လက်ခံတယ်
Vol. 80 Ch. 1108
စက္ကူအာကာသကောင်းကင်ကြီး အဆက်မပြတ် ခေါက်ချိုးချိုးခံလိုက်ရပြီး လူတိုင်း၏ ရှေ့မှ ပျောက်ကွယ်သွားချိန်တွင် အခြားဟင်းလင်းပြင်တစ်ခုထဲ၌ ဝမ်ပေါင်လဲ့၏ ရှေ့တွင်ရှိနေသည့် ကမ္ဘာကြီးမှာ ရုတ်တရက်ဆိုသလို ပြောင်းလဲသွားသည်။
၎င်းမှာ စက္ကူပင်လယ်ကြီး ဖြစ်နေဆဲဖြစ်ပါသော်လည်း အနက်ရောင်မဟုတ်တော့ဘဲ အဖြူရောင်ဖြစ်နေ၏။ ကောင်းကင်ကြီး၊ နေမင်းကြီးနှင့် ကျေးငှက်များမှာမူ သူ ယခင်တုန်းက မြင်ခဲ့ရသည့်အတိုင်း စက္ကူများဖြစ်နေဆဲပင်။
ထိုအချိန်တွင် ထို ကမ္ဘာကြီးတစ်ခုလုံး၏ စေတနာအငွေ့အသက်များမှာလည်း ကမ္ဘာကြီးနှင့် သက်ရှိများအားလုံးဆီမှ ထွက်ပေါ်လာသည်။ ၎င်းမှာ ဝမ်ပေါင်လဲ့၏ ဘေးပတ်ဝန်းကျင်တစ်ခုလုံးထဲ၌ ပြည့်နှက်သွားသဖြင့် ထိုကမ္ဘာကြီးမှာ ပျော်ရွှင်ကျေနပ်နေပြီး သူ့အား ကြိုဆိုနေည့်အလားပင်။
ဘေးပတ်ပတ်လည်ရှိ စက္ကူပင်လယ်ကြီးမှာလည်း သူ့အား ရှိခိုးဦးညွှတ်နေသည့်အလား တုန်ရီနေ၏။ ထို ခံစားချက်များကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်ရောကိုယ်ပါ သက်သောင့်သက်သာ ဖြစ်သွားရသည်။
" ကြယ်သုသာန်ကနေ ပြန်ပြီးတော့ ကြိုဆိုပါတယ် " ဝမ်ပေါင်လဲ့မှာ ထိုအသံကို ကြားလိုက်ရသည်နှင့် နောက်သို့ လှည့်ကြည့်လိုက်၏။ သူသည် ဟင်းလင်းပြင်ကြီး တစ်ခုထဲတွင် မဟုတ်တော့ဘဲ လှေတစ်စင်းပေါ်သို့ ရောက်နေပြီဖြစ်သည်။ သူ မြင်နေရသည့် လူပုံစံစက္ကူရုပ်မှာ သူ ယခင်တုန်းက မြင်ဖူးခဲ့သည့် စက္ကူလှေသမားကြီး ဖြစ်၏။ ထိုအချိန်တွင် ထို လူပုံစံစက္ကူရုပ်မှာ ရှေ့သို့လှည့်လာပြီး ဝမ်ပေါင်လဲ့အား စိုက်ကြည့်လိုက်သည်။
" လူကြီးမင်း။ နေကောင်းရဲ့လား " ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူကာ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ အရိုအသေပေးလိုက်၏။
ထိုအခါ ထို လူပုံစံစက္ကူရုပ်မှာလည်း ပြုံးကာ ဝမ်ပေါင်လဲ့အား ပြန်၍ အရိုအသေပေးလိုက်သည်။ ထို့နောက် ၎င်းမှာ စက္ကူလှော်တက်အား လှော်ခတ်၍ လှိုင်းလုံးများကို ထိုးခွင်းသွားလိုက်၏။ ထိုအချိန်တွင် လေပြည်လေညင်းတစ်ချက် တိုက်ခတ်သွားသဖြင့် ဝမ်ပေါင်လဲ့၏ ဆံပင်များမှာ လေထဲ၌ လွင့်သွားသည်။ သို့သော် ထို လေပြည်လေညင်းလေးမှာ အဝေးသို့ ထွက်ခွာသွားခြင်းမရှိဘဲ သူ့အား ဖော်ပြုပေးနေပြီး နူးညံ့သိမ်မွေ့သော စိတ်ဆန္ဒတစ်ခု အဖြစ်ပြောင်းလဲကာ ကခုန်နေသကဲ့သို့ပင်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ပြုံးမိသွား၏။ သူသည် ကြယ်သုသာန်သို့ ပြန်ရောက်လာသည်နှင့် ဤကမ္ဘာကြီး၏ စေတနာ အငွေ့အသက်များကို အာရုံခံမိလိုက်သည်။ ထို့အပြင်သည် အချုပ်အနှောင်ကင်းသော လွတ်လပ်မှုနှင့် ဘေးကင်းလုံခြုံမှုများကိုလည်း ခံစားနေရသေးသည်။ ထို့ကြောင့် သူသည် လှေပေါ်၌ အောက်သို့ထိုင်ချလိုက်ပြီး သူ၏ ညာဘက်လက်ကို မြှောက်ကာ ဝိညာဉ်ရေခဲရေဘူး တစ်ဘူး ထုတ်ယူလိုက်၏။ ထို့နောက် သူသည် သူ၏ ဘေးပတ်ပတ်လည်ရှိ ကမ္ဘာကြီးအား ဝေ့ဝိုက်ကြည့်ရှုရင်း ၎င်းအား ဝိုင်အရက် သောက်နေသကဲ့သို့ စိမ်ပြေနပြေ သောက်သုံးနေလိုက်တော့သည်။
" ဒီလို အထူးဧည့်သည်မျိုးကို တစ်ယောက်တည်း သောက်ခိုင်းလို့ ဘယ်ဖြစ်ပါ့မလဲ " ဝမ်ပေါင်လဲ့မှာ တစ်ငုံနှစ်ငုံမျှသာ သောက်ရသေးပါသော်လည်း သူ၏ ပတ်ပတ်လည်၌ စကားသံတစ်သံ ပဲ့တင်ထပ်သွားသည်ကို ကြားလိုက်ရသည်။ ထိုအချိန်တွင် လူပုံစံစက္ကူရုပ်တစ်ရုပ်မှာ လှိုင်းထန်နေသည့် ပင်လယ်ထဲမှ ထွက်ပေါ်လာပြီးနောက် တစ်လှမ်းချင်းလှမ်းကာ လှေပေါ်ရှိ ဝမ်ပေါင်လဲ့၏ ဘေးသို့ ရောက်ရှိလာတော့သည်။ ထို့နောက် ၎င်းမှာ ညာဘက်လက်ကို မြှောက်ကာ ဝမ်ပေါင်လဲ့ဆီသို့ ဆန့်ထုတ်လိုက်၏။
လူပုံစံစက္ကူရုပ် အများစုမှာ တစ်ပုံစံတည်း ဖြစ်ကြပါသော်လည်း ဝမ်ပေါင်လဲ့မှာ တစ်ချက်ကြည့်လိုက်ရုံနှင့် သူ့ဆီသို့ လျှောက်လှမ်းလာနေသည့် လူပုံစံစက္ကူရုပ်မှာ သူ၏ သိုလှောင်အိတ်ထဲ၌ နေခဲ့ဖူးသည့် ကြယ်သုသာန်အင်ပါယာ၏ ပထမဆုံး ဧကရာဇ်ကြီးဖြစ်ကြောင်း သိလိုက်၏။
ဝမ်ပေါင်လဲ့ တာအိုဂြိုဟ်အား ရယူနိုင်ခဲ့ပြီး ကြယ်သုသာန်ထဲမှ ထွက်ခွာသွားခဲ့စဉ်တုန်းက ထို ဧကရာဇ်ကြီးမှာ ပြန်လည်ချုပ်နှောင်ထားသည့် ကြေးမုံဝဲကြီးအား စောင့်ကြည့်နိုင်ရန် စက္ကူပင်လယ်ကြီးထဲ၌ နေရစ်ခဲ့ခြင်းဖြစ်သည်။
ယခုတွင် ဝမ်ပေါင်လဲ့မှာ ထို ဧကရာဇ်ကြီးအား ကြည့်ကာ မတ်တတ်ထလာပြီးနောက် ပြုံး၍ ဦးညွှတ်အရိုသေပေးလိုက်၏။ ထို့နောက် သူသည် ဝိညာဉ်ရေခဲရေဘူး တစ်ဘူး ထုတ်ယူကာ လှမ်းပေးလိုက်သည်။ သူသည် ထို ဧကရာဇ်ကြီး ၎င်းအား သောက်သုံးနိုင်စွမ်း ရှိမရှိ တွေးပူနေခြင်းမရှိပေ။ ထိုကဲ့သို့သော အစွမ်းထက်ပုဂ္ဂိုလ်ကြီးတစ်ယောက်အတွက် သူ၏ ခန္ဓာကိုယ်မှာ အဝတ်အစားများကဲ့သို့ပင်။ ၎င်းမှာ အရေးကြီးသလို အရေးမကြီးဟုလည်း ဆိုနိုင်ပေသည်။
လူပုံစံစက္ကူရုပ်ဧကရာဇ်ကြီးမှာ ထို ဝိညာဉ်ရေခဲရေဘူးအား လှမ်းယူလိုက်ပြီးနောက် ခေါင်းမော့လာပြီး ၎င်းအား အားပါးတရ မော့သောက်လိုက်၏။ ထို့နောက် ၎င်းမှာ သက်ပြင်းချရန် ပြင်လိုက်ချိန်မှာပင် မျက်နှာအမူအရာ အထူးအဆန်း ဖြစ်သွားရတော့သည်။ ထို့ကြောင့် ၎င်းမှာ ခေါင်းငုံ့၍ ၎င်း၏ လက်ထဲမှ ဝိညာဉ်ရေခဲရေဘူးအား သေသေချာချာ ကြည့်လိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား ပြန်ကြည့်လိုက်၏။
" ဒါ ဘာကြီးလဲကွ။ ဘာလို့ ဒီလောက်ချိုနေရတာလဲ "
" သောက်လို့ကောင်းရဲ့လား။ အဲတာ ကျွန်တော် အကြိုက်ဆုံး ဖျော်ရည်ပဲ။ စကြဝဠာကြီးတစ်ခုလုံးထဲမှာ အဲဒီဖျော်ရည်ကို ပြည်ထောင်စုကြီးကပဲ ထုတ်လုပ်နိုင်တာ။ အဲဒီ ဖျော်ရည်ကို ဝိညာဉ်ရေခဲရေလို့ ခေါ်တယ်ဗျ " ဝမ်ပေါင်လဲ့မှာ မျက်စိပေကလတ်ပေကလတ်လုပ်ကာ လူပုံစံစက္ကူရုပ်အား စိုက်ကြည့်၍ ပြန်ဖြေလိုက်၏။
ထိုအခါ ထို လူပုံစံစက္ကူရုပ်ကြီးမှာ အသက်ရှူကြိမ် အနည်းငယ်ခန့် နှုတ်ဆိတ်သွားပြီး ၎င်း၏ လက်ထဲမှ ဝိညာဉ်ရေခဲရေအား ထပ်၍ အရသာခံကြည့်လိုက်၏။ တစ်အောင့်ခန့် ကြာပြီးနောက် ၎င်းမှာ နှုတ်ခမ်းတွန့်သွားပြီး ထို ဝိညာဉ်ရေခဲရေဘူးအား သိမ်းဆည်းကာ ဝမ်ပေါင်လဲ့အား ပြန်ကြည့်လိုက်သည်။
" မင်း ပြန်ရောက်လာတာ စောသားပဲ "
" လူကြီးမင်းက ကျွန်တော် ပြန်ရောက်လာတာကို အံ့အားသင့်နေတဲ့ပုံလည်း မပေါ်ဘူး " ဝမ်ပေါင်လဲ့မှာ ထိုစကားကို ကြားလိုက်ရသောအခါ ပြုံး၍ ပြန်ပြောလိုက်သည်။
" မင်း ထွက်ခွာသွားခဲ့တဲ့ နေ့တုန်းက မင်း ဒီ စက္ကူပင်လယ်ကြီးရဲ့ အောက်မှာရှိတဲ့ ဝဲကြီးကို စူးစမ်းလေ့လာဖို့အတွက် တစ်ရက်ရက်မှာ ပြန်ရောက်လာလိမ့်မယ်လို့ ငါ အလိုလို သိနေခဲ့ပြီးသား "
ဝမ်ပေါင်လဲ့မှာမူ ချက်ချင်း စကားပြန်ပြောလိုက်ခြင်းမရှိဘဲ ခေါင်းငုံ့ကာ စက္ကူပင်လယ်ကြီးအား ကြည့်လိုက်၏။ သူ ယခုအကြိမ် ဤနေရာသို့ ရောက်လာရသည့် အကြောင်းရင်းများထဲတွင် ဤ စက္ကူပင်လယ်ကြီး၏ အောက်ရှိ ဝဲကြီးလည်း ပါပေသည်။
သူသည် ထိုဝဲကြီးမှာ သူ၏ ပထမဘဝထဲမှ အရှည်သုံးပေရှိသော အနက်ရောင်သစ်သားတုံးလေးအား ထုတ်ပေးခဲ့သည့် ဝဲကြီးဟုတ်မဟုတ် အတည်ပြုချင်နေသည်။ သို့သော် သူသည် ထိုနေရာသို့ ယခုချက်ချင်း မသွားလိုသေးပေ။ သူ ထာဝရကြယ်အဆင့်သို့ ဖောက်ထွက်ပြီးသွားသောအခါမှသာလျှင် ၎င်းအား စူးစမ်းလေ့လာနိုင်မည်ဖြစ်သည်။
ထို့ကြောင့် သူသည် တစ်ခဏမျှ စဉ်းစားတွေတောလိုက်ပြီးနောက် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ သူ၏ ရှေ့တွင် ရှိနေသည့် လူပုံစံ စက္ကူရုပ်ဧကရာဇ်ကြီးအား လျှောက်တင်လိုက်သည်။
" ကျွန်တော်က အထူးဂြိုဟ်တွေကို ဆင့်ခေါ်ပြီး ထာဝရကြယ်အဆင့်ကို တက်လှမ်းနိုင်ဖို့အတွက် ဧကရာဇ်ကြီးနဲ့ ကြယ်သုသာန်အင်ပါယာဆီကနေ ခွင့်လာတောင်းတာပါ " ဝမ်ပေါင်လဲ့မှာ ထိုသို့ လျှောက်တင်လိုက်ပြီးနောက် တည်ကြည်မှုအပြည့်ရှိသော အမူအရာဖြင့် ပထမဆုံး ဧကရာဇ်ကြီးအား စိုက်ကြည့်နေလိုကိသည်။
" ဘာမှ ရေးကြီးခွင်ကျယ် မဟုတ်ပါဘူးကွ။ မင်းက အထူးဂြိုဟ် ဘယ်နှလုံး လိုတာမလို့လဲ " လူပုံစံစက္ကူရုပ် ဧကရာဇ်ကြီးမှာမူ စိတ်အေးလက်အေးဖြစ်နေသည့် လေသံဖြင့်သာ ပြန်မေးလိုက်သည်။ တစ်ဖက်တွင် ဝမ်ပေါင်လဲ့မှာ ကြယ်သုသာန်အင်ပါယာ၏ ကျေးဇူးရှင်ဖြစ်နေသလို အခြားတစ်ဖက်တွင်လည်း ဝမ်ပေါင်လဲ့မှာ အံ့သြမှင်တက်ဖွယ်ရာ ကျောထောက်နောက်ခံများကို ပိုင်ဆိုင်ထားသည်မဟုတ်ပါလော။ သို့ဖြစ်ရာ ထို လူပုံစံစက္ကူရုပ်ကြီးမှာ သူ၏ တောင်းဆိုမှုအား ငြင်းဆန်မည်မဟုတ်ပေ။ ကြယ်သုသာန်အင်ပါယာထဲ၌ အထူးဂြိုဟ်အလုံးရေ တစ်သောင်းကျော် ရှိနေသည်ဖြစ်ရာ ၎င်းတို့ထဲမှ အချို့အား ထုတ်ပေးရခြင်းမှာ ရေးကြီးခွင်ကျယ်မဟုတ်ပေ။
" အဲ... အလုံး တစ်သောင်းလောက် လိုတာပါ " ဝမ်ပေါင်လဲ့မှာမူ ရှက်ကိုးရှက်ကန်းဖြစ်နေသည့် လေသံဖြင့်သာ တိုးတိုးလေး ပြန်ဖြေလိုက်သည်။
ထိုအခါ လူပုံစံစက္ကူရုပ်ကြီးမှာ တစ်ခဏမျှနှုတ်ဆိတ်သွားကာ ဝိညာဉ်ရေခဲရေဘူးအား ပြန်ထုတ်၍ မော့သောက်လိုက်၏။ ထို့နောက် ၎င်းမှာ မနေနိုင်တော့သဖြင့် မေးမိလိုက်သည်။
" ထာဝရကြယ်အဆင့်အထိ တက်လှမ်းနိုင်ဖို့အတွက်ပဲဆိုတာ သေချာလား "
" ကျွန်တော်က အထူးဂြိုဟ် အလုံးတစ်သောင်းကို အားဖြည့်ပစ္စည်းတွေအဖြစ် အသုံးပြုမှာပါ။ အဲဒီ ဂြိုဟ်တွေကို ကြယ်စင်စုတစ်ခုဖြစ်အောင် ပြောင်းလဲပြီးရင် ကျွန်တော့်ရဲ့ တာအိုဂြိုဟ်အတွက် အကူအညီ အထောက်အပံ့ ပစ္စည်းတစ်ခုအနေနဲ့ အသုံးပြုပြီးတော့ အဲဒီ တာအိုဂြိုဟ်ကို ဂြိုဟ်တစ်လုံးအဖြစ်ကနေ ထာဝရကြယ်တစ်လုံး ဖြစ်သွားအောင် ပြောင်းလဲလိုက်မှာပါ " ဝမ်ပေါင်လဲ့မှာ သူသည် ကြယ်သုသာန်အင်ပါယာထဲရှိ အထူးဂြိုဟ် စုစုပေါင်း၏ ကိုးဆယ်ရာခိုင်နှုန်းခန့်အား တောင်းဆိုနေခြင်းဖြစ်ကြောင်း သိထားသည်။ ထို့ကြောင့်လည်း သူသည် ထိုသို့ ရှင်းပြပြီးသွားသည်နှင့် နောက်ထပ်စကားတစ်ခွန်း ထပ်ပြောလိုက်၏။
" တကယ်လို့ ကျွန်တော့်ဆီက အကူအညီလိုတာရှိရင်ပြောပါ။ ပြီးတော့... အဲဒီလောက် အများကြီး မပေးနိုင်ရင်... နည်းနည်းပါးပါးဆိုလည်း ရပါတယ် "
" အလုံးတစ်ထောင်လောက်ဆိုရင်တော့ ငါတစ်ယောက်တည်းရဲ့ ဆုံးဖြတ်ချက်နဲ့ ထုတ်ပေးလို့ရတယ်။ ဒါပေမဲ့ အခုက အလုံးတစ်သောင်းတောင်လေ.... ငါက ကြယ်သုသာန်အင်ပါယာရဲ့ ခေါင်းဆောင်မှ မဟုတ်တော့ပဲ။ အဲတာမလို့ ငါ့ဘက်က မင်းကို ကူညီပေးချင်ရင်တောင် ဆုံးဖြတ်ချက်ချပေးနိုင်မှာ မဟုတ်ဘူး " ပထမ ဧကရာဇ်ကြီးမှာ ထိုသို့ဆိုလိုက်ပြီးနောက် ချောင်းဟန့်ကာ အဝေးသို့ လှမ်းကြည့်လိုက်၏။ ထိုအခါ ဝမ်ပေါင်လဲ့မှာ တစ်ခုခုလွဲနေပြီဟု ခံစားလိုက်ရသဖြင့် ခေါင်းခဲလာရတော့သည်။ ထို့ကြောင့် သူ ထို ဧကရာဇ်ကြီးအား နားချနိုင်မည့် နည်းလမ်းများကို စဉ်းစားတွေးတောနေစဉ်မှာပင် ခပ်လှမ်းလှမ်း၌ လူပုံစံစက္ကူရုပ် အရုပ်တစ်ရာကျော် သူတို့ဆီသို့ ဦးတည်ပျံသန်းလာနေသည်ကို မြင်လိုက်ရသည်။
၎င်းတို့ထဲ၌ ရှေ့ဆုံးမှ ပျံသန်းလာသည့်သူမှာ ကြယ်သုသာန်အင်ပါယာ၏ လက်ရှိ ဧကရာဇ်ကြီး ဖြစ်သည်။ သူ၏ ကြယ်နယ်မြေအဆင့် ကျင့်ကြံခြင်းအငွေ့အသက်များမှာ အားကောင်းလွန်းနေ၏။ သူသည် ရှေ့သို့ ခြေတစ်လှမ်းလှမ်းကာ လှေပေါ်သို့ ရောက်ရှိလာပြီးနောက် ဝမ်ပေါင်လဲ့အား ပြုံးပြလိုက်၏။
ဝမ်ပေါင်လဲ့မှာလည်း ပြန်၍ ပြုံးပြကာ သူ့အား နှုတ်ဆက်လိုက်သည်။ ထို့နောက် သူသည် တစ်ခဏမျှ ချီတုံချတုံဖြစ်သွားပြီး မကြာသေးမီတုန်းက ပြောခဲ့သည့်စကားများကို ပြန်ပြောလိုက်သည်။ ကြယ်သုသာန်အင်ပါယာဧကရာဇ်ကြီးမှာလည်း ထိုစကားများကို ကြားလိုက်ရသောအခါ တွေဝေတုံ့ဆိုင်းသွား၏။ ထို့နောက် သူသည် ပထမ ဧကရာဇ်ကြီးနှင့် အကြည့်ချင်းဆုံသွားပြီး သူတို့နှစ်ယောက်စလုံးမှာ တစ်ခဏမျှ နှုတ်ဆိတ်သွားတော့သည်။ သူတို့နှစ်ယောက်မှာ အကျပ်ရိုက်နေရသဖြင့် ငြင်းဆန်တော့မည့်ပုံ ပေါက်နေ၏။
သို့သော် ထိုအချိန်တွင်... လင်းလက်တောက်ပနေသည့် ကောင်းကင်ကြီးထဲ၌ ရုတ်တရက်ဆိုသလို ထစ်ချုန်းသံများ ထွက်ပေါ်လာ၏။ ထို့နောက် တွန့်လိမ်ပုံပျက်နေသည့် တုန်ခါမှုလှိုင်းများမှာ ကောင်းကင်ယံထဲ၌ ပြည့်နှက်သွားသည်။ ထို့ကြောင့် အဖြူရောင်ခြုံလွှာကြီးတစ်ခုအား လှန်လိုက်သဖြင့် အနက်ရောင်ကောင်းကင်ကြီး ပေါ်ပေါက်လာသကဲ့သို့ပင်။
ထို ကောင်းကင်ယံထဲ၌ ကြယ်အလင်းရောင်များ ချက်ချင်း ပေါ်ပေါက်လာကြ၏။ အဆင့်အမျိုးမျိုးရှိသော ကြယ်များမှာ အတူတကွစုဝေးနေကြသဖြင့် ကြယ်အလုံးရေ တစ်သန်းကျော်မှာ အာကာသကောင်းကင်ကြီးထဲ၌ ပြည့်နှက်နေသည်။ ထိုအချိန်တွင် ကြယ်သုသာန် တစ်ခုစလုံး၏ စိတ်ဆန္ဒမှာ စကားသံတစ်သံအဖြစ် ပြောင်းလဲသွားပြီး ဝမ်ပေါင်လဲ့နှင့် လူပုံစံစက္ကူရုပ် ဧကရာဇ်ကြီးနှစ်ပါး၏ အသိစိတ်များထဲ၌ ပဲ့တင်ထပ်သွားတော့သည်။
" လက်ခံတယ် "
ထို ပဲ့တင်ထပ်သံကြီးကြောင့် ဧကရာဇ်ကြီးနှစ်ပါးမှာ တစ်ယောက်ကိုတစ်ယောက် ပြန်ကြည့်မိလိုက်ကြ၏။ ထို့နောက် လက်ရှိဧကရာဇ်ကြီးမှာ အားနာနေသည့် အမူအရာဖြင့် ဆိုလိုက်သည်။
" ပေါင်လဲ့။ စောစောတုန်းက ငါ တွေဝေနေခဲ့တာကို အပြစ်မတင်ပါနဲ့။ တကယ်တော့... "
" မင်းက ဘာကို တွေဝေနေတာလဲကွ။ ဒီကိစ္စနဲ့ ပတ်သက်လို့ ပြဿနာမရှိပါဘူးလို့ ငါပြောထားတယ်လေ။ ဝမ်ပေါင်လဲ့က ကြယ်သုသာန်အင်ပါယာရဲ့ ကျေးဇူးရှင် မဟုတ်ဘူးလား။ အဲတာမလို့ သူ ဂြိုဟ်အလုံးတစ်သောင်းမပြောနဲ့ အလုံးတစ်သိန်းတောင်းရင်တောင် ငါတို့ဘက်က ပေးရမှာပေါ့။ ဒါ ကျေးဇူးပြန်ဆပ်တာပဲလေ " ပထမဧကရာဇ်ကြီးမှာ သူ၏ အသက်အရွယ်နှင့် မလိုက်အောင် မျက်နှာပြောင်ပေသည်။ ထို့ကြောင့် သူသည် ကမ္ဘာကြီးတစ်ခုလုံး၏ စိတ်ဆန္ဒအား အာရုံခံမိလိုက်သည်နှင့် တည်ကြည်လေးနက်မှု အပြည့်ရှိသော လေသံဖြင့် ဆိုလိုက်၏။ တစ်ချိန်ထဲမှာပင် သူသည် လက်ရှိ ဧကရာဇ်ကြီးကိုပါ ဆူပူကြိမ်းမောင်းလိုက်သေးသည်။
" ခေါင်းဆောင်ကြီး ပြောတာ အမှန်ပါပဲ။ ကျွန်တော် မှားသွားပါတယ် " ကြယ်သုသာန်အင်ပါယာ၏ လက်ရှိ ဧကရာဇ်ကြီးမှာ ထိုစကားများကို ကြားလိုက်ရသောအခါ ရှုံ့မဲ့မဲ့မျက်နှာအမူအရာဖြင့် ပြုံး၍ ပထမ ဧကရာဇ်ကြီးအား ဦးညွှတ်လိုက်၏။ ထိုအခါ ပထမ ဧကရာဇ်ကြီးမှာ ချောင်းဟန့်၍ သူ၏လက်ကို ဝှေ့ယမ်းကာ ဆိုလိုက်သည်။
" ပေါင်လဲ့။ ငါ မင်းကို အာကာသကောင်းကင်ကြီးရဲ့ ဒီဘက် အခြမ်းကို ပေးမယ်။ ငါ့ဘက်က ဘာမှ ပြန်မတောင်းပါဘူး။ တကယ်လို့ မင်း အစွမ်းထက်လာတဲ့ တစ်ရက်ကျ ဝဲကြီးထဲကို ဝင်နိုင်ဖို့ အခွင့်အရေးတစ်ခု ပေါ်ပေါက်လာမယ်ဆိုရင် ငါ့ကို မင်းနဲ့အတူ ခေါ်သွားပေးဖို့ပဲ မျှော်လင့်ပါတယ် "
သူ၏ စကားများမှာ အောက်ကျို့လွန်းနေသောကြောင့် ဝမ်ပေါင်လဲ့မှာ မျက်စိပေကလတ်ပေကလတ် ဖြစ်သွားရ၏။ ထို့နောက် သူသည် ရယ်မောချင်စိတ်များကို ချုပ်တည်းကာ ပထမ ဧကရာဇ်ကြီးအား အလျင်အမြန် ဦးညွှတ်အရိုအသေပေးလိုက်ပြီး ကျေးဇူးတင်စကားဆိုလိုက်သည်။ တစ်ချိန်ထဲမှာပင် သူသည် စိတ်အားထက်သန်မှု အပြည့်ရှိသော အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် သူသည် အသက်ပြင်းပြင်းရှူကာ အချိန်ဆွဲနေခြင်းမရှိတော့ဘဲ အာကာသကောင်းကင်ဆီသို့ ပျံသန်းသွားလိုက်တော့သည်။ ဘေးပတ်ပတ်လည်ရှိ လူပုံစံစက္ကူရုပ်များ၏ အမြင်တွင် ဝမ်ပေါင်လဲ့မှာ ကြယ်ပျံတစ်လုံးနှင့် တူနေ၏။ သူ အာကာသကောင်းကင်ကြီးထဲ၌ ပျံသန်းနေစဉ် သူ၏ ပတ်ပတ်လည်တွင် တာအိုဂြိုဟ်တစ်လုံး ပေါ်ပေါက်လာသည်။
ထို တာအိုဂြိုဟ်မှာ ချက်ချင်းဆိုသလိုပင် အရွယ်အစား ကြီးမားလာပြီး မျက်စိတစ်မှိတ်အတွင်းတွင် ကြောက်စရာကောင်းလောက်အောင် ကြီးမားသွား၏။ ၎င်း၏ ပတ်ပတ်လည်၌ ရှေးဟောင်းဂြိုဟ်ကိုးလုံးမှာလည်း ရုပ်လုံးပေါ်လာသည်။ ၎င်းတို့မှာ အားပေးနေသည့်ပုံ ပေါ်သလို တစ်ချိန်ထဲမှာပင် စိတ်ဆန္ဒပြင်းပြနေသည့် အမူအရာများဖြင့် ဝမ်ပေါင်လဲ့၏ နောက်မှလိုက်၍ အာကာသကောင်းကင်ထဲသို့ ဝင်ရောက်သွားကြ၏။
ထိုအချိန်တွင် အာကာသကောင်းကင်ထဲရှိ မရေမတွက်နိုင်လောက်အောင် များပြားသော ကြယ်များမှာ ဝမ်ပေါင်လဲ့နှင့် ယှဉ်ပြိုင်ရန် မဝံ့ရဲကြသည့်အလား ချက်ချင်းဆိုသလိုပင် အရောင်များ မှေးမှိန်သွားကြသည်။ ၎င်းတို့မှာ ဦးညွှတ်ကာ သူ့အား အရိုအသေ ပေးနေကြသည့်ပုံ ပေါက်နေသလို ၎င်းတို့၏ စိတ်လှုပ်ရှားမှုများကိုလည်း ချုပ်တည်းထားရသည့်ပုံ ပေါက်နေ၏။ အကယ်၍ ၎င်းတို့သာ အသိဉာဏ်အနည်းငယ်မျှ ပိုင်ဆိုင်ထားမည်ဆိုပါက... သူတို့ကိုယ်သူတို့ ပြောင်းလဲနိုင်မည့် အခွင့်အရေးကြီးတစ်ခု ပေါ်ပေါက်လာတော့မည်ကို အာရုံခံမိလိုက်မည်သာ ဖြစ်သည်။
ဝမ်ပေါင်လဲ့၏ လူရိပ် အာကာသကောင်းကင်ကြီးနှင့် တစ်သားတည်းပေါင်းစည်းသွားချိန်တွင် သူ၏ စကားသံကြီးမှာ ရုတ်တရက် ပဲ့တင်ထပ်သွား၏။
" အားလုံး။ ကျေးဇူးပြုပြီးတော့ ကျွန်တော် ထာဝရကြယ်အဆင့်အထိ တက်လှမ်းတဲ့မြင်ကွင်းကို မျက်မြင်သက်သေခံပေးကြပါ "
သူ သို့ဆိုလိုက်သည်နှင့် အာကာသကောင်းကင်ထဲရှိ ကြယ်သန်းပေါင်းများစွာမှာ စိတ်လှုပ်တရှား ဖြစ်သွားကြသည့်အလား စတင် ဝင်းလက်တောက်ပလာကြတော့သည်။