ဖုံးကွယ်ထားသော လျှို့ဝှက်ချက်များ
Vol. 69 Ch. 963
ဝမ်ဝေ့က ရှုရှစ် ထွက်သွားသည်ကို တည်တည်ငြိမ်ငြိမ်သာ ကြည့်နေလိုက်၏။
ထို့နောက် သူက အိပ်မက်လောကကို အာရုံစိုက်လိုက်သည်။ ယခုအခါ သေမျိုးများအတွက် ဖွင့်လှစ်ပေးတော့မည် ဖြစ်သည့်အတွက် နောက်ဆုံးအနေဖြင့် စစ်ဆေးကြည့်ချင်သည်။
သိုင်းပညာရှင်တွေကတော့ တိုက်ပွဲမျှော်စင်ကို သဘောကျလောက်တယ်။ ဒါပေမဲ့ တခြားသူတွေအတွက်ကတော့ အတူတူဖြစ်ချင်မှဖြစ်မှာ။ အဲဒါဆိုတော့ စစ်တုရင်၊ လက်ရေးလှ၊ ကဗျာ၊ တေးဂီတနဲ့ သင်္ကေတလိုမျိုး ပြိုင်ပွဲတွေက သူတို့အတွက် ဆွဲဆောင်မှုရှိလောက်တယ်…
[အိမ်]လုပ်ဆောင်ချက်က သေမျိုးတွေ သဘောအကျဆုံးဖြစ်သင့်သော်လည်း ဝမ်ဝေ့က သူတို့၏ အိပ်မက်ဒင်္ဂါးပြားများကို တခြားနေရာတွင် သုံးစွဲဖို့ မျှားခေါ်ချင်သေး၏။
ပြီးတော့ မဖွင့်လှစ်ရသေးတဲ့ [ဟောပြောပို့ချရေးကဏ္ဍ] နဲ့ [တာအိုစည်းချက်] အကြောင်းလည်း ရှိသေးတယ်…
[ဟောပြောပို့ချရေးကဏ္ဍ]တွင် လူများအား ဒင်္ဂါးပြား ရယူခွင့်ပြုထားလိမ့်မည်။ သူတို့က တာအိုရှင်းပြကာ မှတ်တမ်း တင်ထားပြီး တခြားသူများက ကြည့်ရှုဖို့ရာအတွက် အခကြေးငွေပေးချေနိုင်သည်။ ဤလုပ်ဆောင်ချက်က တစ်ကမ္ဘာလုံးအပေါ် အကျိုးကျေးဇူးမြောက်များစွာ ရှိလာလိမ့်မည်။ သေမျိုးများကလည်း မဟာဧကရာဇ်များ တာအိုရှင်းပြမှုအပေါ် နားထောင်နိုင်ကြ၏။
[တာအိုစည်းချက်] လုပ်ဆောင်ချက်ကမူ တိုက်ပွဲမျှော်စင်နှင့် ဆက်သွယ်နေသည်။ ထိုအရာကို အသက်သွင်းလိုက်သည်နှင့် လူအများက မှတ်တမ်းတင်ထားသည့် ထိုတိုက်ပွဲများဆီမှ တာအိုစည်းချက် သို့မဟုတ် စည်းမျဉ်းနားလည်နိုင်စွမ်းနှင့် လုပ်ဆောင်ပုံများကို ခံစားမိကြလိမ့်မည်။
နမူနာအားဖြင့် ကျင့်ကြံသူတစ်ယောက်က ချီယွမ် သို့မဟုတ် အကြွင်းမဲ့စတင်ခြင်း ဧကရာဇ်က သူတို့ငယ်ရွယ်စဉ်အချိန် သို့မဟုတ် တာအိုသက်သေပြပြီးသည့်အချိန်တွင် အသုံးပြုခဲ့သည့် ကျင့်စဉ်ကို သင်ယူဖို့ရာအတွက် ဖြစ်နိုင်လေသည်။ သို့သော်လည်း ထိုကဏ္ဍက တည်ဆောက်ပြီးသားဖြစ်သည့် [ဟောပြောပို့ချရေးကဏ္ဍ] နှင့် မတူညီဘဲ မပြီးဆုံးသေးပေ။ ထို့ကြောင့် လူအများရှေ့ ပို့ချဖို့ အခွင့်အခါကောင်းကို စောင့်ဆိုင်းရဦးမည်။
ဝမ်ဝေ့က အတိတ်မှ အင်အားကြီး ပုဂ္ဂိုလ်များ၏ အမှတ်အသားများကို ဆင့်ကဲပြောင်းလဲကာ သူ့အချိန်တာအိုကို အသုံးပြု၍ တကယ့်တိုက်ပွဲများဆီမှ တာအိုစည်းချက်များကို မှတ်တမ်းတင်ဖို့ လိုအပ်သည်။
သို့သော်လည်း ထိုဖြစ်စဉ်က အချိန်တစ်ခုကြာမြင့်မည်ဖြစ်သည့်အတွက် ကိုယ်ပွားကိုသာ ထိုအလုပ်များကို အပ်ထားလိုက်သည်။
ကိစ္စတွေက အခုထိတော့ အဆင်ပြေနေသေးတယ်…
ဝမ်ဝေ့က တွေးလိုက်မိသည်။ သူက ကမ္ဘာကို အာရုံစိုက်ထားပြီးသည့်နောက်တွင် ရေရွတ်လိုက်၏။
“ငါက အိပ်မက်လောကကို ဖန်တီးထားပြီးတော့ သက်ရှိအားလုံးအတွက် ဆက်သွယ်ရေးနဲ့ မျှဝေမဲ့ အစီအစဉ်တွေကို ခွင့်ပြုပေးထားခဲ့တယ်။ ဒါကို ဝင်ရောက်ဖို့အတွက် မင်းတို့တွေက မျက်လုံးမှိတ်ထားပြီးတော့ စကားဝှက်ဖြစ်တဲ့ အိပ်မက်လူဝင်စားဆိုတဲ့ စကားဝှက်ကို ရေရွတ်လိုက်ရုံပဲ”
သူ့အသံက သေမျိုးများ၏ စိတ်ထဲသို့ ရောက်ရှိသွားလေသည်။ သေမျိုးများအနေဖြင့် ကောင်းကင်ဧကရာဇ်၏ ကြေညာချက်ကို ကြားရသည်မှာ ပထမဦးဆုံးအကြိမ် မဟုတ်သော်လည်း သတင်းအချက်အလက်က ထူးဆန်းလှသည်။
လူများစွာက သိချင်စွာဖြင့် သူတို့၏ မျက်လုံးကိုမှိတ်ကာ ညွှန်ကြားချက်အတိုင်း လိုက်လုပ်ဆောင်လိုက်သည်။ ထိုစဉ် သေမျိုးပေါင်း ထရီလီယံချီက အိပ်မက်လောကအတွင်း ဝင်ရောက်လာလေ၏။
ဝမ်ဝေ့က သေချာအာရုံစိုက်ထားပြီး ဘာမှမဖြစ်ပျက်အောင် သေချာစောင့်ကြည့်ခဲ့သည်။
ဤသို့ဖြစ်ထားမည်မှန်း သိထားသော်လည်း သူ့တစ်စိတ်တစ်ပိုင်းကမူ ကမ္ဘာမြေတွင် နာမည်ကျော်ဂိမ်းများ ထုတ်လုပ်ရာတွင် ဆာဗာ ကျမှုတချို့ကို ပြန်စဉ်းစားမိသွားသည်။
အိပ်မက်လောကအတွင်း ဝင်ရောက်ပြီးသည့်နောက်တွင် ထိုသေမျိုးများ၏ အိပ်မက်အမှတ်အသားက သူတို့ရှေ့မှောက် ပေါ်ထွက်လာလေ၏။ ထို့နောက် အိပ်မက်လောကအကြောင်း သတင်းအချက်အလက်များနှင့် လုပ်ဆောင်ချက်များကလည်း ထိုသူများ၏ စိတ်ထဲ ဝင်ရောက်သွားသည်။
မိတ်ဆက်မှုအပြီးတွင် သေမျိုးများစွာက အိပ်မက်ဒင်္ဂါးပြားများကို ဖွဲ့စည်းကြစဉ် တချို့ကမူ ဘေးပတ်လည်ကို စောင့်ကြည့်နေကြသည်။
အိပ်မက်ဒင်္ဂါးပြားများက သေမျိုးများတွင် ကန့်သတ်ချက်ရှိနေသည့် ဝိညာဉ်စွမ်းအားဖြင့် ဖွဲ့စည်းရခြင်း ဖြစ်သည့်အတွက် သူတို့က မရပ်တန့်ခင် အနည်းငယ်မျှသာ ဖွဲ့စည်းနိုင်ခဲ့သည်။ လုံလောက်သည့် ဝိညာဉ်စွမ်းအား မရှိဘဲ သူတို့၏ အိပ်မက်စိတ်ဝိညာဉ်ကမ္ဘာက အိပ်မက်လောကတွင် တည်ရှိနိုင်မည် မဟုတ်ပေ။
သေမျိုးအများစုအတွက် ဆွဲဆောင်မှုအရှိဆုံးအရာက [အိမ်] ဖြစ်၏။ သူတို့က သူတို့စိတ်ကြိုက် ဖန်တီးနိုင်ပြီး စိတ်ကူးယဉ်လောကတွင် နေထိုင်နိုင်ကြသည်။ အိပ်မက်လောကအတွင်း ပေးချေရသည့် တန်ကြေးက သေမျိုးများနှင့် ကျင့်ကြံသူများအတွက် ကွဲပြား၏။ စရံပေးကာ နှစ်ချီ ငှားရမ်းမှုဖြင့် ထိုသေမျိုးများသည် သူတို့၏ [အိမ်]ကို စိတ်တိုင်းကျ အသုံးပြုနိုင်ကြသည်။
ဝမ်ဝေ့က သေမျိုးများသည် အိပ်မက်လောကထံ စွဲလမ်းမှု မဖြစ်အောင်လည်း ကြိုတင်သတိထားထားရသည်။
ဝမ်ဝေ့က အားလုံးကို တည်တည်ငြိမ်ငြိမ်ဖြင့်သာ စောင့်ကြည့်နေ၏။ သေမျိုးများက သူတို့၏ [အိမ်]အတွင်း ဆော့ကစားနေကြစဉ် ထူးကဲသေမျိုးများကမူ သရုပ်ဖော်မှုကို အသုံးပြု၍ သူတို့၏ သင်္ကေတနားလည်နိုင်စွမ်းနှင့် အသုံးပြုမှုတို့ကို လေ့ကျင့်နေကြသည်။
ထိုစဉ် သိုင်းပညာရှင်များက တစ်ယောက်နှင့်တစ်ယောက် စိန်ခေါ်ဖို့အတွက် တိုက်ပွဲမျှော်စင်အထိ အပြေးအလွှားသွားကြ၏။ အတိအကျပြောရလျှင် သူတို့က ကျင့်ကြံသူများကို စိန်ခေါ်ခဲ့ကြသည်။
သိုင်းပညာရှင်၏ အမြင့်ဆုံးအဆင့်က အံ့ဖွယ်ပလ္လင်အဆင့် ဖြစ်၏။ သို့သော်လည်း သိုင်းပညာရှင်အများစုက ထိုရလဒ်နှင့် ပတ်သက်ပြီး မကျေနပ်ကြဘဲ သဘာဝလွန်အဆင့် ကျင့်ကြံသူကို အနိုင်ယူလိုကြသည်။ သူတို့သိထားသည့် သတင်းအချက်အလက်အရ လူမှုအဖွဲ့အစည်း၏ ကန့်သတ်ချက်က အဆင့် (၄)ကျင့်ကြံသူကို သတ်နိုင်ခြင်းသာ ဖြစ်၏။
သို့သော်လည်း ဤသို့သော အောင်မြင်မှုမျိုးက အားကောင်းသည့် လက်နက်များ ပါဝင်သည့် တိုက်ပွဲသုံး ယာဉ်ရာချီနှင့်အတူ တပ်ဖွဲ့ကြီးလည်း လိုအပ်သည်။ သိုင်းပညာရှင်များက ထိုကန့်သတ်ချက်ကို လက်မခံလိုကြဘဲ ထပ်ပြီး အဆင့်မြင့်လိုကြသည်။ တချို့လူများက မူလကျင့်ကြံရေးနည်းစနစ်နှင့် ယှဉ်နိုင်သည့် သိုင်းပညာအဖွဲ့အစည်းကိုပင် ဖန်တီးလိုကြ၏။
ထိုအရာကို မြင်တွေ့ပြီးသည့်နောက်တွင် ဝမ်ဝေ့က ခေါင်းအသာယမ်းလိုက်သည်။ ထိုကံကြမ္မာက ကမ္ဘာအများစုသည် ကျင့်ကြံသူပမာဏဖြင့် ကန့်သတ်ထားခံရသည့် နည်းလမ်းတစ်ခု ဖြစ်၏။ ကန့်သတ်ချက်က အလုံခန္ဓာကိုယ် မပါရှိဘဲ မွေးဖွားလာသည့်သူများသာ သေမျိုးများသာ ဖြစ်ပြီး မကျင့်ကြံနိုင်ကြပေ။
ထို့ကြောင့် သိုင်းပညာသည် သေမျိုးများအား ကန့်သတ်ချက်နှင့် အတားအဆီး ဖြစ်စေလိမ့်မည်။ သိုင်းပညာကို အဓိကစနစ်အဖြစ် ထားရှိသည့် ကမ္ဘာများတွင်ပင် ကံကြမ္မာက သူတို့အား အားနည်းသည့် ခန္ဓာကိုယ်၊ ပင်ကိုစွမ်းရည်နည်းပါးမှု၊ နားလည်နိုင်စွမ်းနိမ့်ကျမှုနှင့် တခြားသော အဟန့်အတားများစွာကို ပေးကာ ကန့်သတ်ထားလေ့ရှိသည်။
ဝမ်ဝေ့က ဆက်လက် လေ့လာစောင့်ကြည့်နေလိုက်၏။ သေမျိုးများနှင့် ကျင့်ကြံသူများကို ခွဲထားပြီး တစ်ခုချင်းစီက သူတို့၏ သက်ဆိုင်ရာ ဆာဗာ ရှိကြသည်။ သူတို့က အချင်းချင်း အိပ်မက် အမှတ်အသားမှတဆင့် ဆက်သွယ်နိုင်ကြသော်လည်း အိပ်မက်လောကအတွင်း ပထမပေါ်ထွက်လာပြီးသည့်နောက်တွင် သူတို့က ကွဲပြားသည့်နေရာတွင်သာ ရှိနေလိမ့်မည်။
အိပ်မက်လောကကို အသင်္ချေအင်ပါယာကမ္ဘာအပေါ် မှီခိုမှုမရှိအောင် လုပ်လိုက်တာ နည်းလမ်းကောင်းတစ်ခုပဲ…
ဝမ်ဝေ့က သုံးသပ်လိုက်သည်။ သဘောတရားအရ အိပ်မက်လောကသည် အသင်္ချေအင်ပါယာကမ္ဘာ၏ တစ်စိတ်တစ်ပိုင်း မဟုတ်ပေ။ တခြားနည်းဖြင့်ပြောရလျှင် ကမ္ဘာဖြင့် ပေါင်းစည်းထားသည့် လျှို့ဝှက်ဒိုင်မေးရှင်းတစ်ခု မဟုတ်ပေ။
ဝမ်ဝေ့က အိပ်မက်လောကကို ကမ္ဘာများထံ မှီခိုနေခြင်း မရှိအောင် ရွေးချယ်ထားပြီး အဆုံးမဲ့လေဟာနယ်တစ်ခုလုံးဖြင့် ပေါင်းစည်းထားခဲ့သည်။ ထိုသို့သော ရွေးချယ်မှုများက တခြားကမ္ဘာ့အသိုက်အဝန်းများအတွက်လည်း အိပ်မက်လောကကို ဝင်ရောက်ဖို့ ပိုမိုလွယ်ကူလာစေလိမ့်မည်။ ထိုနည်းလမ်းက နယ်ခြားကျင့်ကြံသူများအား ဝင်ရောက်ကာ အသုံးပြုဖို့ရာအတွက် စိတ်အေးစေလိမ့်မည်။
ဝမ်ဝေ့က အိပ်မက်လောကကို အာရုံမစိုက်တော့ဘဲ ကောင်းကင်မှ ကျဆင်းလာသည့် ကုသိုလ်အမြောက်အများကိုသာ အာရုံစိုက်လိုက်သည်။ ထိုကုသိုလ်၏ ၉၀ ရာခိုင်နှုန်းက သူ့အပိုင်ဖြစ်စဉ် ကျန်ရှိနေသည့် ဆယ်ရာခိုင်နှုန်းကမူ သုံ့လီဖန်းနှင့် ထာဝရအိပ်မက်ဂိုဏ်းဆီ ရောက်ရှိသွားလိမ့်မည်။
သူက သူ့ရှေ့ရှိ ခရမ်းရောင်ကုသိုလ်ကို မြင်သည့်အခါ ပြုံးမိသွား၏။ ဤအရာက အစမျှသာ ဖြစ်ကြောင်း သိလိုက်သည်။
သူက အိပ်မက်လောကကို ဆင့်ကဲဖွံ့ဖြိုးအောင် လုပ်ပြီး အပြင်ဘက်သို့ ချဲ့ထွင်လိုက်သည်နှင့် သူ့ကျင့်ကြံရေးကို အကူအညီဖြစ်စေမည့် ကုသိုလ်အမြောက်အများ ထပ်မံ ရရှိလာလိမ့်မည်။
ဝမ်ဝေ့က ကုသိုလ်ကို သိမ်းဆည်းပြီးသည့်နောက်တွင် အိပ်မက်လောက၏ ဗဟိုချက်ထံ အရိပ်အယောင်တစ်ခု စေလွှတ်လိုက်ပြီး တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေလိုက်သည်။
စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သုံ့လီဖန်းက ပေါ်ထွက်လာ၏။
“ဘယ်လိုလဲ။ အမှတ်အသားကနေ အနိုင်ကျင့်ခံရတာ သဘောတွေ့ရဲ့လား”
“အနိုင်ကျင့်တယ်ဆိုတာ ဘာတုန်း။ ကျွန်မက ယုံကြည်ချက်လွန်ကဲတဲ့ တိုက်ပွဲတစ်ခုကို တိုက်ခဲ့ရုံပါ” သူမက ပြုံးကာ ပြောလိုက်သည်။ သူမက ဒဿမသာလွန်အုတ်မြစ်ကို ရရှိထားသည့် ဝမ်ဝေ့နှင့် တိထျန်းတို့၏ ပုံစံကို မရွေးချယ်သရွေ့ သူမက အားကုန်သုံး၍ တိုက်ခိုက်နိုင်သည်။
“တစ်ခုခု သင်ယူခဲ့ရသေးလား”
“အများကြီးပဲ” သူမက ပြန်ဖြေလိုက်သည်။ သုံ့လီဖန်းအနေဖြင့် သူမ၏ အားနည်းချက်များကို သဘောပေါက်သွားခဲ့သည်။ ပထမဦးစွာ သူမက တစ်ဖက်လူအား မြင့်မားသည့် ကျင့်ကြံဆင့်ကို အသုံးပြု၍ အနိုင်ကျင့်လေ့ရှိသည်။ ရလဒ်အနေဖြင့် သူမ၏ တိုက်ပွဲအတွေ့အကြုံနှင့် တိုက်ပွဲဉာဏ်ရည်တို့က ဝမ်ဝေ့၏ မျိုးဆက်မှ ထိပ်သီးကောင်းကင်ရွေးချယ်ခံများဖြင့် ယှဉ်လိုက်သည့်အခါ နောက်ကောက်ကျ ကျန်နေခဲ့၏။
ဒုတိယအနေဖြင့် သူမ၏ တိုက်ခိုက်ရေး အတွေ့အကြုံ လိုအပ်နေမှုတို့ ဖြစ်သည်။ သူမ၏ တာအိုအသုံးပြုမှုက ထိုပါရမီရှင်များနှင့် ယှဉ်လိုက်လျှင် အဆင့်နိမ့်နေသည့်အတွက် ထိုဟာကွက်ကို ဖြည့်ဖို့ လိုအပ်သည်။ ကံကောင်းစွာဖြင့် နောက်မကျသေးသည့်အတွက် သူမအနေဖြင့် တိုက်ပွဲများစွာ တိုက်ခိုက်ပြီး ဖြည့်တင်းနိုင်သည်။
တတိယအချက်အနေဖြင့် သူမက လုံလုံလောက်လောက် မရက်စက်သေးပေ။
အုပ်ချုပ်သူတစ်ယောက်အနေဖြင့် သူမက ရန်သူများကို သက်ညှာမှုကင်းမဲ့ကာ သတ်ဖြတ်မှု ရှိသော်လည်း ထိပ်သီးကောင်းကင်ရွေးချယ်ခံများနှင့် ရက်စက်မှု ယှဉ်လိုက်သည့်အခါ လိုအပ်နေသေး၏။ ထိုသူများက မသေမျိုးဘဝကို ရဖို့ အခွင့်အရေးတစ်ခုအတွက် ဘာမဆို လုပ်ကြလိမ့်မည်။ သူမ၏ စိတ်ကမူ တွက်ချက်လွန်းအားကြီးပြီး အမြဲတမ်း အကောင်းအဆိုးကို ချင့်ချိန်ကာ စွန့်စားမှုကို မလုပ်လိုပေ။
နောက်ဆုံးအနေဖြင့် သုံ့လီဖန်းက သူမ၏ အုတ်မြစ်သည် တချို့နေရာများတွင် အားလျော့နေကြောင်း သိလိုက်ရသည်။ သူမက လျှို့ဝှက်ချက်နှင့် သတင်းအချက်အလက်မြောက်များစွာကို မသိရှိပေ။
ကံကောင်းစွာဖြင့် အဓိက အားနည်းချက်ကြီးက တာအိုအခွင့်အလမ်းဂိုဏ်းသည် သူမအား လျှို့ဝှက်မှတ်တမ်းခန်းကို ဝင်ရောက်ခွင့်ပေးထားသည့်အတွက် အလွယ်တကူ ပြုပြင်နိုင်သည်။
“နဝမအဆုံးစွန်အုတ်မြစ်နဲ့ ဒဿမသာလွန် အုတ်မြစ်အကြောင်းကို စဉ်းစားပြီးသွားပြီလား”
“နဝမအဆုံးစွန်အုတ်မြစ်ကတော့ ကျွန်မရဲ့ လက်ရှိအခြေအနေအတွက် အသုံးမဝင်ဘူး” သုံ့လီဖန်းက ပြောလိုက်သည်။
ဝမ်ဝေ့ကလည်း သဘောတူ၏။ သူမက လူဝင်စားများကို ဖွဲ့စည်းခဲ့လျှင်ပင် အကောင်းဆုံးအခြေအနေက သူမ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်သည် မြင့်မားသည့် အနေအထားတစ်ခုသို့ ရောက်ရှိသွားလိမ့်မည်။
မဟာရှားနှင့် ပေါင်းစည်းပြီးသည့်နောက်တွင် သုံ့လီဖန်းက သမာရိုးကျ မဟုတ်သည့် နဝမအဆုံးစွန်အုတ်မြစ်ကို ရရှိခဲ့ပြီးသား ဖြစ်၏။
“ဒါပေမဲ့ ကျွန်မက သမာရိုးကျ မဟုတ်တဲ့ ဒဿမသာလွန်အုတ်မြစ်ကိုတော့ ရချင်တယ်။ အတိုင်းအတာမဲ့ ဧကရာဇ်လမ်းစဉ်အထိ ကြိုးစားကြည့်ချင်တယ်”
ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။
သူ့အနေဖြင့် သူမအား ဒဿမသာလွန်အုတ်မြစ်ကို ရရှိဖို့ မျှော်လင့်ချက်မြင့်သော်လည်း အတိုင်းအတာမဲ့ ဧကရာဇ်အတွက်မူ…
သူက ယုံကြည်ချက် များများစားစား မရှိပေ။ အကြောင်းအရင်းမှာ ထိုကန့်သတ်ချက်ကို ချိုးဖောက်ဖို့ လိုအပ်သည့် စိတ်စွမ်းအားနှင့် မဟာတာအိုအရင်းအမြစ်ဆီ ဝင်ရောက်နိုင်မှုတို့ ဖြစ်၏။
သုံ့လီဖန်းက ကောင်းကင်ဘုရင်လမ်းစဉ်၏ တည်ထောင်သူဖြစ်သည့်အတွက် မဟာတာအိုအရင်းအမြစ် ၅ ရာခိုင်နှုန်းကို နားလည်ထားပြီးသား ဖြစ်သည်။ သို့သော်လည်း သူမက မဟာတာအိုအရင်းအမြစ်၏ စွမ်းအားကို ငှားယူခွင့်သာ ရှိထားပြီး အတိုင်းအတာမဲ့ ဧကရာဇ် ဖြစ်လာဖို့အတွက် ထိန်းချုပ်ခွင့် လိုသေးသည်။
“မင်း လုပ်ချင်တာကို ဂိုဏ်းကနေ ထောက်ပံ့ပေးမှာပါ။ ဒါပေမဲ့ ငါက တိုက်ရိုက် မကူညီပေးနိုင်ဘူးဆိုတာကိုတော့ မင်းနားလည်သင့်တယ်”
သုံ့လီဖန်းက နားလည်ကာ ခေါင်းညိတ်လိုက်သည်။ ဝမ်ဝေ့၏ စွမ်းအားဖြင့် သူက ကောင်းကင်အလိုဆန္ဒကမ္ဘာကိုပင် အလွယ်တကူ ဖျက်ဆီးပစ်နိုင်ပြီး သူမ၏ အသိစိတ်ပင်လယ်နှင့် ပေါင်းစည်းကာ ဒဿမသာလွန်အုတ်မြစ်ကို ရယူပေးနိုင်သည်။
သို့သော်လည်း အကယ်၍ သူသာ လုပ်ပေးခဲ့ပါက သူမသည် အစစ်အမှန်ကောင်းကင်တာအိုဆီမှ အကျိုးဆက်နှင့် တန်ပြန်သက်ရောက်မှုတို့ကို ခံစားရမည် ဖြစ်၏။ ထို့ကြောင့် သူမအနေဖြင့် ဂိုဏ်းက အရန်မျှသာ ဖြစ်ကာ သူမ၏ ကိုယ်ပိုင်နည်းလမ်းကို အသုံးပြုဖို့ လိုအပ်သည်။
“ကျွန်မ သိပါတယ်”
“ကောင်းပြီ။ မင်းကို သဲလွန်စတစ်ခုတော့ ပေးလိုက်မယ်” ဝမ်ဝေ့က သတင်းအချက်အလက် တချို့ကို သူမ၏ စိတ်ထဲ ပို့ဆောင်လိုက်သည်။
“နတ်ဆိုးအထွတ်အထိပ်ကမ္ဘာလား” သုံ့လီဖန်းက သူမ၏ နောက်ခြေလှမ်းကို နားလည်သည့်အတွက် ရေရွတ်လိုက်သည်။ သူမအနေဖြင့် သင့်တော်သည့် ကောင်းကင်အလိုဆန္ဒကမ္ဘာကို ရှာဖွေပြီး ထိုအရာကျရှုံးအောင် ကြံစည်ကာ အုပ်စိုးဖို့ ဖြစ်၏။
“ဘာလုပ်ဖို့ လိုတယ်ဆိုတာကို သိပြီ”
“ကောင်းပြီလေ” ဝမ်ဝေ့က ပြောလိုက်သည်။ သူ့အဖေကသာ ဒဿမသာလွန်အုတ်မြစ်ကို ရယူဖို့ ထိုမျှလွယ်ကူနေပါက မည်မျှကောင်းမည်မှန်း တွေးလိုက်မိသည်။ ထိုသူ့အတွက် သူ့အကောင်းဆုံးအစီအစဉ်က တာအိုကို သက်သေပြပြီးနောက် သူ့အုတ်မြစ်ကို ပြန်လည်ဖွဲ့စည်းဖို့ ဖြစ်ပြီး ထိုအုတ်မြစ်ကို ဖွဲ့စည်းဖို့ရာအတွက် အကြွင်းမဲ့ဓားတာအို၏ ကြမ္မာကို အသုံးပြုရမည်။
အမေက သူ့ကို ကာကွယ်ပေးထားပြီးတော့ ငါလည်း နောက်ခံရှိတယ်ဆိုတော့ ပြဿနာမရှိလောက်ဘူး…
ဝမ်ဝေ့က သုံ့လီဖန်းနှင့် ခေတ္တမျှ ဆွေးနွေးပြီးသည့်နောက်တွင် အိပ်မက်လောက၏ ဗဟိုချက်ရှိ အစီအရင်တစ်ခုဆီ ဦးတည်လိုက်သည်။ သူက အရောင်အမျိုးမျိုးဖြင့် ပြည့်နှက်နေသည့် ရေကန်ကို ကြည့်ကာ ပြုံးလိုက်မိသည်။
သူက ဆုံးရှုံးရသည့် စီးပွားရေးကို ဘယ်သောအခါမှ လုပ်မည် မဟုတ်ပေ။
ဝမ်ဝေ့က အမြတ်စားသူဖြစ်သည့်အတွက် အခွင့်အရေးကို လက်လွတ်ခံမည် မဟုတ်ပေ။ ထိုအကျင့်စရိုက်၏ နောက်ဆုံးရလဒ်က ဤရေကန်ဖြစ်ပြီး အိပ်မက်ဒင်္ဂါးပြားများမှ အစပြုလာခြင်း ဖြစ်သည်။
အိပ်မက်လောကကို အသုံးပြုသည့်သူများက သူတို့၏ ဝိညာဉ်စွမ်းအားကို အသုံးပြု၍ ဒင်္ဂါးပြားများကို ဖွဲ့စည်းကြရသော်လည်း ပစ္စည်းဝယ်ယူပြီးသည့်နောက်တွင် ဒင်္ဂါးပြားများက မည်သည့်နေရာသို့ ရောက်ရှိသွားသနည်း။
ဤနေရာသို့ ဖြစ်၏။
နောင်အနာဂတ်ကျရင် ငါက ဒိုင်မေးရှင်းအနိမ့်က ကျင့်ကြံသူတွေနဲ သေမျိုးတွေဆီကနေ အဆုံးမဲ့ဝိညာဉ်စွမ်းအားကို တိတ်တဆိတ် စုဆောင်းနိုင်လိမ့်မယ်။ သူတို့ကို သန့်စင်ပြီးသွားရင် ငါက ငါ့ရဲ့ဝိညာဉ်နဲ့ နားလည်နိုင်စွမ်းကို တိုးမြှင့်ဖို့ စုပ်ယူနိုင်လိမ့်မယ်၊ ငါ့ရဲ့ ကျင့်ကြံရေးကိုတောင် အရှိန်မြှင့်နိုင်လိမ့်မယ်…
သူက ချောမွေ့နေသည့် အနာဂတ် ကျင့်ကြံရေးအကြောင်း တွေးကာ ပြုံးလိုက်မိသည်။