိတ်ထဲမှာ ထည့်ထားမှာ မဟုတ်ချေ။
"နင်အဆင်ပြေရဲ့လား?" ကျောက်ရွှမ်ရင်က လမ်းလျှောက်လာပြီး မေးသည်။
"ပြေပါတယ် ကျေးဇူးပါ။"
လင်းရှန်က သူ့လက်ကို ဝှေ့ယမ်းပြီး ကျေးဇူးတင်စကားဆိုသည်။
ကျောက်ရွှမ်ရင်ပေါ်မလာပါက သူပို အဆင်ပြေနေမည်ဖြစ်သော်လည်း သူမသည် ကြင်နာနေဆဲဖြစ်ပြီး ဤကြင်နာမှုကို လက်ခံရမည်ဖြစ်သည်။
ဒါကိုကြားတော့ ကျောက်ရွှမ်ရင်က အနည်းငယ် ခေါင်းညိတ်လိုက်သည်။ ခဏလောက်စဉ်းစားပြီး သတိရသွားသည်။
"ဖန်းရှင်းယွမ်နဲ့ ခွမ်းပေါင်နှစ်ယောက်လုံးက ကြာရှည်စွာအသက်ရှုခြင်းအဆင့် ကျင့်ကြံသူတွေပဲ။ နင် သတိထားမှ ရမယ်။"
လမ်းပြတိုက်ပွဲတွင် ဖန်းရှင်းယွမ်နဲ့ခွမ်းပေါင်က အဝါရောင်တပည့်များကို ကိုယ်စားပြုမည့်အကြောင်းကိုလည်း သူမကြားသိရသည်။
"ငါ သတိထားပါ့မယ်”
လင်းရှန်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး သူ့အမူအရာက တည်ငြိမ်ကဋ ယုံကြည်ချက်ရှိနေသည်။
ကျောက်ရွှမ်ရင်တောင် ခဏမျှ မျောပါသွားသည်။ အာရုံတွေ ပြန်ရလာတဲ့အခါမှာတော့ သူမက ပဟေဋ္ဌိဖြစ်သွားသည်။
လင်းရှန်က ဘာလို့ အဲ့လောက် ငြိမ်နေတာလဲ။
အကယ်၍ တခြားသူတွေသာဆို ထိတ်လန့်ခြင်းမရှိရင်တောင် ကြာရှည်စွာ အသက်ရှုခြင်းအဆင့် ကျင့်ကြံသူနှစ်ဦးက ၎င်းတို့အတွက် ခက်ခဲသောအရာများ ပြုလုပ်ဖို့ ပြင်ဆင်နေကြသည်ကို ကြားလိုက်သောအခါတွင် ငြိမ်သက်နေနိုင်မည် မဟုတ်ပေ။
ကံမကောင်းစွာပဲ လင်းရှန်ကက ဒီလောက်ရှင်းပြဖို့ မရည်ရွယ်ခဲ့ပေ။ သူက အမြန်နှုတ်ဆက်ပြီး ထွက်သွားသည် ။
လင်းရှန် ဆိုင်ထဲက ထွက်သွားတာကို ကြည့်ပြီး ကျောက်ရွှယ်ရင်က ခဏတာ ထိတ်လန့်သွားသည်။ ထို့နောက် ကောက်ယူလာသော ပစ္စည်းများကို အရှေ့စားပွဲသို့ ယူဆောင်လာခဲ့သည်။
"မစ္စကျောက်”
ကောင်တာက ကောင်မလေးသည် ကျောက်ရွှမ်ရင်ကို ချက်ချင်းမှတ်မိပြီး သူမက စစ်မှန်သော ကိုယ်ခံပညာဆေးဆိုင်မှ ဖောက်သည်ဖြစ်ကြောင်း သိလိုက်သည်။ သူမသည် ချက်ချင်းပင် ရိုသေစွာ ဦးညွှတ်လိုက်သည်။
ကျောက်ရွှမ်ရင်က ခေါင်းညိတ်ပြပြီး ပစ္စည်းတွေကို ဧည့်ကြိုကောင်မလေးဆီ ပေးလိုက်သည် ။ သူမက ရုတ်တရက် တစ်စုံတစ်ခုကို တွေးပြီး မေးလိုက်သည် ။
"သူက ဘာဝယ်သွားတာလဲ"
"အဲဒီလူငယ်လား။ သူက အဆီအနှစ် ဆေးလုံး နှစ်ပုလင်းဝယ်သွားတာ”
ဘုတ်
ကျောက်ရွှမ်ရင် လက်ထဲက ကြွေပုလင်းက ကောင်တာပေါ်ကို ပြုတ်ကျပြီး အကြိမ်
အနည်းငယ် လှိမ့်ကာ မြေပြင်ပေါ် ကျလုနီးပါးဖြစ်သွားသည်။
သို့သော် ကောင်မလေးက ဒါကို ဂရုမစိုက်နိုင်ပေ။
သူမသည် ရုတ်တရက် ခေါင်းကိုလှည့်ကာ လင်းရှန် ထွက်ခွာသွားသည့် လမ်းကြောင်းကို ကြည့်ရင်း သူမ၏မျက်လုံးများသည် ထိတ်လန့်တုန်လှုပ်မှုဖြင့် ပြည့်နှက်နေသည်။
အဆီအနှစ်ဆေးလုံးလား
လင်းရှန်က ကြာရှည်စွာ အသက်ရှုခြင်းအဆင့်ကို ဖြတ်ကျော်သွားတာလား။
လင်းရှန် အိမ်ပြန်ရောက်သောအခါ အိုက်ကအိပ်ပျော်နေသေးသည်။
“အခုက ကြာရှည်စွာအသက်ရှုခြင်းအဆင့်ကို ဖြတ်ကျော်ပြီးပြီဆိုတော့ မြို့ပြင်ထွက်လေ့ကျင့်ဖို့ အချိန်ရောက်ပြီပဲ”
လင်းရှန်က ရုတ်တရက် တွေးလိုက်မိသည်။
ဤကမ္ဘာ၏တောထဲတောင်ထဲသည် သူ၏ယခင်ဘဝကကဲ့သို့ မလုံခြုံပေ။ အန္တရာယ်တွေနဲ့ ပြည့်နေသည်။
တောင်ပေါ်မှာက ဝိညာဉ်တွေနဲ့ ထူးဆန်းတဲ့ တိရစ္ဆာန်တွေ ရှိနေသည်။
ဤကမ္ဘာကြီးတွင် ထိုသတ္တဝါများသည် စိတ်ကူးယဉ် သို့မဟုတ် ဒဏ္ဍာရီမျှသာ မဟုတ်ပေ။ သူတို့က တကယ်ရှိကြတာပင်။
အကယ်၍ လူတစ်ဦးတွင် လုံလောက်သောခွန်အားမရှိဘဲ နဂါးမြို့တော်မှ ထွက်ခွါပါက ၎င်းတို့သည် ဝိညာဉ်ရေးရာသားရဲများ၏ အစာဖြစ်လာမည်ဖြစ်သည်။
ထို့ကြောင့် နဂါးမြို့တော်မှ အရပ်သားအများအပြားသည် ၎င်းတို့၏ဘ၀တွင် မြို့ပြင်သို့တစ်ခါမှ မထွက်ဖူးကြပေ။
မြို့များအကြား ဆက်သွယ်တာကို ကျင့်ကြံသူများမှတဆင့်သာ လုပ်ဆောင်ကြသည်။
ယခင် ချီအသွင်ပြောင်းခြင်းအဆင့်တွင်ရှိစဉ်တုန်းက လင်းရှန်သည် ရည်မှန်းချက် ကြီးကြီးမားမား မရှိသလို လေ့ကျင့်ရန် အပြင်ထွက်လိုခြင်းလည်း မရှိပေ။
သို့သော် ယခုက ကွဲပြားသွားသည်။ သူသည် ကြာရှည်စွာအသက်ရှုခြင်းအဆင့်ဖြစ်ပြီး ထူးခြားသော ကိုယ်ခံပညာရှိပြီးသားဖြစ်သည်။ သူ အပြင်ထွက်ဖို့ လုံလောက်နေပြီပင်။
တစ်ချိန်တည်းမှာပင် သူသည် အိုက်၏ ရတနာရှာဖွေနိုင်စွမ်းကို စမ်းကြည့်နိုင်သည်။ ရတနာအချို့ကို သူရှာတွေ့နိုင်သည်။
“နိုင်ယန်ကျောင်းမှာက မြို့ပြင်မှာ လုပ်ဆောင်ရမယ့် တာဝန်တချို့ ရှိတယ်လို့ ကြားတယ်။ အဲ့အချိန်ရောက်လာတဲ့အခါ အဲ့ဒီမစ်ရှင်အချို့ကိုလည်း ငါ လက်ခံနိုင်တာပေါ့။”
လင်းရှန်က စိတ်ကိုဆုံးဖြတ်ပြီး ဒုတိယထပ်ရှိ သူ့အိပ်ခန်းကို ပြန်သွားသည် ။ ထို့နောက် တံခါးကို ပိတ်ပြီးကျင့်ကြံဖို့ ပြင်ဆင်လိုက်သည်။
သူ့သိုလှောင်ကျောက်စိမ်းပြားမှ အဆီအရည် ဆေးလုံးကိုထုတ်ယူပြီး ကိုယ်ပွါး ၂ ကို ဆင့်ခေါ်ကာ တစ်လုံး ပေးလိုက်သည်။ သူလည်း တစ်လုံးယူလိုက်သည်။ ထို့နောက် နှစ်ယောက်သား တင်ပျဉ်ခွေထိုင်ကာ မျက်လုံးမှိတ်ပြီး ကျင့်ကြံကြသည်။
အချိန်က တစ်နာရီခန့်ကြာသွားသည်။
လင်းရှန်နဲ့ ကိုယ်ပွါး ၂ သည် တစ်ချိန်တည်းတွင် မျက်လုံးဖွင့်လိုက်သည်။
လင်းရှန်က မျက်နှာပြင်ကို ချက်ချင်း ဆင့်ခေါ်လိုက်သည်။
“ငါ့ရဲ့ ကျင့်ကြံမှုက ၃ ရာခိုင်နှုန်း တိုးလာတယ်။ မဆိုးပါဘူး”
ပုလင်းနှစ်လုံးတွင် စုစုပေါင်းဆေးလုံး ၂၄ လုံးပါရှိပြီး ၎င်းသည် သူ့ကျင့်ကြံမှုကို ၇၂ ရာခိုင်နှုန်းခန့် တိုးတက်စေနိုင်သည်။ ဒါကလည်း လင်းရှန် မျှော်လင့်ထားသလောက် ပင်။
သူ၏နေ့စဉ် ကျင့်ကြံမှုရယ်၊ ဝိညာဉ်သားရဲအသားတွေကို စားသုံးတာရယ်နဲ့ဆို
လဝက်အတွင်း ကြာရှည်စွာအသက်ရှုခြင်းဒုတိယအဆင့်သို့ ဖြတ်ကျော်နိုင်မည် ဖြစ်သည်။
ထိုအချိန်တွင် အခြားကိုယ်ပွါးသုံးယောက်သည် တခြားကိုယ်ခံပညာများကို ကျင့်ကြံဖို့ အာရုံစိုက်နေမည် ဖြစ်သည်။
"ဒါပေမဲ့ ငါ့ကျင့်ကြံမှုကို ဆက်တိုးဖို့ဆို အဆီအနှစ်ဆေး ဒါမှမဟုတ် အဲ့ထက်
ပိုကောင်းတဲ့ ဆေးတွေ လိုအပ်တယ်”
လင်းရှန်သည် ပြတင်းပေါက်မှ အလယ်ဗဟိုခရိုင်ရှိရာဘက်သို့ လှည့်ကြည့်လိုက်သည်။
“ကျောင်းကနေ လုံလောက်တဲ့ ကျင့်ကြံမှု အရင်းအမြစ်တွေ ရနိုင်မယ်လို့ မျှော်လင့်ရတာပဲ”
သူ့ဘာသာ ငြိမ်သက်သွားပြီးနောက်
လင်းရှန်သည် မျက်နှာပြင်ကို ပြန်ကြည့်လိုက်သည်။
[ကိုယ်ပွါး ၅]
[ပေါင်းစည်းခြင်း၊ လက်ရှိတိုးတက်မှု- ၉၆%]
"နောက်နှစ်ရက်ပဲ လိုတော့တာ”
မျက်စိတစ်မှိတ်အတွင်း နှစ်ရက်ကုန်သွားသည်။
ကိုယ်ပွါး ၂ သည် နေ့ရောညပါ ကျင့်ကြံသဖြင့် အဆီအနှစ် ပုလင်းနှစ်လုံးလုံး ကုန်သွားသည်။
လင်းရှန်၏ ကျင့်ကြံမှုအဆင့်သည်လည်း ကြာရှည်စွာအသက်ရှုခြင်း ပထမအဆင့်ကို ၇၅%အထိ တိုးမြင့်လာသည်။
တစ်ချိန်တည်းမှာပဲ
ပဉ္စမမြောက် ကိုယ်ပွါး၏ တိုးတက်မှုသည် နောက်ဆုံးတွင် ၁၀၀ % သို့ ရောက်ရှိသွားခဲ့သည်။
မဆိုင်းမတွဘဲ လင်းရှန်သည် သူ၏ပဉ္စမမြောက်ကိုယ်ပွားကို ချက်ချင်းခေါ်လိုက်သည်။
အရိပ်တစ်ခုက သူ့ခန္ဓာကိုယ်မှ ခွဲထွက်သွားကာအိပ်ခန်းအလယ်ရှိ ကိုယ်ပွါးတစ်ခု အဖြစ် လျင်မြန်စွာ ပေါင်းစပ်သွားပြီး လင်းရှန်ရှေ့မှာ စကားလုံးများစွာ ပေါ်လာသည်။
[ကိုယ်ပွါး ၅]
[စွမ်းရည် : ဓားသမား]
[အဆင့်-ကြာရှည်စွာ အသက်ရှုခြင်း ပထမအဆင့်၊ ၇၄ %]
[လက်ရှိ ကျင့်ကြံမှု- မရှိ]
"ဓားသမား”
လင်းရှန်၏ အမူအရာပြောင်းသွားပြီး သူသည် ကိုယ်ပွားအသစ်ကို ချက်ချင်း အာရုံစိုက်လိုက်သည်။
[ဓားသမား- ဓားနည်းစနစ်စွမ်းရည် + ၂၀ %, ဓားနည်းစနစ် ကျင့်ကြံမှု မြန်နှုန်း + ၂၀%]
လင်းရှန် အနည်းငယ် စိတ်ပျက်သွားသည်။
ပြောရရင် ဒီအရည်အချင်းက မဆိုးလှပေ။
၎င်းသည် ဓားနည်းစနစ်၏ ကျင့်ကြံမှုအရှိန်ကို မြှင့်တင်ပေးနိုင်ရုံသာမက ၎င်း၏စွမ်းအားကိုလည်း အားကောင်းစေနိုင်သည်။
လင်းရှန်သည် နောက်ပိုင်းကျ လက်နက်အမျိုးအစား ကိုယ်ခံပညာ တစ်ခုခုကို ကျင့်ကြံမည်ဟု စဉ်းစားထားပါက ဤစွမ်းရည်သည် အသုံးဝင်ပေမည်။
ပြဿနာအနေနဲ့ကတော့ ၂၀ %ပဲတိုးတာက အရမ်းနည်းလွန်းသည်။
၅၀%ဆို ပိုကောင်းမည်ပင် ။
သူ ပြောင်းသင့်လား။
လင်းရှန်သည် ခဏမျှ တုံ့ဆိုင်းသွားပြီး သွားများကို အံကြိတ်ကာ စိတ်ကို ထိန်းလိုက်သည်။
ဟုတ်တယ်။
ဒီထက် မိုက်တဲ့ စွမ်းရည်ကိုရှာရမယ်