ခန္ဓာကိုယ်အစစ် ရောက်ရှိလာခြင်း
Vol. 80 Ch. 1107
ဝမ်ပေါင်လဲ့၏ ဂြိုဟ်ကြီး လက်ဖဝါးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ချုံးရိကျစ်၏ ကိုယ်ပွားအား ဖျက်ဆီးပစ်လိုက်ချိန်တွင် လမ်းကိုးသွယ်တာအိုဂိုဏ်းရှိရာ အာကာသကောင်းကင်ကြီးထဲ၌ ထာဝရကြယ်တစ်လုံးအဖြစ် မျောလွင့်နေသည့် ချုံးရိကျစ်၏ ခန္ဓာကိုယ်အစစ်မှာ ရုတ်တရက်ဆိုသလို မျက်လုံးများပွင့်လာ၏။
သူ၏ မျက်လုံးများ ပွင့်လာသည်နှင့် သူ၏ မျက်ဝန်းများထဲတွင် မီးပင်လယ်ကြီးတစ်စင်း တဟုန်းဟုန်း တောက်လောင်လာသည်။ ထိုမီးပင်လယ်ကြီးမှာ အရပ်မျက်နှာအနှံသို့ ချက်ချင်းပြန့်နှံ့သွားပြီး ဟင်းလင်းပြင်ကြီးတစ်ခုလုံးအား ဖုံးလွှမ်းသွားသဖြင့် ထိုနေရာတစ်ဝိုက်မှာ မီးတောက်များ၏ လွှမ်းခြုံခြင်းကို ခံလိုက်ရသည်။
ထို့ကြောင့် ဟင်းလင်းပြင်ကြီးမှာ မီးစွဲသွားပြီး အာကာသကောင်းကင်ကြီးမှာလည်း တွန့်လိမ်ပုံပျက်လာရတော့သည်။ ထိုနေရာတွင် ရှိနေသည့် ချုံးရိကျစ်၏ ဘယ်ဘက်လက်မှာမူ ချက်ချင်းဆိုသလိုပင် ခြောက်သွေ့ပျက်စီးသွား၏။ သူ၏ မျက်နှာမှာလည်း ဖြူဖပ်ဖြူရော် ဖြစ်သွားရသည်။ သူသည် ပါးစပ်ထဲမှ သွေးများအန်ထွက်လာခြင်း မရှိပါသော်လည်း သူ၏ အငွေ့အသက်များမှာမူ သိသိသာသာ အားပျော့သွား၏။
သူ၏ မျက်ဝန်းများထဲတွင်မူ အံ့သြတုန်လှုပ်မှု အရိပ်အယောင်များကို မြင်နိုင်ပေသည်။ သူ၏ မျက်နှာပေါ်တွင်လည်း ရက်စက်ကြမ်းကြုတ်သော အမူအရာတစ်ခု ပေါ်ပေါက်လာပြီး သူသည် မျက်မှောင်ကြုတ်သွား၏။
" ငါ့ရဲ့ကိုယ်ပွား ပျက်စီးသွားတာလား " ချုံးရိကျစ်မှာ မျက်နှာအမူအရာ ပျက်နေသည့်တိုင်အောင် အကြောင်းရင်း အတိအကျကို မသိထားပေ။ အဘယ်ကြောင့်ဆိုသော ကံကြမ္မာစွမ်းအားများကို နှောင့်ယှက်ကာ ကြယ်နယ်မြေအဆင့် အစွမ်းထက်ကျင့်ကြံသူကြီးများကိုပင် တားဆီးနိုင်စွမ်းရှိသော အချုပ်အနှောင်မှာ သူ့ပေါ်တွင်လည်း အကျိုးသက်ရောက်မှုရှိနေသောကြောင့်ပင်။
ထို့ကြောင့်လည်း သူ၏ ကိုယ်ပွားဆီမှ သူ့ဆီသို့ ပြန်ရောက်လာသည့် မှတ်ဉာဏ်များမှာ ဝမ်ပေါင်လဲ့၏ စစ်သင်္ဘောကြီးထဲမှ ထာဝရကြယ်အဆင့် တာအိုအစောင့်အရှောက် ခုနစ်ယောက် ရှစ်ယောက်ခန့် ပျံထွက်လာသည်ကို မြင်လိုက်ရသည့် နေရာတွင်သာ ရပ်တန့်သွားသည်။ သူသည် ထိုနောက်ပိုင်း ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို မြင်နိုင်စွမ်းမရှိပေ။
" ဝမ်ပေါင်လဲ့ရဲ့ စစ်သင်္ဘောကြီးထဲမှာ အစွမ်းထက်ပုဂ္ဂိုလ်ကြီးတစ်ယောက် ပုန်းနေတာများလား။ ဒါမှမဟုတ် သူ့ရဲ့ တာအိုအစောင့်အရှောက်တွေထဲမှာ တမူထူးခြားတဲ့ ကျင့်ကြံသူတစ်ယောက်ယောက် ပါနေတာများလား။ ဒါမှမဟုတ် ကောင်းကင်ဘုံဓမ္မသခင်ကြီးက သူ့ကို ကူညီပေးခဲ့တာများလား " ချုံးရိကျစ်မှာ အဖြေရှာမရ ဖြစ်နေပါသော်လည်း နောက်ဆုံး ဖြစ်နိုင်ခြေမှာ ဖြစ်နိုင်ခြေအနည်းဆုံးဖြစ်ပြီး ဖြစ်နိုင်ခြေအများဆုံးမှာ... ထို အစောင့်အရှောက်များထဲ၌ အတော်အသင့် အစွမ်းထက်သည့် လူတစ်ယောက် ရှိနေသည့် ဖြစ်နိုင်ခြေ ဖြစ်ရမည်ဟု ယုံကြည်နေသည်။
သူသည် ဝမ်ပေါင်လဲ့ကိုယ်တိုင် သူ၏ ကိုယ်ပွားအား သတ်ဖြတ်ပစ်နိုင်သည့် ဖြစ်နိုင်ခြေကို လုံးဝ ထည့်တွေးထားခြင်းမရှိပေ။ ထိုကဲ့သို့သော ဖြစ်နိုင်ခြေမျိုးမှာ လုံးဝ အဓိပ္ပါယ်မရှိသောကြောင့် သူ၏ အတွေးထဲပင် ပေါ်ပေါက်လာမည်မဟုတ်ပေ။
" မီးတောက်ခေါင်းဆောင်ကြီးက သူ့ရဲ့တပည့်ကို တော်တော်ချစ်တာပဲ... " ချုံးရိကျစ်မှာ အေးစက်စက် နှာမှုတ်လိုက်၏။ ထို့နောက် သူသည် မျက်လုံးများမှေးသွားပြီး ခြောက်သွေ့ပျက်စီးနေပြီဖြစ်သော သူ၏ ဘယ်ဘက်လက်ကို ငုံ့ကြည့်လိုက်သည်။ ထိုအခါ သူ၏ မျက်ဝန်းများထဲ၌ သတ်ဖြတ်လိုစိတ် အရိပ်အယောင်များ တောက်ပလာ၏။
" ငါ့ရဲ့ ကိုယ်ပွားကို ဖျက်ဆီးရဲလောက်အောင် သတ္တိကောင်းနေတယ်ပေါ့။ ဒီကိစ္စ ဒီမှာတင် ပြီးသွားလိမ့်မယ်လို့ ထင်မနေနဲ့။ မီးတောက်ခေါင်းဆောင်ကြီးက အစွမ်းထက်တာ မှန်ပေမဲ့ ငါ့ဆီမှာလည်း ဆရာ မရှိတာမှမဟုတ်ပဲ " ချုံးရိကျစ်မှာ ထိုသို့ စဉ်းစားတွေးတောလိုက်ပြီးနောက် မျက်လုံးများ မှေးသွားပြီး ဖြည်းဖြည်းချင်း မတ်တတ်ထလာ၏။ ထိုအခါ သူ၏ ခန္ဓာကိုယ်ထဲမှ အလွန်အင်မတန်မှ အားကောင်းသည့် ဖိအားများ ထွက်ပေါ်လာသဖြင့် ပတ်ပတ်လည်ရှိ အာကာသကောင်းကင်ကြီးမှာ စတင်တုန်ရီလာတော့သည်။ ထို့နောက် အာကာသကောင်းကင်ကြီးမှာ ထိုဖိအားများကို ဆက်လက်တောင့်ခံထားနိုင်စွမ်း မရှိတော့သဖြင့် အက်ကွဲကြောင်းများ စတင်ပေါ်ပေါက်လာ၏။
သဘာဝစည်းမျဥ်းဥပဒေသ အမျှင်အတန်းများ မည်သည့်နေရာကမှန်းမသိ ပေါ်ပေါက်လာပြီး ချုံးရိကျစ်၏ ခန္ဓာကိုယ်ပတ်ပတ်လည်၌ ရစ်ပတ်နေသည်ကိုပင် မြင်နိုင်ပေသည်။ ၎င်းတို့မှာ သူ၏ အငွေ့အသက်များကို အားဖြည့်ပေးထားသည့် အလားပင်။
နှောင်းပိုင်းထာဝရကြယ်အဆင့်တွင် ရှိနေသည့် ချုံးရိကျစ်မှာ မြေကြီးထာဝရကြယ်တစ်လုံးကို ပိုင်ဆိုင်ထားသဖြင့် သူ၏ တိုက်ရည်ခိုက်ရည်စွမ်းအားများမှာ အလွန်အင်မတန်မှ အစွမ်းထက်ပေသည်။ ထိပ်သီးအဆင့်တွင် ရှိနေသည့် နက်နဲထာဝရကြယ်အဆင့် ကျင့်ကြံသူတစ်ယောက်ပင်လျှင် သူ့အား ယှဉ်နိုင်မည်မဟုတ်ပေ။ ထို့အပြင် သူသည် ထာဝရကြယ်ထိပ်သီးအဆင့်သို့ ဖောက်ထွက်နိုင်ရန် နှစ်ပေါင်းများစွာ တံခါးပိတ်လေ့ကျင့်ထားခဲ့သည်ဖြစ်ရာ ထို အဆင့်သို့ရောက်နိုင်ရန် ဆံချည်မျှင် တစ်မျှင်စာမျှသာ လိုတော့ပေသည်။
သူသည် ထို ထာဝရကြယ်ထိပ်သီးအဆင့်သို့ ရောက်ရှိသွားပြီးလျှင် အခက်အခဲ အတားအဆီးတစ်ခုအား ကျော်လွှားရမည်ဖြစ်သည်။ အကယ်၍ သူသာ အောင်မြင်သွားမည်ဆိုလျှင်... လမ်းကိုးသွယ်တာအိုဂိုဏ်းထဲ၌ ကြယ်နယ်မြေအဆင့် ကျင့်ကြံသူ နောက်ထပ်တစ်ယောက် ပေါ်ထွက်လာမည်ဖြစ်သည်။
တစ်ချိန်ထဲမှာပင် ထိုကိစ္စမှာ လမ်းကိုးသွယ်တာအိုဂိုဏ်း၏ အမွေအနှစ်အတွက် အားပြိုင်မှုနှင့်လည်း ဆက်နွှယ်နေသေးသည်။ ၎င်းမှာ သူနှင့် ပထမအဆင့်တာအိုဂိုဏ်းသားဖြစ်သူ ဖေးလင်ကျစ်တို့၏ ကြားမှ အားပြိုင်မှုဖြစ်၏။ ကြယ်နယ်မြေအဆင့်သို့ အရင်ဆုံး တက်လှမ်းနိုင်သည့်သူမှာ လမ်းကိုးသွယ်တာအိုဂိုဏ်း၏ အမွေအနှစ်အား ဆက်ခံရရှိမည်ဖြစ်သည်။
" အခုလို အရေးကြီးတဲ့အချိန်ရောက်မှ ငါ့ရဲ့ ကိုယ်ပွားကို ဖျက်ဆီးပစ်ရတယ်လို့... " ချုံးရိကျစ်မှာ မျက်ဝန်းများ အေးစက်စွာတောက်ပနေပြီး မခံမရပ်နိုင်လောက်အောင် ဖြစ်နေရ၏။ အကယ်၍ သူသာ တစ်စုံတစ်ယောက်အား အကြွေးတင်နေခြင်းမရှိပါက ယခုလို တိုက်ခိုက်ခဲ့မည်မဟုတ်ပေ။ သို့သော် ယခုတွင်မူ သူ၏ ကိုယ်ပွားမှာ ပျက်စီးသွားခဲ့ပြီဖြစ်ရာ အကယ်၍ သူသာ ထိုပြဿနာအား ဖြေရှင်းနိုင်စွမ်း မရှိပါက သူ၏ တာအိုနှလုံးသားမှာ အခဲမကျေ ဖြစ်နေရမည် ဖြစ်သည်။ ထိုသို့သာဆိုလျှင် သူ၏ ကျင့်ကြံခြင်း လုပ်ငန်းစဉ်အတွက် အနှောင့်အယှက်ဖြစ်နိုင်ပေသည်။
" ကောင်းပြီလေ။ ငါ တာအိုဂြိုဟ်တစ်လုံး ပြန်ယူလာပြီးမှ ငါ့အတွက် အသုံးဝင်မဝင် ကြည့်ရတာပေါ့ " ချုံးရိကျစ်မှာ ထိုသို့တွေးလိုက်ပြီးနောက် မတ်တတ်ထလာပြီး လမ်းကိုးသွယ်တာအိုကြယ်စင်စုထဲမှ ချက်ချင်းထွက်ခွာလာတော့သည်။ ထို့နောက် သူသည် ကျယ်ပြောလှသည့် အာကာသကောင်းကင်ကြီးထဲ၌ ပြန်လည်ပေါ်ပေါက်လာ၏။ သူသည် ထိုသို့ ပြန်လည်ပေါ်ပေါက်လာသည်နှင့် သူ၏ ညာဘက်လက်ကို မြှောက်ကာ မန္တန်လက်ကွက်အချို့ ဖော်လိုက်သည်။ ထို့နောက် သူသည် ခေါင်းမော့လာပြီး ရှေ့သို့ လျှောက်လှမ်းသွား၏။ သူသည် ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ကြယ်စင်စုတစ်ခုစီကို ဖြတ်ကျော်လာပြီးနောက် သူ၏ ကိုယ်ပွား သတ်ဖြတ်ခံလိုက်ရသည့် နေရာသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားနေပြီဖြစ်သည်။
ထိုအချိန်တွင် အဝေးတစ်နေရာရှိ အာကာသကောင်းကင်ထဲ၌ ဝမ်ပေါင်လဲ့၏ စစ်သင်္ဘောကြီးမှာ အံ့ဩတုန်လှုပ်ဖွယ်ရာ အမြန်နှုန်းမျိုးဖြင့် ရွေ့လျားနေ၏။ သူ၏ ခရီးပန်းတိုင်မှာ ကြယ်သုသာန်ဝင်ပေါက် ဖြစ်သည်။
သူ လက်ရှိရောက်နေသည့်နေရာနှင့် ကြယ်သုသာန်ဝင်ပေါက်၏ ကြားမှ အကွာအဝေးမှာ အလွန်အင်မတန်မှ ကြီးမားပါသော်လည်း စစ်သင်္ဘောကြီးနှင့် ချုံးရိကျစ်၏ ကြားမှ အကွာအဝေးထက် အများကြီးပို၍ တိုတောင်းနေဆဲပင်။ ထို့ကြောင့် ချုံးရိကျစ်မှာ အလျင်အမြန်ရွေ့လျားနေသည့်တိုင်အောင် စစ်သင်္ဘောကြီးမှာလည်း အတော်အသင့် မြန်ဆန်နေသဖြင့် ကြယ်သုသာန်ဝင်ပေါက်၏ အနီးသို့ တဖြည်းဖြည်းနှင့် ရောက်ရှိလာတော့သည်။
ထိုသို့ဖြင့် လဝက်တိတိ ကုန်ဆုံးသွားချိန်တွင် ဝမ်ပေါင်လဲ့မှာ ခပ်လှမ်းလှမ်း၌ အဖြူရောင် ကြယ်စင်စုကြီးတစ်ခု ပေါ်ပေါက်လာသည်ကို လှမ်းမြင်လိုက်ရ၏။
အဝေးမှ ကြည့်လိုက်ပါက ထို အဖြူရောင် ကြယ်စင်စုကြီးမှာ ဝမ်ပေါင်လဲ့၏ မှတ်ဉာဏ်ထဲမှ ကြယ်စင်စုကြီးနှင့် တစ်ထေရာတည်း တူနေဆဲပင်။ ၎င်းမှာ စက္ကူကြယ်စင်စု ဖြစ်ပေသည်။ ပို၍ တိတိကျကျဆိုရလျှင် ၎င်းမှာ စက္ကူအာကာသကောင်းကင်ကြီး ဖြစ်ပေသည်။
စစ်သင်္ဘောကြီးမှာ ထို စက္ကူအာကာသကောင်းကင်ကြီး၏ အစွန်း၌ ရပ်တန့်သွား၏။ ထို့နောက် ရှဲ့ဟေးရန်နှင့် ချန်ဟန်းတို့နှစ်ယောက်၏ မျက်ဝန်းများ အထူးအဆန်းဖြစ်သွားကြစဉ် ဝမ်ပေါင်လဲ့မှာ စစ်သင်္ဘောကြီး၏ အပြင်ဘက်သို့ ထွက်လာပြီး သူ၏ ရှေ့တွင်ရှိနေသည့် စက္ကူအာကာသကောင်းကင်ကြီးအား လှမ်းကြည့်လိုက်သည်။ သူသည် အချိန်အတော်အတန်ကြာအောင် နှုတ်ဆိတ်နေလိုက်ပြီးနောက် လေးစားသမှု ပြသည့်အနေဖြင့် စစ်သင်္ဘောကြီးဖြင့် အထဲသို့ ဝင်ရောက်သွားခြင်းမရှိပေ။ ထို့အပြင် သူသည် စစ်သင်္ဘောပေါ်ကြီးပေါ်ရှိ လူတိုင်းအား အပြင်ဘက်တွင် နေရစ်ခဲ့ရန် အမိန့်ပေးလိုက်ပြီးနောက် ရှေ့သို့လှမ်းကာ စက္ကူအာကာသကောင်းကင်ထဲသို့ ဝင်ရောက်သွားလိုက်တော့သည်။
သူ အထဲသို့ ဝင်ရောက်သွားသည်နှင့် သူ၏ ခြေထောက်အောက်မှ တုန်ခါမှုလှိုင်းများ ထွက်ပေါ်လာသဖြင့် ထို စက္ကူအာကာသကောင်းကင်ကြီးမှာလည်း တုန်ရီသွားရ၏။
ဝမ်ပေါင်လဲ့မှာမူ မျက်နှာအမူအရာ ပြောင်းလဲသွားခြင်းမရှိဘဲ ရှေ့သို့ ဆက်လက်လျှောက်လှမ်းသွားသည်။ ထိုသို့ဖြင့် ရက်အနည်းငယ်အကြာတွင် သူသည် ယခင်အကြိမ်တုန်းက ကြယ်ကြွေလှေကြီး ရပ်တန့်သွားခဲ့သည့် စက္ကူအာကာသကောင်းကင်၏ အလယ်ဗဟိုသို့ ရောက်ရှိသွားသည်။ သူသည် ထိုနေရာတွင် မလှုပ်မယှက်ရပ်ကာ သူ၏ ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်ကြီးအား ဝေ့ဝိုက်ကြည့်ရှုလိုက်၏။ ထို့နောက် သူသည် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ ဦးညွှတ်၍ ခွင့်တောင်းလိုက်တော့သည်။
" မိတ်ဆွေဟောင်းတစ်ယောက် အလည်ရောက်လာပါတယ်။ ကျွန်တော့်ကို ဝင်ခွင့်ပေးလို့ရမလား ကြယ်သုသာန်ဧကရာဇ်ကြီးခင်ဗျား "
ဝမ်ပေါင်လဲ့မှာ ထိုသို့ခွင့်တောင်းလိုက်ပြီးနောက် နှုတ်ဆိတ်ကာ စောင့်ဆိုင်းနေလိုက်၏။ ထိုသို့ဖြင့် အသက်ရှုကြိမ်ဆယ်ကြိမ်ခန့် ကုန်ဆုံးပြီးသွားချိန်တွင် ရှေးဆန်ဆန် စကားသံကြီးတစ်သံမှာ စက္ကူအာကာသကောင်းကင်ကြီးထဲ၌ ပဲ့တင်ထပ်သွားသည်။
" ကျေးဇူးပြုပြီး ဝင်ခဲ့ပါ "
ထို စကားသံကြီး ထွက်ပေါ်လာသည်နှင့် စက္ကူအာကာသကောင်းကင်ကြီး တစ်ခုလုံးမှာ ပို၍ပင် ပြင်းထန်စွာ တုန်ရီလာ၏။ ထို့နောက် တုန်ခါမှုလှိုင်းများ အရပ်မျက်နှာအနှံ့သို့ ပျံနှံ့သွားပြီး စက္ကူအာကာသကောင်းကင်ကြီးမှာလည်း စာရွက်တစ်ရွက်ကဲ့သို့ ခေါက်ချိုးချိုးခံလိုက်ရတော့သည်။ အချိန်အနည်းငယ်အတွင်းတွင် ၎င်းမှာ ထိုကဲ့သို့ ထပ်တလဲလဲ ခေါက်ချိုးချိုးခံလိုက်ရ၏။
စက္ကူအာကာသကောင်းကင်ကြီးမှာ အကြိမ်ရေပေါင်းမြောက်များစွာ ခေါက်ချိုးချိုးခံလိုက်ရသဖြင့် ၎င်း၏ အရွယ်အစားမှာ သေးငယ်သွားပါသော်လည်း ၎င်း၏ အမြင့်မှာမူ ပိုမို မြင့်မားလာ၏။ ထိုမြင်ကွင်းကြီးမှာ ယုတ္တိမရှိပါသော်လည်း အမှန်တကယ် ဖြစ်နေခြင်း ဖြစ်သည်။ ထို့ကြောင့် စက္ကူအာကာသကောင်းကင်ကြီး၏ အပြင်ဘက်တွင်ရှိနေသည့် ရှဲ့ဟေးရန်၊ ချန်ဟန်းနှင့် အခြားသူများမှာ အံ့သြတုန်လှုပ်သွားကြ၏။ တစ်ချိန်တည်းမှာပင် သူတို့မှာ ဝမ်ပေါင်လဲ့သည် ယခင်တုန်းကထက်ပင် ပို၍ လျှို့ဝှက်ဆန်းကြယ်သွားသည့်အလား ခံစားလိုက်ရသည်။
အဘယ်ကြောင့်ဆိုသော သူတို့မှာ ကြယ်သုသာန်သည် သတ်မှတ်ထားသည့် အချိန်အပိုင်းအခြားများ၌ ဝင်ခွင့်ရသူများကို ဖိတ်ကြားရုံမှတစ်ပါး ပြင်ပကမ္ဘာကြီးအား ဂရုမစိုက်ကြောင်း သိထားသောကြောင့်ပင်။ ကြယ်နယ်မြေအဆင့် အစွမ်းထက်ပုဂ္ဂိုလ်ကြီးတစ်ယောက် ရောက်လာလျှင်တောင် အထဲသို့ ဝင်ခွင့်ရမည်မဟုတ်ဘဲ နောက်သို့လှည့်ကာ ထွက်ခွာသွားရမည် ဖြစ်သည်။
သို့သော်... ဝမ်ပေါင်လဲ့မှာမူ ဤနေရာသို့ ရောက်ရှိလာပြီးနောက် အဟန့်အတားမရှိ အထဲသို့ ဝင်ရောက်သွားခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် ရှဲ့ဟေးရန်မှာ ဝမ်ပေါင်လဲ့အား ပို၍ပင် ယုံကြည်လာရသလို ချန်ဟန်းမှာလည်း ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုး၏ သားတစ်ယောက် ဖြစ်နေရသည့်အတွက် သူ့ကိုယ်သူ ပို၍ ဂုဏ်ယူလာရတော့သည်။
ထိုအချိန်တွင် သူတို့နှစ်ယောက်မှာ အကြည့်ချင်းဆုံသွားကြ၏။
" ဟွန့်း... "
" ဟွန်း... "
သို့သော်လည်း သူတို့မှာ ချက်ချင်း အကြည့်လွှဲလိုက်ကြသည်သာ ဖြစ်သည်။
တစ််ချိန်ထဲမှာပင် ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်ရှိ စက္ကူအာကာသကောင်းကင်ကြီး ထပ်တလဲလဲ ခေါက်ချိုးချိုးခံလိုက်ရသည်ကို မြင်လိုက်ရသည့် နောက်ထပ်လူတစ်ယောက် ရှိနေသေးသည်.... ထိုသူမှာ ခပ်လှမ်းလှမ်း၌ ပေါ်ပေါက်လာသည့် ချုံးရိကျစ်၏ ခန္ဓာကိုယ်အစစ် ဖြစ်သည်။ သူသည် မောက်မာဝင့်ကြွားမှု အပြည့်ရှိသောအမူအရာဖြင့် ရပ်နေသည့်တိုင်အောင် ရှဲ့ဟေးရန်နှင့် အခြားသူများမှာ သူ့အား လုံးဝသတိမထားမိပေ။
သူသည် စက္ကူအာကာသကောင်းကင်ကြီး အဆက်မပြတ် ခေါက်ချိုးချိုးခံလိုက်ရပြီးနောက် အဖြူရောင်အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားပြီး စကြဝဠာကြီးထဲ၌ ပျောက်ကွယ်သွားသည်ကို စိုက်ကြည့်နေ၏။ ထိုသို့ ပျောက်ကွယ်သွားချိန်တွင် ချုံးရိကျစ်မှာ မျက်လုံးများ မှေးသွားသည်။
အဘယ်ကြောင့်ဆိုသော် သူသည် ရှဲ့ဟေးရန်နှင့် အခြားသူများရှိနေသည့် စစ်သင်္ဘောကြီးအား မြင်နေရပါသော်လည်း သူ၏ ကိုယ်ပွားအား အန္တရာယ်ပြုနိုင်စွမ်းရှိသည့် ကျင့်ကြံသူတစ်ယောက်တလေကိုပင် ရှာမတွေ့သောကြောင့်ပင်။ ထို့ကြောင့် သူ၏ နှလုံးသားထဲ၌ မေးခွန်းများစွာ ပေါ်ပေါက်လာရ၏။
" ငါ့ရဲ့ ကိုယ်ပွားကို သတ်ဖြတ်ခဲ့တဲ့ ကျင့်ကြံသူက ထွက်ခွာသွားတာလား "
" ဒါမှမဟုတ် သူက ကြယ်သုသာန်ထဲကနေ ရောက်လာတာများလား... "
" စိတ်ဝင်စားစရာပဲ... " သူသည် ထိုသို့ ရေရွတ်လိုက်ပြီးနောက် ရှဲ့ဟေးရန်နှင့် ချန်ဟန်းတို့ ရှိနေသည့် စစ်သင်္ဘောကြီးအား တစ်ချက်လှမ်းကြည့်ကာ ချက်ချင်း အကြည့်ပြန်လွဲလိုက်သည်။ သူသည် သူတို့အား ဂရုစိုက်နေခြင်းမရှိတော့သလို သူတို့အား ဖမ်းဆီး၍ ဝိညာဉ်ရှာဖွေရန်လည်း စိတ်ကူးမရှိပေ။ သူသည် သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိသောကြောင့် အဖြေအား ကြိုသိနေရန် ဆန္ဒမရှိပေ။
သူသည် အဖြေအား အလွယ်တကူ မသိနိုင်သည့် ပဟေဠိများကို အလွန်အင်မတန်မှနှစ်သက်၏။ ၎င်းတို့မှာ ငြီးငွေ့စရာကောင်းသော သူ၏ ဘဝကြီးအား ပို၍ စိတ်ဝင်စားစရာကောင်းလာအောင် လုပ်နိုင်စွမ်းရှိသည် မဟုတ်ပါလော။ ထို့ကြောင့် ချုံးရိကျစ်မှာ မပွင့်တပွင့် ပြုံးလိုက်ပြီးနောက် အာကာသကောင်းကင်ထဲ၌ တင်ပျဥ်ခွေထိုင်ချလိုက်၏။
သူသည် ကြယ်သုသာန်ထဲသို့ ဝင်ရောက်သွားခဲ့သည့် ဝမ်ပေါင်လဲ့မှာ နောက်ဆုံးတွင် ပြန်ထွက်လာလိမ့်မည်ဟု ယုံကြည်နေသည်။ ထိုအချိန်တွင် သူ့အား သတ်ဖြတ်လိုက်မည်ဆိုပါက သူ လိုချင်နေသည့် အဖြေအား ရရှိနိုင်မည်ဖြစ်သည်။
" ငါ စိတ်မပျက်ရဖို့ မျှော်လင့်တာပဲ “