← Chapters

တတိယခုံရုံး အစည်းအဝေး

Vol. 69 Ch. 958

တတိယခုံရုံး အစည်းအဝေး

Vol. 69 Ch. 958

ခုံရုံးအဖွဲ့သားများက စောစောစီးစီး ရောက်လာကာ ယခင်နှစ်ထောင်ပိုင်းအတွင်း သူတို့စုဆောင်းထားသည့် ကုသိုလ်များကို အသုံးပြု၍ ပစ္စည်းများဖြင့် လဲလှယ်နေကြသည်။ တချို့သူများက အရင်ကြိုတင်၍ လဲလှယ်ထားသူများ ဖြစ်သော်လည်း တချို့မျိုးနွယ်များကမူ စာရင်းက ဆင့်ကဲပြောင်းလဲသွားမည် ဖြစ်သည့်အတွက် သူတို့၏ ကုသိုလ်များကို စုဆောင်းထားကြသည်။

ထင်ထားသည့်အတိုင်း သူတို့က စာရင်းကို စစ်ဆေးကြည့်သည့်အခါ ပစ္စည်းအသစ်တချို့ ထပ်ပေါင်းထားလေသည်။ အထူးသဖြင့် ထူးကဲမဟာတာအို အရင်းအမြစ် မျိုးစေနှစ်ခု ဖြစ်၏။

ထိုစာရင်းတွင် ဖော်ပြထားသည့် ညွှန်းဆိုချက်အရ ထိုမျိုးစေ့များသည် လူများအား ဒုတိယတန်းစားအဆင့်ထိ ရောက်နိုင်သည့် ဆန့်ကျင် ကျင့်ကြံသူများကို ပြုစုပျိုးထောင်ဖို့ ခွင့်ပြုထား၏။

ကောင်းကင်တာအိုက ယွမ်ထီနှင့် တူညီသည့် စနစ်တစ်ခုကို အသုံးပြုကာ သူ့ဆန္ဒဖြင့် ထိုမျိုးစေ့များကို ကောင်းချီးပေးထားခဲ့သည်။ ထို့ကြောင့် ထူးကဲသည့် မျိုးစေ့ရှိသည့် အတွင်းကမ္ဘာကို ဖန်တီးပြီးသည့်နောက်တွင် တာအိုဘိုးဘေးက တတိယတန်းစားနှင့် ဒုတိယတန်းစား မဟာဧကရာဇ်များဖြင့် ယှဉ်နိုင်သည့် ကောင်းချီးကို လက်ခံရရှိလိမ့်မည်။

နှမြောစရာကောင်းလှသည်က ထိုအရာသည် အင်မတန် ဈေးကြီးလွန်းလှ၍ တာအိုအခွင့်အလမ်းဂိုဏ်းကသာ တတ်နိုင်လေသည်။ သို့သော်လည်း ထိုထိပ်သီးမျိုးနွယ်များက ဂရုမစိုက်ပေ။ သေမျိုးအဖွဲ့အစည်းက ဖွံ့ဖြိုးတိုးတက်လာသည်မှာ နှစ်ထောင်ပိုင်းမျှသာ ရှိသေးသည့်အတွက် ဆက်လက်ဖွံ့ဖြိုးဖို့ အချိန်များစွာ ကျန်ရှိနေသေးသည်။

ထိုစာရင်းပေါ်တွင် နောက်ထပ် ထူးကဲသည့် အရာတစ်ခုက ကောင်းကင်ဧကရာဇ်ဆီမှ ဖြစ်၏။ ထိုအရာသည် ဟွင်သွမ်းချီ ပြည့်နှက်နေသည့် ကျင့်ကြံရေး ကောင်းချီးကုန်းမြေတစ်ခု ဖြစ်သည်။

ကျသင့်ဈေးနှုန်းကို ပေးချေပြီးသည့်နောက်တွင် ကျင့်ကြံဖို့အတွက် ငှားယူနိုင်သည်။

အင်မော်တယ်အဆင့် ကျင့်ကြံသူများအတွက် စွမ်းအင်က အင်မတန် အရေးကြီးလှသည်။ ထာဝရအရှင်များအတွက် ဟွင်သွမ်းချီကို အင်မော်တယ်ချီအဖြစ် ပြောင်းလဲခြင်းက ပင်ကိုချီ သို့မဟုတ် ဝိညာဉ်ချီကို အသုံးပြုခြင်းထက် ပိုမိုမြန်ဆန်ကာ လွယ်ကူစေသည်။ တာအိုဘိုးဘေးများနှင့် မဟာဧကရာဇ်များအတွက်လည်း သူတို့၏ မဟာတာအိုအရင်းအမြစ် နားလည်နိုင်စွမ်းကို မြှင့်တင်ဖို့ ထိုအရာကို စုပ်ယူနိုင်သည်။

စွမ်းအင်၏ အရည်အသွေးနှင့် သိပ်သည်းနှုန်းက မြင့်မားလေလေ သူတို့၏ ကျင့်ကြံနှုန်းက မြန်ဆန်လေလေ ဖြစ်၏။

ထိုအရာက အစောပိုင်းဧကရာဇ်ခေတ်ကာလတုန်းက မဟာဧကရာဇ်များသည် တတ်နိုင်သမျှ မြန်မြန်တက်လှမ်းဖို့ မလိုအပ်သည့် အကြောင်းအရင်းထဲမှ တစ်ခု ဖြစ်၏။ ပတ်ဝန်းကျင်က သူတို့ကို ယခုလက်ရှိအချိန်နှင့် မတူဘဲ တိုးတက်မည့် အခွင့်အရေး ပေးစွမ်းနိုင်သည်။

ထိုသူများက စာရင်းပေါ်ရှိ အရာများကို မြင်တွေ့ပြီးသည့်နောက်တွင် ဆွံ့အမိသွားကြသည်။ သူတို့က ခုံရုံးအတွင်း ဟွင်သွမ်းချီ ပြည့်နှက်နေသည့် နေရာတချို့ကို အာရုံခံစားမိခဲ့ကြ၏။ သို့သော် ကောင်းကင်ဧကရာဇ်က ထိုကောင်းချီးနယ်မြေများအတွက် သူတို့အား အခကြေးငွေ တောင်းဆိုနေသည်။

သူ့ရည်ရွယ်ချက်က သိသာလှ၏။ သူက သူတို့အား ခုံရုံးသို့ ပြောင်းရွှေ့နေစေလိုခြင်း ဖြစ်သည်။ နှစ်များစွာကြာမြင့်ပြီး ကမ္ဘာကြီးက နည်းစနစ် ပြောင်းလဲသည်ကို မြင်တွေ့ပြီးသည့်နောက်တွင် လူများစွာက ခုံရုံးဆီ ပြောင်းရွှေ့ဖို့ ကိစ္စအား အရမ်းသဘောမကျခြင်းတော့ မဟုတ်ပေ။

ထိုအရာက ခုံရုံး၏ စွမ်းအားကို တိုးမြင့်နိုင်ပြီး သူတို့အင်အားစု၏ စွမ်းအားကို လျှော့ချနိုင်သော်လည်း သူတို့က လက်ရှိဧကရာဇ်ကသာ ထွက်သွားသည်နှင့် ထိုစနစ်မှ အကျိုးအမြတ်ရမည် ဖြစ်သည့်အတွက် ထိုအပြောင်းအလဲမျိုးကို လက်ခံကြသည်။ ထိုအချိန်အခါမှ သူတို့လူများကို ခုံရုံးအတွင်း ထားရှိနိုင်သည်။

သို့သော်လည်း ကောင်းကင်ဧကရာဇ်နှင့် နီးကပ်စွာ နေထိုင်ခြင်းက သေမျိုးများသည် ကျားတစ်ကောင်နှင့် နီးကပ်စွာ နေထိုင်သကဲ့သို့ ဖြစ်သည်။ ကျားက သူတို့ကို ပစ်မှတ်မထားမှန်း သိနေသော်လည်း သေမျိုးများကမူ စိုးထိတ်ကာ ကြောက်ရွံ့နေကြလိမ့်မည်။ အကြောင်းအရင်းမှာ ထိုသားရဲက အားကြီးကာ သူတို့ကို အချိန်မရွေးသတ်နိုင်၍ ဖြစ်သည်။

ထိုသို့စိတ်အခြေအနေကြောင့် လူအများစုက ခုံရုံးတွင်နေထိုင်ဖို့ ဆန္ဒကို ဖိနှိပ်ထားကြသည်။ သို့သော် ယခုတွင် သူတို့ထံ အနှေးနှင့်အမြန် ရွေးချယ်စရာ မရှိတော့ကြောင်း သဘောပေါက်သွားခဲ့ကြ၏။ ကမ္ဘာကြီးက အလျင်အမြန် ပြောင်းလဲလာပြီး နေရာတိုင်းတွင် အခွင့်အရေးများ ရှိနေသည်။ အကယ်၍ တစ်စုံတစ်ယောက်က မယူပါက တခြားသူက ယူဆောင်သွားလိမ့်မည်။

ငါ ကျောင်းတော်ရဲ့ တရားဝင်ဧကရာဇ် ဖြစ်လာဖို့ ကုသိုလ် အလုံအလောက် စုဆောင်းပြီးသွားရင် ခုံရုံးကို ရွှေ့ရမယ်…

ရှုရှစ်က‌ တွေးလိုက်သည်။ သူမက တည်ရှိမှု ပြန်လည်တည်ဆောက်ခြင်း နည်းစနစ်ကို နားလည်ဖို့ အချိန်များစွာ လိုအပ်သည့်အတွက် ရရှိသမျှ အကူအညီများကို သုံးဖို့ လိုအပ်နေသည်။

ထို့အပြင် ဟွင်သွမ်းချီက သူမ၏ ရုပ်ခန္ဓာအတွက် အလွန်သင့်တော်လှ၏။ သူမသည် ထိုအရာကို စုပ်ယူပြီးသည့်နောက်တွင် သူမ ရရှိမည့် အကျိုးအမြတ်များက ကောင်းကင်ဧကရာဇ်ထက်ပင် ပိုမိုများပြားလိမ့်မည်။ ထို့အပြင် သူမက သူတို့အား ကမ္ဘာဦးချီအဖြစ် ဖွဲ့စည်းပစ်နိုင်သည်။

ကုသိုလ်ကို အသုံးပြု၍ ထိုကောင်းချီးနယ်မြေများကို ဝယ်ခြင်းက အချိန်ဖြုန်းတီးမှုတစ်ခု ဖြစ်သည့်အတွက် သူမက ခုံရုံးသို့ ရွှေ့ပြောင်းကာ အခွင့်ကောင်းယူဖို့သာ ဆုံးဖြတ်လိုက်သည်။

အချိန်ကုန်ဆုံးလာသည်နှင့် အစည်းအဝေး အချိန်အခါသို့ ကျရောက်လာခဲ့သည်။ ကောင်းကင်ဧကရာဇ်က ပေါ်ထွက်လာသည့်အတွက် အားလုံးက ဦးညွှတ်လိုက်ကြ၏။

“သက်တောင့်သက်သာ နေကြပါ” ဝမ်ဝေ့က အားလုံးကို လေ့လာရင်း ပြောလိုက်သည်။ အပြောင်းအလဲတချို့ ရှိကြသော်လည်း သတိထားမိဆုံးသူက မဟာကျင်းတိုင်းပြည်၏ အုပ်ချုပ်သူ ဟန်စွင်းသည် တာအိုဘိုးဘေး ဖြစ်လာခဲ့သည်။

ဝမ်ဝေ့က ထိုသူ၏ မျက်ဝန်းမှ ရည်မှန်းချက်အရိပ်အမြွက်များကို မြင်တွေ့နေရ၏။ ထိုသူ၏ အစီအစဉ်က ပထမတန်းစား ဆန့်ကျင်ကျင့်ကြံသူ ဖြစ်လာပြီး ထာဝရတန်းစားအဆင့် ဆန့်ကျင့်ကျင့်ကြံသူ ဖြစ်လာဖို့အထိ မှန်းထားကြောင်း ခန့်မှန်းမိ၏။ ထိုအခါ သူသည် ခုံရုံးတွင် အာဏာ ပိုရှိလာလိမ့်မည်။

လူသားဧကရာဇ်ရဲ့ ရွေးချယ်ထားတဲ့ ဆက်ခံသူဆိုတဲ့အတိုင်းပဲ…

ဝမ်ဝေ့က တွေးလိုက်မိသည်။

“ဒီနေ့ အစည်းအဝေးအတွင်းမှာ ငါတို့တွေ လုပ်စရာတချို့ရှိတယ်” သူက ကြေညာလိုက်သည်။ သူ့အသံက တည်ငြိမ်နေသော်လည်း အာဏာအပြည့်အဝ ရှိ၏။

“ပထမဦးဆုံး ပင်လယ်မျိုးနွယ် … သေမျိုးနေရာလွတ်ခွဲက မင်းတို့နယ်မြေတွေနဲ့ ဘာလို့ မဆက်သွယ်ရသေးတာလဲ”

ဖန်းလုံနှင့် ပင်လယ်ခြင်္သေ့မျိုးနွယ်တို့၏ ထာဝရဦးသျှောင်များက တစ်ယောက်နှင့် တစ်ယောက်ကြည့်ကာ ရှင်းပြဖို့ ပြင်လိုက်ကြသည်။

“အရှင်…”

“ကောင်းပြီ။ ခင်ဗျားတို့ ရှင်းပြနေစရာ မလိုဘူး။ ကျုပ် စကားတွေကို လျစ်လျူရှုလို့ ရတယ်လို့ ထင်မှတော့ အကျိုးဆက်ကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားလိုက်။ အခု ဒီအစည်းအဝေးအတွင်းမှာ ခင်ဗျားတို့ ဒူးထောက်နေ”

ဝမ်ဝေ့က လက်ဝှေ့လိုက်သည့်အခါ ထိုသူနှစ်ဦးအပေါ် ကြောက်မက်ဖွယ် ဖိအားတစ်ခု ကျဆင်းလာပြီး ဒူးထောက်ဖို့ ဖိအားပေးလိုက်သည်။ သူတို့၏ ခန္ဓာကိုယ်မှ အင်မော်တယ် အလင်းများ ထွက်ပေါ်နေပြီး တောင့်ခံဖို့ ကြိုးစားနေကြသော်လည်း အသုံးမဝင်ခဲ့ပေ။

ထို့နောက် သူတို့က စကားပင် မပြောနိုင်ကြကြောင်း သဘောပေါက်သွားကြ၏။

သူတို့မျက်နှာအထက် ရှက်ရွံ့မှုနှင့် အရှက်ကွဲမှုများကို မြင်တွေ့နေရသည်။ သူတို့က ဒိုင်မေးရှင်းအနိမ့်တွင် မည်မျှပင် အားနည်းစေကာမူ သူတို့သည် အဆင့်(၁၁ )ဖြစ်ပြီး လေးစားမှုနှင့် ထိုက်တန်သည်ကို ငြင်းဆန်၍ မရပေ။

“ငါ့ရဲ့ စိတ်ရှည်မှုက အကန့်အသတ်နဲ့။ ဒါက ငါ့ရဲ့ နောက်ဆုံးသတိပေးမှုပဲ” ဝမ်ဝေ့က ပြောလိုက်သည်။ သူက သတ်ဖြတ်ငွေ့ ထုတ်လွှတ်ထားခြင်း မရှိသော်လည်း အခန်းတစ်ခုလုံးက အေးခဲသွားသလို ခံစားလိုက်ရသည်။ တခြားသော ပင်လယ်မျိုးနွယ် ကိုယ်စားလှယ်များကလည်း အခြေအနေ၏ ပြင်းထန်မှုကို သဘောပေါက်သွားကြ၏။

အကယ်၍ သူတို့ကသာ ကုန်းမြေနှင့် မဆက်နွယ်ပါက သူတို့မျိုးနွယ်သည်လည်း ဆိုးရွားသည့် ကပ်ဘေးကို ခံစားရလိမ့်မည်။

ဝမ်ဝေ့က လူအုပ်ကြီးကို အာရုံစိုက်ကာ ပြောလိုက်သည်။

“သေမျိုးအဖွဲ့အစည်း ပြောင်းလဲသွားပုံကိုတော့ ကျေနပ်တယ်။ အများစုက ကိုယ်ပိုင်ရည်ရွယ်ချက်နဲ့ အကျိုးအမြတ်အတွက် လုပ်ခဲ့ကြတယ်ဆိုပေမဲ့လည်း နောက်ဆုံးရလဒ်နဲ့ ပတ်သက်ပြီး ကျေနပ်နေတုန်းပဲ”

ထိုကိုယ်စားလှယ်များက ဆွံ့အသွားကြသည်။ ကောင်းကင်ဧကရာဇ်က လူထုထံ ဆိုးရွားသည့် အမှန်တရားကို အမြဲတမ်း ထုတ်ဖော်ခဲ့၏။

သူက စကားအသုံးအနှုန်း ရွေးချယ်သုံးလို့ မရဘူးလား…

သူတို့က တိတ်တဆိတ် ခေါင်းခါလိုက်ကြသည်။

“ငါတို့ရဲ့ နောက်ထပ်ကိစ္စက အုပ်ချုပ်ရေးတွေ၊ ဌာနတွေကို တည်ထောင်ဖို့ပဲ” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။

“အထွေထွေရေးရာ ဌာန ရှိမယ်။ အဲဒီဌာနက ကမ္ဘာရဲ့ စည်းမျဉ်း ဥပဒေသတွေကို တာဝန်ယူပြီးတော့ အများစုက သေမျိုးအဖွဲ့အစည်းကို ကာကွယ်ပေးရမယ်။ ပြီးတော့ စည်းမျဉ်းတွေကို စောင့်ကြပ်ဖို့ စည်းကမ်းထိန်းသိမ်းရေး ဌာနလည်း လိုအပ်တယ်။ ကောင်းကင်တာအိုက အဲဒီဌာနကို အာဏာအလွဲသုံးစား မဖြစ်အောင် ကာကွယ်ဖို့ စောင့်ကြပ်ပေးလိမ့်မယ်။

နောက်ဆုံးအနေနဲ့ နယ်ခြားရေးရာ ဌာနလည်း ရှိလိမ့်မယ်။ အဲဒါက အသင်္ချေအင်ပါယာကမ္ဘာနဲ့ တခြားကမ္ဘာအသိုက်အဝန်း ပြီးတော့ အလွှာနိမ့်တွေနဲ့ ဆက်နွယ်မှုကို ဖြေရှင်းဖို့ တာဝန်ယူရမယ်”

ဝမ်ဝေ့က ထိုသူများကို သတင်းအချက်အလက်များအား သုံးသပ်ဖို့ အချိန်ပေးလိုက်သည်။ စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သူက ဆက်ပြောလိုက်၏။

“ပြီးတော့ တပ်ဖွဲ့တွေကို ဖွံ့ဖြိုးအောင် လုပ်ဖို့လည်း လိုအပ်တယ်။ နောက်ထပ် အစည်းအဝေးက နယ်ခြားကျူးကျော်မှု ဖြစ်လိမ့်မယ်။ အခု ငါတို့ရဲ့ အဓိကရည်ရွယ်ချက်က အုပ်စိုးဖို့ မဟုတ်ပဲနဲ့ အချိန်မရွေး ဖြစ်လာနိုင်တဲ့ စစ်ပွဲအတွက် ပြင်ဆင်ထားရုံပဲ။

လူတော်တော်များများက အတွေးအခေါ်သစ်တွေ ပျံ့နှံ့လာတာကို လက်ခံကြမှာမဟုတ်ဘူး။ အဲဒီအခါကျရင် အားသုံးဖို့ လိုအပ်လာလိမ့်မယ်”

ကိုယ်စားလှယ်များက ထိုအရာကို ကြားပြီးသည့်နောက်တွင် အလေးအနက် ဖြစ်လာကြသည်။ ထိုစကားတစ်ခွန်းဖြင့် သတင်းအချက်အလက်များစွာ ပါဝင်နေသော်လည်း စကားတစ်ခုကို သုံးသပ်ရမည်ဆိုလျှင် ဖြစ်လာနိုင်ချေရှိသည့် စစ်ပွဲအတွက် ပြင်ဆင်ထားဖို့ ဖြစ်သည်။

ဝမ်ဝေ့က ထိုသူများ၏ တုံ့ပြန်မှုကို ကြည့်လိုက်၏။ သူက ထိုအံ့ဖွယ်တပ်ဖွဲ့ကို ဖွဲ့စည်းဖို့အတွက် မည်သူကမှ အမှန်တကယ် ကူညီလိုခြင်း မရှိကြောင်း သိထား၏။ သို့သော်လည်း သူ့အဓိကရည်ရွယ်ချက်က သူတို့၏ အကျိုးအမြတ်အတွက် တိုက်ခိုက်ဖို့ရာ ပြင်ဆင်ထားဖို့ ပြောပြရုံမျှသာ ဖြစ်သည်။

“အခုတော့ ဒီလောက်ပဲ။ ဒါပေမဲ့ ငါတို့တွေ တခြားဌာနတွေလည်း ရှိလာလိမ့်မယ်။ ဌာနတစ်ခုချင်းစီက ဌာနခေါင်းဆောင်နဲ့ ဒုခေါင်းဆောင်ရှိပြီးတော့ တခြားရာထူးတွေလည်း ပါလိမ့်မယ်။ အဲဒီရာထူးတွေကို ရွေးချယ်ဖို့ စစ်ဆေးမှုတစ်ခု လုပ်ထားတယ်။ စိတ်ဝင်စားတဲ့သူတွေက ဝင်ရောက်ယှဉ်ပြိုင်နိုင်တယ်”

ကိုယ်စားလှယ်များက ထိုအကြောင်းကို ကြားက စိတ်လှုပ်ရှားလာကြသည်။ ထိုရာထူးများက အလွန်အဖိုးတန်လှသည်။ ကျင့်ကြံရေးကောင်းချီးနှင့် ခုံရုံးကို ခစားသည့် ကုသိုလ်ကြောင့် သာမက သူတို့ထံ ရောက်လာမည့် အာဏာကြောင့်လည်း ပါဝင်သည်။

ဝမ်ဝေ့က ထိုသူများကို လျစ်လျူရှုကာ အောင်းရှန်ကို ကြည့်လိုက်သည်။

“ငါ့စကားကို ပြန်သိမ်းပြီးတော့ မင်းတို့ရဲ့ မျိုးနွယ် ကံကောင်းမှုစုစည်းရေး အသုံးအဆောင်ကို ပြန်သိမ်းခဲ့တဲ့အတွက် မင်းတို့ နတ်ဆိုးမျိုးနွယ်အပေါ် ပြန်လည်ပေးဆပ်မယ်လို့ ပြောခဲ့ဖူးတယ်။ အခု မင်းကို ရွေးချယ်စရာ နှစ်ခုပေးမယ်။ အဲဒီဌာနချုပ်ထဲက ရာထူးကို ယူမလား ဒါမှမဟုတ်ဘူးဆိုရင် ကုသိုလ်ကို ယူမလား”

အောင်းရှန်က အခြေအနေကို အကောင်းအဆိုး ချင့်ချိန်လိုက်သည်။

ထိုရာထူးများက နတ်ဆိုးမျိုးနွယ်၏ အာဏာနှင့် လွှမ်းမိုးမှုကို တိုးမြှင့်နိုင်သော်လည်း လူများစွာက သူတို့ရာထူးကို ရဖို့ စစ်ဆေးမှု မဖြတ်ကျော်ထားသည့် အချက်ကို အသုံးပြုကာ သူတို့ကို ပြဿနာရှာလာနိုင်သည်ကို ကြိုမြင်နေမိသည်။

ထို့ကြောင့် သူ့အနေဖြင့် တရားဝင်နည်းလမ်းကို အသုံးပြုပြီး ရယူခြင်းက အကောင်းဆုံး ဖြစ်ပေသည်။

“ကုသိုလ်ကို ယူမယ်”

ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီး နတ်ဆိုးမျိုးနွယ်ထံ ကုသိုလ်ရမှတ် ၃.၅ သန်း ပို့ပေးလိုက်သည်။ ထိုပမာဏက ကတိတစ်ခုကို ချိုးဖောက်သည့်အတွက် လုံလောက်ပေသည်။

“ဒါနဲ့ ရှောင်စုန့်ရှီကို မသတ်နဲ့”

ဝမ်ဝေ့က ဆက်ပြောလိုက်သည်။ သူက အထက်ဘုံဆီ လူကုန်ကူးရေးအစီအစဉ် ရှိနေဆဲ ဖြစ်၏။ ရှောင်စုန့်ရှီသည် ဤမျိုးဆက်အတွင်း ထိပ်သီးကောင်းကင်ရွေးချယ်ခံ မဟုတ်သော်လည်း သူက ပါရမီရှင်တစ်ယောက် ဖြစ်နေသေးသည်။

ယခု သူက သူ့သွေးမျိုးဆက် ဖျက်ဆီးခံလိုက်ရ၍ ဆိုးဆိုးရွားရွား အခြေအနေ ကျရောက်နေပြီး ပင်လယ်မျိုးနွယ်က တုံးအအ ဆုံးဖြတ်ချက်ဖြင့် သူ့ကို သတ်ပစ်နိုင်သည်။ အောင်းရှန်က ပိုင်ရှယ်မျိုးနွယ်နှင့် ဖြေရှင်းပြီးသည့်နောက် ပြဿနာရှိမည် မဟုတ်ပေ။

အောင်းရှန်က တည်တည်ငြိမ်ငြိမ် ခေါင်းညိတ်လိုက်၏။ သူက သူ့အပြုအမူများသည် ကောင်းကင်ဧကရာဇ်ဆီမှ ဖုံးကွယ်ထားနိုင်လိမ့်မည်ဟု အစကတည်းက ထင်မထားခဲ့ပေ။ ထိုသူသည် သူ့ကို မတားဆီးသည့်အတွက် သူ့အစီအစဉ်သည် အနည်းဆုံးတော့ ဝမ်ဝေ့အတွက် ပြဿနာ ဖြစ်မလာနိုင်ကြောင်း သိလိုက်၏။

“အခု ဒီအစည်းအဝေးရဲ့ အဓိကအကြောင်းအရာကို ဆွေးနွေးရအောင်” ဝမ်ဝေ့က ကြေညာလိုက်သည်။

All Chapters