နိုင်ယန်းကျောင်း
Vol. 5 Ch. 75
"လင်းရှန်..ငါတို့ ဒီမှာ”
လင်းရှန်သည် လမ်းဘေးတွင် ရပ်ထားသော အနက်ရောင်ကားတစ်စီးကို တွေ့လိုက်ရသောအခါ အိမ်မှ ထွက်လာခဲ့သည်။ ယန်ကျုံးရီသည် ကားတံခါးကို မှီပြီး ပြုံးကာ လက်ပြနေသည်။
"စုနျန်ကရော ဘယ်မှာလဲ"
လင်းရှန်က ယန်ကျုံးရီကို နှုတ်ဆက်လိုက်သည်။ သူ ကလှည့်ကြည့်လိုက်သော်လည်း စုနျန်ကို မတွေ့ပေ။
သူမေးခွန်း ဆုံးတာနဲ့ နောက်ထိုင်ခုံပြတင်းပေါက်က ပွင့်သွားပြီး စုနျန်ရဲ့မျက်နှာက ထွက်လာသည်။
"ငါ ဒီမှာ”
“လူတိုင်း ဟိုကိုရောက်နေကြပြီ၊ သွားကြရအောင်။ စုဝေးချိန်ရောက်ဖို့ တစ်နာရီပဲ လိုတော့တာ နောက်ကျလို့ မဖြစ်ဘူး”
ယန်ကျုံးရီက လင်းရှန်ကို ကားပေါ်တက်ခိုင်းလိုက်သည်။
မကြာမီ ကားသည် ဖြည်းညှင်းစွာ ထွက်လာပြီး အလယ်ဗဟိုခရိုင်ဘက်သို့ ဆက်တိုက် မောင်းနှင်လာခဲ့သည်။
ကားထဲမှာတော့ ယန်ကျုံးရီက လင်းရှန်နဲ့ စုနျန်တို့ကို မေးသည်။
"ပြင်ဆင်မှုက ဘယ်လိုလဲ။ ငါတို့ကျောင်းကို ရောက်ရင် အကြီးတန်းကျောင်းသား တွေက 'လမ်းညွှန်' ပေးလိမ့်မယ်”
“တစ်လပဲ အချိန်ရှိတာလေ။ ဘာပြင်ဆင်စရာရှိပါ့မလဲ" စုနျန်က ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။
သူ့မှာ အချိန်ခဏသာရှိသည်။ ကျင့်ကြံခြင်း သို့မဟုတ် ကိုယ်ခံပညာအဆင့်သည် တစ်လအတွင်း ဖြတ်ကျော်နိုင်ဖို့ အချိန်မလုံလောက်ပေ။ တကယ်ကို ပြင်ဆင်စရာ ဘာမှ မရှိခဲ့ပေ။
“အဲ့တာ အရေးမကြီးပါဘူး။ အနည်းဆုံးတော့ ငါက ဝိညာဉ်သတ္တုတွင်းမှာ သုံးရက်လောက် အလုပ်လုပ်လိုက်မယ်။ အဲ့ကျ ငါ့ခန္ဓာကိုယ်က ပိုပြီး မြင့်တက်လာလိမ့်မယ်” ယန်ကျုံးရီက စုနျန်၏ ပုခုံးကိုပုတ်ကာ ပြုံးလိုက်သည်။
စုနျန်က ခေါင်းညိတ်ပြပြီး လင်းရှန်ကို ကြည့်လိုက်သည်။
ယန်ကျုံးရီက သူဘာကိုဆိုလိုသည်ကို နားလည်သည်။ သူက လင်းရှန်ဘက်လှည့်ပြီး ပြောသည် ။
"လင်း၊ မင်း ဒဏ်ရာရနေလို့ ဒီနေ့ မတိုက်နိုင်ဘူးလို့ ဘာလို့ မပြောတာလဲ။ ဒီနေ့မှာ မျက်လုံးတွေ အများကြီးနဲ့ ကြည့်နေမှာ၊ ဒီကောင်တွေက မင်းကို တိုက်ခိုက်ဖို့ ပွင့်ပွင့်လင်းလင်း သတ္တိရှိကြမယ်တော့ မထင်ဘူး”
လင်းရှန်က ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။ “ဒီအကြောင်းပြချက်က အဆင်မပြေဘူး။ သူတို့ ယုံမှာမဟုတ်ဘူး”
“ပြီးတော့ တစ်စုံတစ်ယောက်က ငါ့ဒဏ်ရာကို ကုသပေးဖို့ ကမ်းလှမ်းရင် ဘာလိုလုပ်မလဲ။ တမ်းပြီး အမှန်တရားကို ရှာတွေ့ကြလိမ့်မယ်။ အဲ့ကျမှ သူတို့ လိုချင်တာကို ရသွားမှာ”
အကြီးတန်းကျောင်းသားများသည် လမ်းညွှန်တိုက်ပွဲတွင် လင်းရှန်ကို အရှက်ရစေရန် ကြံစည်ခဲ့သည်။ ဒဏ်ရာရဟန်ဆောင်ပြီး တိုက်ပွဲကို ရှောင်သွားလျှင် လင်းရှန်သည်
သူ့ဂုဏ်သိက္ခာကို ဆုံးရှုံးမည်ဖြစ်သည်။
အဲ့တာကကောင်းသောဖြေရှင်းချက် မဟုတ်ကြောင်းကို ယန်ကျုံးရီက သိသော်လည်း သူက သက်ပြင်းသာ ချနိုင်သည်။
"ဒါက ဒဏ်ရာရတာထက်တော့ ပိုကောင်းပါတယ်”
"တစ်စုံတစ်ယောက်က ရက်ရက်စက်စက်လုပ်ရင် မင်းပြန်သက်သာဖို့ လနဲ့ချီကြာမှာ၊ အဲ့ကျ မင်းရဲ့ ကျင့်ကြံမှု တိုးတက်နှုန်းက အတော် လေး လျော့ကျသွားလိမ့်မယ်”
ပြိုင်ဆိုင်မှု ပြင်းထန်သော ကျောင်းကဲ့သို့ နေရာမျိုးတွင်လအနည်းငယ်ကြာသည် အထိ မတိုးတက်ပါက နောက်ဆက်တွဲ အကျိုးဆက်များက ဆိုးရွားသွားမည် ဖြစ်သည်။
လင်းရှန် ခွန်အားနှင့်အရည်အချင်းကြောင့် ထိုသို့ဖြစ်ခဲ့လျှင်တောင် ဖယ်ထုတ်ခံရမည် မဟုတ်သော်လည်း သူ၏ အဆင့်ကို မြှင့်တင်ရာ၌ အခက်အခဲများ သိသိသာသာ တိုးလာမည်မှာ သေချာသည်။
သို့သော် လင်းရှန်က စိတ်ထဲမထားပေ။ သူက အေးအေးဆေးဆေး ပြုံးပြီးပြောသည်။
“စိတ်မပူပါနဲ့။ ဘာလုပ်ရမလဲဆိုတာ ငါသိတယ်”
ဒါကိုမြင်တော့ ယန်ကျုံးရီနဲ့ စုနျန်က စိတ်မကောင်းစွာနဲ့ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။
စကားပြောနေစဉ်တွင် ကားသည် အရှေ့ခရိုင်မှ ထွက်ခွာပြီး ဗဟိုခရိုင်သို့ ဝင်ရောက်နေပြီဖြစ်သည်။
ပြောရလျှင် ဤသည်မှာ ဗဟိုခရိုင်သို့ လင်းရှန် ပထမဆုံးအကြိမ် ဝင်ရောက်ဖူးတာ ဖြစ်သည်။
အခြားခရိုင်လေးခုနှင့်မတူတာက ဗဟိုခရိုင်သည် ဝင်ရောက်ရန်ခွင့်ပြုချက်လိုအပ်သည့် နဂါးမြို့တော်ရှိ တစ်ခုတည်းသောခရိုင်ဖြစ်သည်။
ခွင့်ပြုချက်မရှိဘဲ နေထိုင်သူများကို ဗဟိုနယ်မြေအတွင်းသို့ ဝင်ရောက်ခြင်းမပြုရန် တားမြစ်ထားသည်။
လင်းရှန်သာ နိုင်ယန်းကျောင်းကို ဝင်ခွင့်မရခဲ့ဘူးဆိုရင် သူ့လို သာမန်ကျောင်းသားတစ်
ယောက်အနေနဲ့ ဘဝမှာ ဗဟိုခရိုင်ကို ဝင်ရောက်ဖို့ ဘယ်တော့မှ အခွင့်အရေးရှိမှာ မဟုတ်ပေ။
နေကိုးစင်းဂိုဏ်း၊ ပြင်းထန်သော ရေလှိုင်းဂိုဏ်း၊ မြစိမ်းရောင်ဆီးနှင်းဂိုဏ်းနှင့် ၎င်းတို့၏ သက်ဆိုင်ရာ ဆက်စပ်ကျောင်းများ အားလုံးသည် ဗဟိုခရိုင်တွင်သာ တည်ရှိသည်။
မူလက ဗဟိုခရိုင်သည် အထပ်မြင့် အဆောက်အအုံများနဲ့ ပြည့်နှက်နေသည့် သံမဏိသစ်တောတစ်ခုဟု ထင်မြင်ခဲ့သော်လည်း ထိုနေရာကို အမှန်တကယ်
ရောက်တဲ့အခါမှာတော့ သူမြင်ခဲ့ရသည့်အရာသည် သူမျှော်လင့်ထားသည့်အရာနှင့် အလွန်ကွာခြားသွားခဲ့သည်။
အထပ်မြင့် ဆယ်ထပ်ထက် မြင့်သော အဆောက်အအုံကို ရှာရခက်သည်။
သူတို့လမ်းကြောင်းမှန်ပေါ်ရောက်နေမှန်းသာမသိလျှင် လင်းရှန်အနေနဲ့ အရှေ့ခရိုင်ကိုပဲရောက်နေပြီဟု ထင်မိမည်ပင်။
သူ့ကို အံ့အားသင့်စေသည့် နောက်တစ်ချက်ကတော့ ဒီနေရာက ကားအသွားအလာ အရမ်းကျဲပြီး တခြားခရိုင်တွေထက် လူအသွားအလာနည်းသည်။
လမ်းကျယ်ကြီးအလယ်မှာ တောင်တန်းတွေ ပြေးလွှားနေသလိုပင်။
လမ်းပေါ်မှာတော့ ဦးခေါင်းစိမ်းနဲ့ ရွှေရောင်မျက်လုံးသားရဲ၊ ကောင်းကင်ဘုံသားရဲ၊ကြက်သွေးရောင်ဆွန်နီ၊ ညအလင်းရောင် ကျားသစ်…
သူတို့အားလုံးသည် ဝိညာဉ်ရေးရာသားရဲများဖြစ်ကြသည်။
ကြာရှည်စွာ အသက်ရှုခြင်းအဆင့် ကျင့်ကြံသူတိုင်းတွင် ဝိညာဉ်ရေးရာသားရဲများ ရှိသည်။
ကျင့်ကြံသူများသည် ဝိညာဉ်ရေးရာသားရဲများနဲ့အတူ လမ်းများတစ်လျှောက်တွင် သွားလာနေကြသည်။ ဒီလိုမြင်ကွင်းမျိုးကို တခြားခရိုင်လေးခုမှာ သေချာပေါက် မတွေ့ခဲ့ရချေ။
လင်းရှန်သည် အခြားမြို့သို့ ရောက်နေပြီဟုပင် ထင်ခဲ့သည်။
ယန်ကျုံးရီသည် ဗဟိုခရိုင်သို့ အကြိမ်များစွာ ရောက်ဖူးတာကြောင့် ဤနေရာ၏ အခြေအနေကို ကောင်းကောင်းသိသည်။ လင်းရှန်၏ အံ့သြနေသော အမူအရာကို မြင်တော့ ပြုံးပြီး ရှင်းပြသည်။
“ဗဟိုနယ်မြေမှာက ဝိညာဉ်ရေးရာသားရဲတွေ ဖြတ်သန်းသွားလာခွင့်ရှိတယ်လေ။
သားရဲတွေကို စီးနင်းသူက ကြာရှည်စွာအသက်ရှုခြင်း အဆင့်နဲ့ အဲ့အထက်မှာရှိပြီး ဂိုဏ်းသုံးခုစီရင်စုကို ကြိုတင်သတင်းပို့ထားရတာ”
သူစကားပြောနေစဉ်တွင် ကောင်းကင်မှ လေချွန်သံ ထွက်ပေါ်လာသည်။
လင်းရှန်နှင့် အခြားနှစ်ယောက်သည် ကားပြတင်းပေါက်မှ အမြန်ကြည့်လိုက်ရာ ကောင်းကင်ယံတွင် တောက်ပနေသော ဓားအလင်းတန်းတစ်ခုကို တွေ့လိုက်ရပြီး မိုးကုတ်စက်ဝိုင်းတွင် လျှင်မြန်စွာ ပျောက်ကွယ်သွားသည် ။
"ဒါက ဓားလွှတ်မြောက်ခြင်းပဲ”
ယန်ကျုံးရီက အားကျနေပုံပေါ်သည်။
“ကျင့်ကြံသူသခင်တွေပဲ ဗဟိုခရိုင်မှာ ပျံသန်းခွင့်ရှိတာ ။ အဲဒီလူက ဓားရေး ကျင့်ကြံသူဖြစ်ရမယ်”
စုနျန်က “ဒါက ဓားရေး ကျင့်ကြံသူဆိုတာ ဘယ်လိုသိတာလဲ။ တခြား ကျင့်ကြံသူသခင်မျိုးလည်း ဖြစ်နိုင်တယ်လေ”
"မဖြစ်နိုင်ဘူး” ယန်ကျုံးရီက ငြင်းလိုက်သည်။ "ကျင့်ကြံသူအားလုံးက လွတ်မြောက်
ခြင်းနည်းစနစ်တွေကို ကျင့်ကြံနိုင်ပေမဲ့ ဓားရေးကျင့်ကြံသူကပဲ ဓားလွတ်မြောက်ခြင်းကို သုံးနိုင်တာ”
လင်းရှန်သည် ဓားအလင်းပျောက်ကွယ်သွားသည့် လမ်းကြောင်းကို စိုက်ကြည့်ကာ သူ့မျက်လုံးများက တလက်လက်တောက်ပနေသည်။
“ကျင့်ကြံသူ သခင်…”
တစ်နေ့မှာတော့ သူလည်း ဗဟိုခရိုင်အထက်တွင် ပျံသန်းနိုင်ရမည်။
မိနစ်နှစ်ဆယ်ကြာသောအခါ
ကားက အရှိန်နဲ့ ရပ်သွားသည်။
လင်းရှန်က ကားပေါ်မှ ဆင်းကာ အံ့အားသင့်သွားသည်။
သူ့မျက်လုံးများကို နှုတ်ဆက်သည့်အရာမှာ ကျယ်ပြောလှသော အဆောက်အအုံများ ဖြစ်သည်။ ထိုနေရာက ပန်းခြံတစ်ခုလိုပင်။
သို့သော် ဖွင့်ထားသော တံခါးကို လှမ်းကြည့်လိုက်တော့ ဘာမှရှိမနေပေ။ လူအနည်းငယ်သာရှိနေပြီး မည်သို့ပင် ကြည့်နေပါစေ ၊ ကျောင်းနှင့်တူမည်မဟုတ်ပေ။
"သွားကြရအောင်။ နိုင်ယန်ကျောင်းက ဒီမှာ မဟုတ်ဘူး။”
ယန်ကျုံးရီသည် လင်းရှန်၏ ပခုံးကို ပုတ်ကာ ဝင်လာခဲ့သည်။
လင်းရှန်က ဘာလို့ သူတို့အဲဒီမှာရှိနေတာလဲလို့ မေးချင်ပေမယ့် စုနျန်က အေးအေးဆေးဆေး လျှောက်သွားတာကိုတွေ့တော့ သူ့စိတ်ထဲက သံသယတွေကို ဖျောက်လိုက်ပြီး နောက်ကလိုက်သွားသည်။
ယန်ကျုံးရီ၏ ဦးဆောင်မှုနဲ့အတူ သူတို့သုံးယောက်သည် အဆောက်အအုံတစ်ခုဆီသို့ အမြန်ရောက်ရှိလာကြသည်။
အဆောက်အဦအတွင်းပိုင်းသည် တောက်ပပြီး ခမ်းနားလှသည်။ ကြမ်းပြင်၊ မျက်နှာကျက်နှင့် နံရံများအားလုံးကို ကျောက်စိမ်းတစ်မျိုးမျိုးဖြင့် ပြုလုပ်ထားသည်။ ဘာပစ္စည်းမှန်း အတိအကျ မပြောနိုင်ပေမယ့် ဈေးကြီးတာတော့ သေချာသည်။
ကျောက်စိမ်း၏မျက်နှာပြင်ပေါ်တွင် မရေမတွက်နိုင်သော ထူထပ်သည့်ပုံစံများကို ထွင်းထုထားသည်။ ၎င်းတို့သည် ရှုပ်ထွေးပြီး လျှို့ဝှက်ဆန်းကြယ်သောကြောင့် အထင်ကြီးစရာဟု ခံစားရစေသည်။
ထို့အပြင် တံခါးအနီးမှာတော့ ရှဲကျီကျောက် ပန်းပုရုပ်တုနှစ်ခုက တစ်ဖက်တစ်ချက်စီတွင် တစ်ခုစီရှိနေသည်။
လင်းရှန်နှင့် အခြားနှစ်ယောက်က တံခါးကို ဖြတ်လျှောက်လာချိန်တွင် ရှဲကျီရုပ်တုနှစ်ခုသည် တညီတညွတ်တည်း ခေါင်းကို လှည့်ကာ ကြည့်လိုက်ကြသည်။ သူတို့မျက်လုံးထဲတွင် အလင်းရောင်တစ်ခု လင်းလက်နေပုံရသည်။
နောက်စက္ကန့်တွင် ညာဘက်ရှိ ရှဲကျီရုပ်တုသည် ၎င်း၏ပါးစပ်ကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။ သူ့လေသံက တိုးပြီး လေးနက်နေသည်။
"လင်းရှန်၊ ယန်ကျုံးရီနှင့် စုနျန်တို့က နိုင်ယန်းကျောင်းရဲ့ ကျောင်းသားသစ်တွေပဲ။
သူတို့ရဲ့ အထောက်အထားတွေကို စစ်ဆေးပြီးပါပြီ။ သူတို့ကို ဖုံးကွယ်ထားတဲ့ စွမ်းအားတွေ မရှိပါဘူး။ အခုလာတာ သူတို့ကိုယ်တိုင်ပါပဲ။ ဖြတ်သန်းခွင့်ရှိပါပြီ”
လက်ဝဲဘက်ရှိ ရှဲကျီရုပ်တုကလည်း နောက်က လိုက်ပါလာသည်။
"မင်းတို့ ကျောင်းကို ၀င်ချင်လား"
“ဟုတ်ကဲ့” ယန်ကျုံးရီက အမြန်ပြန်ဖြေလိုက်သည်။
ထိုစကားကို ပြောနေတုန်းမှာပဲ လင်းရှန်သည် သူ့ရှေ့တွင် တောက်ပသော အလင်းရောင်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။ သူ့အမြင်အာရုံက အဖြူရောင်ဖြစ်သွားပြီး ဘာမှမမြင်ရတော့ပေ။ သူသည် ဖြူစင်သောကမ္ဘာတစ်ခုတွင် ရှိနေသကဲ့သို့ပင်။
ဤရုတ်တရက်ဖြစ်စဉ်သည် သုံးစက္ကန့်မှ လေးစက္ကန့်မျှသာ ကြာသည်။ ထို့နောက် ဖြူဖွေးသောအရောင်သည် ဒီရေကဲ့သို့ လျင်မြန်စွာ ဆုတ်ခွါသွားသည်။
အမြင်အာရုံ ပုံမှန်ပြန်ဖြစ်လာသောအခါလင်းရှန်သည် နေရောင်အပြည့်ရှိသော လယ်ကွင်းတစ်ခုပေါ်တွင် ရပ်နေမိသည်ကို တွေ့ရလိုက်ရတော့ အံ့သြသွားသည်။ လေထုထဲတွင် လတ်ဆတ်သော အပင်များ၏ အနံ့နှင့် ပြည့်နေသည်။
နောက်တစ်ကြိမ် ကြည့်တဲ့အခါမှာတော့ အဝေးက တောင်တစ်လုံးနှင့် ဆန့်ကျင်ဘက်
အရပ်တွင် အဆောက်အအုံအုပ်စုတစ်စုကို ယောင်ဝါးဝါး မြင်လိုက်ရသည်။ မြေမျက်နှာသွင်ပြင်က ခြားနားပြီး အဆောက်အအုံကို သစ်သားနဲ့ ပြုလုပ်ထားပုံရသည်။