← Chapters

ချက်ချင်း ထွက်ပြေးဆုတ်ခွာသွားပါသော

Vol. 80 Ch. 1105

ချက်ချင်း ထွက်ပြေးဆုတ်ခွာသွားပါသော

Vol. 80 Ch. 1105

ထိုစကားကို ပြောလိုက်သည့်သူမှာ ချုံးရိကျစ်၏ ကိုယ်ပွားဖြစ်သည်။ သူသည် ထိုနေရာသို့ ရောက်နေသည်မှာ အချိန်အကြာကြီး ရှိနေပြီဖြစ်ပါသော်လည်း ကံကြမ္မာကြယ်စင်စုထဲ၌ လက်လွှတ်စပယ် မပြုမူရဲသောကြောင့် ထိုနေရာတွင်သာ စောင့်ဆိုင်းနေခြင်းဖြစ်သည်။

ကံကြမ္မာကြယ်စင်စုမှာ အရွယ်အစား ကြီးမားပါသော်လည်း ဝင်ပေါက်နှင့်ထွက်ပေါက် တစ်ခုတည်းသာ ရှိသည်မဟုတ်ပါလော။ ထို့ကြောင့် ထိုနေရာတွင် စောင့်နေပါက နောက်ဆုံးတွင် ဝမ်ပေါင်လဲ့မှာ သူ၏ရှေ့၌ ပေါ်ပေါက်လာမည်သာ ဖြစ်သည်။

သူသည် ဝမ်ပေါင်လဲ့အား အလွယ်တကူသတ်ဖြတ်နိုင်လိမ့်မည်ဟု တွက်ထား၏။ သူ့ဘက်မှ မီးတောက်ခေါင်းဆောင်ကြီးကိုသာ သတိထားရန်လိုပေသည်။ သို့သော်လည်း သူသည် သူ့အား အကူအညီတောင်းခဲ့သည့်သူမှာ သူ့အား ကံကြမ္မာစွမ်းအားများ၏ ဘေးမှ ကာကွယ်ပေးနိုင်လိမ့်မည်ဟု ယုံကြည်နေ၏။

သို့ဖြစ်ရာ သူသည် သူ၏ ရှေ့တွင် ပေါ်ပေါက်လာမည့် လူအားလုံးကို တစ်ယောက်မကျန် သတ်ဖြတ်ပစ်ရန်သာ လိုအပ်ပေသည်။

သူသည် သူ သတ်ဖြတ်ရမည့် လူများထဲတွင် အခြား ပါရမီရှင်များ ပါနေနိုင်သည့်အချက်ကို ဂရုစိုက်နေခြင်းမရှိပေ။ သူ၏ အမြင်တွင် ထို တာအိုအစောင့်ရှောက်ဆိုသည့် သူများမှာ သာမန်အဆင့်တွင်သာ ရှိနေကြသည့် အမှိုက်သာသာ ကျင့်ကြံသူများ ဖြစ်ကြပေသည်။ အကယ်၍ လူအင်အားအသာစီးရနေရုံနှင့် အနိုင်ရယူနိုင်မည်ဆိုပါက ကျင့်ကြံခြင်းလေ့ကျင့်ရသည်မှာ အဓိပ္ပါယ်ရှိတော့မည် မဟုတ်ပေ။

ထို့ကြောင့်လည်း သူသည် မောက်မာဝင့်ကြွားမှုအပြည့်ရှိသော စကားလုံးများကို ဆိုလိုက်ခြင်းဖြစ်သည်။

စစ်သင်္ဘောကြီးများပေါ်တွင် ရှိနေကြသည့် လူတိုင်းမှာလည်း ထို စကားသံအား ကြားလိုက်ရသည်နှင့် သူ၏ လေသံမှာ မောက်မာလွန်းနေသည်ဟု ခံစားလိုက်ရ၏။ ထို့ကြောင့် တာအိုအစောင့်အရှောက်များ အားလုံးမှာ မကျေမနပ်ဖြစ်သွားရသည်။

သူတို့၏ ရှေ့တွင် ပေါ်ပေါက်လာသည့် ကျင့်ကြံသူမှာလည်း ထာဝရကြယ်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်း သူတို့က သိထားပြီး ဖြစ်သည်။ သူတို့မှာ ရှင်းလင်းပြတ်သားစွာ မြင်နိုင်စွမ်းမရှိသည့်တိုင်အောင် သူတို့ဘက်တွင် ထာဝရကြယ်အဆင့် ကျင့်ကြံသူ အယောက်သုံးဆယ်ကျော်ရှိနေပြီး အခြားတစ်ဖက်တွင်မူ တစ်ယောက်တည်းရှိနေသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူတို့မှာ လူအင်အားအပိုင်းတွင် အသာစီးရနေ၏။

ထို့အပြင် ကြောက်မက်ဖွယ်ရာ အငွေ့အသက်များကို ပိုင်ဆိုင်ထားသည့် ဝမ်ပေါင်လဲ့လည်း ရှိနေသေးသည်။ သို့ဖြစ်ရာ သူတို့အများစုမှာ မကျေမနပ် ဖြစ်နေကြသည့်တိုင်အောင် စိုးရိမ်ပူပန်သွားကြခြင်းတော့ မရှိပေ။ ထိုအချိန်တွင် ရှဲ့ဟေးရန်မှာ စကားပြောရန်ပြင်လိုက်ပါသော်လည်း အခြားတစ်ယောက်မှာ သူ့ထက်အရင်ဦးအောင် ပြောလိုက်၏။

" အဖေ။ ဒီကောင်က မောက်မာလွန်းနေတာ။ ကျွန်တော် သူ့ကို အဖေ့အတွက် ဖမ်းပေးပါ့မယ် " စစ်သင်္ဘောကြီး၏ အပြင်ဘက်ရှိ ဥက္ကာပျံပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော ပုဂ္ဂိုလ်ကြီး၏ စကားသံအား ကြားလိုက်ရသည်နှင့် ဒေါသထွက်ကာ မကျေမနပ်ဖြစ်သွားရသည့် ပထမဆုံးသူမှာ ဝမ်ပေါင်လဲ့ မဟုတ်ဘဲ သူ၏ သားဖြစ်သူ... ချန်ဟန်း ဖြစ်နေ၏။

ချန်ဟန်းမှာ အမျက်ချောင်းချောင်းထွက်နေသည်။ ထို့နောက် ဝမ်ပေါင်လဲ့ စကားမပြောနိုင်ခင်မှာပင် သူသည် သူ၏လက်ကို ဝှေ့ယမ်းကာ အော်ဟစ်အမိန့်ပေးလိုက်၏။

" တာအိုအစောင့်အရှောက်များ။ ကျေးဇူးပြုပြီးတော့ ဒီကောင့်ကိုဖမ်းပြီး စစ်ဆေးမေးမြန်းမှုတွေ လုပ်နိုင်အောင် အဖေ့ဆီ ခေါ်လာခဲ့ပါ "

ချန်ဟန်းမှာ ဝိညာဉ်ခုနစ်ပါးတာအိုဂိုဏ်း၏ တာအိုကလေးငယ်တစ်ယောက် ဖြစ်ရာ ထာဝရကြယ်အဆင့် တာအိုအစောင့်အရှောက်များ ပိုင်ဆိုင်ထား၏။ သူတို့မှာ သာမန် ထာဝရကြယ်အဆင့်တွင်သာ ရှိနေကြသည့်တိုင်အောင် တမူထူးခြားသည့် လျှို့ဝှက်ပညာရပ်များကို တတ်မြောက်ထားကြဆဲပင်။ သူ ထိုသို့ အမိန့်ပေးလိုက်သည်နှင့် ထာဝရကြယ်အဆင့် တာအိုအစောင့်အရှောက် ခုနစ်ယောက်မှာ သူ၏ အမိန့်အား ချက်ချင်းနာခံလိုက်ကြ၏။ ထို့နောက် သူတို့မှာ စစ်သင်္ဘောကြီး၏ အပြင်ဘက်ရှိ အာကာသကောင်းကင်ထဲသို့ ပျံထွက်သွားကြပြီး ဥက္ကာပျံပေါ်၌တင် တင်ပျဉ်ခွေထိုင်နေသည့် ချုံးရိကျစ်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားကြတော့သည်။

သို့သော် သူတို့ ခုနစ်ယောက် ထိုကဲ့သို့ ပျံထွက်သွားကြသည်နှင့် ချုံးရိကျစ်၏ မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်သော အပြုံးတစ်ပွင့် ပေါ်ပေါက်လာ၏။ ထို့နောက် သူသည် ခေါင်းမော့ကာ သူ၏ အထက်တွင် ရှိနေသည့် အာကာသကောင်းကင်ကြီးအား လှမ်းကြည့်လိုက်သည်။ သူထိုသို့ လှမ်းကြည့်လိုက်သည်နှင့် ထိပ်သီးအဆင့် နတ်ဘုရားစွမ်းအားများ ကိန်းအောင်းနေသည့် ခရမ်းရောင်အလင်းတန်းတစ်ခုမှာ အာကာသကောင်းကင်ကြီးထဲမှ ထိုးထွက်လာ၏။ ထို့နောက် ၎င်းမှာ ခရမ်းရောင် အလင်းခြုံလွှာကြီးတစ်ခုအသွင် ပြောင်းလဲသွားပြီး စစ်သင်္ဘောကြီးများနှင့် ချုံးရိကျစ်၏ ကိုယ်ပွား ရှိနေသည့် နေရာတစ်ခုလုံးအား လွှမ်းခြုံသွားတော့သည်။

၎င်းမှာ မန္တန်အစီအရင်တစ်ခုနှင့် တူသလို အချုပ်အနှောင် အမှတ်အသားတစ်ခုနှင့်လည်း တူနေ၏။ ၎င်းမှာ ပြင်ပကမ္ဘာကြီးထဲမှ အငွေ့အသက်များ၊ ကံကြမ္မာစွမ်းအားများနှင့် အာရုံခံနိုင်စွမ်းများ အားလုံးကို ပိတ်ပင်တားမြစ်ထားသည်။ ထို့ကြောင့် ထိုနေရာ တစ်ခုစလုံးမှာ အာကာသကောင်းကင်ကြီးနှင့် တသီးတခြားစီ ဖြစ်နေသည့်ပုံ ပေါက်နေတော့သည်။

ထိုနေရာတစ်ခုလုံးအား ခရမ်းရောင် အလင်းခြုံလွှာကြီး ဖုံးလွှမ်းသွားပြီး ရှေ့သို့ ပျံထွက်လာကြသည့် လူခုနစ်ယောက် မတုံ့ပြန်နိုင်ခင်မှာပင် မလှုပ်မယှက် ထိုင်နေခဲ့သည့် ချုံးကျိရစ်မှာ ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။ ထို့နောက် သူသည် မျက်ဝန်းများထဲမှ သတ်ဖြတ်လိုစိတ်များ ပေါက်ကွဲထွက်ပေါ်လာပြီး ရှေ့သို့ခုန်ထွက်လာသဖြင့် သူ၏ အောက်တွင် ရှိနေသည့် ဥက္ကာပျံကြီးမှာ တစ်စစီ ကြေမွပျက်စီးသွားရသည်။ ထို ဥက္ကာပျံ အပိုင်းအစများမှာ စစ်သင်္ဘောကြီးများဆီသို့ အရှိန်အဟုန်ဖြင့် လွင့်ထွက်သွားကြ၏။ ချုံးကျိရစ်မှာမူ လျှပ်စီးတန်းတစ်ခုကဲ့သို့ မြန်ဆန်နေသည်။

ထို့ကြောင့် မျက်စိတစ်မှိတ်အတွင်းတွင် သူသည် ထာဝရကြယ်အဆင့် တာအိုအစောင့်အရှောက် ခုနစ်ယောက်အား ဝင်တိုက်မိသွား၏။ ထိုအခါ သူတို့မှာ ပါးစပ်ထဲမှ သွေးများပန်းထွက်လာကြပြီး နောက်သို့ လွင့်ထွက်သွားကြတော့သည်။ သို့ဖြစ်ရာ သူတို့မှာ အားနည်းလွန်းနေသောကြောင့် တိုက်ကွက်တစ်ကွက်ကိုပင် တောင့်ခံနိုင်စွမ်း မရှိသည့်ပုံ ပေါက်နေ၏။

" အားနည်းလိုက်တဲ့ကောင်တွေ " ချုံးကျိရစ်မှာမူ အရူးတစ်ယောက်ကဲ့သို့ ရယ်မောလိုက်ပြီး ဝမ်ပေါင်လဲ့ ရှိနေသည့် စစ်သင်္ဘောကြီးဆီသို့ ဦးတည်လာ၏။ သူ၏ မျက်ဝန်းများထဲရှိ သတ်ဖြတ်လိုစိတ်များမှာ အလွန်အင်မတန်မှ အားကောင်းလွန်းနေပြီး သူ၏ ခန္ဓာကိုယ်ထဲမှလည်း သတ်ဖြတ်လိုစိတ် အငွေ့အသက်တစ်မျိုး ပေါက်ကွဲထွက်ပေါ်လာသည်။ သူ့အတွက်မူ ယခုလိုတိုက်ခိုက်ရသည်မှာ အလွန်အင်မတန်မှ ရိုးရှင်းပေသည်။ သို့သော်လည်း မတော်တဆမှုများ ပေါ်ပေါက်မလာအောင် တားဆီးနိုင်ရန်အလို့ငှာ ဝမ်ပေါင်လဲ့အား အရင်ဆုံးသတ်ဖြတ်၍ သူ၏ တာဝန်အား ပြီးမြောက်အောင် ဆောင်ရွက်လိုက်ပါက ပိုကောင်းပေသည်။ သူ့အား သတ်ဖြတ်မှ အခြားသူများကို နှုတ်ပိတ်ရသည်မှာ ပို၍ လွယ်ကူနေမည် မဟုတ်ပါလော။

ဝမ်ပေါင်လဲ့မှာမူ မျက်နှာအမူအရာ ပြောင်းလဲသွားခြင်းမရှိဘဲ စစ်သင်္ဘောကြီးထဲ၌ မလှုပ်မယှက်ရပ်ကာ သူ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်ပျံသန်းလာနေသည့် ချုံးကျိရစ်အား အေးစက်စက်မျက်ဝန်းများဖြင့် စိုက်ကြည့်နေလိုက်သည်။ သူသည် တုတ်တုတ်မျှ မလုပ်ပါသော်လည်း သူ၏ ပတ်ပတ်လည်တွင် ရှိနေကြသည့် ထာဝရကြယ်အဆင့် တာအိုအစောင့်အရှောက်များမှာမူ မျက်နှာအမူအရာများ ပြောင်းလဲသွားကြပြီ ဖြစ်သည်။ ထို့နောက် သူတို့မှာ ချုံးကျိရစ်ဆီသို့ ချက်ချင်း ဦးတည်ပျံသန်းသွားလိုက်ကြတော့သည်။

ထိုအချိန်တွင် ချုံးကျိရစ်မှာ သူ၏ စွမ်းအားများအားလုံးကို ထုတ်ပြလိုက်၏။ ထိုကိုယ်ပွား၏ ကျင့်ကြံခြင်းအဆင့်မှာ အစောပိုင်း ထာဝရကြယ်အဆင့်တွင်သာ ရှိနေသေးသည့်တိုင်အောင် ထာဝရကြယ်အဆင့် တာအိုအစောင့်အရှောက် ဆယ်ယောက်ကျော်နှင့် ရင်ဆိုင်လိုက်ရချိန်တွင် သူသည် သူ၏လက်ထဲမှ ဓားကိုသာ မြှောက်၍ လှမ်းခုတ်လိုက်၏။ ထိုအခါ သူ၏ ခန္ဓာကိုယ်ထဲမှ ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းတစ်မျိုး ပေါက်ကွဲထွက်ပေါ်လာသဖြင့် ထာဝရကြယ်အဆင့် တာအိုအစောင့်အရှောက်များမှာ အသားများ တဆတ်ဆတ် တုန်ရီသွားကြပြီး နောက်သို့ ဆုတ်ခွာသွားကြရသည်သာ ဖြစ်သည်။

" သာမန်ထာဝရကြယ်အဆင့် တာအိုအစောင့်အရှောက် တွေဆိုတာ ငါ့အတွက်တော့ အိုးပုတ်ချိုးရုပ်လေးတွေ အတိုင်းပဲကွ " ချုံးကျိရစ်မှာ ထိုသို့ ကြိမ်းဝါးလိုက်ပြီးနောက် ခေါင်းမော့ကာ အော်ဟစ်ရယ်မောလိုက်၏။ ထာဝရကြယ်အဆင့် တာအိုအစောင့်အရှောက်များမှာမူ နောက်သို့ ဆုတ်ခွာသွားနေရင်း မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။

" မြေကြီးထာဝရကြယ်အဆင့် ကျင့်ကြံသူတစ်ယောက်ပဲ "

ထာဝရကြယ်များအား ကောင်းကင်၊ မြေကြီး၊ နက်နဲ၊ အဝါရောင်နှင့် သာမန်ဟူ၍ အဆင့်ငါးဆင့် ခွဲခြားထား၏။ သာမန်ထာဝရကြယ်အဆင့် ကျင့်ကြံသူများမှာ အားနည်းဆုံးဖြစ်ပြီး အဝါရောင်ထာဝရကြယ်အဆင့် ကျင့်ကြံသူများမှာ ဒုတိယ အားအနည်းဆုံးဖြစ်သည်။ နက်နဲထာဝရကြယ်အဆင့် ကျင့်ကြံသူများမှာမူ အလွန်အင်မတန်မှရှားပါးပြီး မြေကြီးထာဝရကြယ်အဆင့် ကျင့်ကြံသူများမှာဆိုလျှင် ပို၍ပင် ရှားပါး၏။ ကောင်းကင်ထာဝရကြယ်အဆင့် ကျင့်ကြံသူများကိုမူ... ဇမ္ဗူမှာတစ်လူသာရှိသော ကျင့်ကြံသူများအဖြစ် သတ်မှတ်နိုင်ပေသည်။

သို့ဖြစ်ရာ မြေကြီးထာဝရကြယ်အဆင့် ကျင့်ကြံသူတစ်ယောက်မှာ သူနှင့် ကျင့်ကြံခြင်းအဆင့် အတူတူတွင် ရှိနေသည့် ထာဝရကြယ်အဆင့် ကျင့်ကြံသူအားလုံးနီးပါးကို အလွယ်တကူ အနိုင်ယူနိုင်စွမ်းရှိပေသည်။ ယခုတွင်လည်း ချုံးကျိရစ်မှာ အခြား ထာဝရကြယ်အဆင့် ကျင့်ကြံသူများအားလုံးကို အလွယ်တကူ အနိုင်ယူလိုက်သည်သာဖြစ်သည်။ သူသည် ဟက်ဟက်ပက်ပက် အော်ဟစ်ရယ်မောကာ ရှေ့သို့တစ်လှမ်းချင်းစီ လှမ်းလာပြီး ဝမ်ပေါင်လဲ့ ရှိနေသည့် စစ်သင်္ဘောကြီးဆီသို့ ဦးတည်လာနေ၏။

" ဝမ်ပေါင်လဲ့။ မင်းကို ဘယ်သူမှ မကယ်နိုင်တော့ဘူးကွ။ တာအိုဂြိုဟ်တစ်လုံး တစ်စစီ ခြေမွှခံလိုက်ရရင် ဘယ်လိုဖြစ်သွားမလဲဆိုတာ ငါ အရမ်းကို သိချင်နေပြီ " ချုံးကျိရစ်မှာ ဝမ်ပေါင်လဲ့ ရှိနေသည့် စစ်သင်္ဘောကြီးနှင့် ပေရာဂဏန်းအနည်းငယ်မျှသာ ကွာဝေးတော့သည်။

စစ်သင်္ဘောကြီးထဲတွင်မူ ရှဲ့ဟေးရန်မှာ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပါသော်လည်း ချက်ချင်းဆိုသလိုပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ ချန်ဟန်းမှာဆိုလျှင် အနည်းငယ်လေးပင် စိတ်ပူနေသည့်ပုံ မပေါ်ပေ။ သူသည် လက်ပိုက်ကာ မျက်ဝန်းများထဲ၌ အထင်မြင်သေးပြီး ရွံရှာစက်ဆုပ်သည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေ၏။

ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲတွင်မူ စူးစမ်းလိုသည့် အရိပ်အယောင်များ ခပ်ရေးရေးမျှ ပေါ်ပေါက်လာ၏။ သူသည် သူ၏ လက်ရှိ တိုက်ရည်ခိုက်ရည်စွမ်းအား အဆင့်အတန်းအား သိချင်နေသည်။ အကယ်၍ သူတစ်ယောက်တည်း စမ်းသပ်ကြည့်မည်ဆိုပါက အစွမ်းကုန်ထုတ်နိုင်မည် မဟုတ်ပေ။ သို့သော် ယခုတွင်မူ တစ်စုံတစ်ယောက်မှာ သူ့ဆီသို့ ချဥ်းကပ်လာနေပြီဖြစ်ရာ သူသည်လည်း စိတ်ဝင်တစားဖြစ်သွားရ၏။

အရေးအကြီးဆုံးအချက်မှာ သူသည် ထို ခရမ်းရောင် အလင်းခြုံလွှာကြီးပါသည့် အနာဂတ်ပုံရိပ်အား ကံကြမ္မာစာအုပ်ထဲ၌ မြင်ဖူးထားခြင်းပင်။ ထို အနာဂတ်ပုံရိပ်ထဲမှ မြင်ကွင်းမှာ သူ လက်ရှိမြင်နေရသည့် မြင်ကွင်းနှင့် တထေရာတည်း တူမနေသည့်တိုင်အောင် အများကြီး ကွဲပြားခြားနားနေခြင်းတော့ မရှိပေ။

" ကျိယွဲ့... " ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားပြီး သူ၏ ခန္ဓာကိုယ်ထဲမှ တာအိုဂြိုဟ်အား ထုတ်လွှတ်လိုက်၏။ ထိုအခါ ၎င်းမှာ ချက်ချင်းဆိုသလိုပင် အရွယ်အစားကြီးမားလာပြီး စစ်သင်္ဘောကြီး၏ အပြင်ဘက်တွင် ပေါ်ပေါက်လာသည်။

အစတွင် ၎င်းမှာ အလင်းရောင်အစက်အပြောက်တစ်ခုအဖြစ်သာ ရှိနေသေးပါသော်လည်း ခဏအကြာတွင် ၎င်း၏ အရွယ်အစားမှာ သာမန်ဂြိုဟ်တစ်လုံး၏ အရွယ်အစားသို့ ရောက်သွား၏။ ထိုအခါ ပေခုနစ်ရာအကွာတွင် ရောက်နေပြီဖြစ်သည့် ချုံးကျိရစ်မှာ ရယ်မောလိုက်သည်။

" ဒီလောက်ပဲလား " ချုံးကျိရစ်မှာ အနည်းငယ် စိတ်ပျက်သွားသည့်ပုံပင်။ သူသည် ခေါင်းယမ်းကာ ရှေ့သို့ ဆက်လက်လျှောက်လှမ်းလာနေ၏။ သို့သော် သူသည် ပေငါးရာအကွာသို့ ရောက်လာချိန်တွင် ပထမဆုံးအကြိမ်အဖြစ် ရပ်တန့်သွား၏။ အဘယ်ကြောင့်ဆိုသော် သူ၏ ရှေ့တွင်ရှိနေသည့် တာအိုဂြိုဟ်မှာ ယခင်တုန်းကအရွယ်အစားအတိုင်း ရှိမနေတော့သောကြောင့်ပင်။ ၎င်းမှာ ထာဝရကြယ်တစ်လုံး၏ တစ်ဝက်နီးပါး အရွယ်အစားကြီးမားလာ၏။

" စိတ်ဝင်စားစရာပဲ " ထိုအခါ ချုံးကျိရစ်မှာ မျက်ဝန်းများ အရောင်တောက်ပသွားပြီး နောက်ထပ်တစ်ကြိမ်ထပ်၍ အော်ဟစ်ရယ်မောလိုက်ပြန်သည်။ ထို့နောက် သူသည် အရှိန်မြှင့်တင်ကာ ပေသုံးရာအကွာသို့ ရောက်ရှိလာ၏။ သို့သော် ထိုအချိန်တွင် သူသည် နောက်ထပ်တစ်ကြိမ် ထပ်၍ ရပ်တန့်သွားရပြန်သည်။ သူသည် သူ၏ ရှေ့တွင်ရှိနေသည့် တာအိုဂြိုဟ်အား အံ့အားသင့်နေသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်နေ၏။ ၎င်း၏ အရွယ်အစားမှာ သာမန်ထာဝရကြယ်တစ်လုံးနီးပါး ကြီးမားနေပြီဖြစ်သည်။

" ဘယ်ဆိုးလို့လဲကွ။ အခုမှ စိတ်ဝင်စားစရာကောင်းသွားတာ " ချုံးရိကျစ်မှာ ထိုကဲ့သို့သော တာအိုဂြိုဟ်အား မြင်လိုက်ရသည့်တိုင်အောင် ခြေလှမ်းများ အပြီးတိုင် ရပ်တန့်သွားခြင်းတော့မရှိပေ။ သူသည် တစ်ခဏမျှသာ ရပ်တန့်သွားပြီးနောက် မျက်နှာပေါ်၌ စိတ်လှုပ်ရှားမှု အရိပ်အယောင်များနှင့် တိုက်ခိုက်လိုစိတ်များ အထင်းသားပေါ်ပေါက်လာ၏။ သူ၏ ရယ်မောသံမှာလည်း ပို၍ကျယ်လောင်လာပြီး သူသည် နောက်ထပ် ပေတစ်ရာတိတိ ကျော်ဖြတ်လာပြန်သည်။ သို့သော် သူ ဝမ်ပေါင်လဲ့နှင့် ပေနှစ်ရာအကွာသို့ ရောက်သွားချိန်တွင် သူ၏ ခြေလှမ်းများမှာ တတိယအကြိမ်အဖြစ် ရပ်တန့်သွားတော့သည်။

ထို့နောက် သူသည် မျက်တောင် တဖျပ်ဖျပ်ခတ်နေပြီး သူ၏ မျက်ဝန်းများထဲရှိ စိတ်လှုပ်ရှားမှုအရိပ်အယောင်များမှာလည်း ဇဝေဇဝါဖြစ်နေသည့် အရိပ်အယောင်များအဖြစ် ပြောင်းလဲသွား၏။

" ဘာလဲဟ " ချုံးရိကျစ်မှာ တစ်ကိုယ်တည်းရေရွတ်မိလိုက်၏။ သူသည် သူ၏ရှေ့၌ အဆက်မပြတ် အရွယ်အစားကြီးမားလာနေသည့် ကြောက်မက်ဖွယ်ရာ ဂြိုဟ်ကြီးအား ငေးကြည့်နေသည်။ ၎င်းမှာ သာမန်ဂြိုဟ်တစ်လုံးထက် သုံးဆတိတိပို၍ ကြီးမားနေပြီဖြစ်သည့်တိုင်အောင် ဆက်လက် ကြီးမားလာနေဆဲပင်။

နောက်ဆုံးတွင် ထို တာအိုဂြိုဟ်ကြီးမှာ သူ၏ ရှေ့၌ သာမန်ဂြိုဟ်တစ်လုံး၏ ဆယ်ဆတိတိ ကြီးမားသွား၏။

၎င်း၏ အရွယ်အစားမှာ ကြယ်စင်စုတစ်ခု၏ တစ်ဝက်နီးပါး ရှိနေပြီဖြစ်သည်။ ထိုအချိန်တွင် ဂြိုဟ်ရံများနှင့် တူသည့် တစ်ဝက်တစ်ပျက် တာအိုဂြိုဟ်ကိုးလုံးမှာ ဧရာမ တာအိုဂြိုဟ်ကြီး၏ ပတ်ပတ်လည်၌ တစ်လုံးပြီးတစ်လုံး ပေါ်ပေါက်လာကြ၏။ ၎င်းတို့ဆီမှ ထွက်ပေါ်နေသည့် စည်းမျဉ်းဥပဒေသများကြောင့် စကြဝဠာကြီးမှာ တုန်ရီနေရသည်။

အဝေးမှကြည့်လိုက်ပါက ခမ်းနားထည်ဝါမှုအပြည့် ရှိနေသည့် ထို တာအိုဂြိုဟ်ကြီးမှာ စကြဝဠာကြီး၏ မျက်လုံးနှင့် တူနေ၏။ ၎င်းမှာ အလွန်အင်မတန်မှ အရွယ်အစားသေးငယ်ပြီး တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ရီနေသည့် ချုံးရိကျစ်အား စိုက်ကြည့်နေသည်။ သူ၏ စိတ်လှုပ်ရှားမှုများနှင့် တိုက်ခိုက်လိုစိတ်များမှာမူ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားပြီဖြစ်သည်။

ချုံးရိကျစ်မှာ သူ၏ ခန္ဓာကိုယ်အား တည်ငြိမ်အောင် ထိန်းသိမ်းထားနိုင်စွမ်းမရှိဘဲ ဖြစ်နေရ၏။ တာအိုဂြိုဟ်ကြီးနှင့် ၎င်း၏ ဂြိုဟ်ရံများဆီမှ ထွက်ပေါ်နေသည့် ကြောက်မက်ဖွယ်ရာ စည်းမျဉ်းဥပဒေသစွမ်းအားများကြောင့် သူ၏ ဘေးပတ်ဝန်းကျင်တစ်ခုလုံးမှာ တွန့်လိမ်ပုံပျက်နေရသည် မဟုတ်ပါလော။

" ဒါ... ဒါ ဂြိုဟ်တစ်လုံးရော ဟုတ်ရဲ့လား " ချုံးရိကျစ်မှာ ထိုသို့ ရေရွတ်လိုက်ပြီးနောက် မျက်ဝန်းများထဲ၌ တုန်လှုပ်ချောက်ချားမှု အရိပ်အယောင်များ ပေါ်ပေါက်လာ၏။ ထို့နောက် သူသည် အသက်ရှူကြိမ် အနည်းငယ်ခန့် နှုတ်ဆိတ်သွားပြီး.... နောက်သို့လှည့်ကာ အဝေးသို့ ချက်ချင်း ထွက်ပြေးဆုတ်ခွာသွားတော့သည်။ သူသည် နောက်သို့ တစ်ချက်ပင် လှည့်မကြည့်ဘဲ သူ၏ ကျင့်ကြံခြင်းစွမ်းအားများ အားလုံးကို အသုံးပြုကာ အရှိန်မြှင့်တင်၍ သွေးရူးသွေးတန်းနှင့် ထွက်ပြေးသွားခြင်း ဖြစ်သည်။

All Chapters