ကျားတောင်မှ ကိုယ့်သားသမီးကိုပြန်မစားဘူး
Vol. 78 Ch. 1093
အခန်း (၁၀၉၃) ကျားတောင်မှ ကိုယ့်သားသမီးကိုပြန်မစားဘူး
ရန်ကျောက်ကဲက မန်ဝမ်ကိုအဝေးသို့ခေါ်သွားရင်း တိုက်ပွဲအခြေအနေမည်သို့ရှိမည်ကို နောက်ပြန်လှည့်ကြည့်လိုက်သည်။
အမတခုံရုံးမှ တန်ခိုးစွမ်းအားရှင်များ ၊ ငရဲကိုးထပ်မှ မဟာနတ်ဆိုးကြီးနှင့် ပိုးသားဧကရာဇ် ၊ လွှမ်းခြုံဧကရာဇ်တို့ တိုက်ခိုက်နေကြောင်း တွေ့လိုက်ရသည်။ မည်သူက မည်သူနှင့်ပူးပေါင်းသည်ကို မသိရသော်လည်း အချင်းချင်း အပြန်အလှန် တိုက်ခိုက်နေသည်ကို တွေ့ရ၏။
ငရဲကိုးထပ်မှ မဟာနတ်ဆိုးကြီးက တောင်တစ်တောင်ပမာ ကြီးမားပြီး အတောင်လေးခု ၊ တိုတိုတုတ်တုတ် ခြေထောက် (၆)ချောင်းပါရှိကာ သူ၏ခန္ဓာကိုယ်က ကြီးမားသည့် အဝတ်အိတ်ကြီးတစ်ခုပမာဖြစ်ပြီး မျက်နှာထက်တွင် ပါးစပ်နှင့်နှာခေါင်းပေါက်ပါဝင်ခြင်း မရှိပေ။
အပြင်ပန်းသဏ္ဌန်အရ ထိုနတ်ဆိုးကြီးက ဒဏ္ဍာရီထဲမှ မိစ္ဆာသားရဲ ‘တိကျန်း’ နှင့် အနည်းငယ် ဆင်တူသည်။
တိကျန်းသားရဲနှင့်မတူသည့်အချက်မှာ -
တိကျန်းသားရဲက မြေဝါရောင်အသားအရေရှိပြီး ယခု နတ်ဆိုးကြီး၏ ခန္ဓာကိုယ်က သွေးနီရောင်မီးလျှ့များ တောက်လောင်နေခြင်း ဖြစ်သည်။
နတ်ဆိုးကြီး၏ ခန္ဓာကိုယ်တစ်ခုလုံး သွေးနီရောင်မီးလျှံများဖြင့်ဝန်းရံထားပြီး ခရမ်းနက်ရောင် မီးစက်ဝန်းများသည်လည်း လှည့်ပတ်လျှက် ရှိသည်။
သူ၏ အသွင်အပြင်က တိကျန်းသားရဲ မိစ္ဆာတာအိုလမ်းစဉ်သို့လိုက်ကာ အမှောင်ဘက်ခြမ်းကျရောက်သွားသည်နှင့် ဆင်တူသည်။
နတ်ဆိုးကြီး၏ ခန္ဓာကိုယ်အားဝန်းရံထားသော ခရမ်းနက်ရောင် မီးစက်ဝန်းများမှ ပူဖောင်ပမာအလုံးများ ထွက်ပေါ်လာသည်။
၎င်းပူဖောင်းများ၏ မျက်နှာပြင်တွင် လျှပ်စီးများတောက်ပနေပြီး မိုးခြိမ်းသံများ ထွက်ပေါ်လျှက် ရှိသည်။
ပူဖောင်းများက လှုပ်ခါနေပြီး အလွန်ပေါ့ပါးစွာဖြင့် လေထုထဲတွင် လွင့်ပျံနေသည်။
သို့သော် ထိုလျှပ်စီးပူဖောင်းများ ကွဲအက်ပေါက်ကွဲသွားချိန်တွင် ၎င်းတို့၏နေရာက ကိုယ်ပိုင်လွတ်လပ်သော ဗလာနယ်တစ်ခုပမာ ပြောင်းလဲသွားပြီး ကြောက်မက်ဖွယ်ရာ စွမ်းအားစီးကြောင်းများ ထွက်ပေါ်လာသည်။
မိုးကြိုးပူဖောင်းတစ်ခုလျှင် ကမ္ဘာတစ်ခုပမာ ဖြစ်၏။
ပူဖောင်းများပေါက်ကွဲသွားချိန် ဗလာနယ်အာကာသ လေထု ပြိုကျသွားပြီး ပတ်ဝန်းကျင် မိုးမြေတစ်ခွင် အချိန်နှင့်နေရာ ပြောင်းလဲသွားသည်။
တိကျန်းသားရဲနှင့်ဆင်တူသည့် မဟာနတ်ဆိုးကြီးက ရန်သူများအား ထိပ်တိုက်ရင်ဆိုင်ခြင်းမပြုဘဲ သူ၏ အံ့သြဖွယ်ရာ မိုးကြိုးစွမ်းအားကို အသုံးပြုတိုက်ခိုက်နေသည်။
ပိုးသားဧကရာဇ် ၊ လွှမ်းခြုံဧကရာဇ်နှင့် အမတခုံရုံးမှ ဧကရာဇ်မင်း (၂)ပါးတို့မှာ အချင်းချင်းတိုက်ခိုက်ရင်း အလုပ်များနေကြသဖြင့် ထိုနတ်ဆိုးကြီးကို မည်သို့မှမတတ်နိုင်စွာ ဤအတိုင်း လွှတ်ထားရသည်။
ရန်ကျောက်ကဲက ပူဖောင်းများနှင့်ဆင်တူသည့် လျှပ်စီးစက်လုံးများကိုကြည့်ရင်း...
“အဲဒါက တကယ်တော့ ပုံရိပ်ယောင်ဗလာနယ်မိုးကြိုးပဲ”
ဟု ရေရွတ်လိုက်သည်။
“တိကျန်းသားရဲတွေက ဗလာနယ်တာအိုနဲ့ပတ်သက်ပြီး နဂိုကတည်းက ကျွမ်းကျင်ကြတယ် ၊ အခု ဒီတစ်ယောက်က ပုံရိပ်ယောင်ဗလာနယ်မိုးကြိုးကိုပါ သန့်စင်ကျင့်ကြံထားတယ်ဆိုတော့ ကျားကိုအတောင်တပ်ပေးလိုက်သလို ဖြစ်နေပြီ”
ပိုးသားဧကရာဇ်နှင့် အခြားသူများမှာလည်း ဤ မဟာနတ်ဆိုးကြီးကိုရင်ဆိုင်ရာတွင် တဖြည်းဖြည်း စိတ်မရှည်ဖြစ်လာပြီး မျက်မှောင်ကြုံ့လိုက်မိကြသည်။
သူတို့အားလုံးက ငရဲကိုးထပ် နတ်ဆိုးနယ်မြေတွင် တိုက်ခိုက်နေကြခြင်း ဖြစ်လေရာ တိုက်ပွဲ အချိန်ဆွဲနေပါက ငရဲကိုးထပ်မှ ပိုမိုတန်ခိုးစွမ်းအားမြင့်မားသော ထိပ်တန်းအဆင့် နတ်ဆိုးများကို ဆွဲဆောင်သလို ဖြစ်သွားပေမည်။
တိကျန်းသားရဲနှင့်ဆင်တူသော ဤနတ်ဆိုးကြီးက အလွန်ဉာဏ်ကောင်းသည်မှာ သေချာသည်။ သူက ရူးသွပ်မိုက်မဲစွာ မည်သူနှင့်မှထိပ်တိုက်ရင်ဆိုင်ခြင်းမရှိဘဲ အားလုံးကို မိုးကြိုးစွမ်းအားဖြင့် သွယ်ဝိုက်တိုက်ခိုက်နေခဲ့၏။
အမတခုံရုံးမှ ဧကရာဇ်များရော ၊ ပိုးသားဧကရာဇ်နှင့် လွှမ်းခြုံဧကရာဇ်ကပါ ထိုနတ်ဆိုးကြီးအား အရင်ရှင်းပစ်ရန် ဆုံးဖြတ်လိုက်ကြစဉ် နတ်ဆိုးချီများလွင့်ပျံနေသည့် အဝေးတစ်နေရာမှ စွမ်းအားရောင်ဝါတစ်ခု ထွက်ပေါ်လာကြောင်း ရုတ်တရက် အာရုံခံလိုက်မိကြသည်။
ဗလာနယ်ကိုဖြတ်ကျော်တောက်လောင်လာသော အနီရောင်မီးလျှံကြီးတစ်ခုကို လူတိုင်းမျက်စိရှေ့သို့ရောက်လာသည်။
ထိုအရာကိုမြင်တော့ ရန်ကျောက်ကဲရော လွမ်းခြုံဧကရာဇ်ပါ အံ့အားသင့်သွားကြ၏။
“အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်...”
ပေ (၉၀)အမြင့်ခန့် တောက်လောင်နေသည့် မီးတောက်မီးလျှံကြီး အလယ်ဗဟိုတွင် ကြီးမားသည့်ပုံရိပ်တစ်ခုနှင့်အတူ နဂါးနှစ်ကောင်၏ပုံရိပ် ထွက်ပေါ်နေသည်။ မီးလျှံများက ပတ်ဝန်းကျင်တစ်ခုလုံးမှ အနက်ရောင်နတ်ဆိုးချီများကို သန့်စင်သွားစေသည်။
ဤသည်က သေချာပေါက် ‘အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်’ ၏ အသွင်အပြင်ပင် ဖြစ်၏။
မီးလျှံများဖုံးလွှမ်းနေသည့် ကြီးမားသောပုံရိပ်ကြီးက တိကျန်းသားရဲအသွင် နတ်ဆိုးကြီးကို တွေ့မြင်ရသဖြင့် တုန်လှုပ်သွားခြင်းမျိုး မရှိပေ။ သို့သော် အမတခုံရုံးမှ ဧကရာဇ်နှစ်ပါးကိုတွေ့တော့ အံ့အားသင့်သွားသည်။
“ပြင်ပတာအိုက လူတွေပဲ”
ရေခဲဇာမဏီငှက်က...
“အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်... မင်း ရောက်လာပြီဆိုမှတော့ ငါတို့တွေ ငရဲကိုးထပ်က ဒီအတိုင်း ပြန်မသွားရတော့ဘူးပေါ့”
ပြောပြီးသည်နှင့် သူက ပိုးသားဧကရာဇ်နှင့် လွှမ်းခြုံဧကရာဇ်ကို အရေးမစိုက်တော့ဘဲ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ထံသို့ ပျံသန်းထွက်ခွာသွားသည်။
အံ့အားသင့်နေသော်လည်း အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က ရန်သူနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်လိုက်ပြီး ၎င်းတို့အကြား ပြင်းထန်သည့်တိုက်ပွဲတစ်ခု စတင်ဖြစ်ပွားတော့သည်။
မိုင်ပေါင်းထောင်ချီသည့် ပတ်ဝန်းကျင်တစ်ခုလုံး အေးခဲသွားပြီး ရေခဲများကြားတွင် တောက်လောင်နေသည့် မီးလျှံများကို တွေ့မြင်ရသည်။
ယခု ပိုးသားဧကရာဇ်နှင့် လွှမ်းခြုံဧကရာဇ်တို့ ရင်ဆိုင်ရမည့်ရန်သူ နည်းပါးသွားသော်လည်း ပါးနပ်လွန်းသော တိကျန်းသားရဲနတ်ဆိုးကြီးက အမတခုံရုံးမှ ဧကရာဇ်နှင့် ထိထိရောက်ရောက်ပူးပေါင်းကာ သူတို့ကို ပစ်မှတ်ထား တိုက်ခိုက်လာသည်။
ဧကရာဇ်မင်းဆိုသည်က ဧကရာဇ်မင်းပဲ ဖြစ်သည်။
အမတခုံရုံးမှ ဧကရာဇ်မင်းဖြစ်သည့်တိုင် အလွန်ကြီးမားသော တန်ခိုးစွမ်းအားကို ပိုင်ဆိုင်ထားဆဲပင်။
အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည် ၊ ပိုးသားဧကရာဇ် ၊ လွှမ်းခြုံဧကရာဇ် သို့မဟုတ် တိကျန်းသားရဲနတ်ဆိုး အားလုံးက အထွတ်ထိပ်ကျင့်ကြံသူများ ဖြစ်ကြသည်။ သို့သော် သူတို့အားလုံးအနေဖြင့် အထက်ဘုံကမ္ဘာမှ ဧကရာဇ် (၃)ပါးအဆင့်နှင့် ညီမျှသော အမတခုံရုံးမှ ဧကရာဇ်များကို ရင်ဆိုင်ရန် ခက်ခဲပေသည်။
အမတခုံရုံးနယ်မြေမှ ကျင့်ကြံသူများပင် ဖြစ်လင့်ကစား နတ်ဘုရားတံခါးကို ဖွင့်လှစ်နိုင်သည်ဆိုကတည်းက ခေသူများမဟုတ်သည်မှာ သေချာသည်။
သို့သော် သူတို့ပစ်မှတ်ထားသည်က ပိုးသားဧကရာဇ်မဟုတ်သလို လွှမ်းခြုံဧကရာဇ်လည်းမဟုတ်ပေ။ ရန်ကျောက်ကဲနှင့် ယိုးမင်ဂမ္ဘီရစက်ဝန်းသာလျှင် ဖြစ်၏။
ရန်ကျောက်ကဲက တိုက်ပွဲအခြေအနေကိုစောင့်ကြည့်ရင်း အန္တရယ်ရင်ဆိုင်ရမည်ကို မကြောက်ရွံ့ခဲ့ပေ။ သူနှင့်အတူ မန်ဝမ်ကိုခေါ်လာရင်း ဤနေရာမှထွက်ခွာရန် အခွင့်အရေး ရှာဖွေနေခဲ့သည်။
မကြာမီ မဟာနတ်ဆိုးကြီးထံမှ ပုံရိပ်ယောင်ဗလာနယ်မိုးကြိုး စက်လုံးတစ်ခု ပေါက်ကွဲထွက်သွားပြီး ပတ်ဝန်းကျင် အချိန်နှင့်နေရာများ ပြောင်းလဲသွားသည်။
ရန်ကျောက်ကဲက ထိုအခွင့်အရေးကို ကောင်းစွာဆုပ်ကိုင်ကာ မိုးကြိုးစွမ်းအား အနိမ့်ဆုံးကျဆင်းသွားပြီး ဗလာနယ်အပေါ် သက်ရောက်မှုမှေးမှိန်သွားချိန် ပရမ်းပတာဖြစ်နေသော လေထုထဲသို့ ခုန်ဝင်သွားသည်။
သူ၏မျက်ဝန်းများတွင် အနီရောင်အလင်းတန်း တောက်ပသွားပြီး နတ်ဘုရားထောင်ချောက်ဓားကို လျှို့ဝှက်စွာဖြန့်ကျက်ကာ ဗလာနယ်ကို ထိုးခွဲလိုက်သည်။
ပတ်ဝန်းကျင်အားလွှမ်းခြုံထားသော အဝါရောင်သဲများ လွင့်စင်သွားပြီး သဲပင်လယ်ပြင်ကြီးနောက်ကွယ်မှ ‘ဟွန့်’ ခနဲ နှာမှုတ်သံတစ်သံ ထွက်ပေါ်လာသည်။
သို့သော် ရန်ကျောက်ကဲ လျှို့ဝှက်အသုံးပြုလိုက်သည့် နတ်ဘုရားထောင်ချောက်ဓားကြောင့် သဲပင်လယ်ကြီး အနည်းငယ် လွင့်ပြယ်သွားကာ အနက်ရောင်နတ်ဆိုးချီများ လွင့်ပျံလာ၏။
တစ်ချိန်တည်းမှာပင် တိကျန်းသားရဲ မဟာနတ်ဆိုးကြီးအားကူညီပေးရန် အခြားသော ငရဲကိုးထပ် တန်ခိုးစွမ်းအားရှင်များ စစ်ကူရောက်ရှိလာကြသည်။
နှစ်ဖက်ကြားတိုက်ပွဲအခြေအနေက ရုတ်ချည်းပင် ပိုမိုရှုတ်ထွေးလာသည်။
အမတခုံရုံးဧကရာဇ်၏လှုပ်ရှားမှုများ အနည်းငယ်နှောင့်နှေးသွားစဉ် ရန်ကျောက်ကဲက မန်ဝမ်ကိုခေါ်ပြီး နေရာမှာပင် ပျောက်ကွယ်သွား၏။
ဗလာနယ်ကိုထိုးခွင်းထွက်ပြေးလာသော ရန်ကျောက်ကဲနှင့် မန်ဝမ်တို့ (၂)ယောက် တိုက်ပွဲစစ်မြေပြင်မှ လွတ်မြောက်လာပြီး ရန်ကျောက်ကဲက တိုက်ပွဲနေရာသို့ လှမ်းကြည့်လိုက်သည်။
ထိုနေရာမှ ထွက်ပေါ်နေသည့် သတ်ဖြတ်လိုသည့်အငွေ့အသက်များကို ယောင်ဝါးဝါး ခံစားနေရဆဲပင်။
မန်ဝမ်က...
“ကျွန်မကို ကယ်ထုတ်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်ကိုကြီ’ရန်’”
ရန်ကျောက်ကဲက တိုက်ပွဲနေရာသို့ လှမ်းကြည့်နေရင်းမှ...
“ကိစ္စမရှိပါဘူး... ရပါတယ်”
မန်ဝမ်က ခဏမျှ တုံ့ဆိုင်းနေပြီးမှ...
“အစ်ကိုကြီး’ရန်’... အဖေလေ... သူက ဘာများဖြစ်နေတာလဲဟင်...”
ရန်ကျောက်ကဲက အချိန်အတန်ကြာစဉ်းစားနေပြီးမှ ပိုးသားဧကရာဇ်၏ လက်ရှိအခြေအနေနှင့် သူ၏ ခန့်မှန်းချက်များအား မန်ဝမ်ကို အတိုချုံ့ ရှင်းပြလိုက်သည်။
မန်ဝမ်မှာ စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားသည့်တိုင် တကယ်တမ်း ထိုအကြောင်းများကို ကြားလိုက်ရသည့်အခါ အတော်လေး အံ့သြတုန်လှုပ်သွားသည်။
“ဒါဖြင့်... အဖေက ကျွန်မနဲ့... ဟို... ကျွန်မရဲ့အစ်မကို သတ်ပစ်ဖို့ ကြံစည်နေတာပေါ့...”
ရန်ကျောက်ကဲက နက်ရှိုင်းသည့်လေသံဖြင့်...
“အဲဒါက ငါ့ရဲ့ခန့်မှန်းချက်ပဲ ရှိပါသေးတယ် ၊ ဒါပေမဲ့ ဖြစ်လာနိုင်တယ်လို့တော့ ယူဆရတာပဲ ၊ တကယ်လို့ ငါခန့်မှန်းတာ မမှားဘူးဆိုရင် သူ ငရဲကိုးထပ်မှာပဲ လှုပ်ရှားလိမ့်မယ်”
သူက ဆက်ပြောသည်။
“တကယ်တော့ ကျားတောင်မှ ကိုယ့်သားသမီးကို ပြန်မစားဘူး ၊ ဒါပေမဲ့ လောလောဆယ်မှာ ဒီကျားက စိတ် ပုံမှန်မဟုတ်ဘူးလေ”
ခဏနားပြီးမှ သူက ဆက်ပြောသည်။
“မင်းအပြင် သူက ငါ့ကိုလည်း ပစ်မှတ်ထားနိုင်တယ်”
“ငရဲကိုးထပ်တိုက်ပွဲအကြောင်း ဘယ်သူမှ သိမှာမဟုတ်ဘူး ၊ ဒီတော့ ငါတို့ကိုသတ်ပြီးရင် ငရဲကိုးထပ်က နတ်ဆိုးတွေကို အပြစ်ပုံချလိုက်လို့ရတယ် ၊ ဒါက ပြီးပြည့်စုံတဲ့ လုပ်ကြံမှုပဲလေ...”
ထိုစကားကြားတော့ မန်ဝမ်က သိမ်မွေ့စွာဖြင့်...
“အခု လွှမ်းခြုံဧကရာဇ် ကျွန်မတို့ကို စောင့်ကြည့်မပေးနိုင်တော့ဘူးဆိုတော့... အဖေ လှုပ်ရှားတော့မယ် ထင်တယ်”
ရန်ကျောက်ကဲက ပခုံးတွန့်ရင်း...
“ဒီကိစ္စနဲ့ပတ်သက်လို့ မင်းလည်းဘာမှတတ်နိုင်မှာ မဟုတ်ဘူး ၊ ငါလည်း မင်းကို စိတ်ပျက်အောင်လုပ်မိတယ် ၊ အဲဒီ အမတခုံရုံးဧကရာဇ် (၂)ပါးက ငါ့ကိုဖမ်းချင်ကြတယ် ၊ သူတို့ရဲ့ခြိမ်းခြောက်မှုက မင်းအဖေထက် ပိုကြီးတယ်ဆိုတော့ ငါ့အတွက် သေချာပေါက် အခက်တွေ့မှာပဲ ၊ ပြီးတော့ လောလောဆယ်မှာ ပိုးသားဧကရာဇ်ရဲ့ စိတ်နေစိတ်ထားကလည်း ခန့်မှန်းရခက်နေတယ်လေ”
မန်ဝမ်က...
“အစ်ကိုကြီး’ရန်’ ... ဘာလို့ဒီလိုပြောရတာလဲ ၊ ရှင်က ကျွန်မကို စိတ်ပျက်အောင်မလုပ်ပါဘူး ၊ စောစောက မကယ်ဘူးဆိုရင် အဖေလာမသတ်ခင် ကျွန်မ အသက်ပျောက်နေလောက်ပြီ”
“ကျွန်မကသာ ရှင့်ကိုစိတ်ပျက်စေခဲ့တာပါ”
သူမက စိတ်ထား ကြည်လင်ပြတ်သားသူဖြစ်ရာ ဇာတ်လမ်းစုံသိရှိပြီးနောက် နောက်ထပ်အကြောင်းအရာတစ်ခုကို ချက်ချင်း စဉ်းစားလိုက်မိသည်။
“ရှင်နဲ့ ကျွန်မ လူချင်းခွဲလိုက်မယ်ဆိုရင် အဖေက ကျွန်မကိုပဲ လိုက်ရှာလိမ့်မယ် ၊ ဒါပေမဲ့ ကျွန်မတို့နှစ်ယောက် အတူတူဆိုရင်တော့ ရှင်ပါဒုက္ခရောက်လိမ့်မယ်”
ရန်ကျောက်ကဲက သူမနှင့်အတူ တိုက်ပွဲနှင့်ဝေးရာသို့ ရှောင်တိမ်းလာရင်းမှ...
“ဒီလိုလုပ်လို့ ဘယ်ဖြစ်မလဲ ၊ မင်းနဲ့ ယွင်ရှန်း ပြန်ဆုံရဦးမှာလေ ၊ သူ ပြန်လာလို့ မင်းကိုသာတွေ့လိုက်ရရင် အရမ်းပျော်သွားမှာ”
မန်ဝမ်က သိမ်မွေ့စွာဖြင့်...
“အစ်ကိုကြီး’ရန်’ .... ရှင်က ဂိုဏ်းတူအစ်မ’ဖန်း’ လိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးနိုင်တဲ့သူပါ ၊ ကျွန်မအတွက်နဲ့ ဒုက္ခရောက်မခံပါနဲ့”
ရန်ကျောက်ကဲက ရယ်မောလိုက်ရင်း...
“ငါက သူ့ကို ဘာတွေများ ဖြည့်ဆည်းပေးနိုင်မှာလဲ... အဓိကက သူ စိတ်ကျေနပ်ပျော်ရွှင်စေဖို့ပဲ မဟုတ်လား”
မန်ဝမ်က ရန်ကျောက်ကဲကို နက်ရှိုင်းစွာ ကြည့်လိုက်သည်။
သို့သော် သူမ စကားမဆိုခင် ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...
“မင်းအဖေ အခုချိန် ငါတို့ကိုလာရှာမယ်ဆိုရင် အရမ်းများ မြန်နေမလား... ၊ ဒါပေမဲ့ ကြည့်ရတာ သူ ပြင်ဆင်မှုတွေ လုပ်ပြီးသွားပြီ ထင်တယ်”
သူ့စကားမဆုံးခင်မှာပင် လေထုက ရုတ်တရက် တုန်ခါသွားပြီး မိုင်ပေါင်းထောင်ချီအဝေးဆီမှ ခရမ်းရောင်တိမ်ခိုးမြူများ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရလေသည်။
***
Note –
ဒီအပိုင်းထဲမှာ အမတခုံရုံးက ဧကရာဇ်တွေဆိုတာက အထက်ဘုံကမ္ဘာက ဧကရာဇ် (၃)ပါး အုပ်စိုးရှင်(၅)ပါးမှာ ဧကရာဇ် (၃)ပါးနဲ့ အဆင့်တူညီပါတယ်
မူရင်းစာရေးသူက ဧကရာဇ် (၃)ပါးကို ‘皇’ (huan) (ဟွမ်) လို့အသုံးပြုပြီး အုပ်စိုးရှင် (၅)ပါးကိုတော့ ‘帝’ (di) (တိ) လို့သုံးထားပါတယ်။ အဲဒီ ‘ဟွမ်’ စာလုံးရော ‘တိ’ စာလုံးရောက ဧကရာဇ်လို့ပဲ အဓိပ္ပါယ်ရတာဖြစ်လို့ ဘာသာပြန်သူက အားလုံးကို ဧကရာဇ်လို့ပဲ ဘာသာပြန်လိုက်မိပါတယ်
အဲဒါကြောင့် ဇာတ်လမ်းထဲမှာ ဧကရာဇ်တွေ နည်းနည်းရှုတ်ထွေးသလို ဖြစ်သွားတာပါ
ဒီဇာတ်လမ်းထဲမှာ ‘ဟွမ်’ တွေက ‘တိ’ တွေထက် ကျင့်ကြံခြင်းအဆင့် ပိုမြင့်ပါတယ် ၊ အဲဒါကြောင့် အမတခုံရုံးက ‘ဟွမ်’ အဆင့်ရှိတဲ့ဧကရာဇ်တွေကို ပိုးသားဧကရာဇ်နဲ့ လွှမ်းခြုံဧကရာဇ်လို့ ‘တိ’ အဆင့်တွေက အနိုင်မယူနိုင်တာ ဖြစ်ပါတယ်
စာဖတ်သူများ ရှုတ်ထွေးသွားပါက ဘာသာပြန်သူ၏လိုအပ်ချက်သာ ဖြစ်ပါတယ် __ ဘာသာပြန်သူ