← Chapters

အိပ်မက်ကမ္ဘာ အပိုင်း(၂)

Vol. 69 Ch. 960

အိပ်မက်ကမ္ဘာ အပိုင်း(၂)

Vol. 69 Ch. 960

ဝမ်ဝေ့က အိပ်မက်ဒင်္ဂါးပြားများ၏ လျှို့ဝှက်ချက်ကို သူတို့ထံ ရှင်းမပြခဲ့ပေ။ ထိုအစား အိပ်မက်လောက၏ နောက်ထပ် လုပ်ဆောင်ချက်အကြောင်းကို ရှင်းပြခဲ့သည်။

သူ့ရှေ့တွင် လှပကာ သေးငယ်သည့် တောင်ပံပါ သတ္တဝါလေးတစ်ကောင် ပေါ်ထွက်လာသည်။

“ရှင်း သူတို့ကို မိတ်ဆက်လိုက်ဦး” ဝမ်ဝေ့က ပြောလိုက်စဉ် ထိုနတ်သူငယ်လေးက ကိုယ်စားလှယ်များကို ဦးညွှတ်လိုက်၏။

“အရှင့်ရဲ့ အပေါင်းအပါတွေ အားလုံးကို တွေ့ခွင့်ရတာက ရှင်းအတွက် ဝမ်းသာစရာပါပဲ”

“သူမက ချစ်စရာကောင်းလိုက်တာ” တစ်ယောက်က ရေရွတ်လိုက်သည်။

“ ရှင်းက အိပ်မက်လောကရဲ့ တာအိုနှလုံးသား စိတ်ဝိညာဉ်လေ။ တကယ်လို့ မင်းတို့ဆီမှာ တာအိုနှလုံးသားနဲ့ ပတ်သက်ပြီး ပြဿနာရှိပြီး စိတ်အခြေအနေအပေါ် သက်ရောက်မှုရှိတာမျိုး ဒါမှမဟုတ် နှလုံးသားနတ်ဆိုး ရှိနေတာမျိုးဆိုရင် သူမကို ဆက်သွယ်လို့ ရတယ်။ သူမက မင်းတို့ကျော်ဖြတ်နိုင်အောင် ကူညီပေးလိမ့်မယ်။ ဒါပေမဲ့ အလကားတော့ မဟုတ်ဘူး”

“အရှင်က တကယ် ပြောတာလား” ရှုရှစ်က မေးလိုက်သည်။ ဤကမ္ဘာတွင် တာအိုနှလုံးသား ပြဿနာနှင့် ပတ်သက်ပြီး ကူညီပေးနိုင်သည့် ဆေးလုံး သို့မဟုတ် ဆေးပင်ဟူ၍ မရှိပေ။ ထို့ကြောင့် ထိုအခြေအနေကို ဖြေရှင်းနိုင်သည့် တစ်ခုတည်းသော နည်းလမ်းက ဉာဏ်အလင်းပွင့်ကာ ကိုယ်တိုင်ကိုယ်ကျ ဖြေရှင်းဖို့ ဖြစ်၏။

တစ်ခါတစ်ရံတွင် အကြီးအကဲတစ်ယောက်၏ အကြံအဉာဏ်၊ မိသားစုဝင် သို့မဟုတ် မိတ်ဆွေရင်းတို့၏ အကြံတို့က အကူအညီ ဖြစ်လာနိုင်သည်။ သို့သော် အဆုံးသတ်တွင် တာအိုနှလုံးသား ပြဿနာရှိသည့် ကျင့်ကြံသူတိုင်းက သူတို့ကိုယ်သူတို့သာ မှီခိုရ၏။

သို့သော် ရှင်း၏ စွမ်းရည်က အမှန်တကယ်ဖြစ်ပါက အခြေအနေသည် ပြောင်းလဲသွားနိုင်သည်။

“ငါ ဒီလိုအရာမျိုးကို စနောက်မနေဘူး” ဝမ်ဝေ့က ရှင်းပြလိုက်သည်။ ရှင်း သို့မဟုတ် တာအိုနှလုံးသား စိတ်ဝိညာဉ်သည် ကွဲပြားသည့် လူမှုအဖွဲ့အစည်းနှစ်ခု၏ နိဂုံး ဖြစ်၏။ သူက သိပ္ပံနှင့် နည်းပညာကမ္ဘာကို သွားကာ လူသားများ၏ စိတ် သို့မဟုတ် စိတ်ပညာကို လေ့လာခဲ့သည်။

သူက ကမ္ဘာမြေ၏ အနာဂတ်ပုံစံကို အခြေပြုထားသည့် လူသားအဖွဲ့အစည်းနှင့် စိတ်ကျန်းမာရေးကို အလေးထားသည့် လူမှုအဖွဲ့အစည်းများဆီ သွားရောက်ခဲ့သည်။ သူတို့၏ ဗဟုသုတများကို ရယူပြီးသည့်နောက်တွင် ထိုအရာအား တာအိုနှလုံးသားပေါ် နားလည်နိုင်စွမ်း၊ ကျင့်ကြံရေးလောက၏ အခြေအနေများဖြင့် ပေါင်းစည်းကာ ဤလောက၏ စိတ်အထူးကုတစ်ယောက်ကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။

ယခုမှစပြီး ကျင့်ကြံသူများသည် သူတို့၏ စိတ်အခြေအနေနှင့် ပြဿနာရှိလာပါက ရှင်းဆီ ပြောကာ သူမက သူတို့ကို ကူညီပေးလိမ့်မည်။

ဝမ်ဝေ့က သူ့လက်ထဲမှ နတ်သူငယ်လေးကို ကြည့်လိုက်သည်။

အခု သူမက ကျင့်ကြံသူတွေနဲ့ ဖြေရှင်းဖို့ အတွေ့အကြုံ လိုအပ်နေသေးတယ်။ နှစ်ထောင်ချီ သတင်းအချက်အလက်တွေ စုဆောင်းပြီးသွားရင်တော့ သူမက ပြီးပြည့်စုံသွားလိမ့်မယ်…

“တစ်ယောက်ယောက် စမ်းသပ်ကြည့်ချင်လား”

လူတချို့က ခေတ္တမျှ တုံ့ဆိုင်းနေပြီးသည့်နောက်တွင် စာရင်းပေးသူတချို့ ပေါ်ထွက်လာခဲ့သည်။

“မင်းတို့ရဲ့ အိပ်မက်အမှတ်အသားကို ကြည့်လိုက်” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။ ကိုယ်စားလှယ်အားလုံးက သူတို့ရှေ့တွင် ရှိနေသည့် ပိတ်ကားချပ်ကို ကြည့်လိုက်ကြ၏။

သင်္ကေတက ထိပ်တွင် ရှိနေသေးသော်လည်း ပိတ်ကားချပ်အလယ်တွင် စတုရန်းနှစ်ခုနှင့် စာလုံးများကို ရေးသားထားလေသည်။

[ဆက်သွယ်ရေး]၊ [အိမ်]၊ [တာအိုနှလုံးသားစိတ်ဝိညာဉ်]

စာရင်းပေးသူများက ဘာလုပ်ရမည်ကို သိကာ သူတို့၏ စိတ်ဖြင့် တာအိုနှလုံးသား စိတ်ဝိညာဉ်ကို ဆက်သွယ်လိုက်သည်။ ထို့နောက် ချက်ချင်းဆိုသလို သူတို့က အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ်သွားလေ၏။ သို့သော် ၅မိနစ်ခန့်ကြာပြီးသည့်နောက်တွင် သူတို့က ပြန်လည်ပေါ်ထွက်လာသည်။

“မင်း” ဝမ်ဝေ့က တာအိုကိုးကွယ်ရေးကျောင်းတော်၏ ကိုယ်စားလှယ်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။

“မင်းရဲ့ အတွေ့အကြုံကို ပြော”

ထိုအမျိုးသားက ပထမဦးစွာ အနည်းငယ် တုန်ယင်သွားသော်လည်း သိပ်မကြာခင် တည်ငြိမ်သွားပြီး သူ့အတွေ့အကြုံကို ပြောပြလာသည်။

“ကျုပ်က အဖြူရောင်အခန်းတစ်ခုအတွင်းကို ရောက်သွားပြီးတော့ ရှင်းက အခန်း(၁)ကို သုံးမလား၊ (၂)ကို သုံးမလားဆိုပြီးတော့ မေးလာတယ်။ အခန်း(၁)မှာက တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်ထားတဲ့ ထိုင်ခင်းနှစ်ခု ပါတယ်။ အခန်း(၂)မှာကျတော့ ထူးထူးဆန်းဆန်း အိပ်ရာတစ်ခု ရှိတယ်။ အဲဒီမှာ ရှင်က ကျုပ်က အဲဒီအပေါ် လဲလျောင်းရင် ဆက်သွယ်ရတာ ပိုပြီး လွယ်ကူတယ်လို့ ရှင်းပြခဲ့တယ်။

ကျုပ်က အခန်း(၁)ကို ရွေးခဲ့တယ်။ အဲဒီမှာ စကားစပြီး ပြောခဲ့ကြတယ်။ ကျုပ်ရဲ့ အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်တွေကို ပြောပြလို့ရပြီးတော့ သူမက ကျုပ်ကို နားလည်ပေးပြီးတော့ အကဲမဖြတ်ဘူးလို့ ခံစားရတယ်။ သူမက ဘာလုပ်ဆိုပြီး မပြောပေမဲ့ စကားဝိုင်းတစ်လျှောက်လုံးမှာ ကျုပ်ကိုယ်တိုင် သိသွားအောင် လမ်းညွှန်ပေးခဲ့တယ်။

ကျုပ်ဘဝမှာ ကျုပ်ကိုယ်ကျုပ် ဒီလို အေးချမ်းသွားတာမျိုး မခံစားဖူးဘူး။ ၅မိနစ်လောက်ပဲ စကားပြောခဲ့ပေမဲ့ ကျုပ်ရဲ့ စိတ်ဝိညာဉ်က ပိုပြီးတော့ သိပ်သည်းလာပြီးတော့ စိတ်အခြေအနေကလည်း ပိုပြီးတော့ ငြိမ်းချမ်းသွားတယ်။”

အားလုံးက ထိုအပြောင်းအလဲသည် ၅မိနစ်မျှဖြင့် ဖြစ်လာနိုင်သည့်အတွက် အံ့အားသင့်နေကြသည်။

သို့သော်လည်း သူတို့က ထိုသူ၏ စကားကို သံသယမဖြစ်ကြပေ။ အကြောင်းမှာ သူတို့က ထိုသူ၏ အရှိန်အဝါပြောင်းလဲသွားမှုကို ခံစားမိကြ၏။ ထို့အပြင် တခြားသော စာရင်းသွင်းထားသူများလည်း တူညီသည့် အတွေ့အကြုံမျိုး ရှိခဲ့ကြသည်။

“ဆက်ပြောရအောင်” ဝမ်ဝေ့က ပြောလိုက်သည်။

“နောက်ထပ်တစ်ခုက ကျင့်ကြံရေး လှုံ့ဆော်မှုပဲ။ နာမည်အတိုင်း မင်းတို့တွေက ကျင့်ကြံရေးကို ကွဲပြားတဲ့ ကဏ္ဍတွေကို လှုံ့ဆော်နိုင်တယ်။

တစ်စုံတစ်ယောက်က နောက်အဆင့်ကို တက်လှမ်းနိုင်ချေ နည်းပါးတယ်လို့ ခံစားမိတာမျိုး ဒါမှမဟုတ် အတားအဆီးတွေ့တာမျိုးဆိုရင် အိပ်မက်လောကထဲမှာ အဆင့်တက်လှမ်းဖို့ လှုံ့ဆော်မှုကို ရယူနိုင်တယ်။

ဒီဟာက ကျင့်ကြံရေးအတွက်တင် မဟုတ်ဘူး။ ဆေးလုံး၊ လက်နက်၊ အဆောင်၊ အစီအရင်၊ ရုပ်သေးရုပ်နဲ့ မင်းတို့ ဖန်တီးချင်တဲ့ နည်းစနစ်တွေအထိ လှုံ့ဆော်ပြီး သရုပ်ဖော်ကြည့်လို့ ရတယ်။”

ထိုလုပ်ဆောင်ချက်ကို ကြားပြီးသည့်နောက်တွင် မည်သူကမှမတည်ငြိမ်ကြတော့ပေ။ ဧကရာဇ်မျိုးနွယ်များက ကျင့်ကြံရေးလှုံ့ဆော်မှုအကြောင်းကို သိပ်ဂရုမစိုက်ကြပေ။ အကြောင်းအရင်းမှာ သူတို့၏ ဂိုဏ်းက ကောင်းကင်ရွေးချယ်ခံများကို ပြုစုပျိုးထောင်ပေးပြီး အထွတ်အထိပ်ကုန်းမြေ၊ တော်ဝင်ကုန်းမြေ၊ စည်းမျဉ်းကုန်းမြေတို့ဖြင့် မတူညီပေ။

ထိုအဖွဲ့တွင် အပျော်ရွှင်ဆုံးသူများက ကျင့်ကြံရေးအမွေနှစ် မရှိကြသည့် လေလွင့်ကျင့်ကြံသူများ ဖြစ်၏။ ထိုသို့သော လုပ်ဆောင်ချက်မျိုးက သူတို့အတွက် နတ်ဘုရားသဖွယ် ဖြစ်သည်။

သို့သော် ထိုကိစ္စ၏ လုပ်ဆောင်ချက်က ရှင်းပြထားသည်ထက်ပင် ကျော်လွန်နေ၏။ ဧကရာဇ်မျိုးနွယ်များက ဤမျိုးဆက်တွင် ထာဝရဦးသျှောင်တစ်ယောက်ကို ပြုစုပျိုးထောင်လိုသော်လည်း အဆင့်(၁၁) အထိ တက်လှမ်းဖို့ရာ အင်မော်တယ်လမ်းစဉ်အတွက် အတားအဆီးများ ပါဝင်နေသည်။

သို့သော် ယခုတွင် အကြိမ်များစွာ လှုံ့ဆော်ပေးပြီးသည့်နောက်တွင် အောင်မြင်နိုင်ချေက သိသိသာသာ တိုးမြင့်လာလိမ့်မည်။

“ကျုပ်တို့ ကျွမ်းကျင်အတတ်ပညာ တာအိုတွေအတွက်ကလည်း စည်ပင်ကြွယ်ဝတဲ့ ခေတ်ကာလကို ရောက်တော့မှာပဲ” မူလဆေးလုံးတာအိုဂိုဏ်းမှ ကိုယ်စားလှယ်တစ်ဦးက ရေရွတ်လိုက်သည်။

အဂ္ဂိရတ်ပညာရှင် ဒါမှမဟုတ် ကျွမ်းကျင်အတတ်ပညာရှင်များက သူတို့၏ ရှားပါးမှုကြောင့် အဆင့်အတန်း မြင့်မားကြပြီး များများစားစား မရှိကြသည်မှာ ပါရမီထူးချွန်သည့် ကျွမ်းကျင်အတတ်ပညာရှင်ကို ပြုစုပျိုးထောင်ဖို့ရာ အရင်းအမြစ်မြောက်များစွာ လိုအပ်နေ၍ ဖြစ်သည်။

ယခုအခါ အရင်းအမြစ်ပြဿနာကို ဖြေရှင်းပြီးသား ဖြစ်သွား၏။ အိပ်မက်လောကကို အသုံးပြုနိုင်သည့် အင်အားစုများက အရင်းအမြစ်များကို ဖြုန်းတီးစရာမလိုဘဲ ကျွမ်းကျင်အတတ်ပညာကို လေ့ကျင့်နိုင်ကြလိမ့်မည်။

“အရှင် လှုံ့ဆော်မှုက ဘယ်လောက်တိကျလဲ။ မဟာတာအိုအရင်းအမြစ် လိုအပ်တဲ့ ဧကရာဇ်ဆေးလုံးကိုရော သန့်စင်လို့ရမလား”

“တိကျနှုန်းက ၉၉.၉ ရာခိုင်နှုန်းရှိတယ်။ မင်းတို့က ဧကရာဇ်အဆင့်ဆေးလုံးကို လှုံ့ဆော်လို့ရတယ်။ ဆေးလုံးကို သရုပ်ဖော်ကြည့်လို့ရတယ်”

သူက ဤအိပ်မက်လောကအတွက် သုံ့လီဖန်း၊ ထာဝရအိပ်မက်ဂိုဏ်းနှင့် သူ့အိပ်မက်အများစုမှ ကျွမ်းကျင်အတတ်ပညာ ဆန့်ကျင်ကျင့်ကြံသူများစွာ၏ အကူအညီဖြင့် အားစိုက်ထုတ်ထားခဲ့ပြီး ဤသရုပ်ဖော်မှုနှင့် ပတ်သက်ပြီး ဘာမှမမှားယွင်းအောင် လုပ်ဆောင်ထားခဲ့၏။ သူက အသင်္ချေအင်ပါယာကမ္ဘာကို ထိန်းချုပ်နိုင်သည့် သူ့ကံကြမ္မာတာအိုဖြင့် ပေါင်းစည်းပေးထားခဲ့သည်။

ထို့ကြောင့် သရုပ်ဖော်မှုက ပြီးပြည့်စုံသော်လည်း ဤကမ္ဘာတွင် အကြွင်းမဲ့ မရှိကြောင်း သိသည့်အတွက် မပြောလိုက်ပေ။

“ဒီသရုပ်ဖော်မှုအတွက်တော့ တန်ကြေးတစ်ခု ပေးရမယ် ထင်တယ်။ ဒါပေမဲ့ သန့်စင်ဖို့ရာအတွက် ပါဝင်ပစ္စည်းတွေကို လှုံ့ဆော်ဖို့အတွက်ကရော တန်ကြေးပေးစရာ လိုသေးလား” အောင်းရှန်က မေးလိုက်သည်။

သူက ဤလုပ်ဆောင်ချက်နှင့်ပတ်သက်ပြီး အလွန်စိတ်လှုပ်ရှားနေ၏။ သူ့နတ်ဆိုးမျိုးနွယ်က ကျွမ်းကျင်အတတ်ပညာအတွက် ပါရမီများစွာ မရှိကြပေ။ သို့သော်လည်း ယခုအခါ ထိုအရာကို အသုံးပြု၍ ကျွမ်းကျင်အတတ်ပညာရှင်များကို ပြုစုပျိုးထောင်နိုင်လိမ့်မည်။

သူ့မျိုးနွယ်က မည်မျှပင် ပါရမီ မရှိစေကာမူ လက်နက်တစ်ခုကို အကြိမ်သောင်းချီ သန့်စင်ပြီးသည့်နောက်တွင် သူတို့က အောင်မြင်လာမည်သာ ဖြစ်၏။ အကယ်၍ အကြိမ်တစ်သောင်းက မလုံလောက်ပါက အကြိမ်သိန်းချီ လေ့ကျင့်နိုင်သည်။

“အင်မော်တယ်အဆင့်အောက်ကာ အလကားပဲ။ အင်မော်တယ်အဆင့် ဖန်ဆင်းမှုအတွက်ကတော့ ပစ္စည်း ဆယ်ခုအတွက် တန်ကြေးတစ်ခု ပေးရလိမ့်မယ်။” ဝမ်ဝေ့က ရှင်းပြလိုက်သည်။

အားလုံးက ထိုအရာသည် မျှတသည်ဟု တွေးခဲ့ကြ၏။ ပြောရလျှင် သေမျိုးပစ္စည်းများက မသေမျိုးအဆင့်နှင့် မယှဉ်နိုင်ပေ။

“ငါက စိတ်အခြေအနေ ကောင်းနေတယ်ဆိုတော့ မင်းတို့ကို လျှို့ဝှက်နည်းလမ်းတစ်ခု ပြောပြလိုက်မယ်။” ဝမ်ဝေ့က ပြောလိုက်သည်။

“မင်းတို့တွေက ထာဝရဧကရာဇ်အပါအဝင် မဟာဧကရာဇ် ဖြစ်လာတာ ဘယ်လိုမျိုးလဲဆိုတာကိုလည်း သရုပ်ဖော်ကြည့်လို့ ရတယ်။ အဲဒါလုပ်ကြည့်တဲ့ အကျိုးကျေးဇူးကိုတော့ ပြောစရာ မလိုတော့ဘူး”

ကိုယ်စားလှယ်များ၏ အကြည့်များက တောက်ပလာကြသည်။ မဟာဧကရာဇ်တစ်ယောက်၏ စွမ်းအားကို တွေ့ကြုံပြီးသည့်နောက်တွင် သူတို့၏ တာအိုဘိုးဘေးများအတွက် ဆန့်ကျင်အဆင့် ကျင့်စဉ်ကို ဖန်တီးဖို့ရာအတွက် ပိုမိုလွယ်ကူလာလိမ့်မည်။

“ကျွန်မမှာ ပြောစရာတစ်ခု ရှိတယ်” ဟို့ဖုန်းဟွမ်က ပြောလိုက်သည်။

“အိပ်မက်လောကက ခုံရုံးရဲ့ လက်အောက်မှာ ရှိမှာလား”

ဝမ်ဝေ့က သူမကို ကြည့်လိုက်၏။ သူ့အနေဖြင့် သူမ မေးလိုသည့်အရာကို ချက်ချင်းသိလိုက်သည်။ သူ တက်လှမ်းသွားပြီးသည့်နောက်တွင် အိပ်မက်လောကက မည်သို့ဖြစ်သွားမည်နည်း။

ခုံရုံးက ထိန်းချုပ်မည်လား သို့မဟုတ် တာအိုအခွင့်အလမ်းဂိုဏ်းက ထိန်းချုပ်မည်လား။

“အိပ်မက်လောကက တာအိုအခွင့်အလမ်းဂိုဏ်းရဲ့ အပိုင်ပဲ။ ဒါပေမဲ့ ခုံရုံးကလည်း အာဏာတချို့ရှိလိမ့်မယ်” ဝမ်ဝေ့က ရှင်းပြလိုက်သည်။

“ခုံရုံးအဖွဲ့သားတွေက အိပ်မက်လောကရဲ့ ပစ္စည်းတချို့အတွက် လျှော့ဈေး ရနိုင်တယ်။ ပြီးတော့ မျိုးဆက်တစ်ခုချင်းစီရဲ့ ကောင်းကင်ဧကရာဇ်ကလည်း အိပ်မက်လောကကို အပြောင်းအလဲတချို့လု ပ်ဖို့ အာဏာရှိတယ်။ ဒါပေမဲ့ ကန့်သတ်ချက်တော့ ရှိတယ်”

“အရှင် ထပ်ပြီး ပြောပြပါဦး”

“ပလ္လင်ပေါ်မှာ ဘယ်သူပဲ ထိုင်ထိုင် သူတို့စိတ်ကြိုက်လုပ်လို့ မရဘူး။ ပြောရမယ်ဆိုရင် အိပ်မက်လောကထဲဝင်ဖို့ အကြောင်းအရင်း မရှိဘဲ လူတွေကို တားဆီးပစ်တာမျိုးပေါ့။ ပြီးတော့ အင်အားစုတွေကို တခြားလုပ်ဆောင်ချက်တွေအတွက် ပေးချေစရာ မလိုတာတွေ လုပ်လို့မရဘူး။

ဒါပေမဲ့ အခြေအနေတွေက ဆက်တိုက် ပြောင်းလဲတယ်ဆိုတာကို နားလည်တယ်။ အဲဒါကြောင့် အရာအားလုံးကို တွက်ချက်ကြည့်လို့တော့ မရဘူး။ တကယ်လို့ အိပ်မက်လောကထဲမှာ အပြောင်းအလဲလုပ်ဖို့ လိုအပ်လာတဲ့အခါမျိုးဆိုရင် ကောင်းကင်ဧကရာဇ်က အဲ့လိုလုပ်ဆောင်နိုင်မဲ့ အာဏာ ရှိတယ်”

“ဧကရာဇ်တစ်ယောက်က ဆုံးဖြတ်ချက်ချပြီးတော့ တာအိုအခွင့်အလမ်းဂိုဏ်းက ဆန့်ကျင်ရင်ရော”

“ကောင်းကင်တာအိုက ဝင်ပြီးတော့ ဆုံးဖြတ်ပေးလိမ့်မယ်” ဝမ်ဝေ့က ပြောလိုက်စဉ် လူများစွာက ထိုဆုံးဖြတ်ချက်ကို လက်ခံလိုက်ကြသည်။ ကောင်းကင်တာအိုက အကျိုးအကြောင်းသင့်သည့် ဆုံးဖြတ်ချက်များကိုသာ ပြုလုပ်သည့်အတွက် ဘက်လိုက်မည်ကို စိုးရိမ်စရာ မလိုပေ။

ဝမ်ဝေ့က ထိုသူများကိုကြည့်ကာ သူတို့၏ စိုးရိမ်မှုတချို့ကို မြင်သည့်အတွက် ပြောလိုက်သည်။

“အိပ်မက်လောကက ကြားနေ တည်ရှိမှုလိုမျိုးပဲ။ ဒါက ငါ ဖန်တီးထားလို့ တာအိုအခွင့်အလမ်းဂိုဏ်းအပိုင်ဆိုတော့ ဂိုဏ်းကို ကံကောင်းမှုနဲ့ ကြမ္မာပေးနိုင်တယ်။ အခြေအနေအများစုအောက်မှာ အဆုံးမဲ့လေဟာနယ်ရဲ့ အာဏာသက်ရောက်မှု မရှိဘဲ တည်ရှိလိမ့်မယ်။ ငါ ထွက်မသွားခင် ပြီးပြည့်စုံတဲ့ စည်းမျဉ်းတွေ၊ စည်းကမ်းတွေကို ချမှတ်ခဲ့မယ်ဆိုတော့ ဘာမှစိုးရိမ်စရာ မလိုဘူး”

အားလုံးက စိတ်အေးသွားကြသည်။ ကောင်းကင်ဧကရာဇ်က တာအိုအခွင့်အလမ်းဂိုဏ်းသည် ကမ္ဘာကြီးကို အပြည့်အဝ မလွှမ်းမိုးခြင်းဖြင့် သူ့တရားမျှတမှုကို ပြသထားပြီးသား ဖြစ်၏။ ထို့ကြောင့် သူတို့က သူ့စကားဖြင့် ယုံကြည်သွားကြသည်။

“အခု အိပ်မက်လောကရဲ့ နောက်ဆုံးပုံစံကို ပြောရအောင်” ဝမ်ဝေ့က ထိုစကားများကို ပြောလိုက်စဉ် အဝေးတစ်နေရာတွင် မျှော်စင်တစ်ခု ပေါ်ထွက်လာပြီး တိမ်တိုက်များကြား ထိုးဖောက်ဝင်သွားသည်။

“ဒါက ကမ္ဘာတစ်သောင်းတိုက်ပွဲမျှော်စင်ပဲ” သူက ပြုံးကာ ပြောလိုက်၏။

“မင်းတို့လည်း ခန့်မှန်းမိမှာပါ။ ဒါက မင်းတို့တွေ သေဆုံးမှာကို ကြောက်စရာ မလိုပဲနဲ့ ဘယ်သူနဲ့မဆို တိုက်ခိုက်လို့ ရတယ်။”

အိပ်မက်လောကတွင် အသုံးပြုထားသည့် ခန္ဓာကိုယ်များက စွမ်းအားဖြင့် ဖွဲ့စည်းထားသည့်အတွက် သေဆုံးသွားမည်က ပြဿနာ မဟုတ်ပေ။ သေမျိုးများက သူတို့၏ ဝိညာဉ်စွမ်းအား ကင်းမဲ့မှုကြောင့် အချိန်တိုမူးဝေမှုကို ခံစားရနိုင်သော်လည်း တရေးတမော အိပ်ပြီးသည့်နောက်တွင် အလျင်အမြန် ကောင်းမွန်လာလိမ့်မည်။

“မျှော်စင်က လုပ်ဆောင်ချက်တွေ အများကြီးပါတယ်။ ပြောရရင် ငါ့အကြိုက်ဆုံး ဧကရာဇ်တွေရဲ့ အမှတ်အသားလည်း ပါတယ်” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။

“ငါက ဒီကမ္ဘာရဲ့ မဟာဧကရာဇ်တွေရဲ့ အမှတ်အသားတွေအားလုံးကို ပြန်လည်ဖန်တီးထားပြီးတော့ မင်းတို့တွေက သူတို့ရဲ့ ကျင့်ကြံဆင့် ဘယ်အဆင့်ဖြစ်ဖြစ် ပုံရိပ်ယောင်နဲ့ တိုက်ခိုက်နိုင်တယ်။ တာအို သက်သေပြပြီးတဲ့နောက်လည်း အပါအဝင်ပဲ။”

ထိုသူများက ထိုစကားကိုကြားကာ အကြည့်များ တောက်ပလာကြသည်။ လူများစွာက မဟာဧကရာဇ်ဖြင့် တိုက်ခိုက်လိုကြ၏။ တချို့ဧကရာဇ်မျာက ငယ်ရွယ်စဉ်အခါက သာမန်မျှသာ ဖြစ်သည့်အတွက် သူတို့ကို အနိုင်ယူကာ အောင်မြင်မှုအရသာကို ခံစားနိုင်သည်။

“ဒါက အစပဲ ရှိသေးတယ်” ဝမ်ဝေ့က ပြောလိုက်သည်။

“နောင်အနာဂတ်ကျရင် တခြားကမ္ဘာ့အသိုက်အဝန်းတွေက ပါရမီရှင်တွေ၊ ကောင်းကင်ရွေးချယ်ခံတွေနဲ့ အင်အားကြီး ပုဂ္ဂိုလ်တွေနဲ့ မဟာဧကရာဇ်တွေကလည်း မျှော်စင်ထဲမှာ ပေါ်ထွက်လာမယ်ဆိုတော့ သူတို့နဲ့ ရင်ဆိုင်လို့ရတယ်။

ပြီးတော့ ကမ္ဘာအသီးသီးက မဟာဧကရာဇ်တွေအပါအဝင် အင်အားကြီးပုဂ္ဂိုလ်တွေနဲ့ ပါရမီရှင်တွေရဲ့ အဆင့်ဇယားပါ ရှိလာလိမ့်မယ်။ အဲဒါကိုတော့ အဆုံးမဲ့လေဟာနယ်ရဲ့ မျိုးနွယ်တွေ အားလုံးအတွက် အဆင့် သိနိုင်အောင် စာရင်းတစ်ခု ဖန်တီးဖို့ စီစဉ်ထားတယ်”

ကိုယ်စားလှယ်များက ထိုစကားနောက်ကွယ်မှ အရှုပ်အထွေးကို သိသည့်အတွက် မျက်မှောင်ကြုတ်လိုက်ကြသည်။

All Chapters