အမတခုံရုံးမှဧကရာဇ်
Vol. 78 Ch. 1092
အခန်း (၁၀၉၂) အမတခုံရုံးမှဧကရာဇ်
ပိုးသားဧကရာဇ်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်ခြင်းဖြစ်သော်လည်း လွှမ်းခြုံဧကရာဇ်ကတော့ သူ့ကိုလှမ်းကြည့်လိုက်မိသည်။
ထိုအချိန် ရန်ကျောက်ကဲက သူ၏စွမ်းအားရောင်ဝါများကို ဖြည်းညင်းစွာ ရုတ်သိမ်းလိုက်ပြီး သူ၏ခန္ဓာကိုယ်အနှံ သွေးကြောဆုံချက်များမှ ထွက်ပေါ်နေသော ကြယ်စင်ရောင်အလင်းတန်းများသည်လည်း တဖြည်းဖြည်း သူ၏ခန္ဓာကိုယ်အတွင်း ပြန်လည်ဝင်ရောက်သွားသည်။
သူက မျက်လုံးဖွင့်လိုက်ပြီး ပိုးသားဧကရာဇ်နှင့် လွှမ်းခြုံဧကရာဇ်တို့ကိုကြည့်ကာ ပြုံးလိုက်သည်။
“ဒီ ‘ရန်’ စိတ်လွတ်ကိုယ်လွတ် ကျင့်ကြံနေတာ ဧကရာဇ်နှစ်ပါးအတွက် ရယ်စရာဖြစ်စေပါပြီ”
ပိုးသားဧကရာဇ်နှင့် လွှမ်းခြုံဧကရာဇ် နှစ်ယောက်လုံးက...
“ပြဿနာမရှိပါဘူး”
မန်ဝမ်က ပြုံးလိုက်ရင်း...
“ကျင့်ကြံခြင်းအဆင့်တက်သွားတာ ဂုဏ်ပြုပါတယ် အစ်ကိုကြီး’ရန်’...”
“ကျေးဇူးတင်ပါတယ် ညီမလေး’မန်ဝမ်’”
ရန်ကျောက်ကဲ မတ်တတ်ရပ်လိုက်ပြီး သူ့အရှေ့မှ မီးလျှံနတ်ဆိုးနန်းတော်ကြီးကို ကြည့်လိုက်သည်။
“ဒီနေရာမှာ ဘာမှမရှိတော့ဘူး...”
ထို့နောက် သူတို့အားလုံး မီးလျှံနန်းတော်ကြီးအတွင်းမှ ပြန်ထွက်လာကြသည်။
လွှမ်းခြုံဧကရာဇ်က တည်ကြည်လေးနက်စွာဖြင့်...
“’ဖန်း’ မိန်းကလေးက ရာဟုကြယ်ထက်ယံအရှင်သခင်နဲ့ ရုန်းကန်ရင်း ငရဲကိုးထက်နက်ရှိုင်းရာကို ဆက်ဝင်သွားတယ် ၊ ငါတို့အတွက်လည်း ဘာသဲလွန်စမှ မကျန်တော့ဘူး ၊ ရှေ့ဆက်သွားမယ်ဆိုရင် ဘာမှ အကျိုးမရှိဘူး ၊ အန္တရယ်များတာပဲ အဖတ်တင်မယ်”
ဟုတ်ပေ၏။
ငရဲကိုးထပ်ဆိုသည်က နတ်ဆိုးအမြောက်အမြားရှိသည့်နေရာတစ်ခုပင် မဟုတ်ပါလား။
လွှမ်းခြုံဧကရာဇ်က ရန်ကျောက်ကဲနှင့် မန်ဝမ်ကို ကြည့်ရင်း...
“ဆိုလိုတာက ငါတို့တွေ အထက်ဘုံကမ္ဘာကိုပြန်ပြီး ဒီကိစ္စကို ဧကရာဇ် (၃)ပါးဆီ သတင်းပို့ရမယ် ၊ ရေရှည် ဘယ်လိုအစီအစဉ်တွေပြုလုပ်မလဲဆိုတာ သူတို့ကို မေးရမယ်”
“နောက်မှ ငရဲကိုးထပ်မှာ ‘ဖန်း’ မိန်းကလေးကို ထပ်ပြီး ရှာဖွေချင်တယ်ဆိုရင် ဧကရာဇ် (၃)ပါး အကူအညီနဲ့ ဒီထက်နက်ရှိုင်းတဲ့နေရာကို သွားရောက်ဖို့ စီစဉ်နိုင်လိမ့်မယ်”
ထိုစကားကိုနားထောင်ရင်း ရန်ကျောက်ကဲက ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။
“ဒီ’ရန်’ ကို နားလည်ပေးလို့ ကျေးဇူးတင်ပါတယ် လွှမ်းခြုံဧကရာဇ် ၊ ကျွန်တော်ကလည်း အရေးကြီးကိစ္စကို မသိတဲ့သူမျိုး မဟုတ်ပါဘူး ၊ ဘာသဲလွန်စမှ မရှိဘဲ ငရဲကိုးထပ်နက်ရှိုင်းရာကို မျက်ကန်းတစ္ဆေမကြောက် ဝင်ရောက်မယ်ဆိုရင် ကျားခံတွင်းထဲဝင်တဲ့ သိုးသူငယ်လိုမျိုး ဖြစ်မှာပဲ ၊ အခြေအနေတွေက စိုးရိမ်ပူပန်စရာကောင်းပေမယ့် အဖြေရှာတွေ့ဖို့လည်း လောလောဆယ်မှာ ခက်ခဲနေတုန်းပဲ”
သူက ဆက်ပြောသည်။
“ဧကရာဇ်မင်းရဲ့စကားတွေက နည်းလမ်းကျပါတယ် ၊ ဒီ ‘ရန် ငြင်းဆိုစရာ မရှိပါဘူး”
ဘေးနားတွင် ရှိနေသည့် မန်ဝမ်က...
“ကျွန်မတို့ ဧကရာဇ်မင်းကို ဒုက္ခပေးမိခဲ့ပြီ ၊ အခုလောက်အထိ ကျွန်မတို့နဲ့လိုက်လာပေးတာတောင် အားနာစရာကောင်းနေပါပြီ ၊ ဒီတော့ ဧကရာဇ်မင်းနဲ့ အဖေ့ရဲ့ဆုံးဖြတ်ချက်အတိုင်းလိုက်နာပါ့မယ်”
လွှမ်းခြုံဧကရာဇ်က...
“’ဖု’ မိန်းကလေးက အားနာနေပြန်ပြီ ၊ တကယ်တော့ ဒီတစ်ခေါက် ငရဲကိုးထပ်ကိုခရီးထွက်တာ အကျိုးအမြတ် အများကြီးရခဲ့ပါတယ် ၊ ငါသာ ဒီနေရာကို လိုက်မလာဘူးဆိုရင် ရာဟုကြယ်ထက်ယံအရှင်သခင် ဒီလိုမျိုးကိစ္စကြီးတစ်ခုလုပ်ထားတယ်ဆိုတာ သိခွင့်ရမှာ မဟုတ်ဘူး”
ပိုးသားဧကရာဇ်က သူ့ကိုကြည့်ကာ ပြုံးလိုက်ရင်း...
“နည်းနည်းတော့ စိတ်မကောင်းစရာပဲ ၊ ဒါပေမဲ့ အရာအားလုံးက စီစဉ်ထားတဲ့အတိုင်း အမြဲတမ်း ဖြစ်မလာနိုင်ဘူးလေ ၊ အဲဒီလိုဆိုရင်တော့ ကပ်ဘေးနဲ့ရင်ဆိုင်ကြရမှာပဲ”
ထိုစကားကိုကြားတော့ ရန်ကျောက်ကဲနှင့် လွှမ်းခြုံဧကရာဇ်တို့၏ မျက်ဝန်းများအရောင်ပြောင်းလဲသွားကာ ပိုးသားဧကရာဇ်ကိုတစ်လှည့် မန်ဝမ်ကိုတစ်လှည့် ကြည့်လိုက်ကြသည်။
ထို့နောက် သူတို့အားလုံး မီးလျှံနတ်ဆိုးနန်းတော်ကြီးအတွင်းသို့ ဆက်လက်ဝင်ရောက်ခြင်း မပြုဘဲ လာရာလမ်းအတိုင်း လှည့်ပြန်ရန် ဆုံးဖြတ်လိုက်ကြ၏။
လမ်းတွင် ရန်ကျောက်ကဲက ပိုးသားဧကရာဇ်၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေခဲ့သော်လည်း အပေါ်ယံအမြင်တွင် သူ၏လှုပ်ရှားမှုများက ပုံမှန်အတိုင်းသာ ရှိနေသည်။
ပုံမှန်မဟုတ်သည်များက ပြင်ပကမ္ဘာမှ မြစ်ဖျားခံဆင်းသက်လာသည့်အရာများသာ ဖြစ်၏။
ရန်ကျောက်ကဲတို့အုပ်စု ငရဲကိုးထပ်မှထွက်ခွာရန်အတွက် မူလလမ်းကြောင်းအတိုင်းပြန်လှည့်လာစဉ် ခရီးတစ်ဝက်တစ်ပျက်တွင် ပြင်းထန်ပြီး စိတ်မသက်မသာဖြစ်စေသော စွမ်းအားရောင်ဝါများ ရုတ်တရက် မြင့်တက်လာကြောင်း ခံစားလိုက်ရသည်။
အဆုံးမရှိသော အမှောင်ထုထဲတွင် နေရာတိုင်း၌ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ပြည့်နက်နေသည်။
ရုတ်တရက်ပင်...
ကြီးကျယ်ခမ်းနားသော စွမ်းအားဒီရေလှိုင်းများက ပတ်ဝန်းကျင်ကို ဖြတ်ကျော်ပြီး သူတို့ရှိရာသို့ တည့်တည့်မတ်မတ် ဝင်ရောက်လာသည်။
ထိုကြောက်မက်ဖွယ်ရာ စွမ်းအားရောင်ဝါက နတ်ဘုရားတံခါးဖွင့်လှစ်ထားသော အစစ်အမှန်နတ်ဘုရားထက်ပင် သာလွန်သည်။
သူတို့အားလုံးစိတ်ထဲ ပထမဆုံး ဝင်ရောက်လာသည့်အတွေးမှာ တတ်နိုင်သမျှ သိုသိုသိပ်သိပ်ဖြင့် ခြေရာဖျောက်ထားသည့်တိုင် ငရဲကိုးထပ်မှ စွမ်းအားကြီးမားသော မဟာနတ်ဆိုးကြီးများအား စွဲဆောင်နိုင်စွမ်းရှိနေဆဲပင်ဆိုသောအချက် ဖြစ်သည်။
သို့သော်...
ကြီးကျယ်ခမ်းနားသောအသံတစ်သံ လေထုထဲတွင် လွင့်ပျံ ထွက်ပေါ်လာသည်။
“ယင်ထျန်းရှရဲ့အဆက်အနွယ် ဘယ်မှာလဲ”
“ငါကိုယ်တော် ဒီရှေးရိုးစွဲတာအိုဝါဒီတွေဆီကနေ ယင်ထျန်းရှရဲ့ ယိုးမင်ဂမ္ဘီရပညာ (၁၂)ရပ်က ဆင်းသက်လာတဲ့ အမတမှော်ဝင်ပစ္စည်းရောင်ဝါကို အာရုံခံမိတယ်”
ထိုအသံကိုကြားတော့ လွှမ်းခြုံဧကရာဇ် မျက်နှာပျက်သွားသည်။
“အမတခုံရုံးက ဧကရာဇ်ပဲ... ပြီးတော့ သူတစ်ယောက်တည်း မဟုတ်ဘူး”
ရန်ကျောက်ကဲက မျက်ဝန်းများကို ကျဉ်းမြောင်းလိုက်ရင်း...
“အမတခုံရုံးက ဧကရာဇ်က ငရဲကိုးထပ်ကို ဘာလို့ရောက်လာရတာလဲ ၊ ယိုးမင်ဂမ္ဘီရစက်ဝန်းကို သူတို့ မတော်တဆ အာရုံခံမိတာလား ၊ ဒါမှမဟုတ် အဲဒါက...”
သူ့စိတ်ထဲ တစ်စုံတစ်ခု တွေးမိသွားပြီး ပိုးသားဧကရာဇ်ကို ရုတ်တရက် လှမ်းကြည့်လိုက်သည်။
သို့သော် ပိုးသားဧကရာဇ်က တည်ငြိမ်စွာပင် အပြုံးမပျက် စကားဆိုလိုက်၏။
“အမတခုံရုံးက ဧကရာဇ်က စွမ်းအားကြီးမားတယ်ဆိုပေမယ့် ငါတို့ လမ်းမှန်တာအိုဘက်က ဆင်းသက်လာတဲ့ ဧကရာဇ် (၃)ပါးလောက် အစွမ်းမထက်ပါဘူး ၊ ငါနဲ့ အစ်ကို’လီ’ သူတို့ကို နိုင်အောင်မတိုက်နိုင်ပေမယ့် ထိန်းထားလို့တော့ရပါတယ် ၊ ဒါပေမဲ့ ငရဲကိုးထပ်နယ်မြေဖြစ်နေတော့ အရမ်းကာရော မတိုက်ခိုက်တာ အကောင်းဆုံးပဲ”
လွှမ်းခြုံဧကရာဇ်က ပိုးသားဧကရာဇ်ကို လေးလေးနက်နက် တစ်ချက်ကြည့်လိုက်ပြီးနောက် ပြတ်သားစွာဖြင့်...
“ဒါဖြင့် အရင်ဆုံး ရှောင်သွားကြရအောင်...”
ထို့နောက် သူက အနက်ရောင်အင်္ကျီလက်ကိုဝှေ့ယမ်းလိုက်ပြီး ရန်ကျောက်ကဲကို ခေါ်ဆောင်ကာ အခြားတစ်ဖက်ဆီသို့ ပျံသန်းထွက်ခွာသွားသည်။
ပိုးသားဧကရာဇ်ကလည်း မန်ဝမ်ကိုခေါ်ဆောင်ပြီး လွှမ်းခြုံဧကရာဇ်နောက်မှ လိုက်ပါသွားသည်။
ထို့အတူ သူတို့နောက်မှ ပြင်းထန်သော စွမ်းအားဒီရေလှိုင်းများ ထွက်ပေါ်လာပြီး ဒုတိယအသံတစ်သံ ထွက်ပေါ်လာသည်။
“လီကျွင်း ၊ ဖုယွင်ချီ ၊ ကျုပ်တို့ကြားမှာ ကိစ္စတွေကို အရုပ်ဆိုးအောင် လုပ်မလို့လား”
လွှမ်းခြုံဧကရာဇ်က...
“မင်းတို့က ကျုပ်တို့သွားမယ့်လမ်းကို ပိတ်ဆို့တာပဲ ၊ အပြစ်တင်ရကြေးဆိုရင် ကျုပ်တို့က မင်းတို့ကို အပြစ်တင်ရမှာ”
သူက ဆက်ပြောသည်။
“အမတခုံရုံးနယ်မြေက ကျုပ်တို့ကြားက သဘောတူညီချက်ကို ဖောက်ဖျက်ချင်တာလား”
ပထမအသံက ပဲ့တင်ထပ် ပြန်လည်ထွက်ပေါ်လာသည်။
“အကြောင်းပြချက်တွေပြောမနေနဲ့ ၊ ယင်ထျန်းရှက ကိုယ့်သေတွင်းကိုယ်တူးတဲ့သူပဲ ၊ ပြီးတော့ သူ့ရဲ့အဆက်အနွယ်တွေကလည်း ခွင့်မလွှတ်ထိုက်ဘူး ၊ ဒါက ကျုပ်တို့ကြားက သဘောတူညီချက်ပဲ ၊ ဒီနေ့ မင်းတို့က မြင်းရထားကိုတားဆီးချင်တဲ့ ပုရွက်ဆိတ်လို အပြုအမူမျိုး လုပ်ချင်တယ်ဆိုရင်တော့ ကျုပ်တို့ကို မသက်ညှာဘူးဆိုပြီး အပြစ်မတင်နဲ့”
လွှမ်းခြုံဧကရာဇ်က သိမ်မွေ့သည့်အသံဖြင့်...
“ဒါဖြင့် အပြစ်ပြုရပါတော့မယ်”
ပြောပြီးသည်နှင့် သူက တောက်ပသည့်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ငရဲကိုးထပ်အမှောင်ထုကိုဖြတ်ကျော်ပြီး ပိုးသားဧကရာဇ်နှင့်အတူ ထွက်ခွာသွားသည်။
လွှမ်းခြုံဧကရာဇ်က သူ့ကိုခေါ်ဆောင်ပြီး လွတ်မြောက်ရန်ကြိုးစားခြင်းကို ရန်ကျောက်ကဲက စိတ်ထဲမထားပေ။ သူက အနောက်မှလိုက်လာသည့် ပိုးသားဧကရာဇ်ကိုသာ အကဲခတ်လေ့လာနေသည်။
ထိုအချိန်...
အနက်ရောင်နတ်ဆိုးချီများဖြင့် ပြည့်နက်နေသော လေထုထဲတွင် အဝါရောင်သဲလုံးများ မြင့်တက်လာကြောင်း တွေ့လိုက်ရ၏။
မိုင်ထောင်ချီ ကျယ်ပြောသော သဲပင်လယ်ကြီးတစ်ခု ထွက်ပေါ်လာပြီး ရန်ကျောက်ကဲတို့အုပ်စုနောက်သို့ လိုက်ပါလာသည်။
ဇာမဏီငှက်တစ်ကောင်က သဲပင်လယ်အထက် လေထုထဲသို့ ပျံသန်းထွက်ပေါ်လာသည်။
ထိုဇာမဏီငှက်က ရန်ကျောက်ကဲ တွေ့မြင်ဖူးသည့် အထက်ဘုံကမ္ဘာ ၊ ဇာမဏီရိုးရာတောင် ၊ ဝူထုန်တောင်စောင်းမှ ဇာမဏီငှက်ဖြင့် တူညီခြင်း မရှိပေ။
ထိုဇာမဏီငှက်က ရေခဲဇာမဏီငှက်တစ်ကောင် ဖြစ်ပြီး အရပ် (၆)ပေမျှသာဖြစ်ကာ အလွန်သေးငယ်သည်။
သဲပင်လယ်ပြင်ထက်တွင် အတောင်ပံများဖြန့်ကာ ပျံသန်းနေသည့်တိုင် မထင်ရှားသော အဖြူရောင်အစက်လေးတစ်ခုပမာသာ တွေ့မြင်နိုင်သည်။
သို့သော် အတွင်းမှ ထွက်ပေါ်နေသည့် တန်ခိုးစွမ်းအားက လူသားအထွတ်ထိပ်အဆင့်ရှိသော ကျွမ်းရှန်ထက် အဆပေါင်းများစွာ သာလွန်သည်။
ထိုရေခဲဇာမဏီငှက်ဖြင့် နှိုင်းယှဉ်ပါက ကျွမ်းရှန်၏ မီးလျှံဇာမဏီငှက်က လမင်းနှင့်နှိုင်းယှဉ်သည့် ပိုးစုန်းကြူးပမာ ဖြစ်သွားပေမည်။
“မဟာကပ်ဘေးကြီးမတိုင်ခင်က ... ‘ရေခဲဇာမဏီဧကရာဇ်’ ဆိုတာ ထွက်ပေါ်ခဲ့ဖူးတယ် ၊ သူက ရေခဲဇာမဏီပြန်လည်မွေးဖွားခြင်းကျမ်းစာကို ကျင့်ကြံခဲ့တဲ့သူပဲ”
ရန်ကျောက်ကဲ မျက်လုံးများကျဉ်းမြောင်းရင်း တွေးလိုက်သည်။
“အမတခုံရုံးမှာ ဧကရာဇ်အဆင့်ရှိတဲ့ ကျင့်ကြံသူတစ်ယောက်က အဲဒီပညာကို အမွေဆက်ခံထားတာလား ၊ အမတခုံရုံးကျင့်ကြံသူဆိုပေမယ့် အတော်လေး အထင်ကြီးစရာကောင်းတာပဲ”
သို့သော် သဲမုန်တိုင်းပင်လယ်ပြင်နှင့်ပတ်သက်သည့် သိုင်းပညာအမျိုးအစားကိုတော့ ရန်ကျောက်ကဲ စိတ်ထဲ စဉ်းစားမရခဲ့ပေ။ ထိုသိုင်းပညာနှင့် ခပ်ဆင်ဆင်တူသည့် သိုင်းပညာအနည်းငယ်ရှိသော်လည်း အပြည့်အဝ တူညီခြင်း မရှိပေ။
ထိုသိုင်းပညာက ယိုးမင်ဂမ္ဘီရပညာ (၁၂)ရပ်ကဲ့သို့ပင် မဟာကပ်ဘေးပြီးပြီးဆုံးသည့်နောက်ပိုင်းမှ ထွက်ပေါ်လာသည့် လျှို့ဝှက်သိုင်းပညာတစ်ခု ဖြစ်နိုင်သည်။ ပညာရပ်အဟောင်းများကို တီထွင်စမ်းသစ်ပြီး အသစ်ထွက်ပေါ်လာသည့် ရလဒ်အသစ်များသာပင်။
အမတခုံရုံးနယ်မြေတွင် မွေးဖွားလာကြသောကျင့်ကြံသူများက ယုံကြည်ခြင်း ရတနာအလင်းတန်း၏တန်ခိးစွမ်းအားဖြင့် ရပ်တည်ကြသူများဖြစ်သည့်တိုင် အံ့သြဖွယ်ရာ စွမ်းအားမြင့်မားသူများစွာ ရှိနေသေးသည်။ နောက်တစ်ခုမှာ အမတခုံရုံးနယ်မြေက အလွန်တရာ လူအင်အားများသည့်အချက် ဖြစ်၏။
ယခုကဲ့သို့ နှစ်ဦးနှစ်ဖက် တိုက်ပွဲဖြစ်လုဆဲဆဲ အချိန်တွင် ပိုးသားဧကရာဇ်နှင့် လွှမ်းခြုံဧကရာဇ်တို့က သိုသိုသိပ်သိပ်ဖြင့် သူတို့၏လှုပ်ရှားမှုများကို ဖုံးကွယ်ခဲ့ကြသော်လည်း သူတို့၏ ပြင်းထန်သောစွမ်းအားရောင်ဝါများက ငရဲကိုးထပ်မှ နတ်ဆိုးများကို ဆွဲဆောင်မိသွားတော့သည်။
အဆုံးသတ်မှာတော့ ငရဲကိုးထပ်မှ အစစ်အမှန်နတ်ဘုရားအဆင့်နှင်ညီမျှသော မဟာနတ်ဆိုးကြီးတစ်ယောက်ကို ဆွဲဆောင်မိသွားပြီး ဆူညံသောကြုံးဝါးသံများ ပဲ့တင်ထပ်ထွက်ပေါ်လာကာ ကြောက်မက်ဖွယ်ရာအငွေ့အသက်များ ပတ်ဝန်းကျင်တစ်ခုလုံး လွှမ်းခြုံသွားသည်။
အမတခုံရုံးမှ တန်ခိုးစွမ်းအားရှင်များနှင့် နတ်ဆိုးများက ပူးပေါင်းတိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိသော်လည်း ရန်ကျောက်ကဲတို့အုပ်စုအား ညှပ်ပူးညှပ်ပိတ် တိုက်ခိုက်သည့်ပမာ ဖြစ်သွားသည်။
မဟာနတ်ဆိုးကြီးက ရန်ကျောက်ကဲတို့အုပ်စု သွားရာလမ်းကို အရှေ့ဘက်မှ ပိတ်ဆို့လိုက်ချိန် အမတခုံရုံးနယ်မြေမှ ကျင့်ကြံသူများက အခွင့်အရေးယူကာ ချက်ချင်း အမီလိုက်လာကြသည်။
လွှမ်းခြုံဧကရာဇ်က သူ၏အင်္ကျီလက်ကိုဝှေ့ယမ်းကာ ရန်ကျောက်ကဲကိုလွှတ်ပေးလိုက်သလို ပိုးသားဧကရာဇ်ကလည်း မန်ဝမ်ကို လွှတ်ပေးလိုက်သည်။
တိုက်ပွဲအတွက် အပြည့်အဝ အာရုံစိုက်ရတော့မည် ဖြစ်လေရာ ရန်ကျောက်ကဲနှင့်မန်ဝမ်အား ဘေးသို့ ဆုတ်ခွာစေလိုက်ခြင်း ဖြစ်၏။
အဖွဲ့ (၃)ဖွဲ့ကြား ရန်ပွဲစတင်ပြီဖြစ်လေရာ ငရဲကိုးထပ် နတ်ဆိုးနယ်မြေတစ်ခုလုံး ပရမ်းပတာ ကမောက်ကမအခြေအနေ စတင်ဖြစ်ပေါ်လာလေတော့၏။