ဖရိုဖရဲအချိန်နယ်မြေ၏ လျှို့ဝှက်ချက် အပိုင်း(၁)
Vol. 69 Ch. 966
ဝမ်ဝေ့က ပျောက်ကွယ်သွားပြီးနောက် တောင်ပိုင်းကုန်းမြေရှိ တောင်ငယ်တစ်ခု၏ ထိပ်တွင် ပြန်လည်ပေါ်ထွက်လာခဲ့သည်။ ထိုတောင်က မဖွံ့ဖြိုးသေးသည့် ကုန်းမြေ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့်အတွက် မိုင်တစ်သိန်းပတ်လည်အတွင်း နေထိုင်သူ မရှိပေ။
ဝမ်ဝေ့က ဤမျိုးဆက်မှ စောင့်ကြည့်သူဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သူ လူအိုကြီးအား ကြည့်လိုက်သည်။
“အရှင် ရောက်လာပြီကိုး” လူအိုကြီးက တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။ သူ့ခန္ဓာကိုယ်မှ ဉာဏ်ပညာကြီးသည့် အငွေ့အသက်တို့ ထွက်ပေါ်နေသည်။ သူက ဧကရာဇ်တစ်ပိုင်းအဆင့်မျှသာ ရှိသေးသော်လည်း သူ့ဆီ ကွဲပြားသည့် အငွေ့အသက်တစ်မျိုး ရှိနေပြီး သူက အင်မော်တယ်အဆင့် ကျင့်ကြံသူများနှင့်ပင် ယှဉ်နိုင်သည့် အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေ၏။
“ကောင်းပြီ။ လောကွတ်ချော်နေဖို့ မလိုဘူး။ မင်း လုပ်သမျှအရာအားလုံးက အဓိပ္ပာယ်မရှိဘူး။ မင်း တွေးကြည့်လို့ မရတဲ့အရာတွေကိုပါ ငါ မြင်နိုင်တယ်”
လူအိုကြီးက ချောင်းဆိုးကာ သီးလုနီးပါး ဖြစ်သွားလေ၏။ သူက ဤနေရာတွင် စောင့်နေသည်မှာ နှစ်ထောင်ချီမျှ ကြာမြင့်နေပြီဖြစ်သော်လည်း အစောပိုင်းနေ့ရက်များတွင် အကြောက်တရားဖြင့် စိုးရိမ်စွာ နေထိုင်ခဲ့ရသည်။ ကောင်းကင်ဧကရာဇ်က တစ်ရက်ကျ သူ့ကို လာတွေ့မည်မှန်း သိထားသော်လည်း ဘယ်အချိန်မှန်း မသိခဲ့ရပေ။ ထို့ကြောင့် သူက အချိန်အတော်ကြာအထိ စောင့်မျှော်နေသလိုမျိုး ဟန်ဆောင်ဖို့ ပြင်ဆင်ထားခဲ့သည်။
လူအိုကြီးက သူ့အမွေအနှစ်ကို ကျိန်ဆဲမိလိုသည်။ သူက သူတို့စကားကို နားထောင်ပြီး ကောင်းကင်ဧကရာဇ်နှင့် ဖြေရှင်းဖို့ ထိုဆိုးရွားသည့် အတွေးများကို အသုံးမပြုခဲ့သင့်ပေ။
အဲဒီစီနီယာက မဟာဧကရာဇ်အကြောင်းကို လျှောက်ပြောနေတာများလား…
လူအိုကြီးက တွေးမိသွားကာ သူ့ဘိုးဘေးများဆီမှ လက်ဆင့်ကမ်းလာသည့် သတင်းအချက်အလက်များသည် အလိမ်အညာများဖြင့် ပြည့်နှက်နေသလို ခံစားမိလာသည်။
“မင်းနာမည်က ဘယ်သူလဲ” ဝမ်ဝေ့က မေးလိုက်သည်။
“ဒီလူအိုကြီးကို ကောင်းချင်ခွန်းလို့ ခေါ်ပါတယ်”
ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီး “ကောင်းကင်မှတ်တမ်း စာအုပ်ကို ကြည့်ရအောင်”
ကောင်းချင်ခွန်းက ခေတ္တမျှ တုံ့ဆိုင်းသွားပြီးသည့်နောက်တွင် ဧကရာဇ်အသုံးအဆောင်ကို ဆင့်ခေါ်ကာ ပေးအပ်လိုက်သည်။
ဝမ်ဝေ့က တုံ့ဆိုင်းမနေဘဲ လတ်တလော စာရွက်များကို ဖတ်ရှုလိုက်၏။ ထင်ထားသည့်အတိုင်း ကောင်းကင်ဧကရာဇ် ခေတ်ကာလစတင်ကတည်းက နှစ်ထောင်ချီအတွင်း ဖြစ်ပျက်သမျှအရာအားလုံးကို မှတ်တမ်းတင်ထားခဲ့သည်။
သူက ထာဝရအဆင့်ကြားမှ တိုက်ပွဲများကိုပင် မှတ်တမ်းတင်ထားသည်ကို မြင်လိုက်ရ၏။ သိပ်မကြာခင် သူက တိုက်ပွဲစိတ်ဝိညာဉ်ကမ္ဘာအပေါ် သူ့တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး မှတ်ချက် ရေးထားသည်ကို တွေ့ကာ မျက်မှောင်ကြုတ်မိသွားသည်။
“ငါက ဒီဟာကို လျှော့တွက်မိသွားတဲ့ပုံပဲ”
ဝမ်ဝေ့က တွေးကာ ထပ်ပြီး သုံးသပ်လိုက်သည်။ သိပ်မကြာခင် ထိုအသုံးအဆောင်ပစ္စည်း၏ ထူးကဲမှုကို သဘောပေါက်သွားလေ၏။ ထိုအရာက အသင်္ချေအင်ပါယာကမ္ဘာ၏ ကြမ္မာကို စုဆောင်းထားသည်။
မှတ်တမ်းများက တိကျပြီး မျက်နှာမလိုက်သည့် သမိုင်းကြောင်းက အဆင့်မြင့် လူမှုအဖွဲ့အစည်းအတွက် လိုအပ်ပေသည်။
ထိုစောင့်ကြည့်ရေးဂိုဏ်းက ထိုအောင်မြင်မှုအတွက် ကြမ္မာအမြောက်အများ စုဝေးထားနိုင်သည့် အင်အားစုတစ်ခု ဖြစ်၏။
ဒီစာအုပ်ရဲ့ ဖန်တီးသူက ကံကောင်းမှု၊ ကြမ္မာ ဒါမှမဟုတ် ကုသိုလ်ကို စိတ်မဝင်စားဘူးလို့ ထင်နေမိတယ်။ သူတို့က တခြားရည်ရွယ်ချက်တစ်ခုကြောင့် ဒီဟာကို ဖန်တီးခဲ့တာပဲ…
ဝမ်ဝေ့က တစ်စုံတစ်ခုကို တွက်ချက်ကြည့်ဖို့ ကြိုးစားရင်း မျက်မှောင်ကြုတ်လိုက်သည်။ သို့သော်လည်း သူ့မြင်ကွင်းထဲတွင် ဖရိုဖရဲအချိန်စွမ်းအားများက အမြဲတမ်း တားဆီးထားလေ၏။
အခု ဒီပစ္စည်းက ဖရိုဖရဲအချိန်နယ်မြေနဲ့ ဆက်နွယ်နေတာဆိုတာကို သက်သေရပြီ…
ဝမ်ဝေ့က စာရွက်ကို လှန်ပြီးသည့်နောက်တွင် တစ်ကမ္ဘာလုံး၏ သမိုင်းကြောင်းကို ရှေးဟောင်းဧကရာဇ်ခေတ်ကာလမှ လက်ရှိအချိန်အထိ ဖတ်ရှုလိုက်သည်။ ဤစာအုပ်က သူ့အတွက် အကူအညီများစွာ ဖြစ်သည့်အတွက် ဝမ်ဝေ့အား အိပ်စက်သူများ အကြောင်းအရင်းများစွာကြောင့် မှတ်တမ်း တင်မထားနိုင်ခဲ့သည့် တချို့သော ဖြစ်ရပ်များကို ကာမိစေသည်။
သို့သော်လည်း ထိုစာအုပ်မှ စိတ်ဝင်စားစရာကောင်းသည့် အရာနှစ်ခုကို သတိထားမိခဲ့၏။
သူတို့ရဲမှတ်တမ်းက ငါ့ဘိုးဘေး ရှေးဟောင်းဧကရာဇ်ခေတ်ကာလကို မစတင်ခင်တုန်းက ရှိနေတာတော့ မဟုတ်ဘူးပဲ…
စာအုပ်၏ ပထမဦးဆုံးစာကြောင်းက ချီယွမ်သည် တာအိုကို သက်သေပြသည့်အကြောင်း ဖြစ်၏။ သို့သော်လည်း စောင့်ကြည့်သူဂိုဏ်း၏ ပထမဦးဆုံးနှင့် တစ်ဦးတည်းသော ဧကရာဇ်က ချီယွမ်နောက်တွင် မျိုးဆက်သုံးဆယ်ကြာပြီးသည့်နောက်တွင်ပင် တာအိုကို သက်သေမပြနိုင်ခဲ့ပေ။
ဒုတိယမှတ်သားလောက်စရာ ကိစ္စက စာရွက်တချို့ လွတ်နေပြီး သမိုင်းကြောင်းတချို့ ပျောက်ဆုံးနေသည်။
“ဒီစာရွက်တွေက ဘယ်ရောက်သွားတာလဲ” ဝမ်ဝေ့က တဲ့တိုးသာမေးလိုက်သည်။
“ဒီလောက်နှစ်တွေ အများကြီးကြားမှာ လူတချို့က ကျုပ်တို့ရဲ့ တည်ရှိမှုကို သတိထားမိသွားတယ်” ကောင်းချင်ခွန်းက သက်ပြင်းချလိုက်သည်။ သူတို့ဂိုဏ်းက ကောင်းမွန်စွာ ဖုံးကွယ်ထားနိုင်ပြီး ထာဝဧကရာဇ်များပင် သူတို့ကို ရှာဖွေမတွေ့ရှိနိုင်ဘူးဟု ထင်ထားခဲ့မိသော်လည်း မှားယွင်းသွားခဲ့၏။
သူ့ဇစ်မြစ် ပေါက်ကြားသွားသည်ကို သဘောပေါက်သွားပြီးသည့်နောက်တွင် ကောင်းချင်ခွန်းက ထိတ်ထိတ်ပျာပျာဖြစ်ကာ အခြေအနေကို မည်သို့ဖြေရှင်းရမှန်း မသိတော့ပေ။ ထို့ကြောင့် သူက ဤမျိုးဆက်၏ ခေါင်းဆောင် ဖြစ်လာပြီးသည့်နောက်တွင် ပထမဦးဆုံး အကြိမ်အဖြစ် စာအုပ်က ပေးလာသည့် အကြံဉာဏ်ကို အမှတ်ရလာသည်။ ထို့ကြောင့် သူက တုံ့ဆိုင်းခြင်း မရှိဘဲ ယခင်စောင့်ကြည့်သူများ၏ အတွေ့အကြုံနှင့် ဉာဏ်ပညာများပါဝင်သည့် အမွေအနှစ်ကို သုံးသပ်ခဲ့သည်။
သူက သူတို့ဆီမှ သူ မသိခဲ့ရသည့် လျှို့ဝှက်ချက်တချို့ကို သင်ယူခဲ့ရ၏။
“ဘယ်သူက တွေ့သွားတာလဲ”
“ပထမတစ်ယောက်က တာအိုသင်္ချိုင်းနယ်မြေကပါ။”
“သူတို့လား”
“ဟုတ်ပါတယ်။ တစ်ယောက်က ကျုပ်တို့ဂိုဏ်းကို ရောက်လာပြီးတော့ မှတ်တမ်းကနေ တချို့ကိစ္စတွေကို ဖျောက်ဖျက်ပစ်ခဲ့ပြီးတော့ အဲဒီမျိုးဆက်ရဲ့ စောင့်ကြည့်သူကို သတ်သွားခဲ့တယ်။ ကံကောင်းတာက ကောင်းကင်မှတ်တမ်းစာအုပ်က လွတ်မြောက်သွားခဲ့တယ်။ အဲဒီနောက်တော့ ဘယ်သူကမှ ကျုပ်တို့နောက်ကို လိုက်မလာတော့ဘူး”
ဝမ်ဝေ့က ထိုစကားကိုကြားကာ မျက်မှောင်ကြုတ်လိုက်၏။ တာအိုသင်္ချိုင်းနယ်မြေရှိ ကြွက်များက ဘာတွေ ဖုံးကွယ်ချင်နေမှန်း တွေးမိသွားသည်။ သို့သော်လည်း ယခုအခါ ထိုလျှို့ဝှက်ဆန်းကြယ်မှု၏ အောက်ခြေသို့ လိုက်ဖို့ အချိန်မဟုတ်ပေ။
“ဒုတိယလူက ထာဝရဧကရာဇ် ဖြစ်လောက်တယ်”
“အဲဒီမသေချာမရေရာက ဘာတုန်း”
“ကျုပ်တို့မှတ်တမ်းတွေအရဆိုရင် အဲဒီသတင်းအချက်အလက်က ကောက်ချက်ချမှုတစ်ခုပဲ” ကောင်းချင်ခွန်းက ရှင်းပြလိုက်သည်။
“အဲဒါဆိုရင် ဘယ်သူက ရောက်လာတာလဲ”
လူအိုကြီးက ချက်ချင်း ပြန်မဖြေသေးဘဲ ပြန်မေးလာသည်။
“ကျုပ်တို့ကမ္ဘာမှာ အပိုထာဝရဧကရာဇ် နှစ်ယောက်ရှိတယ်ဆိုတာကို သိတယ်မလား”
“သိထားတယ်”
တိထျန်း၏ ဘဝအတွေ့အကြုံကို သိပြီးသည့်နောက်တွင် ဝမ်ဝေ့က တိထျန်း ရှုံးနိမ့်ခဲ့ရသည့် လူနှစ်ယောက်၏ သတင်းအချက်အလက် မရှိသည့်အတွက် သေဆုံးသွားပြီးသော ထာဝရဧကရာဇ်များ ဖြစ်လိမ့်မည်ဟု ကောက်ချက်ချခဲ့သည်။
“သူတို့ထဲက တစ်ယောက်က ကျုပ်တို့ ပျောက်ဆုံးနေတဲ့ မှတ်တမ်းတွေအတွက် တာဝန်ရှိတဲ့သူပဲ” ကောင်းချင်ခွန်းက ရှင်းပြလိုက်သည်။
“ပြီးတော့ ကျုပ်တို့ရဲ့ ဘိုးဘေးက အဲဒီလူရဲ့ သေဆုံးမှုက ကျုပ်တို့ရဲ့ ဂိုဏ်းကြောင့်လို့ ယုံကြည်ထားတယ်”
ထိုသတင်းအချက်အလက်ကို ကြားပြီးသည့်နောက်တွင် ဝမ်ဝေ့က သတင်းအချက်အလက် အပိုင်းအစများကို အလျင်အမြန် စုစည်းကြည့်လိုက်သည်။
သူက အမှန်အတိုင်းပြောနေတယ်ဆိုရင် ထာဝရဧကရာဇ်က အချိန်ဖရိုဖရဲနယ်မြေက လျှို့ဝှက်ချက်နောက်ကို လိုက်ရင်းနဲ့ သေဆုံးသွားတာများလား…
ဝမ်ဝေ့က ရုတ်တရက် စိတ်ဝင်စားလာမိသည်။
“ငါ ဒါကို ခဏငှားမယ်”
တောင်ထိပ်မှ ပျောက်ကွယ်သွားပြီး ကောင်းချင်ခွန်းက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
“တော်သေးတယ်။ ငါ မခုခံပဲနဲ့ အမှန်အတိုင်း ပြောလိုက်တာ မှန်ကန်တဲ့ ရွေးချယ်မှုကို လုပ်ခဲ့တာပဲ”
…………..
ဝမ်ဝေ့က အချိန်ဖရိုဖရဲနယ်မြေဆီ ဦးတည်လိုက်သည်။ သူက တုံ့ဆိုင်းခြင်းမရှိဘဲ ဗဟိုချက်သို့ ဝင်ရောက်လိုက်၏။
ထိုဖြစ်စဉ်က လွယ်ကူသလို ခက်လည်းခက်ခဲလှသည်။ သူ ရောက်ရှိလာသည်နှင့် ထိုနေရာကို ဖန်တီးထားသည့်သူက သူ့ထက်ပင် အချိန်တာအိုနားလည်နိုင်စွမ်း မြင့်မားနေကြောင်း သဘောပေါက်သွား၏။
ထို့အပြင် ဤနေရာတွင် အချိန်စွမ်းအင်များစွာ ရှိနေပြီး နေရာတစ်ခုလုံးက ထာဝရဦးသျှောင်တစ်ယောက်၏ စွမ်းအင်လွှမ်းမိုးမှုလိုမျိုး ပြုမူနေသည်။
သူက ဤနေရာတွင် ကူးသန်းသွားလာဖို့ ခက်ခဲကြောင်း တွေ့ရှိလိုက်ရ၏။ ထို့ကြောင့် သူက ဗဟိုချက်ဆီ ပျံသန်းသွားရသည်။
သို့သော်လည်း သူ အနက်ပိုင်းသို့ ရောက်လေလေ ဤတားမြစ်နယ်မြေတွင် ပါဝင်နေသည့် စွမ်းအားက ပိုမို ကြောက်ဖို့ကောင်းလာလေလေ ဖြစ်၏။ သူက ဗဟိုချက်သို့ ရောက်ရှိလာသည့်အချိန် ထိုနေရာ၌ မဟာတာအိုအရင်းအမြစ် ၅၅ ရာခိုင်နှုန်းရှိသည့် မဟာဧကရာဇ်များကိုပင် သတ်နိုင်သည့် စွမ်းအား ကိန်းအောင်းနေသည်။
ဝမ်ဝေ့က အဖြူရောင်အလင်းတန်းအဖြစ် ပျံသန်းသွားလေသည်။ မျက်စိတစ်မှိတ်အတွင်း သူက အဖြူရောင် နေရာလွတ်တစ်ခုအတွင်း ရောက်ရှိနေသည်ကို တွေးလိုက်ရ၏။ သူက အလယ်တွင် ထိုင်နေသည့် လူနှစ်ယောက်ကို မြင်လိုက်ရပြီး တတိယမြောက် နေရာလွတ် ထိုင်ခင်းတစ်ခုပါ ရှိနေသည်။
သူက ထိုသူနှစ်ဦးကို ကြည့်ပြီးသည့်နောက်တွင် နှစ်ယောက်လုံးက အဖြူရောင်ဝတ်ရုံ ဝတ်ဆင်ထားပြီး ဆင်တူနေ၏။ သူ့ပထမဦးဆုံးအတွေးက သူတို့သည် အမွှာ ဖြစ်ကြောင်း ဖြစ်သည်။ သို့သော်လည်း သိပ်မကြာခင် သေချာလေ့လာကြည့်ပြီးသည့်နောက်တွင် ထိုအတွေးက ပျောက်ကွယ်သွားသည်။
ဒီလူတွေက လူအတူတူပဲ။ အချိန်ပဲ ကွဲပြားနေတာ…
သူက သုံးသပ်လိုက်သည်။
ညာဖက်ရှိလူငယ်ဆီမှ လွတ်လပ်သော်လည်း အထီးကျန်သည့် လေထုမျိုး ထုတ်လွှတ်နေသည်။ သူက လောကဒဏ်တရားကို ခံစားခဲ့ရပြီး ဘဝအနှစ်သာရများကို မြင်တွေ့ကာ ဉာဏ်အလင်းပွင့်ခဲ့သူတစ်ဦး ဖြစ်၏။
ဘယ်ဖက်တွင်ရှိနေသည့်သူက ဒေါသဖြင့် မလိုလားမှုတို့ဖြင့် ပြည့်နှက်နေသည်။ သူ့အကြည့်က မယိမ်းယိုင်ဖွယ် လိုအင်ဆန္ဒကို ညွှန်ပြနေသည်။
အရင်တုန်းက အဲ့လိုမြင်ကွင်းမျိုးကို မြင်တွေ့ဖူးတယ်။ ဒါက စွဲလမ်းမှုက မယုံကြည်နိုင်ဖွယ် အနေအထားတစ်ခုကို ရောက်နေတဲ့သူတွေရဲ့ မျက်ဝန်းမျိုးပဲ။ တိထျန်းဆီမှာလည်း ဒီလိုမျက်ဝန်းမျိုး ရှိခဲ့တယ်
“တာအိုရောင်းရင်း” ဘယ်ဖက်က လူက ပြောလာပြီး ဝမ်ဝေ့အား ထိုင်ခင်းပေါ်တွင် ထိုင်ဖို့ လက်ဟန်ပြလာသည်။
ဝမ်ဝေ့က တုံ့ဆိုင်းမနေဘဲ သူတို့ရှေ့တွင် ဝင်ထိုင်လိုက်၏။ သူက သူတို့ဆီမှ သတ်ဖြတ်လိုစိတ် သို့မဟုတ် ရန်ငြိုးကို မခံစားမိပေ။ ထိုသူ၏ စွမ်းအားက မဟာတာအိုအရင်းအမြစ် ၄၃ ရာခိုင်နှုန်းရောက်နေသည်ကို သိလိုက်၏။
သို့သော်လည်း ဤအချိန်ဖရိုဖရဲနယ်မြေအတွင်း မဟာတာအိုအရင်းအမြစ် ၅၅ ရာခိုင်နှုန်းသူကပင် ထိုသူ၏ လက်ထဲ သေဆုံးသွားနိုင်သည်။
“တာအိုရောင်းရင်းကို ဘယ်လိုခေါ်ရမလဲ” ဝမ်ဝေ့က ထိုင်ကာ မေးလိုက်သည်။
“အရင်တုန်းကတော့ လူတွေက ငါတို့ကို အချိန်အုပ်စိုးသူလို့ ခေါ်တယ်” ညာဖက်တွင် ရှိနေသည့်သူက ပြောလိုက်သည်။
“အခု မင်းက ငါတို့ကို ကျိဝူလို့ ခေါ်လို့ရတယ်”
ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီး ထိုသူနှစ်ဦး၏ ဇစ်မြစ်ကို ကောက်ချက်ချလိုက်သည်။ သူက စစ်ပွဲအတွင်း ထာဝရဧကရာဇ် ဖြစ်သင့်မှန်း ခန့်မှန်းမိလိုက်သည်။ သို့သော်လည်း သူက ထူးထူးဆန်းဆန်း အနေအထားတစ်ခုတွင် ရှိနေဟန်ပေါ်သည်။
“ညီအစ်ကိုကျိ ကျုပ်နာမည်က…”
“ငါတို့က မင်းဘယ်သူလဲဆိုတာကို သိပြီးသွားပါပြီ ကောင်းကင်ဧကရာဇ်” ညာဖက်တွင် ရှိနေသည့်သူက ပြောလိုက်သည်။
“မင်း အဆင့်တက်လှမ်းလာပြီးကတည်းက ကမ္ဘာကြီးမှာ ဖြစ်ခဲ့တဲ့ အပြောင်းအလဲတွေ အားလုံးကို မြင်တွေ့ခဲ့ရတယ်”
နှစ်ဦးသားက ပြိုင်တူ သက်ပြင်းချလိုက်ကြသည်။ သူတို့က အသင်္ချေအင်ပါယာကမ္ဘာ၏ အပြောင်မြောက်ဆုံးခေတ်ကာလတွင် နေထိုင်ခဲ့သည်ဟု ဖော်ညွှန်း၍ ရပေသည်။ သို့သော်လည်း သူတို့၏ ဘဝတစ်လျှောက်တွင် ကံကြမ္မာလွှမ်းမိုးရေး ဧကရာဇ်လိုမျိုး ထူးကဲသည့် ပါရမီရှင်မျိုးကို မတွေ့ကြုံခဲ့ဖူးပေ။
“မင်း မလာခင် မင်းကသာ ငါတို့ခေတ်ကာလမှာနေရင် စစ်ပွဲက ဘယ်လောက်တောင် လွယ်ကူသွားမလဲဆိုတာကို ဆွေးနွေးနေခဲ့ကြတာ” ဘယ်ဖက် ကျိဝူက ပြောလိုက်သည်။
“ဟုတ်တယ်။ လူသားနဲ့ ဟော်သဲ့မျိုးနွယ်က စစ်ပွဲကိုနိုင်ဖို့ တန်ကြေး ကြီးကြီးမားမား ပေးဆပ်စရာ မလိုလောက်ဘူး။ အဲဒါဆိုရင် အသက်ပေါင်းမြောက်များစွာကိုလည်း ကယ်တင်နိုင်လိမ့်မယ်”
ဝမ်ဝေ့က ထိုစကားများတွင် ဖုံးကွယ်ထားသည့် ဆိုလိုရင်း တချို့ရှိနေကြောင်း ခံစားမိလိုက်သည်။ သို့သော်လည်း သူက ချက်ချင်းမမေးခဲ့ပေ။
“နှစ်ဦးသားက ကျုပ်ကို ခပ်မြင့်မြင့် တွေးပေးတယ်ဆိုတော့ ဝမ်းသာပါတယ်။ ကျုပ်ကလည်း အဲ့လိုခေတ်ကာလမှာ နေထိုင်ပြီးတော့ ကျုပ်ဘိုးဘေးတွေနဲ့အတူ လူသားမျိုးနွယ်နဲ့ ဟော်သဲ့မျိုးနွယ်တွေရဲ့ ဂုဏ်ကျက်သရေနဲ့ ရှင်သန်မှုကို တိုက်ခိုက်ချင်မိတယ်”
“ဒါပေါ့။ ဒါပေမဲ့ နှမြေစရာပါပဲ”
“ဘယ်ဟုတ်ပါ့မလဲ။ တကယ်လို့ မှားယွင်းတဲ့ခေတ်ကာလမှာ မွေးဖွားလာရင် သူက ဒီလောက်ထိ ထူးချွန်ချင်မှ ထူးချွန်လိမ့်မယ်” ညာဖက်တွင် ရှိနေသည့် ကျိဝူက ပြောလိုက်သည်။
“ဒီလိုပါရမီရှင်မျိုးက ဘယ်နေရာရောက်ရောက် ထူးချွန်ပြောင်မြောက်နေမှာ အသေအချာပါပဲ။ ပတ္တမြားမှန်ရင် နွံမနစ်ဘူးဆိုတဲ့ စကားပုံတောင် ရှိတယ် မဟုတ်ဘူးလား”
ဝမ်ဝေ့က ထိုချီးကျူးမှုကို ကြားကာ တည်တည်ငြိမ်ငြိမ် ပြုံးလိုက်သည်။ သူက ညာဖက်တွင် ရှိသည့်သူက လေးနက်သော်လည်း ဘယ်ဖက်တွင် ရှိသည့်သူက ဖုံးကွယ်ထားသည့် အစီအစဉ် ရှိကြောင်း ခံစားမိသည်။
“ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ အခု အဓိကအကြောင်းကို ပြောရအောင်” ဝမ်ဝေ့က ပြောလိုက်သည်။
“ကျုပ်က ဒီနေရာအကြောင်း အဖြေတချို့ရဖို့ ရောက်လာတာပါ။ တကယ်လို့ တာအိုရောင်းရင်းတို့က ကျုပ်ကို ဉာဏ်အလင်းပြနိုင်မယ်ဆိုရင် သေချာအလေးထားပါ့မယ်”