← Chapters

အိပ်မက်လောက အပိုင်း(၁)

Vol. 69 Ch. 959

အိပ်မက်လောက အပိုင်း(၁)

Vol. 69 Ch. 959

“ငါ့ရဲ့ သရုပ်ပြမှုအတွက် မင်းတို့တွေက အိပ်မက်လူဝင်စားဆိုတဲ့ စကားကို အာရုံစိုက်ထားဖို့ပဲ လိုတယ်။” ဝမ်ဝေ့က ပြောလိုက်သည်။

လူများစွာက စိတ်ရှုပ်ထွေးသွားကြသော်လည်း ဤသည်က မေးခွန်းမေးရမည့်အချိန် မဟုတ်ကြောင်း သိထား၍ အမိန့်အတိုင်းသာ လိုက်လုပ်လိုက်ကြသည်။

ကမ္ဘာကြီးက ပြောင်းလဲသွားပြီး ကိုယ်စားလှယ်များက သူတို့သည် ထူးဆန်းသည့် ကမ္ဘာတစ်ခုအတွင်း ပြောင်းရွှေ့နေသည်ကို တွေ့လိုက်ရ၏။ အားလုံးက တောက်ပကာ ပုံရိပ်ယောင်အလားဖြစ်နေပြီး သူတို့ခြေထောက်အောက်ရှိ မြေကြီးကလည်း တိမ်တိုက်သဖွယ် ခံစားနေရသည်။

“အိပ်မက်လောက ကနေ ကြိုဆိုပါတယ်” သူတို့ရှေ့တွင် ရပ်နေသည့် ဝမ်ဝေ့က ပြောလိုက်သည်။

“မင်းတို့တွေမှာ မေးစရာတွေရှိနေမယ်ဆိုတာကို သိတယ်။ ငါ ရှင်းမပြခင် ခဏစောင့်ဦး”

အားလုံးက ခေါင်းညိတ်ကာ စောင့်ဆိုင်းလိုက်ကြသည်။ တချို့သူများက ဖြစ်ရပ်ကြီးတစ်ခု ဖြစ်လာတော့မည်ဟု ခံစားနေမိကြသည်။

“ငါ ပြောတဲ့အတိုင်း ဒါက အိပ်မက်တွေနဲ့ ပြုလုပ်ထားတဲ့ ကမ္ဘာတစ်ခုပဲ။ အဲဒါဆိုတော့ ရည်ရွယ်ချက်က ဘာလဲ။ အများကြီး ဖြစ်နိုင်တာပေါ့။ ဒါက ဆက်သွယ်ဖို့အတွက်နဲ့ ထူးကဲတဲ့ အတွေ့အကြုံတွေကို ခံစားဖို့ လောကတစ်ခုပဲ။” ဝမ်ဝေ့က ရှင်းပြလိုက်သည်။

“ဒီအိပ်မက်လောကက အသင်္ချေအင်ပါယာကမ္ဘာမှာရှိနေတဲ့ လူအားလုံးက ငါ မင်းတို့ကို ပြောတဲ့ စကားဝှက်ကို သုံးပြီးတော့ ဝင်ရောက်နိုင်တယ်။ တခြားစကားနဲ့ ပြောရမယ်ဆိုရင်တော့ အခုကစပြီးတော့ ဒီနေရာက သေမျိုးတွေလည်း အပါအဝင် ကမ္ဘာတစ်ဝှမ်းက လူတွေ ဆက်သွယ်ပြီးတော့ အသုံးပြုနိုင်လိမ့်မယ်။”

ဝမ်ဝေ့က လူတချို့၏ တုံ့ပြန်မှုကို ကြည့်ကာ တိတ်တဆိတ် ခေါင်းခါလိုက်သည်။

“မင်းတို့အများစုက ဒီလိုအရာမျိုးကို ဂရုမစိုက်ဘူးဆိုတာကို သိတယ်။ ဒါပေမဲ့ တခြားကမ္ဘာ့အသိုက်အဝန်းကိုပါ ဆက်နွယ်လို့ ရတယ်ဆိုတဲ့ဟာကိုရော တွေးမိလား”

“အရှင် ပြောချင်တာက…”

“ဟုတ်တယ်။ ငါတို့သာ ဒိုင်မေးရှင်းအနိမ့်ကို လက်တံဆန့်လိုက်တာနဲ့ အိပ်မက်လောကက တခြားကမ္ဘာကမ္ဘာအသိုက်အဝန်းတွေအထိ ရောက်ရှိနိုင်လိမ့်မယ်။ အဲဒီအခါ ငါတို့ကမ္ဘာရဲ့ အဝေးဆုံး ထောင့်တစ်ရာမှာရှိနေတဲ့ သေမျိုးတစ်ယောက်ကတောင် ငါတို့နဲ့ အဝေးဆုံးမှာရှိတဲ့ ကမ္ဘာ့အသိုက်အဝန်းက လူတစ်ယောက်နဲ့ အလွယ်တကူ ဆက်သွယ်နိုင်လာလိမ့်မယ်”

နောက်ဆုံးတွင် ကိုယ်စားလှယ်များက ထိုစကားများ၏ အဓိပ္ပာယ်ကို နားလည်သွားရာ စိတ်လှုပ်ရှားမှု ပြသလာကြသည်။ ဆက်သွယ်ရေးက အားလုံးအတွက် သော့ချက်တစ်ခုဖြစ်ပြီး တခြားသူ၏ တာအိုနှင့် အတွေ့အကြုံများကို သင်ယူခြင်းက တိုးတက်ဖို့ရာအတွက် မြန်ဆန်သည့် နည်းလမ်းတစ်ခု ဖြစ်သည်။

ထို့အပြင် ကောင်းကင်ဧကရာဇ်က သူသည် တခြားကောင်းကင်အလိုဆန္ဒ၏ စနစ်ကို အသုံးပြုကာ တာအိုကို ကိုယ်တိုင်သက်သေပြခဲ့ပြီး အတိုင်းအတာမဲ့ ဧကရာဇ်ဂုဏ်ပုဒ်ကို ရယူနိုင်ခဲ့သည် မဟုတ်ပါလော။

အသင်္ချေအင်ပါယာကမ္ဘာက အဆုံးမဲ့လေဟာနယ်နှင့် ပြတ်တောက်နေခဲ့သည်မှာ အချိန်အတော်ကြာနေပြီ ဖြစ်၍ ထိပ်သီးဧကရာဇ်မျိုးနွယ်များကပင် ဆက်သွယ်ရေး ပြန်လည်တည်ဆောက်ဖို့ ဂရုစိုက်နေရသည်။

သို့သော် ယခုတွင် အိပ်မက်လောကဖြင့် သူတို့၏ အဟန့်အတားများနှင့် အန္တရာယ် အများစုက ရှင်းလင်းသွားသည်။

“အရှင် ကျွန်မမှာ မေးခွန်းတစ်ခု ရှိတယ်” ရှုရှစ်က ပြောလိုက်သည်။

“ဒီအိပ်မက်လောကကို တခြားကမ္ဘာ့အသိုက်အဝန်းက အရင်းအမြစ်တွေနဲ့ လဲလှယ်လို့ ရမလားဆိုတာကို မေးချင်တာလား”

“ဟုတ်ပါတယ်”

ပတ်ဝန်းကျင် ပြန်လည်ရှင်သန်လာခြင်းနှင့်အတူ အသင်္ချေအင်ပါယာကမ္ဘာက ကျင့်ကြံရေးအရင်းအမြစ်များစွာ ရှိသည့် စည်ပင်ကြွယ်ဝသော ခေတ်ကာလတစ်ခုသို့ ဝင်ရောက်သွားလိမ့်မည်။ သို့သော်လည်း တခြားကမ္ဘာများဖြင့် အလဲအလှယ်လုပ်ခြင်းက အသုံးမဝင်ဘူးဟု ဆိုလိုခြင်း မဟုတ်ပေ။

အချုပ်အားဖြင့် သူတို့သည် တခြားသူများနှင့် လဲလှယ်ဖို့ ရှားပါးသည့် အရာများ ပိုမိုရှိလာပြီး သူတို့ကမ္ဘာ၏ အရင်းအမြစ်များကို တိုးမြှင့်နိုင်လိမ့်မည်။ သူတို့တွင် အရင်းအမြစ်များစွာ ရှိလွန်းသည်ဟု မည်သူကမှ ထင်မည် မဟုတ်ပေ။

“အဲဒါက ဖြစ်နိုင်တယ်” ဝမ်ဝေ့က ပြောလိုက်သည်။

“ဒါပေမဲ့ အဲဒီလုပ်ဆောင်ချက်က ယာယီ သုံးလို့ရသေးမှာ မဟုတ်ဘူး။ ခဏလောက် စောင့်ရဦးမယ်”

ရှုရှစ်က ခေါင်းညိတ်ကာ မျက်မှောင်အသာကြုတ်လိုက်သည်။ သူက ထိုစွမ်းရည်သည် လက်ရှိအသုံးပြုမရသေးသည့် အကြောင်းအရင်းကို ရှာဖွေဖို့ ကြိုးစားလိုက်၏။ သို့သော် သူမဆီတွင် သတင်းအချက်အလက် အနည်းငယ်မျှသာ ရှိသည်။

“ဆက်ပြောရအောင်” ဝမ်ဝေ့က မေးခွန်းများ မရှိသည်ကို မြင်သည့်အခါ ပြောလိုက်သည်။ သူက လက်ဝှေ့လိုက်သည့်အချိန် ကိုယ်စားလှယ်တိုင်းရှေ့တွင် ထိပ်၌ သင်္ကေတတစ်ခု ရေးထွင်းထားသည့် စတုရန်းငယ်တစ်ခု ထွက်ပေါ်လာသည်။ သင်္ကေတတစ်ခုချင်းစီက ကွဲပြားကာ ထူးကဲလှ၏။

“ဒါက မင်းတို့ရဲ့ အိပ်မက်အမှတ်အသားပဲ။ တကယ်လို့ မင်းတို့တွေက တခြားသူနဲ့ အမှတ်အသားလဲလှယ်ရင် တစ်ယောက်နဲ့တစ်ယောက် တိုက်ရိုက်ဆက်သွယ်နိုင်လိမ့်မယ်။”

အားလုံးက ခေါင်းညိတ်လိုက်ကြ၏။ သူတို့က ထိုအရာကို လိုအပ်ကြောင်း နားလည်ကြသည်။ အကယ်၍ လူများစွာက အိပ်မက်လောကကို အသုံးပြုလာပါက ကိုယ်ဆက်သွယ်ချင်သည့်လူနှင့် ဆက်သွယ်ဖို့ နည်းလမ်းကောင်းတစ်ခု ဖြစ်ပေသည်။

ကိုယ်စားလှယ်များက အိပ်မက်အမှတ်အသားကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် သူတို့၏ မိတ်ဆွေများက အိပ်မက်လောကအတွင်း မရှိခြင်း သို့မဟုတ် အလုပ်များနေသည့်အခါ မှတ်တမ်းတင် သတင်းစကားချန်ထားခဲ့နိုင်ကြောင်း သိလိုက်ရသည်။

သူတို့က လူများစွာကို ဖိတ်ကြားပြီး အချင်းချင်း ဆက်သွယ်နိုင်သည့် စကားဝိုင်းကိုပင် ဖွဲ့စည်းနိုင်သည်။ လူများစွာက ထိုအမှတ်အသားသည် နောက်ထပ် လုပ်ဆောင်ချက်များစွာ ရှိနေကြောင်း ခံစားမိသော်လည်း အခြေခံကိုသာ မိတ်ဆက်ရသေး၏။

“မင်းတို့ကို လုပ်ဆောင်ပေးမဲ့ နောက်ထပ် လုပ်ဆောင်ချက်က [အိမ်]” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။

“မင်းတို့တွေက အိပ်မက်လောကမှာ ကိုယ်ပိုင်[အိမ်]ကို ဝယ်ပြီးတော့ မင်းတို့စိတ်ကြိုက် အလှဆင်နိုင်တယ်”

ဝမ်ဝေ့က လက်ဝှေ့လိုက်သည့်အချိန် သူ့နောက်တွင် တောင်တန်းတစ်ခု ပေါ်ထွက်လာ၏။ သူ့ထိန်းချုပ်မှုအောက်တွင် အထီးကျန်တောင်တန်းတစ်ခုက တာအိုစည်းချက်များဖြင့် တောက်ပနေသည့် မသေမျိုးနန်းဆောင်သဖွယ် ပြောင်းလဲသွားပြီး မြင့်မြတ်မှုတို့ ထုတ်လွှတ်လာသည်။

သူက ထိုသူများထံ လှည့်ကာ မေးလိုက်၏။

“ဘယ်လိုထင်လဲ”

ထိုသူများစွာက အတွေးနက်နေကြစဉ် တစ်စုံတစ်ယောက်က ရေရွတ်လိုက်သည်။

“ဒါက ကြည့်လို့ကောင်းတာအပြင် အသုံးဝင်မဲ့ပုံတော့ မပေါ်ဘူး”

“အဲ့လိုမဟုတ်ဘူး” အောင်းရှန်က ပြန်ပြောလိုက်သည်။

“ကျုပ်တို့ရဲ့ [အိမ်] မှာ အကန့်အသတ်မဲ့ ဖန်ဆင်းနိုင်စွမ်းရှိလားဆိုတာကို သိပါရစေ”

“အကန့်အသတ်မဲ့တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ မင်းတို့စိတ်ကြိုက်ကိုတော့ ဖန်တီးလို့ရတယ်”

အောင်းရှန်က ထိုအရာ၏ အသုံးဝင်ပုံကို သတိထားမိသွားသည့်အတွက် အကြည့်များ တောက်ပလာသည်။ သူ့နတ်ဆိုးမျိုးနွယ်က သဘာဝအားဖြင့် ကြမ်းတမ်းကာ အရိုင်းဆန်ကြသည်။ သူက ပိုင်နက်အတွင်း တိုက်ခိုက်ရေးကွင်းများစွာ ဖွင့်ထားပေးပြီး သူတို့၏ သဘာဝကို လေ့ကျင့်ခွင့်ပေးကာ တိုက်ခိုက်ခွင့်ပြုထားသည်။ သူက သူတို့၏ အရိုင်းဆန်မှုကို လူသားများထံ ပုံချခြင်းအား မဖြစ်စေလိုပေ။

ကံဆိုးစွာဖြင့် တိုက်ခိုက်ရေးကွင်းတွင် လူများစွာ သေဆုံးသွားသည့်အတွက် ပြစ်ချက်ကြီး ရှိနေလေ၏။

ဤသို့သော ပြင်းထန်သည့် တိုက်ပွဲမျိုးက လက်ရွေးစင် နတ်ဆိုးမျိုးနွယ်များကို ပြုစုပျိုးထောင်ဖို့ ခွင့်ပြုပေးထားသော်လည်း ထိုဖြစ်စဉ်က လူများစွာကို သေစေခဲ့သည်။ သူတို့၏ လူဦးရေက ဤမျိုးဆက်မှ ပြန်လည်အားဖြည့်နေဆဲဖြစ်သည့်အတွက် လူများစွာကို ဆုံးရှုံးပြီးသည့်နောက်တွင် အောင်းရှန်က နာကျင်သလို ခံစားလိုက်ရ၏။

သို့သော်လည်း ယခု သူက နောက်ထပ် နည်းလမ်းတစ်ခုကို မြင်လိုက်ရသည်။ သူက အိပ်မက်လောကတွင် တိုက်ခိုက်ရေးကွင်းကို ဖန်တီးနိုင်ပြီး ထိုနတ်ဆိုးများအား သေဆုံးမည်ကို ကြောက်ရွံ့ခြင်းမရှိ စိတ်ကြိုက်တိုက်ခိုက်ကာ သတ်ဖြတ်နိုင်သည်။

“မင်းတို့ထဲက တချို့လည်း ဒီ [အိမ်] ရဲ့ အသုံးဝင်ပုံကို သိထားပြီးလောက်ပြီလို့ ထင်တယ်” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။

“ငါတို့အများစုက ဖုံးကွယ်ထားတဲ့ ရည်မှန်းချက်တွေ၊ လိုအင်ဆန္ဒတွေဆိုတာ ရှိတယ်။ တချို့အရာတွေက ငါတို့ရဲ့ စွမ်းဆောင်ရည်လိုအပ်မှုကြောင့် မပြီးမြောက်နိုင်တဲ့ အရာတွေလည်း ရှိတယ်။

ပြီးတော့ ငါတို့ရဲ့ အပြုအမူတွေကြောင့် ဖြစ်လာမဲ့ သက်ရောက်မှုတွေကြောင့်လည်း ဖြစ်တယ်။ ပြီးတော့ ငါတို့ရဲ့ ကျင့်ဝတ်တွေ ဆုံးရှုံးမှာကို ကြောက်ရွံ့မှု၊ သေဆုံးမှာကို ကြောက်ရွံ့မှုနဲ့ ချုပ်နှောင်ခံထားရတာမျိုးတွေလည်း ရှိတယ်။ ဒါပေမဲ့ ဒီအိပ်မက်လောကထဲ မင်းတို့ရဲ့ [အိမ်]မှာ မင်းတို့စိတ်ကြိုက် လုပ်နိုင်တယ်။

မင်းတို့က အသက်ပေါင်းများစွာကို အုပ်စိုးရတဲ့ ဧကရာဇ်ဖြစ်လာချင်တယ်ဆိုရင်တောင် ဖြစ်လာနိုင်တယ်”

သူက လက်ဝှေ့လိုက်သည့်အခါ နေရာက ပြောင်းလဲသွား၏။ ဝမ်ဝေ့က ပလ္လင်ပေါ်တွင် ထိုင်ကာ သက်ရှိအားလုံးကို ငုံ့ကြည့်နေသည်။

“မင်းက ရန်သူအားလုံးကို သတ်ဖြတ်တဲ့ စွမ်းအားကြီးစစ်သူကြီး တစ်ယောက်ဖြစ်လာချင်တယ်ဆိုရင်လည်း ဖြစ်လာနိုင်တယ်”

ပုံစံက ပြောင်းလဲသွားပြီး သူက တိုက်ပွဲကွင်းပြင်တွင် ဖြစ်ကာ စွမ်းအားကြီးတပ်ဖွဲ့ကို အမိန့်ပေးနေသည်။

“မင်းတို့က ကာမဂုဏ်ထဲမှာ ပျောက်ဆုံးသွားချင်တယ်ဆိုလည်း ဖြစ်နိုင်တယ်”

သူက ထိုစကားများကို ပြောလိုက်ပြီးသည့်နောက်တွင် ကိုယ်စားလှယ်တစ်ဦးချင်းစီက ဆွဲဆောင်မှုအမျိုးမျိုးရှိသည့် မိန်းမလှရာချီ ဝန်းရံခံလိုက်ရသည်။ တချို့က အေးစက်ကာ မထူးမခြားနား ဖြစ်သော်လည်း တချို့ကမူ စွဲမက်ဖို့ကောင်းပြီး ချစ်ဖို့ ကောင်းလှသည်။ တချို့ကမူ လွှမ်းမိုးမှုရှိပြီး တချို့က ရှက်သွေးဖြာကာ တချို့က အင်မတန် ပွင့်လင်းလှသည်။

ကိုယ်စားလှယ်များက ထိုမိန်းမလှများစွာကို မြင်တွေ့ပြီးသည့်နောက်တွင် တာအိုနှလုံးသား ပြိုလဲလုနီးပါး ဖြစ်သွားခဲ့ရသည်။ တချို့က အချိန်လေဟာနယ်ဧကရီဖြင့်ပင် ယှဉ်နိုင်လေ၏။ ကံကောင်းစွာဖြင့် သူက အချိန်အတော်ကြာ ရှင်သန်ခဲ့သည့် အင်မော်တယ် တစ်ယောက် ဖြစ်နေသည့်အတွက် သူ့စိတ်က အလွယ်တကူ မယိမ်းယိုင်ခဲ့ပေ။

“တကယ်လို့ မင်းတို့ စိတ်ထဲမှာ ဆုံးရှုံးသွားတဲ့ လူတစ်ယောက် ရှိနေမယ်ဆိုရင် အချိန်က သူတို့ရဲ့ တည်ရှိမှုနဲ့ မင်းတို့ရဲ့ စိတ်ထဲက မှတ်ဉာဏ်ကို တိုက်စားသွားခဲ့ရင် ဒီပုံစံက မင်းတို့အတွက် သင့်တော်တယ်” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။

ထို့နောက် သူ့နားတွင် မိန်းမလှတစ်ဦး ပေါ်ထွက်လာပြီး ချီဖောင်ဝတ်စုံကို ဝတ်ဆင်ထားကာ လှပသည့် ခြေတံများကို ပြသနေသည်။ သူမ ပေါ်ထွက်လာသည်နှင့် ရှုရှစ်နှင့် ဟို့ဖုန်းဟွမ်ကဲ့သို့ အလှများဆီမှ ကျော်ကြားမှုကို ချက်ချင်း ခိုးယူသွားနိုင်ခဲ့သည်။

ဝမ်ဝေ့က လက်မြှောက်ကာ သူမ၏ ပါးပြင်ကို ပွတ်သပ်လိုက်ပြီး ညင်ညင်သာသာ ကြည့်လိုက်သည်။ သူမက ပြန်လည်တုံ့ပြန်သည့်အနေဖြင့် ပြုံးပြလာခဲ့သည်။

စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သူမက မီးခိုးသဖွယ် ပျောက်ကွယ်သွား၏။

“အခု မင်းတို့လည်း ဒီဟာ အသုံးပြုပုံကို နားလည်လောက်ပြီ” ဝမ်ဝေ့က တချို့ ထူးထူးဆန်းဆန်းအကြည့်များကို လျစ်လျူရှုကာ ဆက်ပြောလိုက်သည်။ သူက သူ့အဆင့်အတန်းနှင့် စွမ်းအားဖြင့် သူ လုပ်သမျှအရာတိုင်းက ဆွေးနွေးစရာ သို့မဟုတ် သတင်းခေါင်းစဉ် ဖြစ်လာနိုင်ကြောင်း သိထားသည်။ သူက ရှုရှစ်နှင့် လျှို့ဝှက်ဆက်ဆံရေး ရှိနေသည်ဟု ကောလဟာလများ ရှိနေသေးသည့် အကြောင်းအရင်းလည်း ရှိနေ၏။ သို့သော်လည်း သူက ဂရုမစိုက်ပေ။

“ကျွန်မမှာ မေးခွန်းတစ်ခု ရှိတယ်။ မဟုတ်သေးဘူး။ စိုးရိမ်စရာတစ်ခု ရှိတယ်” ဟို့ဖုန်းဟွမ်က ပြောလိုက်သည်။

“ပြောပါ”

“ကျင့်ကြံသူတစ်ယောက်က သူတို့ရဲ့ [အိမ်]ကို အသုံးပြုပြီးတော့ သူတို့ချစ်မြတ်နိုးရတဲ့သူကို ပြန်လည်ဖန်တီးနိုင်ပေမဲ့ တကယ့် လက်တွေ့ဘဝမှာ မရနိုင်ဘူးလေ။ အဲ့လိုဆိုရင် သူတို့ကို ရွံစရာကောင်းတာ တစ်ခုခု လုပ်လာရင်ရော”

သူက ထိုစကားများကို ပြောလိုက်သည်နှင့် အခန်းအတွင်းရှိ အမျိုးသမီးအများစုက ထိုသို့ဖြစ်လာနိုင်ချေကို တွေးမိသွားကြောင်း စတင်ဆွေးနွေးလာကြသည်။

“မင်းတို့တွေက အမျိုးသားတွေပဲ လုပ်တဲ့အရာလိုမျိုး ဘာလို့ တုံ့ပြန်နေရတာလဲ” ကိုယ်စားလှယ်တစ်ဦးက ပြောလိုက်သည်။

“တချို့အမျိုးသမီး ကျင့်ကြံသူတွေကလည်း အတူတူလုပ်နိုင်တာပဲ”

“ဟုတ်တယ်”

“မဟုတ်ဘူး။ ကျွန်မတို့က မလုပ်ဘူး”

“ခွေးစကားတွေ။ ငါတို့ရဲ့ ချောမောခန့်ညားလှတဲ့ အရှင့်ကို ကြည့်လိုက်။ မင်းတို့အများစုက သူ့ကို တိတ်တဆိတ် ဖန်ဆင်းပြီးတော့ မင်းတို့ရဲ့ လိုအင်ဆန္ဒတွေကို ဖြည့်စည်းကြမယ်ဆိုတာ သေချာတယ်”

ဝမ်ဝေ့က ထိုသူကို ကြည့်ကာ တိတ်တဆိတ် လက်မထောင်ပြလိုက်သည်။ အဆုံးသတ်တွင် သူက အငြင်းအခုန် စတင်လာနိုင်သည်ကို သိသည့်အတွက် ချောင်းအသာဟန့်ကာ အားလုံးကို တားဆီးလိုက်ရသည်။

“ဒါက ပြဿနာတစ်ခုပဲ။ ဒါပေမဲ့ [အိမ်]က ဝယ်တဲ့သူရဲ့ သီးသန့် ပိုင်ဆိုင်မှုတစ်ခုပဲ။ အဲဒါဆိုတော့ ငါက ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူး။ သူတို့[အိမ်]မှာ ဘာပဲလုပ်လုပ် တကယ့်လူအပေါ်မှာ သက်ရောက်မှုရှိလာမှာ မဟုတ်ဘူး။

ဒါပေမဲ့ လက်တွေ့နဲ့ အိပ်မက်ကို မခွဲခြားနိုင်တဲ့သူတွေအတွက်ကတော့ စည်းမျဉ်းတွေ ရှိတယ်။ အဲဒါကြောင့် တစ်စုံတစ်ယောက်က တကယ့်လက်တွေ့လူကို သွားပြီးတော့ နှောင့်ယှက်မယ်ဆိုရင်တော့ အပြစ်ဒဏ်ခံရမယ်”

ဟို့ဖုန်းဟွမ်က ခေါင်းညိတ်ကာ မျက်မှောင်ကြုတ်လိုက်သည်။ ဤသည်က လက်ရှိအခြေအနေအတွက် အကောင်းဆုံး ဖြစ်၏။

မည်သို့ပင်ဆိုစေကာမူ သူမက ဤသို့သော အရာမျိုးကို မစိုးရိမ်ပေ။ အဆင့်(၁၀) ကျင့်ကြံသူများက အဆင့်မြင့်သက်ရှိ ဖြစ်သည့်အတွက် တစ်စုံတစ်ယောက်က သူတို့ကို ပြန်လည်ဖန်တီးပြီး သူတို့၏ ပုံရိပ်ကို ညစ်ညမ်းဖို့ ကြိုးစားပါက သူတို့က ချက်ချင်း သိလိမ့်မည်။

အခြေအနေက သူတို့၏ တည်ရှိမှုကို နားလည်ထားသည့် ထာဝရဧကရာဇ်များအတွက် ပိုမိုအရေးသာလေသည်။ အကယ်၍ တစ်စုံတစ်ယောက်က အိပ်မက်လောကအတွင်း သူတို့ကို ပြန်လည်ဖန်တီးခဲ့ပါက ထိုအိပ်မက်စိတ်ဝိညာဉ်သဏ္ဌာန်ကို အတွေးတစ်ချက်တည်းဖြင့် ထိန်းချုပ်နိုင်လိမ့်မည်။

“ဒီဘုန်းကြီးက အရှင် ဝယ်ယူတယ်ဆိုတဲ့စကားကို သုံးလိုက်တာကို သတိထားလိုက်မိတယ်” ဖုန်းဟွမ်က ဝင်ပြောလိုက်သည်။

“ဟုတ်တယ်။ အိပ်မက်လောကမှာ အိပ်မက်ဒင်္ဂါးပြားလို့ ခေါ်တဲ့ ငွေကြေးကို အသုံးပြုမယ်။” ဝမ်ဝေ့က ပြောလိုက်သည်။

“အိပ်မက်ဒင်္ဂါးပြားက မင်းတို့ရဲ့ ဝိညာဉ်စွမ်းအား အနည်းငယ်နဲ့ ဖွဲ့စည်းနိုင်တယ်” ဝမ်ဝေ့က ပြောရင်း သူတို့ကို ပြသလိုက်သည်။

ကိုယ်စားလှယ်များက သူ့နမူနာအတိုင်း လိုက်လုပ်ကာ အိပ်မက်ဒင်္ဂါးပြားကို ဖွဲ့စည်းလိုက်ကြ၏။ လူများစွာက ထိုစနစ်သည် သူတို့က အိပ်မက်လောကအတွင်း အဆုံးမဲ့ ချမ်းသာကြွယ်ဝမှုနှင့် အရင်းအမြစ်များ ဖန်တီးနိုင်သည်ဟု ညွှန်ပြနေသည့်အတွက် မျက်မှောင်ကြုတ်လိုက်ကြသည်။ သို့သော်လည်း ကိစ္စများက ဤသို့ရိုးရှင်းမည်လား။

ဘယ်ဟုတ်ပါ့မလဲ…

ဝမ်ဝေ့က တွေးလိုက်မိသည်။ သူက ကျင့်ကြံသူများ၏ အဆင့်အလိုက် တစ်နေ့လျှင် ဒင်္ဂါးပြား ဖွဲ့စည်းနိုင်သည့် ပမာဏကို တွက်ချက်ထားပြီးသား ဖြစ်၏။ အချက်အလက်အရ အနိမ့်ဆုံးအဆင့်မှ အမြင့်ဆုံးပါရမီရှိသူများပင် ပါဝင်သည်။

ထို့နောက် သူက အိပ်မက်လောကကို ထိုအချက်အလက်များအပေါ် မူတည်၍ ဈေးနှုန်းထားရှိခြင်း ဖြစ်သည်။

ထို့ကြောင့် ရှုရှစ်နှင့် ဖုန်းဟွမ်ကဲ့သို့သော ထာဝရဧကရာဇ်များကပင် ချမ်းသာသော်လည်း အဆုံးမဲ့ကြွယ်ဝမှု ရှိသည်ဟု မဆိုနိုင်ပေ။ သူက အိပ်မက်ဒင်္ဂါးပြားများကို အလွယ်တကူ ဖွဲ့စည်းဖို့ လုပ်ဆောင်ခဲ့ခြင်းမှ သေမျိုးများကြောင့် ဖြစ်၏။ သူက သူတို့ဆီမှ ကိစ္စတစ်ခုကိုသာ လိုချင်မိသည်။

ထိုအရာက အိပ်မက်လောကအတွက် အကြီးမားဆုံး လှည့်စားမှုတစ်ခုဖြစ်ပြီး လျှို့ဝှက်ချက်များစွာ ဖုံးကွယ်ထားသည်။

All Chapters