← Chapters

မောက်မာဝင့်ကြွားမှု

Vol. 80 Ch. 1104

မောက်မာဝင့်ကြွားမှု

Vol. 80 Ch. 1104

ကံကြမ္မာဂြိုဟ် အပြင်ဘက်မှ ဆူညံသံများမှာ ခဏအကြာတွင် ပြန်လည်တိတ်ဆိတ်သွား၏။ လူတိုင်းမှာ အံ့သြတုန်လှုပ်နေကြသည့်တိုင်အောင် နောက်ဆုံးတွင် အရှိကို အရှိအတိုင်း လက်ခံလိုက်ကြသည်သာ ဖြစ်သည်။ သူတို့၏ အမြင်တွင် ဝမ်ပေါင်လဲ့မှာ ယခင်တုန်းကနှင့် မတူတော့ပေ။

ယခင်တုန်းက မီးတောက်ကြယ်စင်စုထဲမှ တာအိုအစောင့်အရှောက်များမှာ သူ့အား လေးစားခဲ့ကြပါသော်လည်း အဓိကအကြောင်းရင်းမှာ မီးတောက် ခေါင်းဆောင်ကြီးကြောင့်သာ ဖြစ်သည်။ သို့သော် ယခုတွင်မူ မတူတော့ပေ။ ဝမ်ပေါင်လဲ့မှာ သူ၏ တိုက်ရည်ခိုက်ရည် စွမ်းအားများနှင့် အငွေ့အသက်များကို ထုတ်လွှတ်ကာ ထို ထာဝရကြယ်အဆင့် ကျင့်ကြံသူများ သူ့အား ကြောက်ရွံ့လေးစားလာအောင် လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

သူတို့မှာ ဘဝတစ်လျှောက်လုံးတွင် ဝမ်ပေါင်လဲ့ကဲ့သို့ ကြောက်မက်ဖွယ်ရာ အငွေ့အသက်များကို ထုတ်လွှတ်နေသည့် ဂြိုဟ်အဆင့် ကျင့်ကြံသူဟူ၍ တစ်ယောက်မှ မတွေ့ခဲ့ဖူးပေ။ ထို့အပြင် သူတို့အားလုံး သူ့အား ရှင်းလင်းပြတ်သားစွာ မမြင်နိုင်ခဲ့သည့် အချက်လည်း ရှိနေသေးသည်။ ထို့ကြောင့် စစ်သင်္ဘောကြီးပေါ်မှ ထာဝရကြယ်အဆင့် ကျင့်ကြံသူများမှာ အတွေးများထဲ၌ ခန့်မှန်းချက်အမျိုးမျိုး ပေါ်ပေါက်လာကြ၏။

ပုံမှန်အတိုင်းသာဆိုပါက သူတို့၏ ကြားမှ အဆင့်အတန်းများ မိုးနှင့်မြေလို ကွာခြားနေမှသာ ထိုကဲ့သို့ ဖြစ်လာနိုင်ခြေ ရှိပေသည်။ ဥပမာပြရလျှင် နတ်ဘုရားများ၏ ပတ်ပတ်လည်ရှိ စည်းမျဉ်းဥပဒေသများမှာ တွန့်လိမ်ပုံပျက်နေသောကြောင့် သူတို့အား စိုက်ကြည့်ရန်မှာ မဖြစ်နိုင်ပေ။ အကယ်၍ မိမိ၏ ကျင့်ကြံခြင်းအဆင့်မှာ မြင့်မားနေခြင်းမရှိပါက သူတို့အား ကြည့်မိလိုက်သည်နှင့် ထိုကဲ့သို့ တွန့်လိမ်ပုံပျက်နေသည့် စည်းမျဥ်းဥပဒေသများကို တောင့်ခံနိုင်စွမ်းမရှိသဖြင့် အမြင်အာရုံများ ထိခိုက်ကာ သေကျေပျက်စီးသွားရမည် ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာလည်း မကြာသေးမီတုန်းက ထိုကဲ့သို့ ဖြစ်နေခဲ့၏။ အထက်တွင် ဖော်ပြထားသလောက်အထိ ဖြစ်မသွားခဲ့ပါသော်လည်း ဝိသေသလက္ခဏာများ တူနေသည်ကို မြင်နိုင်ပေသည်။ ထို့ကြောင့်လည်း ထာဝရကြယ်အဆင့် ကျင့်ကြံသူများမှာ အံသြတုန်လှုပ်နေကြရခြင်းဖြစ်သည်။

ရှဲ့ဟေးရန်မှာလည်း အံ့သြတုန်လှုပ်သွားရသည့်တိုင်အောင် ချက်ချင်း သူ၏ စိတ်ကို တည်ငြိမ်အောင် ပြန်ထားလိုက်၏။ ထို့အပြင် သူသည် ဝမ်ပေါင်လဲ့၏ ဘေး၌ ယခင်တုန်းကထက် ပို၍ပင် မျက်နှာချိုသွေးနေတော့သည်။ သို့သော် အပြန်ခရီးတွင် သူ့ထက်ပို၍ အားသွန်ခွန်စိုက် ကြိုးစားနေသည့် လူတစ်ယောက် ရှိနေ၏။

ထိုသူမှာ ချန်ဟန်းဖြစ်သည်။ သူသည် စိတ်နှင့်ကိုယ်နှင့် ပြန်ကပ်သွားသည်နှင့် ' အဖေ ' ဟု ချက်ချင်းခေါ်လိုက်၏။ ထို့အပြင် သူသည် သူ၏ တာအိုအစောင့်အရှောက်များ၏ အထူးအဆန်းဖြစ်နေသော မျက်နှာအမူအရာများနှင့် မကျေမနပ်ဖြစ်နေသည့် အမူအရာဖြင့် မျက်မှောင်ကြုတ်နေသော ရှဲ့ဟေးရန်တို့အား ဂရုစိုက်နေခြင်းမရှိပေ။

ဝမ်ပေါင်လဲ့မှာမူ ထို အခြင်းအရာများအား လျစ်လျူရှုထား၏။ အဘယ်ကြောင့်ဆိုသော် သူသည် စစ်သင်္ဘောကြီးပေါ်သို့ ရောက်လာပြီးနောက် ပြဿနာတစ်ခုအား စဉ်းစားမိသွားသောကြောင့်ပင်။

သူ ဘယ်နေရာသို့ သွားရမည်နည်း။

သူ ကံကြမ္မာဂြိုဟ်ဆီသို့ ရောက်လာခဲ့စဉ်တုန်းက အစီအစဉ်အတိုင်းဆိုလျှင် မွေးနေ့ပွဲအား တက်ရောက်ပြီးပါက သူ၏ တာဝန် ပြီးဆုံးကြောင်း အကြောင်းပြန်နိုင်ရန် မီးတောက်ကြယ်စင်စုဆီသို့ ပြန်ရမည်ဖြစ်သည်။ ထို့အပြင် သူသည် ကမ္ဘာဂြိုဟ်ပြည်ထောင်စုကြီးဆီသို့ ပြန်ကာ သူ၏ မိဘများနှင့် မိတ်ဆွေများကို သွားတွေ့ရန်လည်း တွေးထားသေးသည်။

သို့သော် ဝမ်ပေါင်လဲ့မှာ အရည်အချင်းစမ်းသပ်ပွဲထဲ၌ သူ၏ အတိတ်ဘဝများအကြောင်း သိရှိသွားခဲ့ပြီး အမှန်တရား၏ တစ်ဝက်ကျော်အား နားလည်သွားခဲ့ပြီးနောက် အတွေးများ ပြောင်းလဲသွား၏။ သူသည်... သိမ်းပိုက်ခံရမည့် အန္တရာယ်ကြီးအား သီသီကလေး ရှောင်လွဲနိုင်ခဲ့သည်မဟုတ်ပါလော။ ( အရင်အပိုင်းတွေမှာပါတဲ့ ပူးကပ်တာကို ပိုအဆင်ပြေအောင် သိမ်းပိုက်တာလို့ ပြောင်းထားပါတယ် )

သူသည် သူ၏ အတိတ်ဘဝထဲ၌ ထူးဆန်းသည့် မူလဇာစ်မြစ်များကို ပိုင်ဆိုင်ထားသည့် အနက်ရောင် သစ်သားပျဥ်ပြားလေးတစ်ချောင်း ဖြစ်နေခဲ့ပြီး စွန်းသဲ့၏ ကျေးဇူးကြောင့် အသိဉာဏ်အစစ်အမှန်အား ရရှိခဲ့ခြင်းဖြစ်ကြောင်း သိထားပါသော်လည်း အခြားတစ်စုံတစ်ယောက်၏ သိမ်းပိုက်ခြင်းကို ခံရနိုင်ဆဲဖြစ်ကြောင်း ယုံကြည်ထားသည်။

တစ်ချိန်ထဲမှာပင် သူ၏ အတွေးထဲ၌ ခန့်မှန်းချက်တစ်ခုရှိနေ၏။

" ငါက အနက်ရောင် သစ်သားပျဉ်ပြားတစ်ချောင်း ဖြစ်နေပေမဲ့ အဲဒီ အနက်ရောင် သစ်သားပျဥ်ပြားက... ငါလို့ တထစ်ချ သတ်မှတ်လို့မရဘူး "

" အဲဒီ အနက်ရောင် သစ်သားပျဉ်ပြားက ပြန်ဝင်စားနိုင်စွမ်းရှိပြီး ဘယ်တော့မှ ဖျက်ဆီးလို့မရနိုင်ပေမဲ့ ငါကတော့ အဲလို မဟုတ်ဘူး။ တခြားတစ်နည်းနဲ့ ပြောရရင် ငါက အဲဒီ အနက်ရောင် သစ်သားပျဉ်ပြားထဲမှာ မွေးဖွားလာခဲ့တဲ့ ဝိညာဉ်တစ်ခုပဲ။ ငါ့ကို အချိန်မရွေး ဖျောက်ဖျက်ပစ်လို့ရတယ်။ အဆောင်ပစ္စည်းတစ်ခုထဲက အဆောင်ဝိညာဉ်ကို ဖျောက်ဖျက်ပစ်လို့ ရသလိုမျိုးပေါ့ "

" အဲဒီလို အဆောင်ဝိညာဉ်ကို ဖျောက်ဖျက်လိုက်မယ်ဆိုရင် အဆောင်ပစ္စည်းကို ထိခိုက်နိုင်ပေမဲ့ ရေးကြီးခွင်ကျယ်တော့ မဟုတ်ဘူး။ တခြား အဆောင်ဝိညာဉ်တစ်ခု ပြောင်းပြီး အဲဒီ အဆောင်ဝိညာဉ်နဲ့ ကျင့်သားရလာအောင် တဖြည်းဖြည်း လုပ်ယူလို့ရတယ်။ ဒါမှမဟုတ် အဲလို မပြောင်းဘူးဆိုရင်တောင်မှ အဆောင်ပစ္စည်းကို သေသေချာချာ ထိန်းသိမ်းထားမယ်ဆိုရင် အခွင့်အရေး ရတဲ့အခါ အဲဒီ အဆောင်ပစ္စည်းက အဆောင်ဝိညာဉ်အသစ်တစ်ခုကို ပြန်ပြီးတော့ ဖန်တီးပေးနိုင်တယ် "

" အဲဒီအချိန်မှာ ဖွားမြင်လာမယ့် အဆောင်ဝိညာဉ်အသစ်က ငါလို့ ပြောလို့ရသလို ငါ မဟုတ်ဘူးလို့လည်း ပြောလို့ရတယ် " ဝမ်ပေါင်လဲ့မှာ ထိုသို့ စဉ်းစားတွေးတောလိုက်ပြီးနောက် နှုတ်ဆိတ်သွား၏။ သူသည် ကျင့်ကြံခြင်းခရီးစဉ် အစကတည်းက အဆောင်ပစ္စည်းသန့်စင်ခြင်းပညာရပ်နှင့် လက်ပွန်းတတီး ရှိနေခဲ့သည်ဖြစ်ရာ ထိုကဲ့သို့ ခန့်မှန်းနိုင်ခဲ့သည်မှာ မထူးဆန်းပေ။

သူသည် သွေးနီရောင် ကင်းခြေများကြီး၏ လောဘစိတ်များနှင့် သူ့အား ရန်ပြုလိုစိတ်များမှာ အလွန်အင်မတန်မှ အားကောင်းနေကြောင်း သိထား၏။ သိပ်မကြာခင်တွင် ၎င်းမှာ ပြန်လည်ပေါ်ပေါက်လာပြီး သူ့အား သိမ်းပိုက်နိုင်ရန် နောက်ထပ်တစ်ကြိမ်ထပ်၍ ကြိုးစားနိုင်ပေသည်။ ထိုသို့သာဆိုပါက အဆောင်ပစ္စည်းတစ်ခု၏ အဆောင်ဝိညာဉ် ပြောင်းလဲသွားသကဲ့သို့ ဖြစ်သွားမည် ဖြစ်သည်။

" အနက်ရောင် သစ်သားပျဉ်ပြားလေးကို အဆောင်ပစ္စည်းတစ်ခုလို့ သဘောထားပြီး ငါ့ရဲ့ အတိတ်ဘဝတွေကို အဆောင်ဝိညာဉ်တစ်ခုအဖြစ် သဘောထားကြည့်လိုက်မယ်ဆိုရင်... ပြဿနာတစ်ခုတော့ရှိတယ်။ ငါက အရှည်သုံးပေရှိတဲ့ သစ်သားတုံးလေးရဲ့ စွမ်းအားတွေကို ထုတ်လွှတ်နိုင်စွမ်း ရှိနေရမှာလေ "

" အဲဒီ သစ်သားတုံးလေး ပေါ်ပေါက်လာတုန်းကဆိုရင် ကျယ်ပြန့်တာအိုနယ်မြေတစ်ခုလုံး ဖိနှိပ်ချုပ်တည်းခံလိုက်ရတာ.... " ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင် ထိုသို့ရေရွတ်ရင်း မျက်လုံးများ မှေးသွား၏။ သူသည် ထိုအချက်အား နားလည်ထားပါသော်လည်း... လက်ရှိတွင် သူ အနက်ရောင် သစ်သားပျဉ်ပြားလေးအား ထိန်းချုပ်နိုင်စွမ်း မရှိသေးသည့် အချက်ကိုလည်း နားလည်ထာသည်။

ထိုသို့ ထိန်းချုပ်နိုင်စွမ်း မရှိရခြင်းမှာ အကြောင်းရင်းနှစ်ခု ရှိပေသည်။ တစ်ခုမှာ သူသည် လက်ရှိဘဝထဲ၌သာ သူ၏ အတိတ်ဘဝများထဲမှ မှတ်ဉာဏ်များအားလုံးနှင့် ပြန်လည်ပေါင်းစည်းနိုင်ခဲ့သောကြောင့်ပင်။ သူ၏ အခြား အတိတ်ဘဝများဖြစ်သည့် ဖုတ်ကောင်၊ နတ်ဆိုးဓား၊ ပါရမီရှင်နှင့် သမင်ဖြူလေးတို့မှာ ထို မှတ်ဉာဏ်များနှင့် ပြန်လည်ပေါင်းစည်းနိုင်စွမ်း မရှိခဲ့ပေ။

ဒုတိယအကြောင်းရင်းမှာမူ သူသည် ရှေးပဝေသဏီကတည်းက အသိဉာဏ်တစ်ခု ပိုင်ဆိုင်ခဲ့ပြီး ဘဝပေါင်းမြောက်မြားစွာကို ဖြတ်ကျော်ခဲ့သည့်တိုင်အောင် မရေမတွက်နိုင်လောက်အောင် ရှည်လျားသည့် အနက်ရောင် သစ်သားပျဉ်ပြားလေး၏ သက်တမ်းနှင့် ယှဥ်ကြည့်လိုက်မည်ဆိုပါက မွေးကင်းစကလေးငယ်တစ်ယောက် အဆင့်တွင်သာ ရှိနေသေးသောကြောင့်ပင်။

ထို့ကြောင့် ထို အနက်ရောင် သစ်သားပျဉ်ပြားလေးအား ထိန်းချုပ်နိုင်ရန်မှာ သူ့အတွက် အလွန်အင်မတန်မှ ခဲယဉ်းနေရခြင်းဖြစ်သည်။

ထို့ကြောင့်လည်း... လက်ရှိတွင် သူ့အတွက် အရေးကြီးဆုံးမှာ ထို အနက်ရောင် သစ်သားပျဉ်ပြားလေးအား ထိန်းချုပ်နိုင်အောင် ကြိုးစားရန်နှင့် သွေးနီရောင်ကင်းခြေများကြီး သူ့အား သိမ်းပိုက်နိုင်ရန် ကြိုးစားအားထုတ်လာပါက ပြန်လည်ခုခံတွန်းလှန်နိုင်ရန် ဖြစ်သည်။ သူသည် သေသေချာချာ စဉ်းစားတွေးတောကြည့်လိုက်ပြီးနောက် သူ၏ ကျင့်ကြံခြင်းအဆင့်အား တိုးတက်လာအောင် လုပ်ရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိကြောင်း သိလိုက်၏။

အစွမ်းထက်နေမှသာလျှင် ပြဿနာများအားလုံးကို ရင်ဆိုင်ကျော်လွှားနိုင်မည် ဖြစ်သည်။

" ထာဝရကြယ်အဆင့်ကို တက်လှမ်းဖို့က ငါ့အတွက် အခက်အခဲတစ်ခု မဟုတ်တော့ပါဘူး။ တကယ်လို့ ဆန္ဒရှိတယ်ဆိုရင် အခုချက်ချင်း ဖောက်ထွက်လိုက်လို့ရတယ်... ဒါပေမဲ့ အဲဒီလိုဖောက်ထွက်တာက အစွမ်းထက်ပေမဲ့ လိုအပ်ချက်တွေတော့ နည်းနည်းရှိနေတုန်းပဲ " ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်တည်းရေရွတ်နေ၏။ သူသည် ဂြိုဟ်အလုံးရေ တစ်သောင်းတိတိ သူ၏ ထာဝရကြယ်အား အားဖြည့်ပေးထားသည့် ထာဝရကြယ်မျိုးကို လိုချင်နေခြင်းဖြစ်သည်။

ထို ထာဝရကြယ်အဆင့်အား လိုချင်ပါက အရင်ဆုံး ဂြိုဟ်အမြောက်အမြား ပိုင်ဆိုင်ထားရန် လိုအပ်ပေသည်။

ထို့အပြင် သူသည် အထူဂြိုဟ်များကို လိုအပ်နေခြင်းဖြစ်၏။

" ငါ... ကြယ်သုသာန်ဆီကို ပြန်သွားမှရမယ် " ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် မျက်ဝန်းများထဲ၌ ဆုံးဖြတ်ချက်ပြတ်သားသည့် အရိပ်အယောင်များ ပေါ်ပေါက်လာ၏။ ထို့နောက် သူသည် သူ၏ နတ်ဘုရားအာရုံအား ရှဲ့ဟေးရန်ဆီသို့ ချက်ချင်းပေးပို့ကာ သူ့အား ကြယ်စင်စုတစ်ခု၏ ကိုဩဒိနိတ်အမှတ်များကို ပြောပြလိုက်သည်။

ထိုနေရာတွင် သူ ယခင်တုန်းက သွားခဲ့ဖူးသည့် ကြယ်သုသာန်၏ ဝင်ပေါက် ရှိနေ၏။

ဝမ်ပေါင်လဲ့မှာ သူ ထိုနေရာသို့ ရောက်သွားပါက ဝင်ခွင့်လက်မှတ်တစ်ခုအား ပိုင်ဆိုင်ထားခြင်း မရှိလျှင်တောင် ကြယ်သုသာန်ထဲရှိ လူပုံစံစက္ကူရုပ်များမှာ သူ့အား အာရုံခံနိုင်လိမ့်မည်ဟု ယုံကြည်နေ၏။

သူ သူ၏ နတ်ဘုရားအာရုံအား ထုတ်လွှတ်လိုက်သည်နှင့် ရှဲ့ဟေးရန်မှာ သူ၏ အမိန့်အတိုင်း ချက်ချင်းဆောင်ရွက်လိုက်၏။ ထို့ကြောင့် ခဏအကြာတွင် ကံကြမ္မာဂြိုဟ် အပြင်ဘက်၌ ရပ်ထားသည့် စစ်သင်္ဘောကြီးများဆီမှ ထစ်ချုန်းသံများ စတင်ထွက်ပေါ်လာတော့သည်။ ထို့နောက် ၎င်းတို့မှာ ဝမ်ပေါင်လဲ့ ပေးထားသည့် ကိုသြဒိနိတ်အမှတ်များဆီသို့ ဦးတည်ပျံသန်းသွားကြပြီး ကံကြမ္မာကြယ်အဖွဲ့စည်းထဲမှ တဖြည်းဖြည်း ထွက်ခွာသွားကြ၏။

ဝမ်ပေါင်လဲ့မှာမူ အတွေးများထဲ၌ နစ်မျောနေဆဲပင်။ ယခုအကြိမ်တွင် သူသည် လော့အကြောင်း စဉ်းစားတွေးတောနေခြင်း ဖြစ်၏။

" ဒုတိယ သံသရာစက်ဝန်းထဲက ကမ္ဘာကြီးကို ငါ သဘောကျတယ်။ အဲတာ ငါ့အပိုင်ပဲ... " ဝမ်ပေါင်လဲ့မှာ လော့ ပြောခဲ့သည့်စကားများကို ပြန်၍ ရေရွတ်နေ၏။ အေးစက်ကာ အသက်မဲ့နေသည့် မျက်ဝန်းများကို ပိုင်ဆိုင်ထားသော အစွမ်းထက်လူကြီးတစ်ယောက်၏ နှုတ်မှ ' သဘောကျတယ် ' ဆိုသည့် စကားလုံးမျိုး ထွက်ပေါ်လာလိမ့်မည်ဟု သူက ထင်မှတ်မထားခဲ့ပေ။

သို့သော် သူ၏ အသိစိတ်ထဲတွင် ရှိနေသည့် မှတ်ဉာဏ်များအရ သူသည် လော့မှာ လိမ်လည်ပြောဆိုခဲ့ခြင်း မဟုတ်ကြောင်း ခံစားနေရ၏။

ထို့နောက် ဝမ်ပေါင်လဲ့မှာ ဝမ်ရီရီ၏ ဖခင်ဖြစ်သူ စွန်းသဲ့အား ပြောပြခဲ့သည့် နတ်ဆိုး၊ မကောင်းဆိုးဝါးနှင့် နတ်တစ်ပိုင်း နတ်ဝိဇ္ဇာတစ်ပိုင်း ပုံပြင်များကြောင့် နှုတ်ဆိတ်သွားရ၏။ ထိုပုံပြင်များထဲတွင် သူတို့မှာ လော့၏ လက်ချောင်းအား တစ်ယောက်တစ်ချောင်းစီ ဖြတ်တောက်ခဲ့ကြပြီး နောက်ဆုံးတွင် အတူတကွပူးပေါင်းကာ လော့အား သတ်ဖြတ်ခဲ့ကြသည် မဟုတ်ပါလော။

ထိုပုံပြင်များမှာ သူ သူ၏ ပထမဘဝထဲ၌ မြင်ခဲ့ရသည့် ဖြစ်ရပ်များပြီးမှ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

" အနက်ရောင် သစ်သားပျဉ်ပြားလေးပေါ်မှာ လော့ရဲ့ အချုပ်အနှောင်လည်း ရှိနေသေးတယ်။ အစတုန်းက သူ့ရဲ့ လက်ချောင်းတစ်ချောင်းတည်းနဲ့ သာမန် အချုပ်အနှောင်တစ်ခုကိုပဲ အသုံးပြုခဲ့ပေမဲ့ နောက်ဆုံးကျတော့ သူ့ရဲ့ ဘယ်ဘက်လက် တစ်ဖက်စလုံးကို အသုံးပြုပြီး ချုပ်နှောင်ခဲ့တာ "

" သူ ဘာလို့ အဲဒီလို ချုပ်နှောင်ခဲ့ရတာလဲ။ အဲဒီ အနက်ရောင် သစ်သားပျဉ်ပြားလေးကို ကြောက်လို့လား။ ဒါမှမဟုတ် သူ သဘောကျပါတယ်ဆိုတဲ့ ကမ္ဘာကြီးကို ကာကွယ်နိုင်ဖို့လား " ဝမ်ပေါင်လဲ့မှာ အဖြေရှာမရဘဲ ဖြစ်နေရ၏။ ထို့နောက် သူသည် လော့ မေးခဲ့သည့် " သဘောကျရတဲ့ ခံစားချက်က ဘာလဲဆိုတာ မင်းသိလား " ဆိုသော နောက်ဆုံးမေးခွန်းအား ပြန်တွေးမိသွားသည်။

ထိုမေးခွန်းကြောင့် သူသည် ပို၍ပင် နှုတ်ဆိတ်သွားရပြန်သည်။ ထိုအချိန်တွင် မမလေး စကားသံမှာ ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲ၌ ပဲ့တင်ထပ်သွား၏။

" ဖက်တီး။ နင်ကလည်း ဒူလိုက်တာ။ သဘောကျတယ်ဆိုတာ သိမ်းပိုက်ချင်တယ်လို့ ပြောတာနဲ့ တူတူပဲ မဟုတ်ဘူးလား "

" နင် လိပ်ပြာလေးတွေကို သဘောကျတယ်ပဲ ထားလိုက်။ အဲဒီ လိပ်ပြာလေးတွေ ပျံနေတာကို ဒီအတိုင်း ထိုင်ကြည့်နေရတာ ပိုကောင်းလား ဒါမှမဟုတ် သူတို့ကို ဖမ်းပြီးတော့ စာအုပ်တွေထဲမှာ ထည့်သိမ်းထားရတာ ပိုကောင်းလား "

ထိုအခါ ဝမ်ပေါင်လဲ့မှာ နှလုံးသားတစ်ခုလုံး တုန်ရီသွားပြီး မမလေး ပြောလိုက်သည့် စကားများအား သေသေချာချာ စဉ်းစားကြည့်လိုက်၏။

" နှစ်ခုစလုံး မကောင်းပါဘူးဗျာ။ ဘာလို့လဲဆိုတော့ ကျွန်တော်က လိပ်ပြာတွေကိုမှ သဘောမကျပဲ။ မမလေးကိုပဲ သဘောကျတာလေ "

မမလေးမှာမူ နှာမှုတ်တာ ပြန်ပြောလိုက်သည် " သောက်ဖက်တီးစုတ်။ ငါ စကားကို အတည်ပြောနေတာ "

" ကျွန်တော်လည်း အတည်ပြောနေတာပါဗျ " ဝမ်ပေါင်လဲ့မှာ မျက်စိပေကလတ်ပေကလတ် လုပ်ကာ ချောင်းဟန့်၍ ပြန်ပြောလိုက်၏။ သူသည် မမလေးအား စနောက်ကျီစယ်ရသည်မှာ သူ့ကိုယ်သူ စိတ်ချမ်းမြေ့အောင်ထားနိုင်သည့် အကောင်းဆုံး နည်းလမ်းဖြစ်ကြောင်း နားလည်ထားသည်။ ထိုသို့ဖြင့် သူ သူမအား ဆက်၍ စနောက်ကျီစယ်ရန် ပြင်လိုက်စဉ်မှာပင် သူတို့ လိုက်ပါစီးနင်းလာကြသည့် စစ်သင်္ဘောကြီးများမှာ ကံကြမ္မာကြယ်အဖွဲ့အစည်းထဲမှ ထွက်ခွာသွား၏။

ဝမ်ပေါင်လဲ့မှာ ကံကြမ္မာကြယ်အဖွဲ့အစည်း၏ အပြင်ဘက်သို့ရောက်သွားသည်နှင့် အန္တရာယ်ကြီးတစ်ခုအား ချက်ချင်း အာရုံခံမိလိုက်၏။ ထို့ကြောင့် သူသည် ခေါင်းမော့ကာ အဝေးသို့ လှမ်းကြည့်လိုက်သောအခါ ခပ်လှမ်းလှမ်း အာကာသကောင်းကင်ကြီးထဲရှိ လှုပ်ရှားနိုင်စွမ်းမရှိအောင် ဖိနှိပ်ချုပ်တည်းခံထားရသည့်ပုံပေါ်သော ဥက္ကာပျံတစ်လုံးပေါ်တွင် အနက်ရောင်ဝတ်ရုံတစ်ခု ဆင်မြန်းထားပြီး ဓားရှည်ကြီးတစ်လက် ကိုင်ဆောင်ထားသည့် သက်လတ်ပိုင်းလူကြီးတစ်ယောက် ထိုင်နေသည်ကို မြင်လိုက်ရသည်။

ထို လူကြီး၏ ခန္ဓာကိုယ်ထဲမှ အားကောင်းသော ဝိညာဉ်စွမ်းအင်လှိုင်းတစ်မျိုး ထွက်ပေါ်နေသည်။ ထိုအချိန်တွင် သူသည် ရုတ်တရက်ဆိုသလို မျက်လုံးများပွင့်လာပြီး ဝမ်ပေါင်လဲ့ လိုက်ပါစီးနင်းလာသည့် စစ်သင်္ဘောကြီးများအား လှမ်းကြည့်လိုက်၏။ သို့သော် သူသည် ဝမ်ပေါင်လဲ့၏ အငွေ့အသက်များကို အာရုံမခံမိသည့်ပုံပင်။ ထို့ကြောင့် သူသည် မောက်မာဝင့်ကြွားမှု အပြည့်ရှိသော အမူအရာဖြင့်ပြုံးကာ တည်ကြည်လေးနက်မှုအပြည့်ရှိသော လေသံဖြင့် ဆိုလိုက်၏။

" ဝမ်ပေါင်လဲ့။ မင်းရဲ့အသက်ကို ဖက်နဲ့ထုပ်ပြီး ငါ့ရဲ့လက်ထဲ လာအပ်စမ်း “

All Chapters