အညံ့မခံ
Vol. 47 Ch. 638
ချင်မူ ဖန်ဆင်းကောင်းကင်စက်ကွင်းအပေါ်ရှိ သင်္ကေတအမှတ်အသားများကို အားရပါးရ ကူးရေးနေမိသည်။ စိတ်နှင့်မှတ်ခြင်းက ချရေးခြင်းလောက် မသေချာနိုင်ပေ။ ကူးရေးနေစဉ် ချင်မူ့စိတ်ထဲတွင် အတွေးအခေါ်များ ပေါ်ထွက်လာ၏။ ဤသင်္ကေတအမှတ်အသားများ၏ အဓိပ္ပါယ်ကို တစ်ခေါက် ချရေးပြီးမှသာ တွေးကြည့်နိုင်ခြင်း ဖြစ်သည့်အတွက် ချင်မူမှာ တစ်ခုချင်း ကူးရေးနေရသည့်အခါ ခရီးမတွင်တော့ပေ။
“ထာဝရငြိမ်းချမ်းရေးအင်ပါယာက ကျောင်းသားတွေကို ခေါ်လာခဲ့ရမှာ... ငါတို့အတူတူ တွေးခေါ်ပြီး ကူးရေးကြရင် တော်တော်မြန်မှာပဲ.... ကျောင်းသားတွေအများကြီးနဲ့ဆို သေချာပေါက် သူမတူတဲ့ အတွေးအမြင်တွေ ပေါ်ထွက်လာလိမ့်မယ်”
နယ်ပယ်အသီးသီးရှိ ပါရမီရှင်များ အတူ ယှဉ်တွဲပြီး သုတေသနလုပ်ငန်းစဉ်ကြီးတစ်ခုအား လုပ်ဆောင်ကြလျှင် အမြန်နှုန်းက တစ်ဦးတစ်ယောက်၏ အမြန်နှုန်းထက် သာလွန်မည်မှာ သေချာ၏။
‘ချိရှီက အရိုက်မခံရမချင်း အညံ့မခံတတ်တဲ့ အကျင့်ရှိနေတာ ဆိုးတာပဲ... သူ့ကို နာနာလေး ရိုက်ပေးမှ ငါတို့နဲ့အတူ ပူးပေါင်းချင်မှာ”
ချင်မူ ချီစွမ်းအင်ကို သုံး၍ ဖန်ဆင်းကောင်းကင်စက်ကွင်းအပေါ်ရှိ သင်္ကေတအမှတ်အသားများအပေါ် အလင်းဖြန့်ကျက်ကာ လည်သွားစေသည်။ ထို့နောက် သူက ကျန်သင်္ကေတအမှတ်အသားများအား ဆက်ကူးရင်း သူ့ဘာသာသူ တွေးနေသည်။ “ပထမဘိုးဘေးကြီးရဲ့ အစွမ်းအစတွေက မဆိုးဘူး... ချိရှီကို အနိုင်ယူနိုင်ပါ့မလားဘဲ မသိတာ’
ချိမင်ကောင်းကင်ဘုံနှိမ်နှင်းပြာဿဒ်ထဲတွင် ပထမလူသားဧကရာဇ်သည် အထပ်သုံးရာမြောက်အထိ မရပ်မနား တိုက်ခိုက်သွား၏။
ဤပြာဿဒ်က ကောင်းကင်နန်းဆောင်များကို ထိန်းချုပ်နှိမ်နင်းနိုင်သော အဖိုးထိုက်ရတနာတစ်ခု ဖြစ်၏။ ၎င်း၏စွမ်းအားသည် အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ကြီးမားပြီး အထပ်တိုင်းတွင် ပူဇော်ထားသည့် ကောင်းကင်လက်နက်များမှာလည်း ချိမင်ခေတ်၏ အထင်ရှားဆုံး ကောင်းကင်လက်နက်များ ဖြစ်သည်။ ထို့အပြင် ဤကောင်းကင်လက်နက်အားလုံးတွင် ခြောက်စုံစီ ရှိသည်။
ကောင်းကင်လက်နက်များက လှုပ်ခါ၍ စွမ်းအင်တန်းများ ထုတ်လွှတ်ကာ ပထမလူသားဧကရာဇ်ဆီသို့ ပစ်ခတ်နေသည်။ ချိရှိ၏လက်ခြောက်ဖက်ထဲရှိ လက်နက်ခြောက်လက်ကလည်း ကောင်းကင်စွမ်းအားအပြည့်ဖြင့် ဝက်ခုတ်နေသကဲ့သို့ ခုတ်ပိုင်းနေ၏။
သို့သော် ပထမလူသားဧကရာဇ်၏ ခွန်အားနှင့် ရင်ဆိုင်ရသည့်အခါ အားလုံး ပြိုကွဲသွားကြသည်။ ပြာဿဒ်အပြင်ရှိ ရတနာတစ်ထောင်ဝင်္ကပါလည်း ဖျက်စီးခံလိုက်ရ၍ ချိရှီမှာ အပေါ်တစ်ထပ်သို့ လွင့်ထွက်သွားတော့သည်။
အပေါ်ရောက်လေလေ၊ ပူဇော်ထားသော ကောင်းကင်လက်နက်တို့၏ စွမ်းအားသည် အားကောင်းပြင်းထန်လာလေလေ ဖြစ်၏။ ထိုနည်းတူစွာပဲ အပြင်ရှိ ကောင်းကင်လက်နက်ဝင်္ကပါလည်း ခိုင်မာတောင့်တင်းလာ၏။ အထပ်ရှစ်ရာမြောက်အထိ ဆက်တိုက် တိုက်ခိုက်ပြီးသည့်အခါ ပထမလူသားဧကရာဇ်မှာ ပင်ပန်းစပြုလာသည်။
အမှန်တွင် အထပ်သုံးရာကျော်လွန်ပြီးနောက် ဤရတနာများကို ထိန်းချုပ်နေသူက ချိရှီမဟုတ်တော့ဘဲ... ရတနာများက ချိရှီကို ထိန်းချုပ်နေခြင်း ဖြစ်သည်။ အဖိုးထိုက်ရတနာများနှင့် လက်နက်ဝင်္ကပါနှင့် ယှဉ်လျှင် ချိရှီ၏စွမ်းအားမှာ မပြောပလောက်တော့ပေ။
ပထမလူသားဧကရာဇ်မှာ ချိမင်ကောင်းကင်ဘုံနှိမ်နင်းပြာဿဒ်၏ ရတနာလက်နက်များနှင့် ဝင်္ကပါကို တိုက်ခိုက်နေရခြင်း ဖြစ်၏။ သူက ခွန်အားချည်းသက်သက်ဖြင့် အထပ်ရှစ်ရာအထိ တိုက်ခိုက်ခဲ့ပြီးချေပြီ။
‘ဒီအတိုင်း ဆက်သွားရင် ငါ ဒဏ်ရာရလိမ့်မယ်’
ပထမလူသားဧကရာဇ်၏အကြည့်များ လှုပ်ခတ်သွားပြီး သူ့ဘာသာသူ တွေးနေသည်။ ‘ကြည့်ရတာ ချိရှီလည်း တောင့်မခံနိုင်တော့ဘူး ထင်တယ်... သူ့ရဲ့ အန္တရဝသိုင်းနတ်ဘုရားကျင့်စဉ်က ဟာကွက် မရှိတာမဟုတ်ဘူး... တခြားသူရဲ့ ချီနဲ့သွေးကို စုပ်ယူမှသာ သူ့ကိုယ်သူ ထိပ်ဆုံးအခြေအနေမှာ ထိန်းပေးထားနိုင်တာ... ဒီတော့ သူ့အနေနဲ့ အသာစီးရဖို့ဆို ရန်သူ ဒဏ်ရာရသွားအောင် အရင်လုပ်ရလိမ့်မယ်... ရန်သူ ဒဏ်ရာမရရင်တော့ သူ့ချီစွမ်းအင်တွေပဲ ကုန်ခမ်းပြီး အားနည်းသထက် အားနည်းလာလိမ့်မယ်”
ချိရှီ၏ ခေါင်းသုံးခေါင်းနှင့် လက်ခြောက်ဖက်သည် တိုက်ပွဲတွင် အလွန်တရာ အသုံးဝင်ပါသော်လည်း သူ့ထက်ပင် အားနည်းနေလေသည်။ ချိရှီမှာ တစ်ကိုယ်လုံး ဒဏ်ရာများ ပြည့်နေ၍ ဆက်မတောင့်ခံနိုင်တော့ပေ။
ချိရှီ ယခုအထိ တောင့်ခံနိုင်ခဲ့သည့် အကြောင်းရင်းမှာ ပထမလူသားဧကရာဇ်က အင်အားအကုန်မသုံးဘဲ ချန်လှပ်ထားခြင်းကြောင့်ပင်။ သူ၏ရည်ရွယ်ချက်သည် ချင်မူ သူ၏ကောင်းကင်မုဒြာသိုင်းကွက်၏စွမ်းအားကို မြင်သွားပြီး သင်ချင်လာအောင် ဆွဲဆောင်ရန် ဖြစ်၏။
အထပ်ရှစ်ရာအထိ မရပ်မနား တိုက်ခိုက်ခဲ့ခြင်းမှာလည်း သူ့မုဒြာသိုင်းကွက်များ မည်မျှပြင်းထန်အားကောင်းကြောင်း ချင်မူ့ကို ပြချင်၍လည်း ဖြစ်သည်။ သူ့သိုင်းကွက်များအား ချင်မူ မြင်သွားလျှင် စိတ်ဝင်စားလာလိမ့်မည်။ ထိုအခါ အခြေအနေကို အခွင့်ကောင်းယူပြီး ချင်မူ့ကို သင်ပေးနိုင်မည်။ ဤသို့ဖြင့် နှစ်ဖက်လုံး အရှုံးမရှိတော့ပေ။
‘အထပ်ရှစ်ရာအထိ တောက်လျှောက် တိုက်ခိုက်ပြီး ပြနိုင်သမျှ အကုန်ပြပြီးပြီပဲ ... ရပ်လိုက်ဖို့ အချိန်ကျပြီ’
ပထမလူသားဧကရာဇ်က ရုတ်တရက် အားကုန်ထုတ်လွှတ်ပြီး ထာဝရစကြဝဠာမုဒြာအား ဖွဲ့တည်လိုက်၏။ သူ၏မုဒြာသိုင်းဖြင့် ဖိချလိုက်သည့်အခါ ပြာဿဒ်အတွင်းရှိ နေရာဟင်းလင်းပြင်မှာ အေးခဲသွားပြီး နတ်ဘုရားချီရှီ လေလယ်တွင် ရပ်တန့်သွားသည်။
သို့သော် သူ့ခန္ဓာကိုယ်မှာမူ ကြောက်မက်ဖွယ်ရာ လက်သီးချက် အချက်တစ်ရာဖြင့် ထိုးနှက်ခံနေရသကဲ့သို့ အကြိမ်တစ်ရာ ပြင်းပြင်းထန်ထန် တုန်ခါသွား၏။
လက်နက်များက သူ့လက်ထဲမှ ထွက်သွားပြီး ပထမလူသားဧကရာဇ်ဆီသို့ ခုတ်ချလိုက်သည်။ ရတနာလက်နက်ခြောက်လက်သည် ချိရှီ၏ ထိန်းချုပ်မှုအောက်၌ မရှိတော့ဘဲ ပထမလူသားဧကရာဇ်အား အလိုအလျောက် တိုက်ခိုက်ကြတော့သည်။
ပထမလူသားဧကရာဇ် ဓားဆွဲထုတ်လိုက်သည်။ သူ့ဓား တစ်ချက် ဝှေ့ယမ်းလိုက်သည့်အခါ တချွင်ချွင်မြည်သံများ ထွက်လာပြီး ရတနာလက်နက်ခြောက်လက်လုံး တမုဟုတ်ချင်း ကွဲကြေသွား၏။
ပထမလူသားဧကရာဇ်၏ ဓားသိုင်းမှာ အဆင့်မမြင့်မားပေ။ အမှန်တကယ် သန်မာအားကောင်းသည်က သူ့လက်ထဲက ဓားဖြစ်သည်။ ဤဓား၏ ကောင်းကင်စွမ်းအားသည် ချိမင်ကောင်းကင်ဘုံနှိမ်နင်းပြာဿဒ်တစ်ခုလုံးဖြင့်ပင် တိုက်ခိုက်နိုင်၏။ သာမန်ရတနာတစ်ခု မဟုတ်နိုင်ပေ။
လူသားဧကရာဇ်ခန်းမသည် သုံးဆယ့်ခြောက်ခုသော ကောင်းကင်နန်းဆောင်များအနက်မှ တစ်ဆောင်ထဲတွင် တည်ဆောက်ထားခြင်း ဖြစ်၏။ သူ့လက်ထဲရှိ ဓားက ကောင်းကင်လင်းရောင်နန်းဆောင်ကို စီမံအုပ်ချုပ်ရန် ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံ အသုံးပြုခဲ့သော ရတနာ၊ ကျောက်စိမ်းလင်းရောင်ဓားပင် ဖြစ်သည်။
မင်းသားတစ်ပါး၏ လက်စွဲတော်ဓားတစ်လက်သည် အဘယ်သို့ပြု၍ သာမန်ဓားတစ်လက် ဖြစ်နိုင်မည်နည်း။
ဓား ဆွဲထုတ်ခံလိုက်ရသည့်အချိန်တွင် ပြာဿဒ်အပြင်ရှိ ကောင်းကင်လက်နက်အားလုံး ပြင်းပြင်းထန်ထန် တုန်ခါလာကြသည်။ ၎င်းတို့၏စွမ်းအားများမှာ ဖရိုဖရဲ ဖြန့်ထွက်သွား၍ မိုင်တစ်ရာပတ်ဝန်းကျင်တွင် အလင်းရောင်များ တဖျတ်ဖျတ် လက်နေတော့သည်။ အလင်းရောင်တို့က ဟင်းလင်းပြင်ကို ပိုင်းဖြတ်သွားသဖြင့် ဟင်းလင်းပြင်ပင် တသိမ့်သိမ့် လှုပ်ခတ်လာ၏။
ပထမလူသားဧကရာဇ်က မုဒြာစွမ်းအားကို ဖယ်ရှားလိုက်ပြီး နတ်ဘုရားချိရှီမှာ ကြမ်းပြင်ပေါ်သို့ ဘုတ်ခနဲ ပြုတ်ကျသွားသည်။ ပြဿဒ်အပြင်၌ ချိတ်ဆွဲနေသည့် ကောင်းကင်လက်နက်များလည်း ပြုတ်ကျကုန်ကြသည်။ အထပ်ပေါင်းတစ်ထောင်၏ တံစက်မြိတ်များမှ ကောင်းကင်လက်နက်များ ကျလာသည့် မြင်ကွင်းမှာ ကျောက်သံပတ္တမြားများ ရွာကျနေသကဲ့သို့ အမှန်တကယ် ခမ်းနားလှ၏။
ဤသို့ ပြုတ်ကျလာကြခြင်းမှာ ချိမင်ကောင်းကင်ဘုံနှိမ်နင်းပြာဿဒ်၏ စွမ်းအားနှင့် ကျောက်စိမ်းလင်းရောင်ဓား၏ စွမ်းအား ဝင်တိုက်သွားမှုကြောင့် ဖြစ်သည်။ ကောင်းကင်ဘုံနှိမ်နင်းပြာဿဒ်ဆောင်သည် ဓား၏ ပြိုင်ဘက်မဟုတ်သောကြောင့် လက်နက်အားလုံး ခါချခံလိုက်ရခြင်း ဖြစ်၏။
ဤဓား၏စွမ်းအားက အလွန်ပြင်းထန်အားကောင်းလှသော်လည်း ပထမလူသားဧကရာဇ်မှာ ဓားသိုင်းမကျွမ်းသောကြောင့် ထုတ်သုံးလေ့မရှိပေ။
ပန်ကုန်းစုန်မှာ ဤမြင်ကွင်းကို မြင်လျှင် တုန်လှုပ်သွားပြီး စဉ်းစားနေသည်။ တခဏကြာသော် သူ့ခန္ဓာကိုယ် ပျောက်ကွယ်သွား၏။
ချိရှီ၏ ခေါင်းသုံးလုံးမှ သွေးအန်နေရသည်။ သူက ရှစ်ရာ့တစ်ထပ်မြောက်၏ လှေကားထစ်များဆီ လေးဖက်ထောက် တက်သွားသော်လည်း ပြန်လျှောကျလာသည်။
“အဆွေတော်၊ ကျုပ်တို့နှစ်ယောက်ထဲက တစ်ယောက်မှ သေစရာမလိုပါဘူး”
ပထမလူသားဧကရာဇ်က ဓားကို ဓားအိမ်ထဲ ပြန်ထည့်ပြီး သူ့ကို ကူထူပေးရန် လျှောက်လာသည်။ “ကျုပ် ခင်ဗျားကို အန္တရာယ်ပြုချင်တဲ့စိတ်မရှိတာ ခင်ဗျားလည်း မြင်မှာပါ... ကျုပ်သာ အစကတည်းက စွမ်းအားအပြည့် ထုတ်လွှတ်လိုက်ရင် အဆွေတော် အသက်ရှင်မှာမဟုတ်ဘူး... ကျုပ်တို့ခေတ်နှစ်ခေတ်ရဲ့ ရန်သူက အတူတူပဲမဟုတ်ပေလား... ဇာတ်မြုပ်ပြီး ပုန်းကွယ်ခဲ့ရကြတဲ့သူတွေ အချင်းချင်းပဲလေ... နားလည်မှုလွဲတာလေးနဲ့ ကျုပ်တို့ဆက်ဆံရေးကို အပျက်စီးမခံသင့်ဘူး”
ချိရှိ၏ခေါင်းသုံးလုံးမှာ မောဟိုက်ပင်ပန်းစွာ အသက်ရှူနေသည်။ “ငါတို့ချိမင်ခေတ်ရဲ့ နတ်ဘုရားတွေ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ လက်အောက် ခိုလှုံအောင် မင်း ကြိုးစားနေတာပါ... ထာဝရငြိမ်းချမ်းရေးအင်ပါယာက တိုင်းပြည်သေးသေးလေး... ငါတို့ချိမင်နတ်ဘုရားတွေ အလွယ်တကူ ရှင်းပစ်လို့ရတဲ့ တိုင်းပြည်သေးသေးလေးကွ... ငါက ဘာလို့ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို အညံ့ခံရမှာလဲ... ငါ အညံ့ခံလိုက်ပြီး ပြန်သွားရင် နတ်ဘုရားသားတော်ကို ဘယ်လိုဖြေရမလဲ”
ပထမလူသားဧကရာဇ်က လေးနက်တည်ကြည်စွာ ပြောလိုက်၏။ “အဆွေတော် အထင်လွဲနေပြီ... ကျုပ်ရည်ရွယ်ချက်က မဟာမိတ်ဖွဲ့ဖို့ပါ... အညံ့ခံခိုင်းဖို့ မဟုတ်ဘူး... လွန်ခဲ့တဲ့ နှစ် ၃၅၀၀၀၀ တုန်းက ချိမင်ခေတ်ရဲ့ အဆင့်သိုင်းပညာရှင်တွေဟာ ကောင်းကင်နတ်ဘုံကိုတောင် အညံ့မခံတာ... ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ဘာလို့အညံ့ခံမှာလဲ... ချိမင်ခေတ်က နောင်တော်တို့ရဲ့ စိတ်နေစိတ်ထားကို ကျုပ် လေးစားပါတယ်... ကျုပ် လုံးဝမစော်ကားပါဘူး.. အဆွေတော်ချိရှီ ပြန်စဉ်းစားကြည့်ပေးပါလား”
ချိရှီက ထိုင်ပြီး ဒဏ်ရာများမှ စီးကျနေသော သွေးများတိတ်အောင် လုပ်လိုက်သည်။ သူက သရော်သလို ပြော၏။ “ဘာလို့ စောစောမပြောလဲ”
ပထမလူသားဧကရာဇ် ခေါင်းယမ်းလိုက်မိသည်။ “ကျုပ် ပြောခဲ့ပါတယ်... အဆွေတော်က ကျုပ်ကို သေအောင် ရိုက်ဖို့ပဲ စိတ်အားထက်သန်နေတာပါ”
ချိရှီမှာ ဒယိမ်းဒယိုင် ထရပ်ပြီးနောက် မာန်ချကာ တောင်းပန်သည်။ “ငါ မှားသွားတယ်... ခွင့်လွှတ်ပါ”
ပထမလူသားဧကရာဇ်က သူ့ကို လက်မောင်းမှဆွဲ၍ အလျင်အမြန် ထူပေးရင်း ပြောလေသည်။ “ကျုပ်လည်း လက်ဆပြင်းသွားမိတယ်”
ချိရှီက သူ့ဒဏ်ရာများကို ကုသပြီး လှေကားအပေါ် ထိုင်ချလိုက်သည်။ “ငါတို့ချိမင်နိုင်ငံ မင်းတို့နဲ့ မဟာမိတ်ဖွဲ့ပြီးရင်လည်း ဘယ်သူ့ကိုမှ အညံ့မခံနိုင်ဘူး.... ဒါ့အပြင် ငါ တစ်ယောက်တည်း ဆုံးဖြတ်လို့မရဘူး... နတ်ဘုရားသားတော်ဆီ ဆက်သွယ်ဖို့ လိုသေးတယ်... သူကမှ ဆုံးဖြတ်ချက်ချနိုင်တဲ့လူ”
ပထမလူသားဧကရာဇ် မျက်မှောင်ကြုတ်သွား၏။ ‘ချိမင်နတ်ဘုရားသားတော်နဲ့ ထပ်တိုက်ရဦးမှာလား... ချိမင်ခေတ်က လူတိုင်း ဒီလိုခေါင်းမာတာပဲလား... နည်းနည်း ဂွမကျလွန်းဘူးလား’
သူ့မှာ စစ်မြေပြင်မှ ထွက်ပြေးမိခဲ့သည့်လုပ်ရပ်ကြောင့် သူ့ကိုယ်သူ အပြစ်တင်ရင်း နှစ်ပေါင်းများစွာ ချောင်ကုပ်နေခဲ့ပြီး တိုင်းရေးပြည်ရေးကိစ္စများတွင် ဝင်မပါခဲ့ပေ။ ထို့ကြောင့် ဤအခိုက်အတန့်တွင် ချိမင်ခေတ်ကိစ္စကို တခြားတစ်ယောက်ဆီ တွန်းထုတ်ရန်သာ တွေးနေမိ၏။ ‘လူသားဧကရာဇ်ချင်ကို ဒီကိစ္စ ကိုင်တွယ်ခိုင်းလိုက်တာ ပိုကောင်းတယ်’
သို့သော် ချင်မူက တာဝန်ဝတ္တရားအားလုံးမှ လက်ရှောင်နေတတ်သူဖြစ်ကြောင်း သူ မသိပေ။ ချင်မူသည် အကြံသာ ပေးပြီး အလုပ်ကိုမူ ကောင်းကင်တန်ခိုးရှင်ဂိုဏ်း၊ ဧကရာဇ်ယန်ဖုန်း သို့မဟုတ် ဧကရာဇ်အတိုင်ပင်ခံတို့လက်ထဲ ထားခဲ့တတ်၏။
ပထမလူသားဧကရာဇ်နှင့် ချိရှီက ပြာဿဒ်ထဲမှ ဆင်းပြီး ဖန်ဆင်းကောင်းကင်စက်ကွင်းဘေးသို့ ရောက်လာကြသည်။ ဤကောင်းကင်စက်ကွင်းကို ချင်မူ လှည့်ပတ်ရင်း သင်္ကေတအပြောင်းအလဲများ လေ့လာနေသေးသည်ကို သူတို့နှစ်ယောက်သား တွေ့လိုက်ရသည်။
ပထမလူသားဧကရာဇ် ပြုံးစစဖြင့် တွေးလိုက်မိသည်။ ‘ဒီကောင်လေး ကလေးစိတ်မကုန်သေးဘူး... ငါ့မုဒြာသိုင်းကို စိတ်မဝင်စားချင်ယောင် ဆောင်နေတယ်... ငါ ခြေတစ်လှမ်း ဆုတ်ပေးလိုက်ရင်တော့ သူ သင်လိမ့်မယ်’
“တိုက်ခိုက်ပြီးကြပြီလား”
ချင်မူက အံ့အားသင့်သွားပြီး သူတို့ဆီသို့ လှည့်ကြည့်သည်။ “မြန်လိုက်တာ... ကျွန်တော်တို့ ဒီသင်္ကေတအမှတ်အသားတွေကို အကုန်တောင် မကူးရသေးဘူး”
‘သိပ်ဟန်ဆောင်ကောင်းနေတယ်ပေါ့’
ပထမလူသားဧကရာဇ် စိတ်ထဲတွင် ကြိတ်သရော်လိုက်သော်လည်း အပြုံးပန်းများ ဝေဆာနေသော မျက်နှာဖြင့် ပြောလိုက်သည်။ “နောင်တော်ချိရှီနဲ့ ငါ စကားပြောပြီးပြီ... အနည်းဆုံးတော့ ညှိမရတဲ့ အခြေအနေမဟုတ်တော့ဘူး”
ချင်မူက ပြာဿဒ်ဘက်သို့ လှမ်းကြည့်လိုက်သည်။ ယခုလေးတင် ရောင်စုံတောက်ပနေခဲ့သော ပြာဿဒ်ကြီးသည် ယခုတော့ ကိုယ်လုံးတီးဖြစ်သွားသကဲ့သို့ ပြောင်းရှင်းနေချေပြီ။ အလင်းရောင်လည်း မှိန်ကျသွား၏။ သူ နတ်ဘုရားချိရှီဆီသို့ ကြည့်လိုက်မိသည်။
ဤအာဏာပါးကွပ်သားခမျာ အရိုးများကျိုးကြေသည့်တိုင်အောင် ရိုက်နှက်ခံထားရ၏။ တစ်ကိုယ်လုံး သွေးအလိမ်းလိမ်း ဖြစ်နေသည့်အပြင် ခေါင်းတစ်ခေါင်းမှာ လည်ပင်းရိုးကျိုးနေသကဲ့သို့ ငိုက်စိုက်ကျနေသည်။
‘ညှိမရတဲ့ အခြေအနေ မဟုတ်လို့သာပဲ’ သူ တိတ်တိတ်လေး တွေးလိုက်မိသည်။
နတ်ဘုရားချိရှီ၏အမူအရာလည်း မည်းမှောင်သွား၏။ “မိတ်ဆွေလေးချင်၊ ငါ့ရဲ့ နတ်ဘုရားစီရင်ရာဓားမ ယူထားတာလေး ပြန်ပေးပါလား”
ချင်မူ ခေါင်းယမ်းလိုက်သည်။ “အထွတ်အမြတ်ဆရာသခင်ကိုယ်တိုင် အဲဒီဘူးလေးကို ကျွန်တော့်ဆီ ပေးခဲ့တာပါ... ပြန်ပေးလို့မရဘူး... ကျွန်တော်တို့မဟာမြို့ပျက်ရဲ့ စည်းကမ်းအရ ခိုးထားတဲ့ပစ္စည်း၊ ကောက်ရတဲ့ပစ္စည်း၊ ခိုးရာပါပစ္စည်းတစ်ခုမှ ပြန်ပေးရိုး ထုံးစံမရှိဘူး”
သူက အလေးအနက် ဆက်ပြော၏။ “ကျွန်တော့်ကို ဘွားဘွား ကောက်ရခဲ့တာ... ကျွန်တော့်ကို ဘယ်သူပဲ လိုချင်ချင် ပြန်မပေးဘူး ပြောတယ်.... ကျွန်တော့်ဘိုးဘိုးထော့ကျိုးဆို ပစ္စည်းတွေ ခိုးပြီး သူများဆီ ပေးတတ်တယ်... သူတို့လည်း ပြန်ပေးစရာမလိုဘူး”
ချိရှီမှာ ဒေါသထွက်လွန်း၍ တစ်ကိုယ်လုံး တုန်ရီနေသည်။ ပထမလူသားဧကရာဇ်က အလျင်အမြန် ပြောလိုက်၏။ “နောင်တော်၊ သူက ကလေးပဲ ရှိပါသေးတယ်”
ချိရှီလည်း မီးပုံယမ်းကျ ပေါက်ကွဲရန် အဆင်မပြေသောကြောင့် အေးစက်စက် ပြောလိုက်သည်။ “နတ်ဘုရားစီရင်ရာဓားမက ပွင့်လာတဲ့အချိန်တိုင်း ဓားသွားအတွက် အားဖြည့်ဖို့ သွေးသောက်ရတယ်.... မဟုတ်ရင် ပိုင်ရှင်ကို ပြန်စားလိမ့်မယ်... မင်း သူ့ကို တစ်ကြိမ် သုံးပြီးပြီမဟုတ်လား ... သွေးရောင် မင်းကို လွှမ်းခြုံနေတာ ငါ မြင်ရတယ်... နောက်တစ်ကြိမ် ဘူးကို ဖွင့်ရင် နတ်ဘုရားစီရင်ရာဓားမက မင့်သွေးသောက်ဖို့ မင်းကို သတ်လိမ့်မယ်”
ချင်မူ ထိတ်လန့်သွားပြီး ရင်ထဲ လေးလံလာသည်။
ပထမလူသားဧကရာဇ်က မေးလေသည်။ “ဘာဓားမလဲ... ငါ့ကို ပြစမ်းပါ တစ်ချက်ကြည့်ရအောင်”
ချင်မူ ဘူးအသေးလေး ထုတ်ပြီး ပထမလူသားဧကရာဇ်ဆီ ပစ်ပေးလိုက်သည်။ ပထမလူသားဧကရာဇ်က ဘူးလေးကို အသေးစိတ် ကြည့်၏။ သူက တခဏ လေ့လာပြီး ဘူးအား မဖွင့်နိုင်သည့်အခါ အမူအရာ အနည်းငယ်ပြောင်းလဲသွားသည်။ “ချိမင်ခေတ်ရဲ့ နတ်ဘုရားစီရင်ရာဓားမ ၊ အန္တရာယ်များလိုက်တဲ့ လက်နက်ပဲ... အထဲမှာ ဧကရာဇ်ပလ္လင်အဆင့် နတ်ဘုရားတစ်ပါးရဲ့ ပူဆွေးသောကတွေ ရှိတယ်.... တော်တော်ကြောက်စရာကောင်းတယ်”
သူက ချိရှီဆီ ပြန်ပေးချင်နေ၍ ချင်မူ အလျင်အမြန် လှမ်းပြောလိုက်သည်။ “သတိထား... သူ ဓားနဲ့ ခင်ဗျားကို သတ်လိမ့်မယ်”
ပထမလူသားဧကရာဇ် မှင်သက်သွား၏။ သူက ချင်မူ့ဆီသို့ ဘူးအသေးလေး ပြန်ပေးလိုက်သည်။ “မလိုအပ်ရင် မသုံးနဲ့... ဒီထဲကနေ ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်တစ်ယောက်ရဲ့ ပူဆွေးသောကနဲ့ သတ်ဖြတ်ချင်တဲ့စိတ်ကို ငါ ခံစားနေရတယ်... အဲဒီတစ်ခေါက်တုန်းက သွေးမသောက်ခဲ့ရလို့ ပူဆွေးသောက,က မင်းကို တိုက်စားနေပြီ... သူ့ပူဆွေးသောကတွေကို ဖယ်ရှားဖို့ သွေးသောက်ခွင့်ပေးလိုက်တာ အကောင်းဆုံးပဲ”
ချင်မူ ခေါင်းညိတ်လိုက်သည်။ သူက ဘူးလေးကို ဖိရင်း နတ်ဘုရားချိရှီကို မေးလိုက်၏။ “ဆရာကြီး၊ ခင်ဗျားရဲ့ အသုံးမကျတဲ့ တပည့်ကို ခေါ်ပေးလို့ရလား... သမင်ခြေထောက်နဲ့ တစ်ယောက်လေ”
အမှောင်ရိပ်တွင် ပုန်းနေသော ပန်ကုန်းစုန်မှာ ချင်မူ့အသံကြားလျှင် ထွက်လာရန် ပြင်နေသော်လည်း ရုတ်တရက် သဘောပေါက်သွားပြီး အမျက်တချောင်းချောင်း ထွက်သွားသည်။ “ဒီခွေးသူတောင်းစားက ငါ့ကို ဓားစာကျွေးချင်နေတာပဲ”