လက်ထပ်ခွင့်ပေးပါ ရှားဝမ်ချွေ့
Vol. 23 Ch. 335
ပုံရိပ်များ ရပ်တန့်သွားတော့ လင်းဖန်လည်း သီချင်းဆိုလို့ ပြီးဆုံးသွားပါပြီ။
လင်းဖန် တိတ်တိတ်ဆိတ်ဆိတ်ပဲ စင်ပေါ်က ဆင်းကာ ရှားဝမ်ချွေ့ဘေးကို လျှောက်သွားခဲ့ပါသည်။
ကင်မရာပေါ်မှာလည်း လင်းဖန် မရှိတော့ပါ။
အမှန်ဆို နောက်ထပ် အစီအစဉ်တစ်ခုကို သွားရမည့်အချိန် ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် ဒါက ကျဲကျန့်ရုပ်သံမှာ တိုက်ရိုက်ထုတ်လွှင့်ပြသနေတာ မဟုတ်ပါလား။ စက္ကန့်ပိုင်းစာ ကွာဟချက်များ ဖြစ်သွားလျှင် တိုက်ရိုက်ထုတ်လွှင့်မှု အမှားအယွင်းများ ဖြစ်သွားနိုင်သည်။
ဒီလို လုပ်ရပ်မျိုးကို တိုက်ရိုက်ထုတ်လွှင့်မှုများအတွင်း ပြင်းပြင်းထန်ထန် ကန့်ကွက်ထား၏။
ဒီလိုဖြစ်လာပါက Weibo မှာ ပိုပြီး ရေပန်းစားသွားနိုင်ပါသည်။
တိုက်ရိုက်ထုတ်လွှင့်မှု အခမ်းအနားမှာ မိနစ်ပိုင်းလောက် ကွာဟမှုဖြစ်သွားလျှင် တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်တစ်ခုလုံးကို ထိခိုက်စေလိမ့်မည်။
CCTV ပွဲ ဖြစ်ပါက စက္ကန့်ပိုင်းတောင် လွဲလို့ မရပါ။
သို့သော်လည်း ဒီနေ့တော့ တိုက်ရိုက်ထုတ်လွှင့်မှု အမှားအယွင်းတစ်ခု ဖြစ်တော့မည်။
လင်းဖန် ထွက်သွားပြီးနောက် တင်ဆက်သူ ဟဲ့လင်က ဘာမှ ဆက်မလုပ်ပေ။
ပရိတ်သတ်တွေကလည်း လင်းဖန် ထွက်သွားမှန်း သတိမထားမိကြဘဲ ဂီတ ကမ္ဘာထဲမှာသာ နစ်မျောနေကြဆဲ ဖြစ်၏။
ကျဲကျန့်ရုပ်သံက ဝန်ထမ်းတွေတောင် ဒီအခိုက်အတန့်ကို ရီဝေစွာဖြင့် ခံစားနေကြပါသည်။
ဝန်ထမ်းများကို အပြစ်တင်လို့ မရပေ။
အဓိက တရားခံက လင်းဖန်၏ သီဆိုမှုမှာ အားလုံးကို ဖမ်းစားသွားခဲ့တာကြောင့်သာ ဖြစ်ပါသည်။
၁၀ စက္ကန့်...
၂၀ စက္ကန့်...
၃၀ စက္ကန့်...
ကျဲကျန့်ရုပ်သံ၏ တိုက်ရိုက်ထုတ်လွှင့်မှုတွင် စက္ကန့် ၃၀ စာ ကွာဟမှု ဖြစ်သွားခဲ့ပါသည်။
လင်းဖန်၏ နာမည်ကို အော်ဟစ်အားပေးနေကြသည့် ပုံရိပ်များက စက္ကန့် ၃၀ နောက်ကျပြီးမှ ထွက်ပေါ်လာသည်။
ထိုအခါ ဒါရိုက်တာ ကယောင်ချောက်ချား ဖြစ်သွားခဲ့သည်။
ဘော့စ်လည်း ထိတ်လန့်သွားခဲ့ပါသည်။
ဘာလဲဟ... တိုက်ရိုက်ထုတ်လွှင့်မှု အမှားအယွင်း ဖြစ်သွားတာလား။
အလွန် ပြင်းထန်သည့် တိုက်ရိုက်ထုတ်လွှင့်မှု အမှားအယွင်းတစ်ခုပင်။
စက္ကန့် ၃၀ စာ ကွာဟချက်ကြောင့် ဝန်ထမ်း ဘယ်သူမှ မတုန့်ပြန်နိုင်ကြတော့ပေ။
တင်ဆက်သူ ဟဲ့လင် ဘာမှ မပြောနိုင်ခင် ဒါရိုက်တာက အရင် လှုပ်ရှားလိုက်ရ၏။ ဒီအခိုက်အတန့်ကို ကယ်တင်ဖို့ တစ်ခုခုကို ရိုက်ကူးပြချင်သည်။
အမှန်ပင်။ လင်းဖန်က တိုက်ရိုက်ထုတ်လွှင့်မှု ဘယ်လိုပဲ ပြသပါစေ စိတ်မဝင်စားပါ။ သူ သီချင်းဆိုပြီးနောက် ရှားဝမ်ချွေ့ရှေ့ကို ရောက်ရှိလာခဲ့၏။
သူချစ်မြတ်နိုးရသည့် ကောင်မလေးကို ကြည့်လိုက်ပြီး လင်းဖန် တောက်ပစွာ ပြုံးကာ ရှားဝမ်ချွေ့၏ လက်ကလေးကို ဆုပ်ကိုင်လိုက်၏။
သူ့လက်တွေက အနည်းငယ် အေးစက်နေပါသည်။
ရှားဝမ်ချွေ့က ရှက်သွေးဖြာသွားပြီး လင်းဖန်ကို ကြည့်လိုက်၏။
"နင် သီချင်းဆိုတာ... အရမ်းကောင်းတာပဲ" ရှားဝမ်ချွေ့ ညင်သာစွာ ပြောလိုက်သည်။ သူမရဲ့ လှလှပပ မျက်လုံးလေးများက လင်းဖန်ကို ကြည့်လိုက်မိပါသည်။ သူမ ယခုအချိန်မှာ အလှပဆုံး ဖြစ်လို့နေပါသည်။
"ဒီနေ့တိုက်ရိုက်ထုတ်လွှင့်မှု ပွဲတော်က အရမ်းလှတာပဲနော်" လင်းဖန်က ပြုံးလိုက်၏။
"အင်း~" ရှားဝမ်ချွေ့က နူးညံ့စွာ ခေါင်းငြိမ့်ပြလိုက်ပါသည်။
"ဒါပေမယ့် ပွဲတော်က ဘယ်လောက်ပဲလှလှ နင့်လောက်တော့ မလှပါဘူး" လင်းဖန် ပြုံးလိုက်သည်။ သူ့ရှေ့က ရှားဝမ်ချွေ့ကို ကြည့်ပြီး သူ့စိတ်တွေ ပေါက်ထွက်သွားသလိုပင်။
ဘယ်လိုပဲဖြစ်ဖြစ် ယခု ကြည့်ရှုသူပေါင်း များစွာ ရှိနေသဖြင့် ဒါရိုက်တာက သူ့ကို ကင်မရာနဲ့ လာထိုးလို့ မရဘူးဟု လင်းဖန် ထင်ထားပါသည်။
ရှိုးကိုလည်း ဆက်ကျင်းပရမည်ဖြစ်ပြီး ပရိတ်သတ်များက စင်ပေါ်က ရှိုးကိုသာ အာရုံစိုက်နေကြလိမ့်မည်။ လင်းဖန် ဘာလုပ်လုပ် ဘယ်သူက ဂရုစိုက်မှာလဲ။
လင်းဖန်ကတော့ ဂရုမစိုက်ပါ။ သူ လုပ်ချင်တာဆိုလို့ သူ့ရှေ့က ကောင်မလေးကို ပွေ့ဖက်ဖို့သာ ဖြစ်သည်။
သူမကို ပွေ့ဖက်ပြီး ဒီလို ပျော်စရာအချိန်လေးကို သူမနဲ့ အတူတူ မျှဝေချင်၏။
တစ်ချိန်တည်းမှာပင် ကျဲကျန့်ရုပ်သံ ဒါရိုက်တာက ကြားဖြတ်ပြသစရာ မရှိသဖြင့် ကင်မရာကို လင်းဖန်ထံသို့ ချိန်လိုက်မိပါသည်။
ဧရာမ LED ဖန်သားပြင်ကြီး ၄ ခု၊ ကျဲကျန့် ရုပ်သံ၏ တိုက်ရိုက်ထုတ်လွှင့်မှုအားလုံးတွင် လင်းဖန်၏ ပုံရိပ်များ ပေါ်လာသည်။
ကင်မရာတွေ သူ့ကိုချိန်ထားမှန်း လင်းဖန် သတိမထားမိပါ။ ရှားဝမ်ချွေ့ကို လက်နှစ်ဖက်စလုံးဖြင့် တင်းကြပ်စွာ ပွေ့ဖက်လိုက်ပါသည်။
ထို့နောက် ရှားဝမ်ချွေ့၏ နှုတ်ခမ်းနီနီလေးပေါ်သို့ လင်းဖန်ရဲ့ အနမ်းများ ကျရောက်လာခဲ့သည်။
ရှားဝမ်ချွေ့က ရှက်သွေးဖြာပြီး ရုန်းဖို့ ကြိုးစားသည်။ သို့သော်လည်း လင်းဖန်က သန်မာလွန်း၏။ သူမ ဘယ်လိုလုပ် ရုန်းနိုင်မည်နည်း။
လှပသည့် စုံတွဲလေးတစ်တွဲ တစ်ယောက်ကို တစ်ယောက် နမ်းရှိုက်လိုက်ကြသည်။
လင်းဖန် ရှားဝမ်ချွေ့၏ ခါးသွယ်သွယ်လေးကို ဖက်ထားပြီး သူ့ရင်ခွင်ထဲက နူးညံ့နွေးထွေးသည့် မွှေးရနံ့လေးကို ခံစားလိုက်သည်။ သူမရဲ့ နှုတ်ခမ်းသားနီနီများကို တင်းကြပ်စွာ နမ်းရှိုက်နေ၏။
ကမ္ဘာကြီး ရပ်တန့်သွားသလိုပင်။
ကင်မရာပေါ်က ပုံရိပ်တွေလည်း ထိုမြင်ကွင်းတွင် ရပ်တန့်သွားသည်။
ပရိတ်သတ်များစွာက ဒီမြင်ကွင်းကို အသည်းအသန် ဓာတ်ပုံရိုက်ယူနေကြပါသည်။
လင်းဖန်က ပရိတ်သတ်ပေါင်းများစွာရှေ့မှာ ရှားဝမ်ချွေ့ကို နမ်းရှိုက်လိုက်ပါသည်။
ရုပ်သံစီးရီးတွေထဲမှာ လင်းဖန် ရှားဝမ်ချွေ့ကို အကြိမ်ပေါင်းများစွာ နမ်းခဲ့သော်လည်း လက်တွေ့ ကင်မရာရှေ့မှာ လင်းဖန် ရှားဝမ်ချွေ့ကို တစ်ခါမှ မနမ်းဖူးပေ။
ဒီနေ့က ပထမဆုံးအကြိမ် ဖြစ်ပါသည်။
လင်းဖန်ကတော့ ဒါတွေဘာမှ မသိပေ။ ရှားဝမ်ချွေ့လည်း ထိုနည်းလည်းကောင်း ဖြစ်၏။
ဒါက ရုတ်ခြည်းဆန်လွန်းပါသည်။
လင်းဖန်က သူ့ကြောင်မလေးကို နမ်းချင်ခဲ့ရုံသာ ဖြစ်သော်လည်း လူပေါင်းများစွာ၏ အာရုံစိုက်မှုကို ခံလိုက်ရသည်။
ပရိတ်သတ်တွေ ဒါကို မြင်တော့ ချက်ချင်း အသိစိတ်ပြန်ဝင်လာပါသည်။
တင်ဆက်သူ ဟဲ့လင်လည်း ကျောချမ်းသွားပြီး တုန့်ပြန်လာပါသည်။
ခုနက တိုက်ရိုက်ထုတ်လွှင့်မှု အမှားအယွင်းကို ဘယ်သူမှ ဂရုမစိုက်ကြတော့ပေ။
အားလုံးက လင်းဖန် ရှားဝမ်ချွေ့ကို နမ်းနေတာကိုသာ အာရုံစိုက်နေကြပါသည်။
ပရိတ်သတ်များ အားလုံး တစ်စုတစ်စည်းတည်း အော်ဟစ်လိုက်ကြသည်။
"လက်ထပ်ခွင့်တောင်း"
"လက်ထပ်ခွင့်တောင်း"
"လက်ထပ်ခွင့်တောင်း'"
သူတို့နားက ကြယ်ပွင့်ကြီးတွေတောင် အားပေးအားမြောက်လုပ်နေကြပါသည်။
အနုပညာလောကထဲက လူတိုင်း လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ရဲ့ ဆက်ဆံရေးကို မြင်ပြီးကြပါပြီ။
သူတို့က လက်ထပ်နိုင်သည့် အရွယ်လည်း ရောက်နေပါပြီ။ လင်းဖန်က ရှားဝမ်ချွေ့ကို လူပေါင်းများစွာ ရှေ့မှာတောင် နမ်းလိုက်သည်။
ထို့ကြောင့် ပရိတ်သတ်တွေလည်း လုံးဝ ဆူညံပွက်လောရိုက်သွားတာ မဆန်းပါ။
လင်းဖန်က ရှားဝမ်ချွေ့၏ နှုတ်ခမ်းနီနီကို လွှတ်ပေးလိုက်ပြီး သူမလက်ကို ကိုင်လျက် ပရိတ်သတ်တွေ ရူးသွပ်စွာ အော်နေကြတာကို ကြည့်နေမိပါသည်။
"ဟာ..." ရှားဝမ်ချွေ့လည်း သတိထားမိသွားပြီး လင်းဖန်နောက်မှာ ပုန်းလိုက်သည်။
သူမက အလွန်ရှက်တတ်သူဖြစ်၏။ ယခု တီဗီရှေ့က ပရိတ်သတ်အားလုံး၊ သူမရဲ့ သူငယ်ချင်းအားလုံး၊ သူမရဲ့ ဆွေမျိုး မိတ်ဆွေ အားလုံး၊ သူမရဲ့ မိဘနဲ့ မိသားစုတွေအားလုံး လင်းဖန်နဲ့ သူမ နမ်းနေတာကို မြင်သွားလောက်ပါပြီ။
တစ်နိုင်ငံလုံးက လူတွေတောင် မြင်သွားလောက်သည်။
အနာဂတ်မှာ သူမ လူတိုင်းကို ဘယ်လို မျက်နှာ ပြရတော့မှာလဲ။
ရုပ်သံဒရမ်မာတစ်ခုမှာ နမ်းတာက ပြဿနာ မရှိပေ။ ဒရမ်မာဆိုတာ အတုအယောင်မှန်း အားလုံး သိထားပြီးသောကြောင့် ဖြစ်ပါသည်။ အကြင်နာပေးခန်းဆိုတာတောင် ဇာတ်လမ်းအတွက် လိုအပ်သည့်အရာ ဖြစ်သည်။
သို့သော်လည်း ဒါက တီဗီရှိုး မဟုတ်ပေ။ လက်တွေ့ဘ ဝဖြစ်ပါသည်။
"မြောင်မြောင်။ အဲ့တာ နင့်ကြောင့် ဖြစ်တာ။ အကုန်လုံး နင့်ကြောင့်ပဲ" ရှားဝမ်ချွေ့က စိတ်ဆိုးစွာဖြင့် လင်းဖန်ကို ထိုးလိုက်ပါသည်။
လင်းဖန်ကတော့ ဂရုမစိုက်ပေ။ သူရှေ့တိုးကာ သူမကို ရင်ခွင်ထဲ ထပ်ထည့်လိုက်ပြီး သူမရဲ့ နှုတ်ခမ်းများကို ထပ်နမ်းလိုက်ပါသည်။
ပရိတ်သတ်တွေရှေ့မှာ သူ့မိန်းမသူနမ်းတာ ဘာဖြစ်လဲ။ သူမကို ဒီတိုင်း နမ်းချင်ရုံသာ ဖြစ်သည်။
ရှားဝမ်ချွေ့က ပို၍ပင် ရှက်သွေးဖြာသွားခဲ့သည်။ သို့သော်လည်း ဒီတစ်ခေါက် သူမ မရုန်းတော့ပါ။
ဘယ်လိုပဲဖြစ်ဖြစ်... သူမ တစ်ခါ နမ်းပြီးသွားပြီ ဖြစ်သဖြင့် နောက်တစ်ခေါက် အနမ်းခံရမှာကို မကြောက်တော့ပေ။
ပရိတ်သတ်များ၏ အော်သံက ပို၍ပင် ကျယ်လောင်လာသည်။
လင်းဖန် သူမကို နမ်းရှိုက်ပြီးနောက် ရှားဝမ်ချွေ့ အသက်တောင် မရှူနိုင်တော့ပါ။
အရူးကောင် လင်းဖန် သူမကို လူတွေ အများကြီး ရှေ့မှာ အနိုင်ကျင့်သွားသည်။
ရှားဝမ်ချွေ့ စိတ်ဆိုးနေတုန်း လင်းဖန် ပိုပြီး မှင်သက်စရာ လုပ်ရပ်တစ်ခုကို လုပ်ခဲ့ပါသည်။
ယောက်ျားတစ်ယောက်ဆိုတာ သန်မာရမည်။
နှစ်ဝက် သဘောတူညီချက်ကလည်း ၁ လတောင် မလိုတော့ပေ။
ထို့ကြောင့် အားလုံးကို သူ့ရဲ့ ဆုံးဖြတ်ချက် ပြတ်သားမှုကို ထုတ်ပြချင်ခြင်း ဖြစ်သည်။
ယောက်ျားတစ်ယောက် ကိုယ်ချစ်တဲ့ မိန်းကလေးအတွက် အရာအားလုံးကို စွန့်စားရတာ ဘယ်လောက်ခက်နိုင်မှာလဲ။
တိုက်ရိုက်ထုတ်လွှင့်နေသည့် ကင်မရာ အားလုံး၏ ရှေ့တွင် အိတ်ကပ်ထဲက လှပ သေးငယ်သည့် ဗူးလေးတစ်ဗူးကို လင်းဖန် ထုတ်လိုက်ပါသည်။
ထိုဗူးငယ်လေးကို သူဖွင့်လိုက်၏။ အထဲမှာ လည်ဆွဲလေးတစ်ကုံး ရှိနေပါသည်။
ဒါက ကမ္ဘာ့ထိပ်တန်း လက်လုပ်ရတနာ ဖြစ်ပြီး ထာဝရချစ်ခြင်းမေတ္တာကို ရည်ညွှန်း၏။ လင်းဖန် သူမအတွက် သီးသန့် ဖန်တီးခိုင်းထားသည့် အရာလည်း ဖြစ်ပါသည်။
ဒီတစ်ချိန်လုံး လင်းဖန် ဒါကို ကိုယ်နဲ့ မကွာ ဆောင်ထားခဲ့သည်။ ဒါမျိုးကို သူ ပျောက်သွားလို့ မဖြစ်ပါ။
ဒီနေ့ကျမှ အသုံးဝင်လာလိမ့်မည်ဟု သူမထင်ခဲ့မိပေ။
ရှားဝမ်ချွေ့ရဲ့ ခွင့်ပြုချက်ကို မတောင်းတော့ဘဲ လင်းဖန် လည်ဆွဲကို ယူကာ ရှားဝမ်ချွေ့၏ လည်ပင်းတွင် ဆွဲပေးလိုက်ပါသည်။
နောက်ထပ် ဗူးလေးတစ်ဗူးကို ထပ်ဖွင့်လိုက်သည်။ အထဲတွင် စိန်လက်စွပ်လေး တစ်ကွင်း ရှိနေပါသည်။
တစ်နိုင်ငံလုံးက ပရိတ်သတ်တွေရှေ့မှာ လင်းဖန် ဒူးတစ်ဖက်ထောက်လိုက်ပြီး သူ့ရှေ့က ကောင်မလေးကို ကြည့်လျက် မြတ်နိုးသည့် အကြည့်ဖြင့် စိတ်လက်စွပ်ဗူးလေးကို ကိုင်မြောက်လိုက်သည်။
"ရှားဝမ်ချွေ့ လွန်ခဲ့တဲ့ ၁၃ နှစ်တုန်းက နင်နဲ့ ဆုံတွေ့ခဲ့ရတာကို ငါဝမ်းသာတယ်"
"လွန်ခဲ့တဲ့ ၁၃ နှစ်တုန်းကတော့ ချစ်ခြင်းမေတ္တာတွေ၊ စွဲလမ်းမှုတွေအကြောင်း ငါ ဘာမှ နားမလည်သေးဘူး"
"အဲ့ဒီအချိန်တုန်းက ငါမောက်မာခဲ့တယ်"
"ဒါပေမယ့် အခုတော့ ငါအားလုံးနားလည်သွားပြီ။ အချစ်ဆိုတာ ဘာလဲ ငါနားလည်သွားခဲ့ပြီ"
"ဖြစ်ချင်တော့ ငါ့ရင်ခုန်သံတွေက နင့်ရှေ့ရောက်ရင် ပိုမြန်တတ်တယ်။ နင်ပြုံးနေတာကို မြင်ရတာ ငါ့ကို ပျော်ရွှင်စေတယ်။ နင်ငိုကြွေးတာကို မြင်ရရင် ငါ့ကို ဝမ်းနည်းစေတယ်။ နင့်ကို အန္တရာယ်တွေကြားထဲမှာ မြင်ရရင် အစွမ်းကုန် ကာကွယ်ပေးချင်စိတ်တွေ ဖြစ်လာမိတယ်။ နင့်လက်ကလေးကို ကိုင်ခွင့်ရတာက ငါ့တစ်ဘဝလုံးမှာ အကြီးမားဆုံး ပျော်ရွှင်မှု တစ်ခုပဲ"
"နောက်ဆုံးတော့ ငါသိလိုက်ပြီ။ လွန်ခဲ့တဲ့ ၁၃ နှစ် နင့်ကို ပထမဆုံး မြင်မြင်ချင်းမှာပဲ နင့်ကိုငါ ချစ်မိခဲ့တယ်"
"အဲ့ဒီချစ်မြတ်နိုးမှုက ၁၃ နှစ်တာ ကြာရှည်ခံခဲ့တယ်"
"ပင်လယ်ကြီးလောက် များပြားတဲ့ လူတွေအထဲမှာမှ ကောင်းကင်ဘုံက နင့်ကို ဆုံတွေ့စေခဲ့တာ ငါအရမ်းကံကောင်းတယ်"
"နင့်ကို တစ်သက်လုံး ကာကွယ်ပြီး ချစ်မြတ်နိုးသွားပါ့မယ်လို့ ကတိပေးပါတယ်"
"အဲ့တာကြောင့်... ဒီနေ့ အားလုံးကို မျက်မြင်သက်သေအဖြစ်ထားပြီး နင့်ကို ပြောချင်တယ်"
"လက်ထပ်ခွင့်ပေးပါ ရှားဝမ်ချွေ့"