← Chapters

အနည်းငယ် နာကျင်သွားရပါသော

Vol. 80 Ch. 1106

အနည်းငယ် နာကျင်သွားရပါသော

Vol. 80 Ch. 1106

" သေစမ်း၊ သေစမ်း "

" သူက ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက်လို့ ဘယ်သူပြောတာလဲဟ "

" ဒီလောက် ကြောက်ဖို့ကောင်းတဲ့ ဂြိုဟ်အဆင့် ကျင့်ကြံသူမျိုး ငါ တစ်ခါမှမမြင်ဖူးဘူး "

ချုံးရိကျစ်မှာ မြန်ဆန်လွန်းနေသောကြောင့် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွား၏။ မျက်စိတစ်မှိတ်အတွင်းတွင် သူသည် ဝမ်ပေါင်လဲ့နှင့် ပေထောင်ပေါင်းများစွာ အကွာသို့ ရောက်သွားအောင် ထွက်ပြေးဆုတ်ခွာသွားပြီ ဖြစ်သည်။ သူသည် လုံးဝ ရပ်တန့်သွားခဲ့ခြင်းမရှိသလို သူ၏ ဂုဏ်သိက္ခာကိုလည်း ထည့်တွက်နေခြင်းမရှိပေ။ သူသည် စတင် ပေါ်ပေါက်လာစဉ်တုန်းက မောက်မာဝင့်ကြွားစွာ ပြောဆိုပြုမူခဲ့ပါသော်လည်း အခြေအနေများမှာ ပြောင်းလဲသွားပြီဖြစ်သည်။

သို့သော် သူသည် ယခုလို ထွက်ပြေးဆုတ်ခွာလာရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။ သူ၏ ကိုယ်ပွားမှာ သူ၏ ခန္ဓာကိုယ်အစစ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေသည်မဟုတ်ပါလော။ သို့ဖြစ်ရာ အကယ်၍ သူ၏ ကိုယ်ပွားသာ တစ်ခုခု ဖြစ်သွားမည်ဆိုပါက သူ၏ ခန္ဓာကိုယ်အစစ်မှာလည်း အနည်းနှင့်အများ ထိခိုက်ဒဏ်ရာရသွားမည် ဖြစ်သည်။ ထို့ကြောင့် သူသည် နှလုံးသားထဲ၌ ကြောက်စိတ်များဖြင့် ပြည့်နှက်သွားရပြီး သူ့ကိုယ်သူ ကျိန်ဆဲပစ်ချင်စိတ်များ ပေါ်ပေါက်လာတော့သည်။

သူသည် ရူးသွပ်လုမတတ် ဖြစ်နေပြီး စကြဝဠာကြီးထဲ၌ ကံအဆိုးဆုံးလူသား ဖြစ်နေသည့်အလား ခံစားနေရ၏။

" တစ်ခုခုတော့ လွဲနေပြီ။ ဒီကောင်က ဘယ်လိုလုပ်ပြီး... " ချုံးရိကျစ်မှာ နောင်တကြီးစွာ တစ်ကိုယ်တည်း ရေရွတ်နေရပြီ ဖြစ်သည်။ အကယ်၍ သူ၏ ခန္ဓာကိုယ်အစစ်သာ ရှိနေပါက သူသည် ဝမ်ပေါင်လဲ့အား အလွယ်တကူ သတ်ဖြတ်နိုင်စွမ်း ရှိနေမည်ဖြစ်သည်။ သို့သော် သူ၏ ကိုယ်ပွားမှာ သူ၏ ခန္ဓာကိုယ်အစစ် ပိုင်ဆိုင်ထားသော တိုက်ရည်ခိုက်ရည် စွမ်းအားများ၏ သုံးဆယ်ရာခိုင်နှုန်းကိုသာ ပိုင်ဆိုင်ထားသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူသည် သမိုင်းတစ်လျှောက်တွင် ပထမဆုံးအကြိမ်အဖြစ် ပေါ်ပေါက်လာသည့် ထို ဂြိုဟ်အဆင့် ကျင့်ကြံသူကြီးအား သတ်ဖြတ်နိုင်မည်မဟုတ်ပေ။

ထို့ကြောင့် သူသည် အသိစိတ်ပျောက်လုမတတ် ခံစားနေရသလို သူ့အား ဝမ်ပေါင်လဲ့မှာ ဂြိုဟ်အဆင့်တွင်သာ ရှိနေသေးကြောင်း ပြောပြခဲ့သည့် ပုဂ္ဂိုလ်ကြီးကိုလည်း ကျိန်ဆဲနေမိတော့သည်။ သူ၏ အမြန်နှုန်းမှာလည်း တဖြည်းဖြည်းနှင့် ပို၍ မြန်ဆန်လာသဖြင့် မျက်စိတစ်မှိတ်အတွင်းတွင် သူသည် အဝေးကြီးသို့ ရောက်သွား၏။

သူ၏ ပတ်ပတ်လည်တွင် ရှိနေခဲ့ကြသည့် ထာဝရကြယ်အဆင့် တာအိုအစောင့်ရှောက်များမှာမူ အံ့အားသင့်နေကြခြင်း မရှိပေ။ ထို့အပြင် သူတို့မှာ ချုံးရိကျစ် ပေါ်ပေါက်လာသည်ကို မြင်လိုက်ရသည့် အချိန်ကတည်းက ယခုလို ဖြစ်လာလိမ့်မည်ဟု ကြိုတင်မှန်းဆထားခဲ့ကြပြီးသား ဖြစ်သည်။

ချန်ဟန်းမှာဆိုလျှင် မောက်မာဝင့်ကြွားမှု အရိပ်အယောင်များ ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် အေးစက်စက် နှာမှုတ်ကာ ကြိမ်းဝါးလိုက်သည်။

" အဖေ့ကိုများ တိုက်ခိုက်ရဲရတယ်လို့။ ဒီကောင်က ဦးနှောက်တစ်ခန်းလွတ်နေတာပဲ ဖြစ်မှာ။ အဖေက အဖေပါပဲ "

ရှဲ့ဟေးရန်မှာ ထိုစကားများကို ကြားလိုက်ရသောအခါ နေမထိထိုင်မသာ ဖြစ်သွားရ၏။ သူသည် ဝမ်ပေါင်လဲ့ကြောင့် မဟုတ်ဘဲ ချန်ဟန်းအား ရွံရှာစက်ဆုပ်နေသောကြောင့်သာ ထိုကဲ့သို့ ခံစားလိုက်ရခြင်းဖြစ်သည်။ သူ၏ အမြင်တွင် ချန်ဟန်းမှာ အရှက်လုံးဝမရှိဘဲ အခွင့်အရေးရတိုင်း ဝမ်ပေါင်လဲ့အား မျက်နှာချိုသွေးနေသည် မဟုတ်ပါလော။ သူ့ဆီတွင် ကျင့်ကြံသူတစ်ယောက်၏ ဂုဏ်သိက္ခာဟူ၍ တစ်ပြားတစ်ချပ်ပင် မကျန်တော့ပေ။ သို့ဖြစ်ရာ ဖြောင့်မတ်မှန်ကန်ပြီး မာနကြီးသော ရှဲ့ဟေးရန်မှာ ထိုကဲ့သို့သော လူများနှင့် အဆက်အဆံ မလုပ်လိုပေ။

ထို့ကြောင့် သူသည် နှာမှုတ်လိုက်ပြီး ရိုသေလေးစားမှု အပြည့်ရှိသော မျက်နှာအမူအရာဖြင့် ပြုံးလိုက်၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့အား တရိုတသေ ဦးညွှတ်အရိုအသေပေးကာ စိတ်အားထက်သန်မှု အပြည့်ရှိသော လေသံဖြင့် အော်ပြောလိုက်တော့သည်။

" အခုလို အောင်မြင်မှုကြီးတွေကို ဆွတ်ခူးနိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ် ဦးလေးဆရာ။ အခုကစပြီးတော့ ဦးလေးဆရာက ဒီကမ္ဘာကြီးထဲမှာ ပြိုင်ဘက်ကင်းသွားတော့မှာ။ ဦးလေးဆရာနဲ့ ဆုံတွေ့ခွင့်ရတာ ကျွန်တော့်အတွက် မိုးကောင်းကင်ကြီးက ချီးမြှင့်တဲ့ အခွင့်အရေးတစ်ခုလိုပါပဲ။ ကျေးဇူးပြုပြီးတော့ တစ်သက်လုံး ဦးလေးဆရာရဲ့ နောက်ကနေ လိုက်ပြီး ဦးလေးဆရာရဲ့ သင်ကြားပြသမှုတွေကို ခံယူခွင့်ပေးပါ "

ချန်ဟန်းမှာ ရှဲ့ဟေးရန်၏ စကားများကို ကြားလိုက်ရသောအခါ တအံ့တဩဖြစ်သွား၏။ ထို့နောက် သူသည် မျက်လုံးများမှေးကာ ရှဲ့ဟေးရန်အား အေးစက်စက်မျက်ဝန်းများဖြင့် စိုက်ကြည့်နေလိုက်သည်။ သူ၏ အမြင်တွင် ရှဲ့ဟေးရန်မှာ အလွန်အင်မတန်မှ မုန်းတီးစက်ဆုပ်ဖွယ်ရာ ကောင်းနေပြီး ခေါင်းထဲ၌ မကောင်းသည့် အကြံများဖြင့်သာ ပြည့်နှက်နေလိမ့်မည်ဟု ခံစားနေရ၏။ ထို့ကြောင့် သူသည် အေးစက်စက် နှာမှုတ်လိုက်ပြီး ဝမ်ပေါင်လဲ့အား ဆက်၍ မျက်နှာချိုသွေးရန် ပြင်လိုက်သည်။

သို့သော် ထိုအချိန်တွင် လူတိုင်း၏ အမြင်အာရုံထဲမှ ပျောက်ကွယ်သွားခါနီးဆဲဆဲ ဖြစ်နေသည့် ချုံးရိကျစ် ရှိနေသည့်နေရာမှ အုန်းခနဲ အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာသည်။ သူသည် မျက်လုံးဖြင့် မမြင်နိုင်သည့် နံရံကြီးတစ်ခုအား ဝင်တိုက်မိသွားသကဲ့သို့ပင်။

ထိုအသံကြီးမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားပြီး အာကာသကောင်းကင်ကြီးထဲ၌ တုန်ခါမှုလှိုင်းများအဖြစ် ပြောင်းလဲသွား၏။ ထိုအသံကြီး ထွက်ပေါ်လာချိန်တွင် ချုံးရိကျစ်မှာ ချုံးပွဲချ အော်ငိုပစ်ချင်စိတ်များ ပေါက်လာပါသော်လည်း မျက်ရည်တစ်စက်မှ ကျမလာခဲ့ပေ။ သူသည် တစ်ခေါင်းလုံး မူးဝေနေပြီး ရီဝေဝေဖြစ်နေသည့် မျက်ဝန်းများဖြင့် သူ၏ရှေ့တွင် ရှိနေသော ဟင်းလင်းပြင်ကြီးအား ငေးကြည့်နေ၏။ သူသည် သူ၏ သာမန်မျက်လုံးဖြင့် မည်သည့်အရာကိုမှ မမြင်နိုင်ပါသော်လည်း သူ၏ ဘုရားအာရုံအား အသုံးပြုလိုက်ပါက ... ခရမ်းရောင် အလင်းရောင်ဒိုင်းကာတစ်ခုကို မြင်လိုက်ရမည်ဖြစ်သည်။

ထိုဒိုင်းကာမှာ ကံကြမ္မာစွမ်းအားများ ထိုနယ်မြေထဲသို့ ဝင်ရောက်နိုင်စွမ်းမရှိအောင် ပိတ်ဆို့ထားသည့် အချုပ်အနှောင်တစ်ခု ဖြစ်သည်။

၎င်းမှာ ဝမ်ပေါင်လဲ့ ထွက်မပြေးနိုင်အောင် တားဆီးရန်နှင့် မီးတောက်ခေါင်းဆောင်ကြီး ထိုနေရာအား ရှာမတွေ့နိုင်စေရန် တပ်ဆင်ထားသည့် အချုပ်အနှောင်တစ်ခု ဖြစ်ပေသည်။ သို့သော် ယခုတွင်မူ ၎င်းမှာ ချုံးရိကျစ်အား လမ်းပိတ်ထားသည့် အကာအရံတစ်ခုအဖြစ်သို့ ရောက်သွားပြီဖြစ်သည်။

ထို အချုပ်အနှောင်အား ဖယ်ရှားလိုပါက အချိန်ပေးရမည်ဖြစ်သည်... ၎င်းအား တပ်ဆင်ခဲ့သည့် ခရမ်းရောင်လူရိပ်ကြီးပင်လျှင် အခြေအနေများမှာ ယခုလိုဖြစ်သွားလိမ့်မည်ဟု ထင်မှတ်ထားခဲ့မည် မဟုတ်ပေ။ ထို့ကြောင့်လည်း ၎င်းမှာ ယခုအထိ ရှိနေရခြင်း ဖြစ်သည်။

ထို အချုပ်အနှောင်ကြောင့် ချုံးရိကျစ်မှာ ပို၍ပင် အမျက်ချောင်းချောင်း ထွက်သွားရ၏။ ထိုအချိန်တွင် သူ၏ တာအိုဂြိုဟ်စွမ်းအားများ အားလုံးကို ထုတ်ပြခဲ့သည့် ဝမ်ပေါင်လဲ့မှာ ခပ်လှမ်းလှမ်းရှိ ချုံးရိကျစ်၏ ကိုယ်ပွားအား စိတ်ဝင်တစား ဖြစ်နေသည့် မျက်ဝန်းများဖြင့် လှမ်းကြည့်လိုက်သည်။ ထို့နောက် သူသည် တည်ကြည်မှုအပြည့်ရှိသော လေသံဖြင့် မေးလိုက်၏။

" ဘာလဲ။ တံခါးကို သော့ခတ်ထားပြီး သော့ပျောက်နေတာလား "

ထိုအခါ ချုံးရိကျစ်မှာ ကတုန်ကယင်နှင့် နောက်သို့လှည့်လာပြီး ဧရာမ ဂြိုဟ်ကြီးအား လှမ်းကြည့်လိုက်၏။ သူသည် ထို ဂြိုဟ်ကြီးပေါ်ရှိ ဝမ်ပေါင်လဲ့၏ လူရိပ်အား ရှင်းလင်းပြတ်သားစွာ မြင်နိုင်စွမ်းမရှိဘဲ မှုန်ဝါးဝါး လူရိပ်တစ်ခုကိုသာ မြင်နေရသည်။ ထို့ကြောင့် သူသည် အသက်ရှုကြိမ် အနည်းငယ်ခန့် နှုတ်ဆိတ်သွားပြီးနောက် မျက်ဝန်းများ အရောင်တောက်ပသွား၏။

သူသည် ဓားအိမ်ထဲမှ ထွက်လာတော့မည့် အသွားထက် ဓားတစ်လက်ကဲ့သို့ပင်။ သူ၏ ခန္ဓာကိုယ်ထဲတွင် ထစ်ချုန်းသံများ ပဲ့တင်ထပ်နေပြီး သူ၏ တိုက်ခိုက်လိုစိတ်များမှာလည်း တစ်မုဟုတ်ချင်း ထိုးတက်သွား၏။ ထို့နောက် ၎င်းမှာ အရပ်မျက်နှာအနှံသို့ ပျံ့နှံ့သွားသဖြင့် ဘေးပတ်ပတ်လည်တွင် ရှိနေသည့် ထာဝရကြယ်အဆင့် တာအိုအစောင့်ရှောက်များမှာ မျက်နှာအမူအရာများ ပြောင်းလဲသွားတော့သည်။

ချုံးရိကျစ်မှာ မကြာသေးမီတုန်းက ပုံစံနှင့် လုံးဝမတူတော့သည်ကို အထင်အရှား မြင်နိုင်ပေသည်။ သူသည် အလောတကြီး ထွက်ပြေးနေခြင်းမရှိတော့သလို မောက်မာဝင့်ကြွားနေခြင်းလည်း မရှိတော့ဘဲ တည်ကြည်မှုအပြည့် ရှိနေ၏။ တစ်ချိန်တည်းမှာပင် သူသည် အစွမ်းထက် ကျင့်ကြံသူတစ်ယောက်၏ အငွေ့အသက်များကိုလည်း ထုတ်လွှတ်နေသေးသည်။

သူသည် အချုပ်အနှောင်ကြီးအား ကျောပေး၍ ရပ်ကာ ဝမ်ပေါင်လဲ့၏ ဂြိုဟ်ကြီးအား လှမ်းကြည့်လိုက်ပြီးနောက် မေးလိုက်၏။

" ငါ တကယ် ပေါ့ဆမိသွားခဲ့တာပါ။ ဝမ်ပေါင်လဲ့။ ငါ ဒီနေရာကနေ ထွက်သွားချင်တယ်။ မင်းနဲ့လည်း ဆက်ပြီးတော့ မပတ်သက်ချင်တော့ဘူး။ မင်းဘက်က သဘောတူနိုင်မလား "

ယခင်တုန်းနှင့် လုံးဝ မတူလောက်အောင် ပြောင်းလဲသွားသည့် ချုံးရိကျစ်၏ လေသံနှင့် အငွေ့အသက်များကြောင့် သူသည် ရန်မစသင့်သည့် လူတစ်ယောက်အဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။ ထို့ကြောင့် ဘေးနားတစ်ဝိုက်တွင် ရှိနေကြသည့် ထာဝရကြယ်အဆင့် တာအိုအစောင့်ရှောက်များမှာ ကြောက်ရွံ့တုန်လှုပ်သွားကြပြီး ဂြိုဟ်တစ်လုံးအဖြစ် ရှိနေသည့် ဝမ်ပေါင်လဲ့အား လှမ်းကြည့်လိုက်ကြ၏။

ဝမ်ပေါင်လဲ့မှာမူ စကားတစ်ခွန်းမှ မပြောဘဲ သူ၏ ညာဘက်လက်ကို မြှောက်ကာ ချုံးရိကျစ် ရှိနေသည့် နေရာသို့ ဆန့်ထုတ်လိုက်၏။ ထိုအခါ သူ၏ ဂြိုဟ်ကြီးမှာ သိမ့်ခနဲ တုန်ရီသွားကာ ၎င်းထဲမှ အလင်းစက်လုံးတစ်လုံး ထိုးထွက်လာပြီး ဧရာမ ပုံရိပ်ယောင်လက်ဝါးကြီးတစ်ခုအသွင် ပြောင်းလဲသွားတော့သည်။ ထိုဂြိုဟ်ကြီး၏ ပတ်ပတ်လည်တွင် ရှိနေသည့် တစ်ဝက်တစ်ပျက် တာအိုဂြိုဟ်ကိုးလုံးမှာလည်း အလင်းတန်းများ ထုတ်လွှတ်လိုက်ကြ၏။ ထို အလင်းတန်းများမှာ ရှေ့သို့ အလျင်အမြန် ထိုးထွက်သွားကြပြီး ပုံရိပ်ယောင် လက်ဝါးကြီးနှင့် တစ်သားတည်း ပေါင်းစည်းသွားသဖြင့် လက်ချောင်းငါးချောင်း ပေါ်ပေါက်လာသည်။

နောက်ဆုံးတွင် ထိုလက်ဖဝါးကြီးမှာ မိုးကောင်းကင်ကြီးကိုပင် ပြောင်းပြန်လှန်ပစ်နိုင်စွမ်း ရှိနေသည့်ပုံ ပေါက်နေတော့သည်။ ၎င်းမှာ သဘာဝစည်းမျဥ်းဥပဒေသ စွမ်းအားများနှင့်အတူ ချုံးရိကျစ်ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားနေပြီ ဖြစ်သည်။

ထိုအခါ ချုံးရိကျစ်မှာ မျက်ခုံးများပင့်လိုက်၏။ သူ၏ အငွေ့အသက်များမှာ နောက်ထပ်တစ်ကြိမ်ထပ်၍ ပြောင်းလဲသွားပြီး မကြာသေးမီတုန်းကလို တည်ငြိမ်နေခြင်းမရှိတော့ပေ။ သူသည် ဖိနှိပ်အားကောင်းသည့် အငွေ့အသက်များကို ထုတ်လွှတ်နေပြီ ဖြစ်သည်။ သူ၏ မျက်ဝန်းများထဲတွင်လည်း ကြောက်မက်ဖွယ်ရာ အလင်းရောင်များ တောက်ပနေသေးသည်။

" စိတ်ဝင်စားစရာပဲ။ ငါ့ တိုက်ရည်ခိုက်ရည်စွမ်းအား စုစုပေါင်းရဲ့ ဆယ်ရာခိုင်နှုန်းပဲပါတဲ့ ကိုယ်ပွားတစ်ခုကို လွှတ်မိလိုက်တာ မှားပြီထင်တယ်။ မင်းလို ပြိုင်ဘက်မျိုးကို ငါ့ရဲ့ ခန္ဓာကိုယ်အစစ်နဲ့ပဲ တိုက်ခိုက်သင့်တာ။ မင်း... ငါနဲ့ သူသေကိုယ်သေ တိုက်ခိုက်ချင်တာ သေချာလား " ချုံးရိကျစ်မှာ ထိုသို့ဆိုလိုက်ပြီးနောက် သူ၏ ဓားရိုးအား ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်၏။ သူ၏ မျက်ဝန်းများထဲရှိ တိုက်ခိုက်လိုစိတ်များမှာလည်း မိုးကောင်းကင်ထဲအထိ ထိုးတက်သွားသည်။

ပုံရိပ်ယောင် လက်ဖဝါးကြီး သူ၏အနီးသို့ ရောက်လာချိန်တွင် ချုံးရိကျစ်မှာ သူ၏ ဝတ်ရုံထဲမှ ဓားကို ဆွဲထုတ်ကာ အသံကုန်အော်ဟစ်၍ ၎င်းအား လှမ်းခုတ်လိုက်၏။

သူ ထိုသို့ လှမ်းခုတ်လိုက်သည်နှင့် သူ၏ ထာဝရကြယ် ပေါ်ပေါက်လာပြီး သူ၏ ဓားနှင့် တစ်သားတည်း ပေါင်းစည်းသွားသည်။ ထိုအခါ ၎င်းမှာ မည်သည့်အရာနှင့်မှ နှိုင်းယှဉ်၍မရသည့် အငွေ့အသက်တစ်မျိုးကို ထုတ်လွှတ်နေရင်း လက်ဖဝါးကြီးနှင့် ရိုက်ခတ်မိသွားတော့သည်။

သို့သော်... မည်သည့် ထစ်ချုန်းသံမှ ထွက်ပေါ်လာခြင်းမရှိပေ။ ချုံးရိကျစ်၏ ဓား လက်ဖဝါးကြီးနှင့် ထိသွားသည်နှင့် ရေခဲတုံးတစ်တုံးအား ရေထဲသို့ ပစ်ချလိုက်သကဲ့သို့ပင်။ ၎င်းမှာ လက်ဖဝါးကြီးထဲသို့ နစ်ဝင်သွားပြီး လုံးဝပျောက်ကွယ်သွား၏...

" ဒီလောက်ပဲလား... " ဝမ်ပေါင်လဲ့မှာမူ အနည်းငယ် စိတ်ပျက်သွားသည့် အမူအရာဖြင့် ချုံးရိကျစ်အား လှမ်းကြည့်ကာ မေးလိုက်သည်။

ထိုမြင်ကွင်းကြောင့် ချုံးရိကျစ်၏ အငွေ့အသက်များမှာ နောက်ထပ်တစ်ကြိမ်ထပ်၍ ပြောင်းလဲသွားရပြန်သည်။ ထို့နောက် သူသည် ငိုမဲ့မဲ့ဖြစ်နေသည့် မျက်နှာအမူအရာဖြင့် ပြုံးကာ ရှက်ကိုးရှက်ကန်း ဖြစ်နေသည့်လေသံဖြင့် ဆိုလိုက်၏။

" တာအိုရောင်းရင်းဝမ်။ ကျွန်တော်တို့တွေ နားလည်မှုလွဲနေပြီ ထင်... "

သူ စကားမဆုံးနိုင်ခင်မှာပင် ဝမ်ပေါင်လဲ့မှာ ခေါင်းယမ်းလိုက်၏။ ထိုအခါ သူ ထုတ်လွှတ်ထားသည့် ပုံရိပ်ယောင်လက်ဖဝါးကြီးမှာ ချုံးရိကျစ်၏ ကိုယ်ပွားအား ထွက်ပြေးလွတ်မြောက်ခွင့်မပေးဘဲ ရှေ့သို့ ဆက်လက်ရွေ့လျားလာသည်။ ၎င်းမှာ ထို ကိုယ်ပွားကြီး ရုန်းကန်လှုပ်ရှားနေသည်ကို ဂရုစိုက်နေခြင်းမရှိဘဲ ၎င်းအား ချက်ချင်း လွှမ်းခြုံသွားပြီးနောက် လက်ဖဝါးထဲ၌ ဖမ်းဆုပ်ထားလိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာမူ တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ သူ၏ ညာဘက်လက်ကို မြှောက်ကာ လက်သီးဆုပ်လိုက်၏။ ထိုအခါ သူ ထုတ်လွှတ်ထားသည့် ဧရာမ လက်ဖဝါးကြီးမှာလည်း ထိုကဲ့သို့ပင် ပြုမူလိုက်သည်။ ထို့ကြောင့် အုန်းခနဲ မြည်သံကြီးတစ်သံ ထွက်ပေါ်လာပြီး ချုံးရိကျစ်၏ ကိုယ်ပွားမှာ အော်ဟစ်မြည်တမ်းချိန်ပင် မရလိုက်ပဲ ထို လက်ဖဝါးကြီးထဲ၌ ပေါက်ကွဲသွားတော့သည်။

ဝမ်ပေါင်လဲ့ သူ၏ လက်အား ပြန်ဖြန့်လိုက်ချိန်တွင် ပုံရိပ်ယောင် လက်ဖဝါးကြီးထဲရှိ အရာအားလုံးမှာ ပြာမှုန့်ဘဝသို့ ရောက်သွားပြီ ဖြစ်သည်။

" အားနည်းလိုက်တာ " ထိုအခါ ဝမ်ပေါင်လဲ့မှာ ခေါင်းယမ်း၍ ရေရွတ်လိုက်၏။ ဘေးနားတစ်ဝိုက်ရှိ လူတိုင်းမှာမူ အံ့သြတုန်လှုပ်နေကြရပြီ ဖြစ်သည်။ သို့သော် သူတို့မှာ တည်ကြည်မှုအပြည့်ရှိပြီး စိတ်ပျက်နေသည့် မျက်နှာအမူအရာဖြင့် ရပ်နေသည့် ဝမ်ပေါင်လဲ့တစ်ယောက် သူ၏ လက်အား နောက်သို့ပစ်ကာ အသာအယာ ယမ်းလိုက်သည့်အချက်ကို သတိမထားမိလိုက်ပေ...

သူ၏ လက်မှာ အနည်းငယ် နာကျင်နေ၏။

သို့သော်လည်း ဝမ်ပေါင်လဲ့မှာ မျက်နှာတစ်ချက် ပျက်သွားခြင်းမရှိပေ။ သူသည် ကံကြမ္မာဂြိုဟ်ပေါ်မှ ထွက်ခွာလာခဲ့ပြီးနောက် အစွမ်းထက်ပုဂ္ဂိုလ်ကြီးတစ်ယောက်ကဲ့သို့ ပြောဆိုပြုမူရသည် သဘောခွေ့နေပြီ ဖြစ်သည်။ သူ၏ ဘေး၌ ပွဲကြည့်ပရိသတ် အများကြီး ရှိမနေသည်မှာ စိတ်မကောင်းစရာပင်။ သို့သော်လည်း သူသည် နေ့စဉ်နေ့တိုင်း ထိုကဲ့သို့ ပြောဆိုပြုမူနိုင်ရန် လေ့ကျင့်ယူရဦးမည်ဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အမူအရာ ပျက်သွားခြင်းမရှိဘဲ တည်ကြည်မှုအပြည့်ဖြင့် သူ၏ ဂြိုဟ်အား ပြန်လည်သိမ်းဆည်းလိုက်ပြီး စစ်သင်္ဘောကြီးဆီသို့သာ ပြန်သွားလိုက်၏။

" သွားကြစို့ “

All Chapters