ထွက်ခွာခြင်း
Vol. 80 Ch. 1103
" ဘယ်လောက်ကြာသွားလဲ " ဝမ်ပေါင်လဲ့၏ မျက်ဝန်းများမှာ အနည်းငယ် ရီဝေဝေဖြစ်နေ၏။ တစ်အောင့်ခန့်ကြာပြီးနောက် သူသည် ကောင်းကင်ဘုံဓမ္မသခင်ကြီးအား ကြည့်ကာ မေးလိုက်သည်။
" ခုနစ်ဆယ့်ကိုးရက် " ကောင်းကင်ဘုံဓမ္မသခင်ကြီးမှာ ပြန်ဖြေလိုက်၏။ သူ၏ မျက်ဝန်းများထဲတွင် မောပန်းနွမ်းနယ်နေသည့် အရိပ်အယောင်များကို အထင်အရှားမြင်နိုင်ပေသည်။ သူ၏ မျက်လုံးများမှာ ရဲရဲနီနေပြီး သူ၏ အငွေ့အသက်များမှာလည်း မတည်မငြိမ်ဖြစ်နေ၏။ ထို့အပြင် သူ၏ မျက်နှာမှာလည်း ဖြူဖပ်ဖြူရော် ဖြစ်နေသေးသည်။ ထို အခြင်းအရာများကို ကြည့်လျှင် ဝမ်ပေါင်လဲ့ သူ၏ အတိတ်ဘဝများအား ကြည့်ရှုနိုင်ရန် ကူညီပေးခဲ့ရသည့် လုပ်ရပ်မှာ သူ့အတွက် အလွန်အင်မတန်မှ ခက်ခဲပင်ပန်းလွန်းခဲ့ကြောင်း သိနိုင်ပေသည်။
သူ၏ ဘေးတွင် ရှိနေသည့် အစေခံအိုကြီးမှာဆိုလျှင် သူ့ထက်ပင် ပို၍ မောပန်းနွမ်းနယ်နေသည့်ပုံ ပေါက်နေ၏။ သူသည် မျက်လုံးများမှိတ်ထားပြီး မလှုပ်မယှက် တင်ပျဥ်ခွေထိုင်ကာ အားအင်များ ပြန်လည်စုစည်းနေရသည်။ သို့ဖြစ်ရာ ကောင်းကင်ဘုံဓမ္မသခင်ကြီးမှာ သူတစ်ယောက်တည်း၏ စွမ်းအားများဖြင့် မကူညီနိုင်ခဲ့သောကြောင့် သူတို့နှစ်ယောက် ပေါင်း၍ ကူညီပေးခဲ့ရခြင်း ဖြစ်ရပေမည်။
ကံကြမ္မာစာအုပ်မှာဆိုလျှင် ယခင်တုန်းကနှင့် လုံးဝမတူလောက်အောင် မှေးမှိန်နေပြီ ဖြစ်သည်။ ယခုတွင် ၎င်းမှာ သာမန်စာအုပ်တစ်အုပ်နှင့်ပင် တူနေ၏။ သို့ဖြစ်ရာ ၎င်းမှာလည်း ပုံမှန်အနေအထားသို့ ပြန်ရောက်နိုင်ရန် အချိန်အကြာကြီး ပေးရတော့မည်ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ကံကြမ္မာစာအုပ်အား ကြားခံနယ်ပစ္စည်းတစ်ခုအဖြစ် အသုံးပြု၍ သူ၏ အတိတ်ဘဝများထဲသို့ သွားရောက်ခဲ့ခြင်းဖြစ်ပါသော်လည်း ထို အတိဘဝများအား နားလည်နိုင်ရန် သူ၏ ကိုယ်ပိုင်စွမ်းအားများကို အသုံးပြုခဲ့ရ၏။
ဒုတိယဘဝမှ ခုနစ်ဆယ့်ကိုးခုမြောက် ဘဝအထိ သူ့အတွက် အခက်အခဲ အများကြီးမရှိခဲ့ပေ။ သို့သော် ပထမဘဝထဲတွင်မူ... စိတ်ကူးဖြင့် မမှန်းဆနိုင်သည့် အရာများ ရှိနေခဲ့သည်မဟုတ်ပါလော။ သို့ဖြစ်ရာ ဝမ်ပေါင်လဲ့ ယခုလို ပြန်လည်နိုးထလာသည့် အချိန်အထိ တောင့်ခံထားနိုင်ခဲ့ခြင်းမှာ မယုံကြည်နိုင်ဖွယ်ရာ ကိစ္စတစ်ခုဖြစ်ပေသည်။
ဝမ်ပေါင်လဲ့မှာ အသေးစိတ် အချက်အလက်များကို သိမထားသေးသည့်တိုင်အောင် အပေါ်ယံမျှ နားလည်သွားဆဲပင်။ ထို့ကြောင့် ခဏအကြာတွင် သူ၏ မျက်ဝန်းများထဲ၌ ကျေးဇူးတင်နေသည့် အရိပ်အယောင်များ ပေါ်ပေါက်လာ၏။ ထို့နောက် သူသည် အသက်ပြင်းပြင်းရှူလိုက်ပြီး မတ်တတ်ထကည ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ ကောင်းကင်ဘုံဓမ္မသခင်ကြီး၊ အစေခံအိုကြီးနှင့် ကံကြမ္မာစာအုပ်တို့အား သုံးကြိမ်တိတိ ဦးညွှတ်အရိုအသေပေးလိုက်သည်။
ထိုကဲ့သို့ သုံးကြိမ်ဦးညွှတ်ရုံနှင့် သူ၏ ကျေးဇူးတင်လိုသော ဆန္ဒများကို အပြည့်အဝ ဖော်ပြနိုင်မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဝမ်ပေါင်လဲ့မှာ သူ၏ အတိတ်ဘဝများထဲမှ အကျိုးကျေးဇူးမြောက်မြားစွာ ရရှိခဲ့သောကြောင့်ပင်။ သူ၏ မှတ်ဉာဏ်များအားလုံးမှာ ချိတ်ဆက်သွားပြီဖြစ်ပြီး သူသည် သူ၏ အတိတ်နှင့်ပစ္စုပ္ပန်ကိုသာမက အမှန်တရားတစ်ခုလုံး၏ တစ်ဝက်ကျော်ကိုပါ သိရှိနားလည်သွားပြီဖြစ်သည်။
ထို့ကြောင့် သူ၏ အငွေ့အသက်များမှာ ပြောင်းလဲသွား၏။ ထို့နောက် သူ မတ်တတ််ထလာပြီး သုံးကြိမ် ဦးညွှတ်လိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်ထဲမှ ကျင့်ကြံခြင်းစွမ်းအင်လှိုင်းများ ပေါက်ကွဲထွက်ပေါ်လာတော့သည်။
သူ သံသရာတစ်လျှောက် သူ၏ အတိတ်ဘဝများထဲမှ ရရှိခဲ့သည့် အတွေ့အကြုံများအားလုံးမှာ သူ၏ ခန္ဓာကိုယ်ထဲ၌ ပျံ့နှံ့သွား၏။ ထို့ကြောင့် သူ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း ဂြိုဟ်အဆင့်၏ ကန့်သတ်ချက်များထဲမှ ဖောက်ထွက်သွားပြီး မည်သူမှ မပိုင်ဆိုင်ဖူးသည့် တမူထူးခြားသော အဆင့်တစ်ခုသို့ ရောက်ရှိသွားတော့သည်။
ထိုကဲ့သို့ တမူထူးခြားနေရခြင်းမှာ သူ၏ရှေ့၌ ထို အဆင့်အထိ ရောက်ဖူးသည့် ဂြိုဟ်အဆင့် ကျင့်ကြံသူဟူ၍ တစ်ယောက်မှ မရှိသောကြောင့်ပင်။ ထိုကဲ့သို့ ကျင့်ကြံခြင်းအဆင့် တိုးတက်သွားမှုကြောင့် သူ၏ ရှေးဟောင်းဂြိုဟ်ကိုးလုံးနှင့် တာအိုဂြိုဟ်တို့မှာလည်း စတင်ပြောင်းလဲလာတော့သည်။
သူ၏ အတိတ်ဘဝများထဲမှ အတွေ့အကြုံများ ပြန်လည် ရောက်ရှိလာမှုနှင့်အတူ သူ၏ ရှေးဟောင်းဂြိုဟ်ကိုးလုံးထဲမှ စည်းမျဉ်းဥပဒေသများ၏ ထပ်တူကျနိုင်စွမ်းများမှာလည်း တိုးတက်သွား၏။ ယခုတွင် ၎င်းတို့မှာ ကိုးဆယ့်ကိုးရာခိုင်နှုန်းအထိ ထပ်တူကျနိုင်စွမ်း ရှိနေပြီဖြစ်သည်။
ထို အဆင့်အတန်းတွင် ရှိနေသည့် ဂြိုဟ်များအား ရှေးဟောင်းဂြိုဟ်များဟု သတ်မှတ်ရသည်မှာ သင့်တော်မှုမရှိပေ။ သို့ဖြစ်ရာ ၎င်းတို့အား... တစ်ဝက်တစ်ပျက် တာအိုဂြိုဟ်များဟုပင် ခေါ်ဆိုသင့်ပေသည်။
ထို ပြောင်းလဲမှုများကြောင့် ဝမ်ပေါင်လဲ့၏ တိုက်ရည်ခိုက်ရည်စွမ်းအားများမှာလည်း ဆက်လက် တိုးတက်လာ၏။ အံ့ဩတုန်လှုပ်စရာ အကောင်းဆုံးမှာမူ... သူ၏ တာအိုဂြိုဟ်ဖြစ်သည်။
ထို တာအိုဂြိုဟ်မှာ သူ၏ ဝိညာဉ်ထဲ၌ ဝင်းလက်တောက်ပနေ၏။ အများဆုံးပြောင်းလဲသွားခဲ့သည့် အရာမှာ ၎င်း၏ အရွယ်အစားဖြစ်သည်။
ယခင်တုန်းက သူ၏ တာအိုဂြိုဟ်မှာ အလွန်အင်မတန်မှ အဆင့်မြင့်မားနေခဲ့ပါသော်လည်း ဂြိုဟ်တစ်လုံးသာ ဖြစ်နေခဲ့သေးသည်။ ယခုလည်း ၎င်းမှာ ဂြိုဟ်တစ်လုံးသာ ဖြစ်နေသေးသည့်တိုင်အောင် ၎င်း၏ အရွယ်အစားမှာ သာမန်ထာဝရကြယ်တစ်လုံးထက် အများကြီးပို၍ ကြီးမားလာပြီဖြစ်သည်။
ဝမ်ပေါင်လဲ့ မြင်ဖူးသမျှ ထာဝရကြယ်များအားလုံးမှာ သူ၏ တာအိုဂြိုဟ်အား ယှဉ်နိုင်တော့မည်မဟုတ်ပေ။ ထိုကဲ့သို့ အဆမတန် ကြီးမားနေသည့် ဂြိုဟ်တစ်လုံးထဲ၌ ကိန်းအောင်းနေသော စွမ်းအားများကြောင့် ဝမ်ပေါင်လဲ့မှာ ၎င်းတို့အား အာရုံခံမိလိုက်သည်နှင့် အံသြတုန်လှုပ်သွားရ၏။
အကယ်၍ ဂြိုဟ်အဆင့် ကျင့်ကြံခြင်းအဆင့်အား ရေကန်တစ်ကန်နှင့် နှိုင်းယှဉ်ကြည့်လိုက်မည်ဆိုပါက ထာဝရကြယ်အဆင့်သို့ ရောက်သွားချိန်တွင် အရည်အသွေး ပြောင်းလဲမှုများကြောင့် ထို ရေကန်ထဲမှ ရေများမှာ ရေခဲများအဖြစ် ပြောင်းလဲသွားမည်ဖြစ်ပြီး မိမိ၏ တိုက်ရည်ခိုက်ရည် စွမ်းအားများမှာလည်း တိုးတက်ပြောင်းလဲသွားမည် ဖြစ်သည်။ ယခုတွင် ဝမ်ပေါင်လဲ့မှာ ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက်အဖြစ်သာ ရှိနေသေးသည့်တိုင်အောင် သူ၏ ကျင့်ကြံခြင်းစွမ်းအားများမှာ ရေကန်တစ်ကန်အဆင့်တွင် မဟုတ်ဘဲ ကြီးမားကျယ်ပြန့်သော သမုဒ္ဒရာတစ်စင်းအဆင့်သို့ ရောက်နေပြီ ဖြစ်သည်။
ထို သမုဒ္ဒရာကြီးမှာ ထာဝရကြယ်အဆင့်၏ ရေခဲရေကန်ကြီးထက် ပို၍ အစွမ်းထက်၏။ ၎င်းမှာ အရည်အသွေးပိုင်းတွင် မယှဉ်နိုင်ပါသော်လည်း အရေအတွက်အပိုင်းတွင် အသာစီးရနေမည် မဟုတ်ပါလော။ ရေခဲရေကန်ကြီးမှာ တောင့်တင်းခိုင်မာမှုအပြည့် ရှိနေသည့်တိုင်အောင် သမုဒ္ဒရာကြီး၏ ပြင်းအားကို တောင့်ခံနိုင်စွမ်းမရှိဘဲ ဖျက်ဆီးခံလိုက်ရမည်သာ ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ သူ မည်မျှအထိ အစွမ်းထက်နေကြောင်း အတိအကျ မသိပါသော်လည်း သူ၏ ကျင့်ကြံခြင်းအဆင့်မှာ... သူ၏ ဝှက်ဖဲမဟုတ်ကြောင်း သိထား၏။ သူ၏ ဝှက်ဖဲမှာ ကမ္ဘာကြီးနှင့်ပတ်သက်၍ သူ နားလည်ထားသည့် အရာများနှင့် သူ၏ အတိတ်ဘဝများထဲမှ ပုံရိပ်များ ဖြစ်ပေသည်။
ထို့ကြောင့်လည်း သူသည် ကျောက်ပြားကမ္ဘာကြီး တစ်ခုလုံးထဲတွင် အထူးခြားဆုံး ဂြိုဟ်အဆင့်ကျင့်ကြံသူ ဖြစ်နေရခြင်းဖြစ်သည်။
ထို တိုးတက်မှုများအားလုံးမှာ ကောင်းကင်ဘုံဓမ္မသခင်ကြီး၏ အကူအညီနှင့် ဆက်နွှယ်နေသည် မဟုတ်ပါလော။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သုံးကြိမ် ဦးညွှတ်လိုက်ပြီးနောက် ခေါင်းပြန်မော့လာပြီး မောပန်းနွမ်းနယ်နေသည့် ကောင်းကင်ဘုံဓမ္မသခင်ကြီးအား ကြည့်ကာ လေသံတိုးတိုးဖြင့် ဆိုလိုက်ပြန်သည်။
" ကျေးဇူးတင်ပါတယ် "
သူသည် မည်သည့်အရာကိုမှ ကတိပေးခဲ့ခြင်းမရှိပါသော်လည်း ထို ကျေးဇူးတင်စကား တစ်ခွန်းတည်းနှင့် သူ၏ နှလုံးသားထဲမှ ခံစားချက်များကို ဖော်ပြနိုင်ရန် လုံလောက်ပေသည်။ ကောင်းကင်ဘုံဓမ္မသခင်ကြီးမှာလည်း နားလည်သောကြောင့် ပြုံးကာ ပြန်ပြောလိုက်၏။
" ဂရုစိုက်ပါ "
ထိုအခါ ဝမ်ပေါင်လဲ့မှာ ပြန်၍ ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် သူသည် ခေါင်းမော့ကာ ဘေးဘီဝဲယာအား ဝေးဝိုက်ကြည့်ရှုလိုက်သည်။ သူ၏ နတ်ဘုရားအာရုံမှာ ကံကြမ္မာဂြိုဟ်တစ်ခုလုံးအား လွှမ်းခြုံသွားပြီး သူသည် ၎င်းအား အချိန်အကြာကြီး စိုက်ကြည့်နေလိုက်၏။ သူ၏ မျက်ဝန်းများထဲတွင်မူ အနာဂတ်ကို မျှော်လင့်စောင့်ဆိုင်းနေသည့် အရိပ်အယောင်များ ပေါ်ပေါက်လာသည်။ ထို့နောက် သူသည် ကောင်းကင်ဘုံဓမ္မသခင်ကြီးအား နောက်ထပ်တစ်ကြိမ် ထပ်၍ ဦးညွှတ်အရိုအသေပေးလိုက်ပြန်သည်။ ထိုသို့ ဦးညွှတ်အရိုအသေပေးပြီးသွားသောအခါမှ သူသည် လှစ်ခနဲလှုပ်ရှားကာ အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားပြီး မိုးကောင်းကင်ဆီသို့ ဦးတည်ပျံသန်းသွား၏။
သူ လေပေါ်သို့ ပျံတက်သွားသည်နှင့် တစ်ဝက်တစ်ပျက် တာအိုဂြိုဟ်ကိုးလုံး၏ စည်းမျဉ်းဥပဒေသများမှာ သူ၏ ပတ်ပတ်လည်၌ ပေါ်ပေါက်လာသည်။ တစ်ချိန်ထဲမှာပင် တာအိုဂြိုဟ်၏ အလွန်အင်မတန်မှ ကြီးမားများပြားသော စွမ်းအားများ၏ ထောက်ပံ့မှုများကြောင့် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ဝင်းလက်တောက်ပလာ၏။
သူ အဝေးသို့ ပျံသန်းထွက်ခွာသွားချိန်တွင် ကောင်းကင်ဘုံဓမ္မသခင်ကြီးမှာ ဝမ်းသာမှု အရိပ်အယောင်များ ပြည့်နှက်နေသည့် မျက်ဝန်းတစ်စုံဖြင့် ရေရွတ်လိုက်၏။
" တကယ်တမ်း ငါက မင်းကို ကျေးဇူးတင်ရမှာပါ။ မင်းကြောင့် ငါ ဒီကမ္ဘာကြီးရဲ့ မူလဇာစ်မြစ်ကို နားလည်သွားခဲ့တာလေ "
လေပေါ်သို့ ပျံတက်သွားနေသည့် ဝမ်ပေါင်လဲ့မှာ ထိုစကားသံအား ကြားလိုက်ရ၏။ သူသည် တစ်ခဏမျှ ရပ်တန့်သွားပြီးနောက် ခဏအကြာတွင် အရှိန်မြှင့်တင်ကာ အာကာသကောင်းကင်ထဲသို့ ပျံသန်းသွားလိုက်တော့သည်။ တစ်ချိန်တည်းမှာပင် သူသည် မေးခွန်းတစ်ခုအား စဉ်းစားတွေးတောနေ၏။
" ငါ ဘယ်နေရာကနေ ရောက်လာတာလဲ "
အမည်မသိနေရာတစ်ခုနှင့် ချိတ်ဆက်ထားသော ဝဲကြီး၏ ပုံရိပ်မှာ ဝမ်ပေါင်လဲ့၏ မျက်လုံးထဲ၌ ပြန်လည်ပေါ်ပေါက်လာသည်။ သူသည် ထိုနေရာအကြောင်း သိချင်နေ၏။ ထို့အပြင် သူသည် ထို အမည်မသိ နေရာထဲရှိ တစ်စုံတစ်ခုမှာ သူ့အား အဆက်မပြတ် ဆင့်ခေါ်နေသည့်အလား ခပ်ရေးရေးမျှ ခံစားနေရသေးသည်။
တစ်အောင့်ခန့်အကြာတွင် သူသည် အာကာသထဲသို့ ရောက်ရှိသွားသည်။ သူသည် အာကာသထဲ၌ ရပ်ထားသည့် စစ်သင်္ဘောကြီးများကို မြင်လိုက်ရသောအခါ သူ၏ အတွေးများကို မေ့ပျောက်လိုက်၏။ ထို့နောက် သူသည် သူ၏ ခန္ဓာကိုယ်အား လှစ်ခနဲလှုပ်ရှားကာ ရှေ့ဆုံးတွင်ရှိနေသည့် စစ်သင်္ဘောကြီးဆီသို့ ဦးတည်ပျံသန်းသွားလိုက်တော့သည်။
သူ၏ နတ်ဘုရားအာရုံမှာ စစ်သင်္ဘောကြီးများ၏ အကာအကွယ်များကို လျစ်လျူရှုကာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွား၏။ ထိုအခါ သူသည် ရှဲ့ဟေးရန်၊ ချန်ဟန်းနှင့် အခြားသူများကိုသာမက မီးတောက်ကြယ်စင်စုမှ ထာဝရကြယ်အဆင့် တာအိုအစောင့်ရှောက်များကိုပါ မြင်လိုက်ရသည်။ အသက်ရှူကြိမ် အနည်းငယ်ခန့် ကုန်ဆုံးသွားပြီးနောက် သူတို့မှာ အမူအရာများပြောင်းလဲသွားကြ၏။
" ဘယ်သူလဲကွ " စစ်သင်္ဘောကြီးထဲမှ ခပ်အောအော စကားသံများ ထွက်ပေါ်လာ၏။ ထို့နောက် ဝမ်ပေါင်လဲ့နှင့် ရှဲ့ဟေးရန်တို့၏ ကိုယ်ရံတော်များဖြစ်ကြသော ထာဝရကြယ်အဆင့် တာအိုအစောင့်အရှောက်များနှင့် ချန်ဟန်း၏ တာအိုအစောင့်အရှောက်များမှာ စစ်သင်္ဘောကြီး၏ အပြင်ဘက်သို့ ပြေးထွက်လာကြသည်။ သူတို့မှာ အစွမ်းထက်ရန်သူကြီးတစ်ယောက်နှင့် ရင်ဆိုင်နေရသည့်အလား စစ်သင်္ဘောကြီး၏ အပြင်ဘက်၌ ရပ်နေပြီး သူတို့ဆီသို့ ဦးတည်လာနေသည့် ဝမ်ပေါင်လဲ့အား လှမ်းကြည့်နေကြသည်။
စစ်သင်္ဘောကြီး၏ ရှေ့တွင် တာအိုအစောင့်အရှောက် အယောက်သုံးဆယ်ကျော် ရှိနေကြ၏။ အဝါရောင်ထာဝရကြယ် တာအိုအစောင့်အရှောက် နှစ်ယောက်မှလွဲ၍ အခြား တာအိုအစောင့်အရှောက်များမှာ သာမန်ထာဝရကြယ်များကိုသာ ပိုင်ဆိုင်ထားကြသည်။ မည်သို့ပင်ဆိုစေကာမူ ထို တာအိုအစောင့်အရှောက်များ ပေါ်ပေါက်လာကြချိန်တွင် သူတို့၏ အငွေ့အသက်များနှင့် စွမ်းအင်လှိုင်းများမှာ တုန်လှုပ်ချောက်ချားဖွယ်ရာ ကောင်းနေဆဲပင်။
သို့သော်ငြားလည်း သူတို့မှာ ကံကြမ္မာဂြိုဟ်ထဲမှ ပြေးထွက်လာသည့် ကြောက်မက်ဖွယ်ရာ လူရိပ်ကြီးအား လှမ်းကြည့်နေရင်း အမူအရာများ ပြောင်းလဲသွားရ၏။
သူတို့၏ မျက်ဝန်းများထဲတွင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အစစ်အား မမြင်ရပေ။ သို့ဖြစ်ရာ သူတို့၏ ကြား၌ သိမြင်မှု အကာအရံတစ်ခု ရှိနေသောကြောင့် သူတို့မှာ ဝမ်ပေါင်လဲ့၏ အငွေ့အသက်များနှင့် ပုံပန်းသွင်ပြင်အား ရှင်းလင်းပြတ်သားစွာ မြင်နိုင်စွမ်းမရှိသည့်ပုံ ပေါက်နေတော့သည်။
သူတို့မှာ... ထာဝရကြယ်များထက် ပို၍ ကြီးမားသည့် မှုန်ဝါးဝါး ဂြိုဟ်တစ်လုံးကိုသာ မြင်နေရသည်။ ၎င်းမှာ ကံကြမ္မာဂြိုဟ်၏ အပြင်ဘက်၌ ရုတ်ခြည်းဆိုသလို ပေါ်ပေါက်လာပြီး သူတို့ဆီသို့ ထစ်ချုန်းသံများနှင့်အတူ ချဥ်းကပ်လာနေခြင်း ဖြစ်သည်။
၎င်းမှာ ထာဝရကြယ်အဆင့် တာအိုအစောင့်အရှောက်တစ်ယောက် မဟုတ်ဘဲ ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက်သာ ဖြစ်ပေသည်။ သို့သော်ငြားလည်း ၎င်း ထုတ်လွှတ်နေသည့် ဖိအားများကြောင့် ထာဝရကြယ်အဆင့် တာအိုအစောင့်အရှောက်များမှာ ကြောက်ရွံ့တုန်လှုပ်သွားကြပြီး ရင်ခုန်နှုန်းများ မြန်ဆန်လာရသည်သာ ဖြစ်သည်။ ထို့အပြင် သူတို့မှာ မှုန်ဝါးဝါးဖြစ်နေသည့် ထို ဧရာမဂြိုဟ်ကြီး၏ ပတ်ပတ်လည်တွင် အခြားဂြိုဟ်ကိုးလုံး လည်ပတ်နေသေးသည်ကိုလည်း မြင်လိုက်ရသည်။ ၎င်းတို့မှာ ဂြိုဟ်ရံများနှင့် တူနေသောကြောင့် ထိုဂြိုဟ်ကြီး၏ အငွေ့အသက်များမှာ ပို၍ပင် ကြောက်စရာကောင်းနေ၏။ ထို့ကြောင့် ထာဝရကြယ်အဆင့် တာအိုအစောင့်အရှောက်များမှာ သူတို့၏ နတ်ဘုရားစွမ်းရည်များကို ထုတ်သုံးမိလိုက်တော့သည်။
ရှဲ့ဟေးရန်နှင့် ချန်ဟန်းတို့ နှစ်ယောက်မှာမူ တည်ကြည်မှုအပြည့်ရှိသော မျက်ဝန်းများဖြင့် လှမ်းကြည့်နေကြ၏။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ အခြေအနေများကို ရိပ်စားမိသွားသည့်ပုံပင်။ ထို့ကြောင့် သူသည် တစ်ခဏမျှ ရပ်တန့်သွားပြီး လှမ်းပြောလိုက်သည်။
" ငါပါ "
သူ၏ စကားသံကြီး ပဲ့တင်ထပ်သွားချိန်တွင် ဝမ်ပေါင်လဲ့မှာ သူ၏ တာအိုဂြိုဟ်နှင့် တစ်ဝက်တစ်ပျက် တာအိုဂြိုဟ်ကိုးလုံးအား ဖိနှိပ်ချုပ်တည်းလိုက်၏။ ထို့ကြောင့် ၎င်းတို့အားလုံးမှာ ချက်ချင်းဆိုသလိုပင် အရွယ်အစား သေးငယ်သွားကြပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်သွားကြသည်။ ထိုအခါမှသာ... သူသည် အခြားသူများ၏ ရှေ့၌ ပြန်လည် ပေါ်ပေါက်လာတော့သည်။
" သခင်လေးပါလား "
" ဦးလေးဆရာ ပေါင်လဲ့ပါလား "
" အဖေပါလား "
မီးတောက်ကြယ်စင်စုထဲမှ ထာဝရကြယ်အဆင့် တာအိုအစောင့်အရှောက်များသာမက ရှဲ့ဟေးရန်နှင့် ချန်ဟန်းတို့မှာ မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည့် မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေကြ၏။
သူတို့မှာ ဝမ်ပေါင်လဲ့တစ်ယောက် ကံကြမ္မာဂြိုဟ် အရည်အချင်းစမ်းသပ်ပွဲထဲ၌ အကျိုးကျေးဇူး အမြောက်အမြား ရရှိခဲ့သလို မွေးနေ့ဧည့်ခံပွဲထဲတွင်လည်း ရင်သပ်ရှုမောဖွယ်ရာ စွမ်းဆောင်ရည်များ ထုတ်ပြခဲ့သည်ကို သိရှိထားကြပြီးသား ဖြစ်သည်။ သို့သော်လည်း သူတို့အားလုံး မကြာသေးမီတုန်းက မြင်လိုက်ရသည့် ဧရာမဂြိုဟ်ကြီးနှင့် ဝမ်ပေါင်လဲ့အား ရှင်းလင်းပြတ်သားစွာ မမြင်နိုင်ခဲ့သည့် ထူးဆန်းသော အခြေအနေကြီးကြောင့် သူတို့၏ နှလုံးသားများမှာ ဗြောင်းဆန်သွားရတော့သည်။