ရင်ခွင်ပိုက်အုပ်ချုပ်ရေး
Vol. 8 Ch. 27
“ဟော၊ ဒီဝတ်စုံကလည်း ကွက်တိပဲ။” မက်ဒါနာက အေမီထုတ်ထားတဲ့ ပွဲတက်ဝတ်စုံကို ဝတ်ကြည့်ရင်း မှန်ထဲကြည့်လိုက်တယ်။ ဒီတစ်ခါတော့ တရုတ်ပိုးထည်အင်္ကျီအနီဖြစ်ပြီးတော့ ရိုးရာပုံစံကိုမှ ခေတ်ဆန်အောင်ချုပ်ထားတယ်။ ဟန်းဖုစကတ်နဲ့လက်တစ်လုံးလောက်လွတ်နေတဲ့ ခါးတိုအင်္ကျီလေးဆိုပါတော့။
မက်ဒါနာက အသားဖြူတော့ ဒီဝတ်စုံနဲ့အတော်လိုက်ဖက်ပါတယ်။ ပြီးတော့ အခုမက်ဒါနာက ရွှေရောင်ဆံပင်အတုကြီးကို စွပ်မထားတော့ဘူး။ ခါးလယ်အထိရှည်နေတဲ့ မူရင်းငွေရောင်ဆံသားတွေကို ဒီအတိုင်းထုတ်ဖော်ထားပါတယ်။ အခုအခြေအနေအရဆိုရင် သူ့အနေနဲ့ ပေါ်လီယာနာအဖြစ် ရုပ်ဖျက်စရာ မလိုတော့ပါဘူး။
အဝတ်လဲပြီးထွက်လာတော့ တခြားသူတွေလည်း အသင့်ဖြစ်နေကြပြီ။ ဖလေရာက စမတ်ကျတဲ့ အပြာရောင်ပွဲတက်ဝတ်စုံနဲ့ဖြစ်ပြီး လင်ဒါက အနက်ရောင်ပါ။ ဖရာလီတာကတော့ တော်ဝင်မျိုးတွေဝတ်တဲ့ ဂါဝန်အတွန့်ကိုမှ နှင်းဆီပန်းပုံအနီနဲ့အနက်ဖောက်ထားတာမျိုးဝတ်ထားတာ။ ဆိုဖီယာကတော့ သက်ပြင်းတစ်ချချနဲ့ပါ။
“ဒီလောက်သက်ပြင်းတွေချနေပုံပေါက်တော့ ခန္ဓာကိုယ်ခြင်း ပြန်လဲလိုက်ကြပုံပဲ။” မက်ဒါနာက မေးလိုက်တော့ ဆိုဖီယာက ခေါင်းညိတ်ပြပါတယ်။
“ဖြစ်နိုင်ရင် ငါလည်းလင်ဒါရဲ့ခန္ဓာကိုယ်ကို အကြာကြီးထိန်းချုပ်ပြီး လျှောက်ကစားမလို့ပဲ။ ဒါပေမဲ့ ငါတို့နှစ်ယောက်လုံးအတွက်မကောင်းဘူးလေ။ ဝိညာဥ်ဆိုတာမျိုးက ခန္ဓာကိုယ်ကနေ အချိန်အကြာကြီးခွာလို့ရတာမျိုးမဟုတ်ဘူး။”
မက်ဒါနာက ပထမဆုံး နှုတ်ခမ်းပေါ် လက်ချောင်းလေးတစ်ချောင်းတင်ပြီးစဥ်းစားတယ်။ နောက်တော့ ဘဝင်မကျတာနဲ့ ဆိုဖီယာနားကပ်လာပြီး ချိုင်းကနေ ဆွဲမြှောက်ကာ မေးလိုက်ပါတယ်။
“မှန်မှန်ပြောစမ်း၊ နင်က ဝိညာဥ်တွေကို လွှဲပြောင်းလို့ရတယ်ဆိုတော့ လူရှင်တွေကိုရော ဝင်ပူးလို့ရတာလား။”
ဆိုဖီယာကတော့ မက်ဒါနာအခုလိုမျိုး စိတ်ရူးပေါက်ပြီး အကြပ်ကိုင်မေးမယ်လို့ ထင်မထားတဲ့အတွက် ပထမအံ့ဩသွားတယ်။ အဲဒီနောက်မှ ပြန်ပြုံးပြလိုက်ပြီး အခုလိုရှင်းပြပါတယ်။
“အာ... ငါက အသက်ရှင်နေတဲ့လူတွေကို ပုံမှန်ဆိုရင်ဝင်ပူးလို့မရပါဘူးနော်။ လင်ဒါရဲ့ခန္ဓာကိုယ်နဲ့ဝိညာဥ်က အရင်ကလိုမျိုး မခိုင်မြဲတော့လို့ လုပ်လို့ရနေတာ။”
ဆိုဖီယာရဲ့စကားကြောင့် မက်ဒါနာရဲ့မျက်နှာက ညိုးငယ်ကျသွားတယ်။ လင်ဒါက တစ်ခါသေဖူးပြီးသားမလို့ သူ့ဝိညာဥ်က မခိုင်မြဲတော့ဘဲ အခုလိုဝင်ပူးလို့ရနေတာလို့ ဆိုလိုတာလား။ တစ်နေကုန်ပျော်နေတဲ့စိတ်လေး ပျောက်သွားပြီးတော့ မက်ဒါနာက ဆိုဖီယာကို ဖြည်းဖြည်းလေးပြန်ချပေးလိုက်ပါတယ်။ တစ်ချိန်တည်းမှပဲ ကိုင်းတိုနဲ့မိရိုင်ဝင်လာတယ်။ မိရိုငိက ပန်းနုရောင်နဲ့အဖြူရောင်ပါတဲ့ ဂါဝန်အသေးလေးကိုဝတ်ထားပြီး ချစ်ဖို့ကောင်းနေတယ်။ အလှသေချာပြင်ပေးထားတာမလို့ သူ့မျက်နှာက ဝင်းပနေပြီး မျက်လုံးလေးတွေက ကြယ်တွေလိုမျိုးဝင်းပနေပါတယ်။
“ဒီလိုကျတော့ မိရိုင်က မှော်ဆရာမလေးနဲ့ တူပြန်ရော။” မက်ဒါနာက ပြောလိုက်တယ်။
မက်ဒါနာဆီက ချီးကျူးစကားကို မိရိုင်က ပြုံးရုံလေးပြုံးပြီး တုံ့ပြန်ပါတယ်။ သူ့အသက်က ငယ်သေးပေမဲ့ ကိစ္စတွေအများကြီးကို ကြုံတွေ့ခဲ့ရပြီးပြီ။ သေးငယ်တဲ့ နှလုံးသားထဲမှာ နာကျင်မှုတွေပဲ ပြည့်နေတော့တာပါ။
“ဒီနေ့သူ့အစ်မကို ပါတီပွဲမှာတွေ့ရမယ်လို့ ငါသူ့ကို ကတိပေးထားတယ်။” ကိုင်းတိုက ပြောလိုက်တယ်။ မိရိုင်ကလည်း ခေါင်းညိတ်လိုက်ပြီး “ဒါကြောင့် သမီးဒီနေ့ငိုမှာမဟုတ်ဘူး။ အဲဒီအစား အစ်မကြီးနဲ့တွေ့ပြီး သူ့ကိုအိမ်အရောက်ပြန်ခေါ်လာခဲ့မယ်။ မမဒရုန်းဇုန်ကလည်း သမီးနဲ့အတူလိုက်လာမှာ။”
သူတို့စကားပြောနေတဲ့အချိန်မှာပဲ ဖရက်ဝင်လာတယ်။ သူက အခုဆုဗာနာနိုင်ငံရဲ့ကိုယ်ရံတော်တပ်မှူးဝတ်စုံကို ဝတ်ထားပြီ။ ဒီမှာရှိနေတဲ့ သူတွေအကုန်လုံးအနေနဲ့ သူတို့ရဲ့ပုံရိပ်ကို ဆက်ပြီးကွယ်ဝှက်ထားဖို့ မလိုအပ်တော့ဘူး။
“အေမီ၊ သွားကြစို့။” မက်ဒါနာက အိမ်စေဝတ်စုံကို ကျကျနနဝတ်ထားတဲ့ အေမီကို ပြန်မကြည့်ဘဲ ပြောလိုက်တယ်။ အေမီက သူ့လက်ထဲမှာ မက်ဒါနာရဲ့ငွေရောင်စစ်သည်သေတ္တာနဲ့အနက်ရောင်သေတ္တာကို ကိုင်ထားတယ်။
“ဟုတ်ကဲ့မမလေး။” အဲဒီနောက်တော့ သူတို့တွေ ဟိုတယ်ကနေ စထွက်ကြတယ်။
...
ပြိုင်ပွဲဝင်ကျောင်းသားတွေအကုန်လုံး ဟိုတယ်ရှေ့မှာ စောင့်နေကြတယ်။ သူတို့ထဲမှာရှိနေတဲ့ အီဗန်နဲ့နျူရေက ထွက်လာတဲ့ဆရာအဖွဲ့ကို ချက်ချင်းသတိထားမိသွားတယ်။
“ငါတို့ကျောင်းအုပ်က ဘယ်လိုလုပ်ပြီး ငွေရောင်ဆံပင်နဲ့ဖြစ်သွားတာလဲ။ ပြီးတော့ သူ့ကြည့်ရတာ ဆုဗာနာမင်းသမီးလေး နည်းနည်းကြီးသွားတဲ့ပုံနဲ့တူသလိုပဲနော်။”
အီဗန်ရဲ့အူကြောင်ကြောင်စကားကြောင့် နျူရေက သူ့ကိုဖြတ်ရိုက်လိုက်တယ်။ “အခုထိ သတိမထားမိသေးဘူးလား။ ဘေးပတ်ဝန်းကျင်က အပြောင်းအလဲတွေကိုလည်း သတိထားဦး။ ငါတို့ကျောင်းအုပ်က သေချာပေါက် ဆုဗာနာမင်းသမီးပဲ။ ရန်သူ့နယ်မြေထဲခိုးဝင်ပြီး ငါတို့ကျောင်းအုပ်လာလုပ်ဖို့ တခြားတစ်ယောက်အဖြစ် ဟန်ဆောင်ခဲ့တာပဲဖြစ်မယ်။ သူတို့က ငြိမ်းချမ်းရေးမဟာမိတ်ရဲ့နာမည်ဆိုးနဲ့ကျော်ကြားတဲ့ မစ်ရှင်အဖွဲ့ပဲဖြစ်ရမယ်။”
နျူရေလို ဉာဏ်ရည်မြင့်တဲ့သူတစ်ယောက်အနေနဲ့ ဒီကိစ္စတွေကို ဟိုးအစကတည်းက သံသယဝင်နေတာကြာပါပြီ။ ဒါပေမဲ့ သူ့မှာသက်သေမရှိခဲ့တာရယ် ထုတ်ပြောဖို့မသင့်တာရယ်ကြောင့် မပြောခဲ့တာပဲရှိတာပါ။ ပြောရရင် ထုတ်လွှင့်တဲ့မှတ်တမ်းတွေထဲက မစ်ရှင်အဖွဲ့ဝင် တချို့သူတွေရဲ့စွမ်းအားက သူတို့ဆရာတချို့နဲ့ဆင်တယ်။ အထင်ရှားဆုံးကတော့ သူတို့ဆရာဖရက်ပါ။ မိုးကြိုးစွမ်းအားကို ကျောင်းမှာသိပ်မသုံးပြပေမဲ့ အတောင်ပံကြီး တကားကားနဲ့လေ။
“ကျောင်းသားတွေ၊ သွားဖို့အသင့်ပြင်ကြ။” ဆရာမဘရီဆာက ပြောလိုက်တော့ နျူရေအပါအဝင် ရှိသမျှကျောင်းသားတွေ မျက်စိလည်သွားတယ်။ ဟိုတယ်ရှေ့မှာ ဘာကားမှရှိမနေဘူးလေ။ သူတို့ဘာနဲ့သွားရမှာလဲ။
ဒါပေမဲ့ အသေးမလေးဖရာလီတာက ရှေ့ထွက်လာပြီးတော့ လက်ထဲက ဖန်လုံးလေးကိုနှိပ်လိုက်တော့ ကောင်းကင်ပေါ်ကနေ ဧရာမစစ်သင်္ဘောကြီးဆင်းလာတာ သူတို့မြင်လိုက်ရရော။ အီဗန်တောင်နောက်ကို အလိုလိုဆုတ်လိုက်မိတယ်။ အဲဒီယာဥ်က တစ်ကမ္ဘာလုံးသိတဲ့ယာဥ်လေ။
“ငြိမ်းချမ်းရေးမဟာမိတ်ရဲ့နယ်ဆင်သင်္ဘောပျံကြီးပဲ။” သူပြောလိုက်တယ်။
....
နောက်မိနစ်အနည်းငယ်ကြာတော့ အကုန်သင်္ဘောပေါ်မှာရောက်နေပြီဖြစ်ပြီး ပွဲကျင်းပမယ့်နေရာကို သူတို့သွားနေကြပါပြီ။ မြို့ထဲမှာပဲဆိုပေမဲ့ မက်ဒါနာက သင်္ဘောပျံနဲ့သွားဖို့ ဆုံးဖြတ်လိုက်တဲ့အကြောင်းအရင်းရှိတယ်။
“ငါတို့က ငြိမ်းချမ်းရေးမဟာမိတ်မစ်ရှင်အဖွဲ့ဆိုတာ ကျောင်းသားတွေသိသင့်ပြီမဟုတ်လား။ ပြီးတော့ သမ္မတနဲ့ညစာစားပွဲမှာ ဆွေးနွေးလို့အဆင်မပြေရင် တိုက်ပွဲထဖြစ်နိုင်တယ်လေ။ တစ်ခုခုဖြစ်ရင် ကျောင်းသားတွေကို သင်္ဘောပျံပေါ်ပြောင်းခိုင်းလို့ရတာပေါ့။” မက်ဒါနာက ပြောလိုက်တော့ ယာဥ်မောင်းခုံမှာရှိနေတဲ့ ဖရာလီတာက ခေါင်းညိတ်ပြလိုက်ပါတယ်။
မကြာခင်မှာပဲ သူတို့တွေက မိုင်ယာမီအုပ်ချုပ်ရေးမှူးအိမ်တော်ရှေ့ကို ရောက်လာကြတယ်။ ပုံမှန်ဆိုရင် အိမ်ဖြူတော်မှာ အခုလိုပွဲမျိုးကျင်းပတာဖြစ်ပေမဲ့ ဝါရှင်တန်မြို့တစ်ခုလုံးနီးပါး ပျက်စီးသွားတာမလို့ မိုင်ယာမီမြို့တော်ဝန်မှာကျင်းပရတာ။ အိမ်တော်ရှေ့က မြက်ခင်းပြင်ပေါ်မှာ ညစာစားပွဲကို ပြင်ဆင်ထားတာဖြစ်ပြီး မက်ဒါနာတို့ယာဥ်က မြက်ခင်းပြင်ကျယ်တစ်နေရာမှာပဲ ပေါလောရပ်လိုက်တယ်။ အဲဒီနောက် ဖရာလီတာက Valkyrie တပ်ဖွဲ့ကို တပ်လှန့်လိုက်တယ်။
အေမီပုံစံတူစက်ရုပ်မလေးတွေက ဖန်ပေါင်းချောင်ထဲကနေ နိုးလာပြီး ပျံတက်သွားတဲ့မြင်ကွင်းကို အီဗန်တို့ သူငယ်ချင်းတစ်သိုက်မြင်ရတယ်။ ပွဲကျင်းပမယ့်ဝင်းထဲမှာ စစ်နတ်သမီးတွေက သမ္မတရဲ့ ကိုယ်ရံတော်တပ်နဲ့အတူ အတူလုံခြုံရေးတာဝန် ပူးတွဲယူပါတယ်။
အဲဒီနောက်မှ ယာဥ်ပျံပေါ်ကလူတွေ ဆင်းကြတယ်။
...
“ဆုဗာနာမင်းသမီးနှင့်နယူးယောက်ဟီးရိုးကျောင်း ရောက်ရှိလာပါပြီ။” သူတို့ဆင်းလာတာနဲ့ ဧည့်ကြိုက ကြေညာလိုက်ပါတယ်။ တစ်ဖက်သူတွေက သူတို့ဘယ်သူလဲဆိုတာ သိနေတာကြာပါပြီ။ ပြတ်ပြတ်သားသား အနိုင်မရနိုင်တဲ့အတွက် တစ်ယောက်ကိုတစ်ယောက် စောင့်ကြည့်နေရုံပဲရှိတာပါ။
ကျောင်းသားတွေက သာမန်စားပွဲဝိုင်းတွေမှာ ဝင်နေရာယူပြီးတဲ့နောက်တော့ မက်ဒါနာတို့က သမ္မတနဲ့အတူ ညစာစားရမယ့်သူတွေထိုင်ရမယ့်ဝိုင်းမှာ ဝင်ထိုင်လိုက်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်ပါတယ်။
သူတို့တွေအပြင် အစိုးရအရာရှိတွေနဲ့ချမ်းသာတဲ့ အသိုက်အဝန်းကလူတွေလည်း ဒီပွဲကိုတက်ကြပြီး အားလုံးက ပျော်ပျော်ရွှင်ရွှင်စကားပြောနေတဲ့ပုံစံရှိတယ်။ ဒါပေမဲ့ အားလုံးက အတုအယောင်တွေပါ။
“လာတဲ့သူတွေနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေအားလုံးက ပိုးကောင်တွေပဲ သံသယဖြစ်စရာမရှိဘူး။” မက်ဒါနာက မှတ်ချက်ချလိုက်တော့ ဘေးမှာထိုင်နေတဲ့ ဖရာလီတာက ပခုံးတွန့်ပြတယ်။
“ရန်သူ့နယ်မြေလေ၊ လူသားမဟာမိတ်က အစတည်းက ကျဆုံးပြီးသွားပြီ။ သူတို့က လူသားတွေဖြစ်နေမှသာ ထူးဆန်းမှာ။” မက်ဒါနာလည်း ခေါင်းညိတ်လိုက်တယ်။
သမ္မတဝဲလ်ဆင်က အချိန်အတော်ကြာတော့မှထွက်လာတယ်။ သူက ပွဲခင်းအလယ်မှာရှိတဲ့ ဟောပြောစင်မြင့်ပေါ်ကို တက်လာပြီး ပြောလိုက်ပါတယ်။
“၁၉၉၈ ခုနစ်ကတည်းက ကျင်းပခဲ့တဲ့ ဟီးရိုးကျောင်းပေါင်းစုံချန်ပီယံ ဂုဏ်ပြုပွဲကနေ ကြိုဆိုလိုက်ပါတယ်။ ဒီနှစ်အတွက် ချန်ပီယံကတော့ နယူးယောက်ဟီးရိုးကျောင်းဖြစ်ပါတယ်။ ဆယ့်ငါးနှစ်ကြာ ချန်ပီယံဘွဲ့ကိုဆုံးရှုံးပြီးမှ ပထမဆုံးအကြိမ် ပြန်လည်ရရှိတဲ့ဂုဏ်ပုဒ်ပါ။ ကျောင်းအုပ်မက်ဒါနာနဲ့ သူ့ရဲ့ကျောင်းသားတွေကို ဂုဏ်ပြုကြရအောင်။”
ဝဲလ်ဆင်က ပုံမှန်အတိုင်းပဲ မက်ဒါနာကို မက်ဒါနာလို့ခေါ်လိုက်ပြီး လက်ခုပ်တီးတယ်။ သူ့မျက်နှာပေါ်မှာ အပြုံးအရယ်ရှိမနေပါဘူး။ မက်ဒါနာကလည်း တစ်ချက်နှာမှုတ်လိုက်ပြီး လိုက်လက်ခုပ်အတုတီးတယ်။ အခုဒီနေရာမှာ ဘယ်သူမှ ပွဲကိုဂရုမစိုက်ကြဘူး။ ပြီးတော့ အခုစကားပြောနေတဲ့ဝဲလ်ဆင်က အစားထိုးခံထားရပြီဖြစ်တဲ့ ဝဲလ်ဆင်အတုပါ။
မက်ဒါနာတို့ဝဲလ်ဆင်စကားကို နားထောင်နေတုန်း ဝန်ထမ်းတချို့က ဝိုင်နီတွေ ဖန်ခွက်ထဲ လာဖြည့်ပေးပါတယ်။ အေမီက အဆိပ်ပါမပါစစ်ကြည့်ပြီးနောက် မက်ဒါနာကို ခေါင်းညိတ်ပြပြီး အဆင်ပြေကြောင်း အချက်ပြတယ်။
ဝဲလ်ဆင်က စင်ပေါ်ကနေ ဆင်းလာပြီး မက်ဒါနာတို့ဝိုင်းကိုလာတယ်။ စားပွဲထိုးလိုဝတ်ထားတဲ့ လူမည်းအမျိုးသားဝန်ထမ်းက ရှန်ပိန်လာဖောက်ပေးတယ်။ သူကတော့ ရှန်ပိန်ကိုမြှောက်ပြီး ဂုဏ်ပြုတဲ့အနေနဲ့ သောက်တယ်။
“အောင်မြင်မှုနဲ့ဂုဏ်သရေအတွက်။”
မက်ဒါနာတို့လည်း ဝိုင်ခွက်ကိုမြှောက်လိုက်ပြီး အလိုက်သင့်သောက်တယ်။ အဲဒီနောက် ဝဲလ်ဆင်က ခုံမှာဝင်ထိုင်ပါတယ်။ စံအိမ်ဝန်ထမ်းတွေကတော့ အလုပ်များနေဆဲဖြစ်ပြီး ဟင်းပွဲတစ်ပွဲချင်းကို ယူလာပြီး တည်ခင်းဧည့်ခံပါတယ်။ အခုဧည့်ခံပွဲက နိုင်ငံတော်အဆင့်မလို့ ဟင်းပွဲတစ်ပွဲချင်းစီကို ယူလာပေးပြီး စားစေတဲ့စနစ်ကို ကျင့်သုံးပါတယ်။
“ဒီတော့၊ ရှေးရှေးကတည်းက ကျင့်သုံးလာခဲ့တဲ့ ဒီညရဲ့ထုံးတမ်းတစ်ခုရှိတယ်။ အနိုင်ရတဲ့ ချန်ပီယံကျောင်းက သမ္မတဆီကနေ လိုအပ်တာတစ်ခုကို တောင်းဆိုနိုင်တယ်။ သမ္မတက သူ့ရဲ့လုပ်ပိုင်ခွင့်ဘောင်ထဲမှာရှိနေသမျှ ခွင့်ပြုနိုင်တယ်။ မင်းတို့တောင်းဆိုမှာက ဘာများဖြစ်မလဲ။”
မက်ဒါနာက ဝဲလ်ဆင်ကို သေချာကြည့်လိုက်တယ်။ သူ့ရှေ့မှာ အတော်လေးခမ်းနားတဲ့ ဟင်းပွဲတစ်ပွဲရောက်နေပြီဖြစ်ပေမဲ့ သူဂရုမစိုက်ဘူး။ တခြားဘယ်သူမှလည်း ဂရုမစိုက်ကြပါဘူး။ အားလုံးက မက်ဒါနာတောင်းဆိုမယ့် ကိစ္စကိုပဲ စိတ်ဝင်စားနေတယ်။
“ဥစာကီကို သူ့ညီမဖြစ်သူနဲ့ တစ်ညတာအချိန်ကုန်ဆုံးခွင့်ပေးဖို့ ဘာရွန်ကိုပြောလိုက်။”
ဝဲလ်ဆင်ရဲ့မျက်နှာပေါ်က ဟန်ဆောင်ပြုံးပျောက်သွားတယ်။ သူက ရှန်ပိန်ခွက်ကို ချလိုက်ပြီးတော့ အခုလိုပြန်ဖြေပါတယ်။
“စိုးရွံမိပေမဲ့ အဲဒါက ကျုပ်ရဲ့လုပ်ပိုင်ခွင့်ထဲက တစ်ခုမဟုတ်မှာ စိုးရိမ်မိတယ်။”
မက်ဒါနာကလည်း ပြုံးလိုက်ပြီး ဝိုင်လက်ကျန်တွေရှိနေသေးတဲ့ခွက်ကို ဖြည်းဖြည်းချင်းလှုပ်လိုက်တယ်။ အဲဒီနောက်
“အိုး၊ ရှင့်ရဲ့လုပ်ပိုင်ခွင့်မလိုပါဘူး။ ရှင်က ဒီနိုင်ငံကို တကယ်အုပ်ချုပ်နေတာမှမဟုတ်တာ။” မက်ဒါနာက ပြောလိုက်ရင်း ဆိုဖီယာကိုကြည့်လိုက်တယ်။
နတ်သူငယ်မလေးက စားပွဲပေါ်ကို လက်ညိုးတစ်ချောင်းတင်လိုက်တယ်။ ဖိအားကြီးတစ်ခုက ပွဲခင်းထဲမှာပေါ်လာပြီး လူသားအယောင်ဆောင် ပိုးကောင်တွေအားလုံးကို ဒူးထောက်ကျသွားစေတယ်။ ဝဲလ်ဆင်လည်း သူတို့ထဲကတစ်ယောက်ပါ။
....
“ဘာ၊ ဒီနေရာက သူတို့တိုက်ပွဲဖြစ်မယ့်နေရာလား။” နျူရေရှင်းပြတဲ့ လက်ရှိအခြေအနေကို နားထောင်ပြီးတဲ့နောက်တော့ အိဗန်က တုန်ယင်နေတဲ့လက်တွေနဲ့ စားဖို့ကြံနေတဲ့ ဘဲကင်ကို ပြန်ချထားလိုက်ပါတယ်။ ဖိအားကြောင့် ပိုးကောင်တွေအကုန်လုံး ဒူးထောက်ကျသွားတယ်ဆိုပေမဲ့ ကျောင်းသားတွေအပေါ်တော့ မသက်ရောက်ဘူးလေ။
“ဝါရှင်တန်ကို မစ်ရှင်အဖွဲ့က သွားတိုက်ကတည်းက အမေရိကန်အစိုးရက ရုပ်သေးဖြစ်နေပြီမှန်း လူတိုင်းသိပြီးသား။ အခုလည်းမစ်ရှင်အဖွဲ့က ငါတို့နဲ့အတူ ဒီမှာရှိနေတာဆိုတော့ ရန်သူကိုစစ်လာကြေညာတာ ဖြစ်ရင်ဖြစ်မှာ။”
“သောက်ကျိုးနည်း၊ ငါတို့က ဘာမှမဟုတ်တဲ့ ပုရွက်ဆိတ်လေးတွေပါ။ ဘာလို့ S အဆင့်အထက်လူတွေရဲ့တိုက်ပွဲဖြစ်မယ့်နေရာမှာ ရောက်နေရတာလဲ။” အီဗန်နားမလည်နိုင်တော့ဘူး။
....
“ဟုတ်ပြီဟုတ်ပြီ၊ ကျုပ်ပြောပေးမယ်။ ကျုပ်က သာမန်ပိုးကောင်လေးပါဗျ။ ဒီလောက်လုပ်စရာလိုလို့လား။”
ဝဲလ်ဆင်အတုအရှုံးပေးတော့မှ ဆိုဖီယာက လက်ညိုးကို ခုံပေါ်ကနေ ဖယ်လိုက်တယ်။ ဝဲလ်ဆင်က ဂုဏ်သရေတောင်မဆယ်နိုင်တော့ဘဲ မြို့တော်ဝန်အိမ်ထဲကို ပြန်ပေးဝင်သွားတယ်။
....
မြို့တော်ဝင်အိမ်တော်ထဲမှာတော့ ပလ္လင်တစ်လုံးပေါ်မှာ ဥစာကီက ကီမိုနိုဝတ်လျက်သား ထိုင်နိုင်ပါတယ်။သူ့ခါးမှာတော့ နတ်ဆိုးသတ်ဓားကို ချိတ်ထားပြီး သူ့အနားမှာ ဘာရွန်က ရပ်နေတယ်။ တခြားဗိုလ်ချုပ်နှစ်ယောက်ဖြစ်တဲ့ ယင်ကောင်နဲ့ပိုးဖလံကတော့ နံရံနားနှာကပ်ပြီး လက်ပိုက်ရပ်နေကြတယ်။
ဝဲလ်ဆင်က တံခါးကိုဖွင့်ဝင်ပြီး သူတို့ရှေ့မှာ ဒူးထောက်လိုက်တယ်။ သူက ဘုရင်မနဲ့ဘာရွန်ကိုကြည့်ပြီး
“အရှင်မ၊ သခင်ကြီးဘာရွန်။ သူတို့က ကျုပ်ကိုဖိအားပေးပြီး တောင်းဆိုလို့ပါ။ အရှင်မက အဲဒီမိရိုင်ဆိုတဲ့ကောင်မလေးနဲ့ တစ်ညတာနေပေးရမယ်တဲ့။”
မိရိုင်ဆိုတဲ့စကားကိုကြားတော့ ဥစာကီရဲ့မျက်နှာက နည်းနည်းပျော့ပြောင်းသွားတယ်။ တစ်ဖက်မှာတော့ ဘာရွန်က တင်းမာခက်ထန်တဲ့လေသံနဲ့ပြောလိုက်ပါတယ်။
“သိပ်အတင့်ရဲတယ်၊ ငါတို့ဘုရင်မက ဘာမဟုတ်တဲ့သဘောတူညီချက်တစ်ခုကြောင့်နဲ့ ကလေးထိန်းလုပ်စရာလား။”
ဥစာကီကတော့ ရှေ့ကိုခါးနည်းနည်းကိုင်းလိုက်ပြီး သူ့အမြင်ကို ထုတ်ပြောတယ်။ “ဘာရွန်၊ ငါတို့ဒီကိစ္စ သဘောတူပြီးပြီမဟုတ်လား။”
ဘာရွန်က ဥစာကီရဲ့စကားကြောင့် အသက်ကိုပြင်းပြင်းရှုလိုက်ပြီး ဝဲလ်ဆင်ရဲ့ခေါင်းကို ဆုပ်ကိုင်လိုက်တယ်။ ဝဲလ်ဆင်ကတော့ ကြောက်လွန်းလို့ တစ်ကိုယ်လုံးတုန်နေပါပြီ။
“ဟုတ်သားပဲ၊ အရှင်မက စွမ်းအားအပြည့်ရတဲ့နေ့မှာ အဲဒီငွေရောင်စစ်သည်နဲ့ စိန်ခေါ်တိုက်ပွဲတိုက်ချင်နေတာပဲ။” ဘာရွန်က ပြောလိုက်ပြီးတဲ့နောက် သူ့လက်ကို အားပိုထည့်လိုက်တယ်။
ခရက်....
တစ်စုံတစ်ခုအက်ကွဲသွားသံနဲ့အတူ မြို့တော်ဝန်အိမ်ထဲမှာ သွေးတွေပြန့်ကျဲသွားတယ်။ ဝဲလ်ဆင်ရဲ့ခန္ဓာကိုယ်ကတော့ မြေပေါ်ကို တအိအိနဲ့ပြိုလဲကျသွားခဲ့ပါပြီ။
“ဒီနိုင်ငံအတွက် ရုပ်သေးတစ်ရုပ် မလိုအပ်တော့ဘူး။
အခုကနေစပြီးတော့ ကိုလိုနီတွေကို ငါတို့ဘာသာပဲ အုပ်ချုပ်တော့မယ်။”
ဥစာကီရဲ့မျက်လုံးထဲမှာ တုန်လှုပ်တဲ့အမူအရာက အစားထိုးဝင်ရောက်လာတယ်။ ဘာရွန်လုပ်နေတဲ့ အပြုအမူက သူမျှော်လင့်ထားတဲ့အရာမျိုးမဟုတ်ဘူး။
“ဘာရွန်၊ နင်ဘာလုပ်နေတာလဲ။”
ဘာရွန်က ပြန်မဖြေဘူး။ အဲဒီအစား သူကဒီလိုပြောလိုက်တယ်။ “ပိုးဖလံနဲ့ယင်ကောင်၊ အမေရိကန်ထဲက မင်းတို့တပ်တွေကို လှုပ်ရှားခိုင်းလိုက်တော့။ မြို့တွေကို ငါတို့သိမ်းနိုင်သလောက်သိမ်းရမယ်။”
“ဘာရွန်” ဥစာကီက ထပ်ပြီးပြောလိုက်ပေမဲ့ သူ့ကိုဘယ်သူကမှ နားမထောင်ကြဘူး။ ပိုးဖလံနဲ့ယင်ကောင်က ဘာရွန်ကို ဦးညွှတ်ပြီးတော့ အိမ်တော်ထဲကနေ လျှို့ဝှက်ထွက်ခွာသွားတယ်။ သူတို့ထွက်သွားမှ ဘာရွန်က ပြောလိုက်တယ်။
“အရှင်မက သိပ်ကိုတွန့်ဆုတ်လွန်းနေတယ်။ အဲဒါကအရှင်မရဲ့လူသားဆန်မှုကြောင့်မဟုတ်လား။”
“....” ဥစာကီပြန်မဖြေနိုင်ဘူး။ ဘာရွန်ကတော့ ရှေ့တက်လာပြီး ထပ်မေးတယ်။ “လူသားနဲ့ပိုးကောင်တွေနှစ်ခုထဲကတစ်ခု ဘယ်သူ့ကိုရွေးမလဲဆိုရင် ဘယ်သူ့ကိုရွေးမှာလဲ။”
“ဘာရွန်။” ဥစာကီက အသည်းအသန်အော်ဟစ်ပြီး လက်ကိုမြှောက်လိုက်တယ်။ သူ့နဖူးက ဦးမှင်လှုပ်ရှားလာပြီး ကြီးမားတဲ့ဖိအားက ဘာရွန်ပေါ်ကို ကျဆင်းလာတယ်။ ဒါပေမဲ့ ဘာရွန်က သူ့စိတ်စွမ်းအားကိုဒိုင်းတစ်ခုလုံးဖွဲ့စည်းပြီး ပြန်ခုခံလိုက်တယ်။
“ကျုပ်က ဘာရွန်တစ်ယောက်အနေနဲ့ အပြည့်အဝ ကြီးထွားလာပြီ အရှင်မ။ အရှင်မအရွယ်ရောက်မလာခင် ကမ္ဘာမြေမှာကိုလိုနီထောင်ဖို့ အခြေခံအုတ်မြစ်တွေ စီစဥ်ပေးပါရစေ။”
“မင်း....”
“ဒါပေမဲ့ အရှင်မက အရှင်မရဲ့လူသားခန္ဓာကိုယ်နဲ့ သွေးသားတော်စပ်တဲ့သူကို တွေ့ချင်တယ်ဆိုရင်တော့ အဲဒီဆန္ဒက ဖြစ်ရင်ဖြစ်လာမှာပါ။ ကျုပ်သူတို့အင်အားကို နည်းနည်းထပ်စမ်းသပ်ပြီးရင်ပေါ့။”
ဥစာကီက ဘာရွန်ကို နာကျည်းမှုအပြည့်နဲ့ကြည့်လိုက်တယ်။ ဒါပေမဲ့ သူဘာမှလုပ်လို့မရဘူး။ ဒါကြောင့် သူပလ္လင်ပေါ်ကနေ ထရပ်လိုက်ပြီး မြို့တော်ဝန်အိမ်ထဲကနေ ထွက်ပြီးပွဲခင်းထဲသွားဖို့ပြင်နေတဲ့ ဘာရွန်နောက်ကနေလိုက်ရတယ်။