ညှို့မှိုင်းနေသော အမူအရာ
Vol. 47 Ch. 640
နန်းတွင်းတွင် နန်းတွင်းသူများအတော်များများမှာ ပိန်လှီနေကြပြီး အဝတ်အစားများကလည်း ဖျင်ကြမ်းများ ဝတ်ထားသည့်အလား ရိုးရှင်းနေကြသည်။ နန်းတွင်းသူတချို့က တော်ဝင်စားဖိုချောင်၏အပြင်၌ အသီးအရွက်များ ခူးနေကြသည်။ ချင်မူမှာ ဤမြင်ကွင်းကို မြင်လျှင် စျေးထဲ လမ်းမှားရောက်လာမိသည်လားဟုပင် ထင်လိုက်မိ၏။
ထာဝရငြိမ်းချမ်းရေးအင်ပါယာသည် အလွန်ကြွယ်ဝချမ်းသာ၏။ ဧကရာဇ်အတိုင်ပင်ခံက အနောက်ကမ္ဘာမြေနှင့် အလယ်ကမ္ဘာမြေကို ဆယ်သွယ်ပေးထားသည့် လမ်းနှစ်လမ်း ဖောက်လုပ်ပေးခဲ့၍ ကုန်သွယ်ရောင်းဝယ်ရေးများ တိုးတက်ဖောက်ကားလာခဲ့သည်။ တိုင်းသူပြည်သားများလည်း ကြီးပွားချမ်းသာလာခဲ့ကြောင်း ချင်မူ မြင်ခဲ့ရသည်။ သို့သော် ဧကရာဇ်နှင့် နန်းတွင်းမှာတော့ ချွတ်ချုံကျနေ၏။
အကြောင်းရင်းက ထိုင်ဧကရာဇ်ကောင်းကင်ဘုံ၏စစ်ပွဲအတွက် ကုန်ကျစရိတ်အားလုံး ဧကရာဇ်ဘဏ္ဍာတိုက်ထဲမှ ထုတ်နေရခြင်း ဖြစ်သည်။ ထို့ကြောင့် ဘဏ္ဍာတိုက်မှာ ပြောင်တင်လင်းခါသွားခဲ့သည်။
ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ စစ်ပွဲမှာ အဆုံးမရှိသော ကျင်းကြီးတစ်ကျင်းနှင့် တူသည်။ အမြတ်ရစရာလည်း မရှိသည့်အပြင် စစ်ပွဲတစ်ပွဲ တိုက်ခိုက်သည့်အခါတိုင်း စစ်သည်များအတွက် အသုံးစရိတ်၊ ဝိညာဉ်လက်နက်များ သွန်းလုပ်ရသည့်စရိတ် အစရှိသော ကုန်ကျမှုအားလုံးကို ထာဝရငြိမ်းချမ်းရေးအင်ပါယာမှ ထုတ်ပေးရ၏။
ထို့အပြင် ထိုင်ဧကရာဇ်ကောင်းကင်ဘုံသားတို့ကလည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ ပြောင်းရွှေ့နေကြချေရာ ဤလူများ အခြေချနေထိုင်နိုင်ရန်အတွက်လည်း အတော်လေး ကုန်ကျလေသည်။
ချိမင်ခေတ်မှ လူများနှင့် ပူးပေါင်းနိုင်လျှင် ငွေဝင်လာမည်ကို မြင်သည်နှင့် ဧကရာဇ်ယန်ဖုန်း ဣန္ဒြေမဆည်နိုင်လောက်အောင် ဝမ်းသာသွားခြင်းမှာလည်း မထူးဆန်းပါပေ။
များမကြာခင် ယန်ကျစ်ကွေ့ ရောက်လာပြီး လျှောက်တင်သည်။ “အရှင်မင်းကြီး၊ သံတမန်ကို နေရာထိုင်ခင်း စီစဉ်ပေးပြီးသွားပါပြီ... ကျွန်တော်မျိုး သံတမန်နဲ့ ဘယ်လို အပေးအယူလုပ်ရမလဲ အရှင်မင်းကြီး လမ်းပြပေးလို့ရမလားခင်ဗျာ”
ဧကရာဇ်ယန်ဖုန်းက ပစ္စည်းစာရင်းအား ယန်ကျစ်ကွေ့ဆီသို့ ပေးလိုက်၏။ “ဒီစာရင်းအတိုင်း အပေးအယူလုပ်ချည်... အပေးအယူတည့်ရင် ချိမင်ခေတ်ကလူတွေ ဒီနေရာမှာ အခြေချဖို့ နေရာတစ်နေရာ ငါကိုယ်တော် စီစဉ်ပေးမယ်... ကုန်သွယ်စခန်းလား၊ လေသင်္ဘောလား၊ ယာဉ်ပျံတွေလား ဘာပဲဖြစ်ဖြစ် သူတို့လိုအပ်တာ မှန်သမျှ ဖြည့်ဆည်းပေးမယ်”
ယန်ကျစ်ကွေ့မှာ စာရင်းကို ကြည့်လိုက်သည်နှင့် အလန့်တကြား ထခုန်မိလိုက်သည်။ သူက ချင်မူကို လှမ်းကြည့်ပြီး တုန်ရီနေသောအသံဖြင့် မေးသည်။ “ဝန်မင်းချင်၊ ဒီစာရင်းက နောက်နေတာတော့ မဟုတ်ပါဘူးနော်”
ချင်မူက ပြန်ဖြေ၏။ “နောက်နေတာ ဘယ်ဟုတ်မလဲ... ချိရှီလည်း အပေးအယူတွေကို လက်ခံလိမ့်မယ်... ဒီကောင်းကင်လက်နက်တွေက ချိမင်ခေတ်ရဲ့ လူတွေအတွက် သိပ်အသုံးတည့်တာမှ မဟုတ်တာ... သူတို့မှာလည်း ဒါတွေအကုန် သုံးဖို့ လူအင်အားမရှိဘူး... သခင်ကြီးယန်၊ တစ်ခုတော့ မှတ်ထား... သူတို့က ကျွန်တော်တို့အကူအညီကို လိုအပ်နေတာ၊ ကျွန်တော်တို့က သူတို့ကို လိုအပ်နေတာမဟုတ်ဘူး... ပြီးတော့ ဖန်ဆင်းကောင်းကင်စက်ကွင်းကို ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ရအောင် ယူရမယ်”
ယန်ကျစ်ကွေ့ ခပ်သုတ်သုတ် ပြန်ထွက်သွားသည်။
ဧကရာဇ်ယန်ဖုန်းက သက်ပြင်းချသည်။ “အခုတလော ထိုက်ဧကရာဇ်ကောင်းကင်ဘုံရဲ့ စစ်ရေးသတင်းတွေ ဆက်တိုက်ဝင်လာနေတော့ ငါ သွေးဆူနေမိတယ်... ကိုယ်တိုင် ရှေ့တန်းထွက်ပြီး ရန်သူတွေနဲ့ တိုက်ခိုက်လိုစိတ်တွေ ပြင်းပြလာတယ်... ဧကရာဇ်အတိုင်ပင်ခံ ထိုက်ဧကရာဇ်ကောင်းကင်ဘုံရဲ့ ကျင့်စဉ်တွေ ပို့ပေးတာနဲ့ ကိုယ်တော်လည်း လေ့လာကြည့်ပြီး အကျိုးကျေးဇူး အများကြီး ရခဲ့ပြီးပြီ... ဒါပေမဲ့ စစ်မြေပြင်ကို ကိုယ်တိုင်မသွားနိုင်လို့ နောင်တရနေတုန်းပဲ”
ဧကရာဇ်ယန်ဖုန်း စကားပြောပြီးသည်နှင့် အံ့အားသင့်နေသော အသံလေးတစ်သံ ထွက်လာသည်။ “နွားကျောင်းတဲ့ ကောင်လေး”
ချင်မူ အသံလာရာဆီသို့ ကြည့်လိုက်ပြီး တအံ့တဩ အော်လိုက်သည်။ “ယွိရှို့၊ ထိုက်ဧကရာဇ်ကောင်းကင်ဘုံက ပြန်လာတာလား”
လင်ယွိရှို့က ပျံသန်းနေသကဲ့သို့ ပြေးချလာသည်။ ဧကရာဇ်ယန်ဖုန်းအား ချင်မူ့ဘေးတွင် မြင်သည့်အခါ တဖြည်းဖြည်း အရှိန်လျှော့ပြီး ဣန္ဒြေသိက္ခာအပြည့်ဖြင့် လျှောက်လာ၏။
ဧကရာဇ်ယန်ဖုန်းက အပြုံးတစ်ခုဖြင့် ပြောသည်။ “အခုရက်ပိုင်း ထိုက်ဧကရာဇ်ကောင်းကင်ဘုံမှာ စစ်ပွဲကြီးကြီးမားမားတွေ မဖြစ်တာနဲ့ ရှို့အာလည်း ပြန်လာတာ... ကိုင်း ကိုယ်တော် လုပ်စရာကိစ္စတွေ ရှိသေးလို့ အရင်ပြန်လိုက်ဦးမယ်”
သူက တစ်လှမ်းချင်း လျှောက်ရင်း တစ်ချက်တစ်ချက် နောက်လှည့်ကြည့်တတ်သည်။ ချင်မူနှင့် လင်ယွိရှို့ ပုံမှန်အတိုင်း ရပ်နေသည်ကို မြင်မှ စိတ်ချသွားပြီး ပြန်သွားလေသည်။
လင်ယွိရှို့က မျက်ဝန်းထောင့်စွန်းမှနေ၍ သူ ထွက်သွားသည်ကို မြင်လျှင်ချင်း ချင်မူ့လက်ကို လှမ်းဆွဲပြီး အပြုံးပန်းများ ဝေဆာနေသော မျက်နှာလေးဖြင့် ပြောသည်။ “ခမည်းတော်က နတ်ဘုရားဖြစ်လာပြီးတဲ့နောက်ပိုင်း ပိုအံ့ဩစရာကောင်းလာတယ်... ပိုပြီး ခိုးကြောင်ခိုးဝှက်လည်း လုပ်တတ်လာတယ်... အခုဆို ငါတို့ကို တစ်နေရာကနေ ချောင်းကြည့်နေလောက်ပြီ... သူ့ကို မျက်ခြေဖြတ်ဖို့ တော်ဝင်ဥယျာဉ်ဆီ သွားကြစို့”
ချင်မူမှာ သူမဆွဲခေါ်ရာနောက်သို့ ပါသွားသည်။ လေသာဆောင်များ၊ တံတားများကို ကျော်ဖြတ်ပြီးနောက်တွင် လမ်းလျှောက်ရင်း စကားပြောနေကြသော ကိုယ်လုပ်တော်များနှင့် သူတို့ ပက်ပင်းတိုး၏။ လင်ယွိရှို့က ချင်မူ့လက်ကို အလျင်အမြန် လွှတ်ချပြီး ဣန္ဒြေသိက္ခာအပြည့်ဖြင့် ကိုယ်လုပ်တော်များအား နှုတ်ဆက်လိုက်သည်။ ကိုယ်လုပ်တော်များ ထွက်သွားသည်နှင့် သူမက ချင်မူ့လက်ကို ပြန်ဆွဲပြီး ပျော်ရွှင်စွာ ပြေးထွက်သွားလေသည်။
အတန်ကြာပြေးပြီးနောက် နန်းတွင်းသူများဖြင့် ခြံရံလျက် လမ်းလျှောက်နေသော မိဖုရားခေါင်ကြီးနှင့် တိုးသည်။ လင်ယွိရှို့ အထိတ်တလန့် ထခုန်မိလိုက်၏။ သူမမှာ တမုဟုတ်ချင်း ဣန္ဒြေကြီးသည့် မင်းသမီးလေးသဖွယ် ပြန်ဖြစ်သွားပြီး မိဖုရားခေါင်ကြီးအား နှုတ်ဆက်လိုက်သည်။ “မယ်တော်”
မိဖုရားခေါင်ကြီးက သူမကို လှမ်းဆွဲပြီး ခပ်တိုးတိုး ကပ်ပြောလိုက်သည်။ ထို့နောက် ချင်မူ့ကို အပေါ်အောက် ကြည့်ပြီးနောက် အပြုံးတစ်ခုဖြင့် ဆိုလေသည်။ “ဂိုဏ်းသခင်ချင်ကတော့ ခန့်ပြီးရင်း ခန့်လာတာပဲ”
ချင်မူမှာ သူမအကြည့်က အတန်ငယ် ထူးဆန်းနေသလို ခံစားရသည်။ ယောက္ခမမှ သမက်ဖြစ်သူကို အကဲခတ်နေသည့်အလား ထင်ရ၏။ ချင်မူ ရှက်သွားပြီး ဘေး၌ ရပ်နေမိသည်။
မိဖုရားခေါင်ကြီး အဝေးရောက်သွားသည့်အချိန်တွင် လင်ယွိရှို့က သူ့ကို ဆွဲပြီး ပြေးပြန်သည်။ နောက်ဆုံးတော့ တော်ဝင်ဥယျာဉ်ဆီ ရောက်လာကြပြီး လင်ယွိရှို့က သဘောကျစွာ ရယ်လိုက်သည်။ “နန်းတွင်းမှာ နေရတာ တကယ် သက်တောင့်သက်သာ မရှိဘူး... ထုံးစံတွေ၊ ကျင့်ဝတ်တွေပဲ အမြဲ လိုက်နာနေရတာ... ငါ့ကိုယ်ငါတောင် ငါ မဟုတ်တော့သလို ခံစားရတယ်... အပြင်သိုင်းလောကကြီးမှာဆို စိတ်တိုင်းကျ လွတ်လွတ်လပ်လပ် နေနိုင်သလို၊ ပျော်လည်း ပျော်ရတယ်”
ချင်မူက ထူးဆန်းသော ပန်းပွင့်များနှင့် ရှားပါးသော ဆေးပင်များအား သွားကြည့်သည်။ သူတို့မှာ ‘လှပသည်’ ဆိုသည့် စကားလုံးအပြင် မဖော်ပြတတ်လောက်အောင် လှပလွန်း၏။
ဤဥယျာဉ်ထဲတွင် သစ်ပင်များကို ရေလောင်းနေသော နန်းတွင်းသူများ၊ ဟင်းသီးဟင်းရွက်အခင်းထဲရှိ ပိုးကောင်များကို ဖယ်ရှားနေသည့် နန်းတွင်းသူများ တွေ့ရသည်။ နန်းတွင်းတွင် ငွေမရှိတော့သောကြောင့် သူတို့မှာ အသီးအရွက်များသာ စိုက်နေရခြင်း ဖြစ်လေသည်။
“ယွိရှို့၊ ကောင်းကင်နတ်မယ်ရှန်းလည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ပြန်ရောက်ပြီလား” ချင်မူက ရှုခင်းကို အရသာခံကြည့်ရင်း မေးလိုက်သည်။
လင်ယွိရှို့ စိတ်ဆိုးသွား၏။ “ငါတို့မတွေ့ရတာ ကြာလှပြီ.... နင်က ငါနဲ့ စကားပြောမယ့်အစား သူ့အကြောင်း မေးနေတာလား.. သူ့ကို ဘယ်လောက်လွမ်းနေလို့လဲ”
ချင်မူ အလျင်အမြန် ပြောလိုက်သည်။ “ကိစ္စလေး ရှိလို့ သူ့ကို ရှာနေတာပါ... လွမ်းလို့မဟုတ်ပါဘူး”
“သူ ပြန်ရောက်နေပြီ... ကဝေမလေးရှန်းက ငါနဲ့အတူ ပြန်လာတာပဲ” လင်ယွိရှို့က နှုတ်ခမ်းလေးဆူရင်း ရှေ့လျှောက်သွားသည်။
ချင်မူ သူမနောက် အလျင်အမြန် လိုက်သွားပြီး ပန်းများပွင့်နေသော သစ်ပင်တစ်ပင်အောက်သို့ ရောက်လာကြသည်။ သစ်ပင်မှာ သိပ်မမြင့်ပေ။ ချင်မူက သစ်ကိုင်းတစ်ကိုင်းကို ဆွဲပြီး ပန်းပွင့်တစ်ပွင့်အား ရှူလိုက်သည်။ သူ့မျက်နှာထက်တွင် အပြုံးပန်းတစ်ပွင့် ပွင့်လန်းလာ၏။
ထို့နောက် လျှို့ဝှက်ချက်သုံးသွယ် မူလဝိညာဉ်ညီလာခံကို အသုံးပြုလိုက်ပြီး သူ၏နှာဖျား ပန်းပွင့်နှင့် ထိတော့မည့်အချိန်မှာပဲ သူ၏မူလဝိညာဉ်က သူ့ခန္ဓာကိုယ်မှ ထွက်သွားချေပြီ။
လင်ယွိရှို့မှာ သူ၏ကြည်လင်ပြီး ခန့်ညားသော မျက်နှာကို ဘေးမှ ငေးကြည့်ရင်း ပန်းရနံ့များ သင်းပျံ့မွှေးကြိုင်လာသကဲ့သို့ ခံစားလိုက်ရသည်။ ရင်ခုန်သံများလည်း မြန်လာ၏။ လင်ယွိရှို့ မျက်နှာလေး နီရဲသွားပြီး အသက်ရှူသံလည်း မြန်လာတော့သည်။
အခြားတစ်ဖက်တွင် စစ်ယွင်ရှန်းက တစ်စုံတစ်ခု ခံစားလိုက်ရ၍ လျှို့ဝှက်ချက်သုံးသွယ် မူလဝိညာဉ်ညီလာခံကို အလျင်အမြန် ထုတ်လွှတ်လိုက်သည်။ သူမမူလဝိညာဉ် ခန္ဓာကိုယ်ထဲမှ ထွက်လိုက်သည့်အခါ ချင်မူ၏ မူလဝိညာဉ် ရောက်လာသည်ကို မြင်လိုက်ရသည်။
“ကောင်းကင်နတ်မယ်ရှန်း၊ မင်းသမီးရှို့နဲ့ ငါ ဥယျာဉ်ထဲ ရောက်နေတယ်... အရေးကြီးနေလို့ ငါ လိုရင်းပဲ ပြောမယ်”
ချင်မူ၏မူလဝိညာဉ်က ပြောသည်။ “ထာၒရငြိမ်းချမ်းရေးအင်ပါယာမှာ ဘဏ္ဍာမရှိတော့ဘူး... နတ်ဂိုဏ်းမှာ ငွေရှိလား”
စစ်ယွင်ရှန်း အပြုံးတစ်ခုဖြင့် ပြောလိုက်မိသည်။ “မြေခွေးမလေးယွိရှို့နဲ့ ဥယျာဉ်မှာ ချိန်းတွေ့နေတာတောင် ရှင့်ရဲ့တိတ်တိတ်ပုန်း မိန်းမကို ခိုးတွေ့ဖို့ ဒီရောက်လာသေးတယ်နော်.... မိစ္ဆာဂိုဏ်းသခင် ပီသပါပေတယ်.... နတ်ဂိုဏ်းမှာ ငွေရှိတယ်၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာ တစ်ဝက်ကိုတောင် အသာလေး ဝယ်လို့ရတယ်... နတ်ဂိုဏ်းရဲ့ လုပ်ငန်းအားလုံး ကမ္ဘာတစ်လွှား ပျံ့နှံ့နေတဲ့အပြင် စံအိမ်တိုင်းလည်း ကြီးပွားတိုးတက်နေကြပြီ... အလယ်ကမ္ဘာမြေမှာ ကူးသန်းရောင်းဝယ်တာဖြစ်ဖြစ်၊ အနောက်ကမ္ဘာမြေမှာ ကူးသန်းရောင်းဝယ်တာဖြစ်ဖြစ်၊ သတ္ထုတူးတာတို့၊ ဝိညာဉ်လက်နက် သွန်းလုပ်တာတို့... ဘယ်လုပ်ငန်းမှာမဆို ငါတို့နတ်ဂိုဏ်းသားတွေ ရှိတော့ နတ်ဂိုဏ်းရဲ့ ဝင်ငွေက အဆက်မပြတ် စီးဆင်းနေတယ်”
ချင်မူ အတန်ငယ် စဉ်းစားပြီး ပြောလိုက်သည်။ “နတ်ဂိုဏ်းအတွက် နိစ္စဒူဝအသုံးစရိတ်တွေကို ချန်ထားပြီး ကျန်တဲ့ငွေတွေကို ဧကရာဇ်ဆီ လှူလိုက်.... ဧကရာဇ် သုံးစရာရှိတာတွေ သုံးပါစေ”
စစ်ယွင်ရှန်းက ချက်ချင်း ငြင်းသည်။ “မလှူနိုင်ပါဘူး.. ဒီငွေတွေကို နတ်ဂိုဏ်းရဲ့ အစ်ကိုအစ်မတွေ ရှာပေးထားတာ... ဘာလို့ ဧကရာဇ်ဆီ ပေးရမှာလဲ”
ချင်မူ စိတ်ရှည်ရှည် ရှင်းပြလိုက်၏။ “ဒါက အရောင်းအဝယ် လုပ်သလိုပါပဲ... ကောင်းကင်တန်ခိုးရှင်ဂိုဏ်း တည်ထောင်တာက ငွေရှာဖို့မဟုတ်ဘူးလေ... သာမန်လူတွေ နိစ္စဒူဝ အသက်မွေးဝမ်းကျောင်းနိုင်ဖို့နဲ့ ကောင်းကောင်းမွန်မွန် နေထိုင်ဖို့အတွက်ပဲ... နတ်ဂိုဏ်းရဲ့ စီးပွားရေးတွေက ဂိုဏ်းသားတွေရဲ့ ဘဝ ပိုအဆင်ပြေလာဖို့၊ ချမ်းသာဖို့ မဟုတ်ဘူး... ပြီးတော့ ငါတို့ ရှာနေတာတွေက တဖုန်းကြေးပြားတွေ မဟုတ်လား... ထာဝရငြိမ်းချမ်းရေးအင်ပါယာ မတည်ရှိတော့ရင် တဖုန်းကြေးပြားတွေလည်း မရှိနိုင်တော့ဘူး... ကပ်ဆိုးကြီးလာဖို့လည်း သိပ်မလိုတော့ဘူး”
စစ်ယွင်ရှန်းမှာ အင်တင်တင် ဖြစ်နေသေးသည်။ “ဒီငွေတွေကို ကြိုးစားပမ်းစား ရှာခဲ့ရတာ...”
“ငွေကြောင့် ချမ်းသာရသလို၊ ငွေကြောင့်ပဲ ဒုက္ခရောက်တတ်တယ်... လူတွေအပေါ် အကျိုးပြုနေသေးသရွေ့ ကိစ္စမရှိဘူး.. အကျိုးမပြုရင်တော့ အဆင်မပြေဘူး... ကောင်းကင်တန်ခိုးရှင်ဂိုဏ်းက ပြည်သူပြည်သားတွေရဲ့ ခေါင်းပေါ်၊ အင်ပါယာရဲ့ ခေါင်းပေါ် တက်ထိုင်နိုင်တဲ့အထိ အင်အားမကြီးဘူးလေ... ဘယ်သူမှ ငါတို့ကို အနိုင်ယူမရလောက်အောင် အင်အားကြီးနေတာမဟုတ်ဘူး... တည်ထောင်စဉ်ကတည်းက ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ မူလရည်ရွယ်ချက်က သူတော်စင်တန်ခိုးရှင်လမ်းစဉ်၊ တစ်ကမ္ဘာလုံးရဲ့ ကံကြမ္မာကို ချုပ်ကိုင်ထားနိုင်ဖို့မှ မဟုတ်တာ”
စစ်ယွင်ရှန်း လက်မခံနိုင်သေးသည့်အချိန် အဘွားအိုတစ်ယောက်က သူတို့၏မူလဝိညာဉ်များဆီသို့ လျှောက်လာသည်။ သူမက သူတို့ကို မော့ကြည့်၏။ “ရှန်းအာ... နတ်ဂိုဏ်းသခင် မှန်တယ်... ဘွားဘွားတို့ ပြည်သူတွေဆီက ယူထားတာကို ပြန်ပေးရမယ်...စစ်မိသားစုက နတ်ဂိုဏ်းရဲ့ ဘဏ္ဍာရေးကို ကိုင်တွယ်ပေမယ့် ဘဏ္ဍာကို ဘယ်လိုသုံးမလဲဆိုတဲ့ကိစ္စကိုတော့ နတ်ဂိုဏ်းသခင်ပဲ ဆုံးဖြတ်နိုင်တယ်... ရှန်းအာ ငွေမက်ပြီး ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ ရည်ရွယ်ချက်ကို မေ့နေပြီပဲ”
ချင်မူက အဘွားအိုကို နှုတ်ဆက်လိုက်၏။ “စစ်မိသားစုရဲ့ ဘွားဘွားကြီး”
အဘွားအိုက သူ့ကို ကပျာကယာ ပြန်နှုတ်ဆက်ကာ ပြုံးပြသည်။ “နတ်ဂိုဏ်းသခင်၊ ရှန်းအာက နည်းနည်း လောဘကြီးပေမယ့် သဘောထားသေးတဲ့ မိန်းကလေးတော့ မဟုတ်ပါဘူး”
ချင်မူ ကျေးဇူးတင်စကားပြောလိုက်၏။ “စစ်မိသားစု ပီသပါတယ်... ကျွန်တော့်ကြောင့် ဘွားဘွားတောင် အငြိမ်မနေရဘူး ဖြစ်သွားတယ်... ခွင့်လွှတ်ပါ... ကျွန်တော် တော်ဝင်ဥယျာဉ်ထဲ ရောက်နေလို့ ပြန်လိုက်ပါဦးမယ်” ထိုသို့ပြောပြီးနောက် သူ၏မူလဝိညာဉ်က အရိုအသေပေးကာ ပျောက်ကွယ်သွားသည်။
စစ်ယွင်ရှန်းလည်း မူလဝိညာဉ်ကို ပြန်ရုပ်သိမ်းလိုက်၍ ခန္ဓာကိုယ်ထဲ ပြန်ရောက်လာသည်။ “ဘာလို့ ဘွားဘွားကြီးက ဂိုဏ်းရဲ့ငွေတွေကို ဧကရာဇ်ဆီ ပေးချင်နေတာလဲ”
စစ်မိသားစု၏ ဘွားဘွားကြီးက ပြုံးလျက် ပြောလေသည်။ “ဂိုဏ်းသခင် မှန်တယ်... ပြည်သူတွေ ချမ်းသာပြီး အင်ပါယာက အားနည်းနေတယ် ... အပြင်ရန်သူတွေ ကျူးကျော်လာလို့ အင်ပါယာ ပျက်စီးသွားရင် လူတွေလည်း ဘယ်ချမ်းသာနိုင်တော့မလဲ... ဘယ်လောက်ချမ်းသာချမ်းသာ၊ ငွေအားလုံး သုံးမရဘူး ဖြစ်သွားလိမ့်မယ်... ချမ်းသာတဲ့လူတွေဟာ အင်ပါယာ ခိုင်မာတောင့်တင်းအောင် ထောက်ပံ့ပေးရတယ်... ဒါမှ အင်ပါယာမပြိုလဲသရွေ့ လူတွေရဲ့ ကြွယ်ဝချမ်းသာမှုကလည်း ရေရှည်တည်တံ့နိုင်မှာပေါ့”
တော်ဝင်ဥယျာဉ်ထဲတွင် ချင်မူ၏မူလဝိညာဉ် ခန္ဓာကိုယ်ထဲ ပြန်ရောက်လာသည့်အခါ သူ့အရှေ့တွင် ပန်းပွင့်လေးအား မွှေးကြည့်နေသော လင်ယွိရှို့ကို မြင်လိုက်ရသည်။ သူတို့နှစ်ယောက်၏ မျက်နှာကြား၌ ပန်းပွင့်လေးတစ်ပွင့်သာ ရှိလေသည်။
လင်ယွိရှို့က တိတ်တိတ်ကလေး မျက်လုံးဖွင့်ကြည့်ပြီး ချင်မူ သူမအား စိုက်ကြည့်နေသည်ကို မြင်လျှင် ရှက်သွေးဖြာသွားသည်။
ချင်မူ သစ်ကိုင်းကို လွှတ်၍ သူမ၏နှုတ်ခမ်းနုနုလေးအပေါ် အနမ်းတစ်ပွင့် ခြွေလိုက်မိ၏။ လင်ယွိရှို့ အံ့အားသင့်သွားပြီး လှည့်ပြေးသည်။ သူမအသံက အဝေးမှ ထွက်လာလေသည်။ “လူဆိုးကြီး၊ ခမည်းတော် သိရင် နင့်ကို ခေါင်းဖြတ်လိမ့်မယ်”
ချင်မူ တဟားဟား အော်ရယ်ကာ သူမနောက် ပြေးလိုက်သွားသည်။
အဝေးရှိ မိုးမခသစ်ပင်အောက်၌ ဧကရာဇ်ယန်ဖုန်း၏ မျက်နှာကြီး မည်းမှောင်နေသည်။ သူက သူ့အနောက်ရှိ အထိန်းတော်လေးအား ပြောလိုက်၏။ “ငါ့စာအုပ်လေး ယူလာခဲ့စမ်း”
အထိန်းတော်လေးမှာ စာအုပ်အသေးလေးတစ်အုပ်၊ စုတ်တံနှင့် မင်များ အလျင်အမြန် ဆက်သလိုက်သည်။ ဧကရာဇ်ယန်ဖုန်းက သူ၏စာအုပ်လေးကို ဖွင့်၍ စုတ်တံမြှောက်လိုက်၏။ “ငါ့အဖိုးတန်သမီးလေးကို အခွင့်ကောင်းယူတယ်၊ မင်းကို ခေါင်းဖြတ်ရမယ်... အရင်ဆုံး ချရေးထားမှ”
“အရှင်မင်းကြီး၊ ကျွန်တော်မျိုးတို့ ဒီကနေ ချောင်းကြည့်နေတာ မသင့်တော်ဘူးထင်ပါတယ်” အထိန်းတော်လေးက အရိပ်အခြည်ကြည့်ကာ လျှောက်တင်သည်။
ဧကရာဇ်ယန်ဖုန်း သူ့အား စိုက်ကြည့်လိုက်၏။ “မောင်မင်းကိုလည်း ခေါင်းဖြတ်မယ်... ဒါမဲ့ အခုတော့ မဟုတ်သေးဘူး ချရေးထားဦးမယ်”
အထိန်းတော်လေးက တိတ်တိတ်လေး နှုတ်ခမ်းဆူနေသည်။ “အရှင်မင်းကြီး၊ ကျွန်တော်မျိုး ခေါင်းပြတ်တာ အကြိမ်ပေါင်းမနည်းတော့ပါဘူး”
....
ချင်မူ လင်ယွိရှို့နောက် ပြေးလိုက်ပြီး နှစ်ယောက် ကစားနေကြသည်။ သူတို့၏ခံစားချက်များ ပြင်းထန်လာ၍ တစ်ခုခုလုပ်တော့မည့်အချိန် ပထမလူသားဧကရာဇ် ရောက်လာ၏။ လင်ယွိရှို့က သူ လာသည်ကို မြင်လျှင် အလျင်အမြန် နောက်ဆုတ်သွားသည်။
“ဒီကလေးမ မဆိုးဘူး” ပထမလူသားဧကရာဇ်က ပြောသည်။
ချင်မူ အလန့်တကြား ထခုန်မိလိုက်၏။ “ခင်ဗျား အကုန်မြင်လိုက်တယ်ပေါ့”
“ဧကရာဇ်ရောပဲ”
ပထမလူသားဧကရာဇ်က အဝေးရှိ သစ်ပင်များဆီသို့ လက်ညှိုးထိုးပြီး ပြောလေသည်။ “သူ မင်းတို့နောက် လိုက်ချောင်းနေတာ ကြာပြီ... ဟိုနားက တောင်အတုနောက်မှာလည်း မိဖုရားခေါင်ကြီး ပုန်းနေတယ်... ငါ သူတို့ကို မြင်ပေမယ့် သူတို့ ငါ့ကို သတိမထားမိဘူး”
ချင်မူ သစ်ပင်များဘက်သို့ လှမ်းကြည့်ရင်း ချွေးပြန်လာသည်။ ဧကရာဇ်က နဂါးဝတ်ရုံကို မပြီး အထိန်းတော်လေးနှင့်အတူ ခပ်သွက်သွက် ထွက်သွားသည်ကို မြင်လိုက်ရ၏။ အခြားတစ်ဖက်တွင် မိဖုရားခေါင်ကြီးနှင့် နန်းတွင်းသူများလည်း တောင်နောက်မှ ခပ်သုတ်သုတ် ထွက်သွားနေကြသည်။
ပထမလူသားဧကရာဇ်က စိတ်ညစ်နေသော ချင်မူ့ပုံစံကို ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။ “မင်းနဲ့ငါက အတူတူပဲ... တာဝန်တွေကို သူများလက်ထဲ ပေးပြီး ခေါင်းရှောင်တတ်တယ်... အခု ချိရှီနဲ့ အပေးအယူကိစ္စကို ဧကရာဇ်ဆီ လွှဲပေးလိုက်ပြီဆိုတော့ အခု ငါတို့နှစ်ယောက် စကားသေချာပြောသင့်ပြီ.. မင်း ငါ့ ကောင်းကင်မြေပြင်မုဒြာကို သင်ချင်လား၊ မသင်ချင်ဘူးလား... အဲဒီသိုင်းကွက် ဘယ်လောက် အားကောင်းပြင်းထန်မှန်း မင်း မြင်ခဲ့ပြီးပြီပဲ... ငါလည်း ဆက်ဆံသူ ရှာမတွေ့တော့ဘူး... မင်းပဲ ငါ့မုဒြာသိုင်းကို ဆက်ခံနိုင်မှာ”
“ပထမဘိုးဘေးကြီး၊ ကျွန်တော် မသင်ချင်တာမဟုတ်ဘူး၊ ကျွန်တော့်စိတ်ခံစားချက်က ခင်ဗျားနဲ့ မတူလို့ပါ”
ချင်မူက အမှန်အတိုင်း ပြောလိုက်၏။ “ကျွန်တော်က ခင်ဗျားလို မကြုံတွေ့ခဲ့ဖူးဘူးလေ... ဒီတော့ ခင်ဗျားရဲ့ မုဒြာသိုင်းကို တတ်မှာမဟုတ်ဘူး”
ပထမလူသားဧကရာဇ် ဆွံ့အသွားသည်။ သူ့မှာ ရိုက်ချက်ပြင်းပြင်းဖြင့် ဖြတ်ရိုက်ခံလိုက်ရသကဲ့သို့ စိတ်ပျက်လက်မှိုင်ကျသွားပြီး အသက်မဲ့သွား၏။ သူ့အမူအရာမှာလည်း ညှို့မှိုင်းသွားပြီး သိသိသာသာ အိုစာသွားတော့သည်။
ချင်မူမှာ မကြည့်ရက်တော့ပေ။ “အရင်ဆုံး သင်ပေးကြည့်လေ... သင်လို့ရရင် သင်လိုက်မယ်... မရရင်တော့ ကျွန်တော်က ခင်ဗျားအတွက် သင့်တော်တဲ့ ဆက်ခံသူမဟုတ်ဘူးပေါ့”
ပထမလူသားဧကရာဇ် ဝမ်းနည်းနေရာမှ ဝမ်းသာသွားသည်။ သူက ပြုံးရယ်ကာ ပြောလေသည်။ “မင်းက လောကသခင်ခန္ဓာပဲ သေချာပေါက် တတ်မှာပါ... ငါ့ကျင့်စဉ်က ကောင်းကင်မြေပြင်နှလုံးသားလျှို့ဝှက်ကျင့်စဉ် လို့ ခေါ်တယ်... ကျင့်စဉ်ကျင့်ရင် မင်းက ပြိုကျနေတဲ့ ကောင်းကင်နဲ့မြေပြင်ကြားမှာ ရပ်တည်နေတဲ့ ကောင်းကင်မြေပြင်နှလုံးသား ဖြစ်လာလိမ့်မယ်... ပျက်စီးလှုပ်ခတ်နေတဲ့ ကောင်းကင်နဲ့မြေပြင်စွမ်းအားကို ငှားယူပြီး ကောင်းကင်မြေပြင်မုဒြာသိုင်းကွက်ကို ဖွဲ့တည်နိုင်မယ်”
သူက ကျင့်စဉ်နှင့် မုဒြာသိုင်းကို ချင်မူ့ဆီ သင်ပေးနေပြီး ချင်မူကလည်း အာရုံစူးစိုက်စွာ နားထောင်နေသည်။ သူက ပထမလူသားဧကရာဇ်၏ ကျင့်စဉ်နှင့် မုဒြာသိုင်းကို တိတိကျကျ မှတ်သားလိုက်၏။ ဤကျင့်စဉ်မှာ သိကြားကျမ်းစာအောက် မနိမ့်ကျသည့်အပြင် ခိုင်ဧကရာဇ်ခေတ်၏ အသိအမြင်ဗဟုသုတတများပင် ကိန်းဝပ်နေသည်။
သို့သော် ကျင့်စဉ်က ခေတ်တစ်ခတ်၏ပျက်သုဉ်းမှုကို နှလုံးသွင်းထားခြင်း ဖြစ်ချေရာ ချင်မူမှာ ခံစားချက်ကို မည်သို့မျှ မဖမ်းဆုပ်နိုင်ဖြစ်နေသည်။
ပထမလူသားဧကရာဇ်က မျှော်လင့်ချက်အပြည့်ဖြင့် ချင်မူ သူ၏မုဒြာသိုင်းအား ထုတ်လွှတ်မည်ကို စောင့်နေသည်။ သို့သော် ချင်မူက ကျင့်စဉ်နှင့် သိုင်းကွက် သင်ပြီးနောက် ဖန်ဆင်းကောင်းကင်စက်ကွင်းအပေါ်ရှိ သင်္ကေတအမှတ်အသားများကို ဆက်လက်လေ့လာနေ၏။ သူက သင်္ကေတအမှတ်အသားများကို အစီအစဉ်ပြန်ချပြီး ဖန်ဆင်းကောင်းကင်နတ်သိုင်းတစ်ခု ဖန်တီးရန် ကြိုးစားနေချေသည်။
ဖန်ဆင်းကောင်းကင်နတ်သိုင်း ဖန်တီးပြီးသည့်အခါ ချင်မူက မုဒြာလက်ဟန်တစ်ခုဖြင့် သိုင်းကွက်အား ထုတ်လွှတ်ကြည့်လိုက်သည်။ သူတို့ဘေးမှ ဖြတ်သွားသော နန်းတွင်းသူလေးမှာ အထိတ်တလန့် ထအော်ပြီး သိုးပေါက်လေးအဖြစ် ပြောင်းလဲသွားသည်။
ချင်မူ ဝမ်းပန်းတသာ ထအော်တော့သည်။ “အလုပ်ဖြစ်တယ် အလုပ်ဖြစ်တယ်”
ပထမလူသားဧကရာဇ် စိတ်ညစ်နေသည်။ ချင်မူက သိုးပေါက်လေးကို ဖမ်းပြီး ပြောင်းပြန်မုဒြာလက်ဟန်ဖြင့် နန်းတွင်းသူလေးအသွင် ပြန်ပြောင်းပေးလိုက်သည်။ နန်းတွင်းသူလေးမှာ ကြောက်လန့်တကြား ထွက်ပြေးသွားလေသည်။
ချင်မူက လူသားဧကရာဇ်၏အမူအရာကို အကဲခတ်၍ စပ်ဖြဲဖြဲ ပြုံးပြသည်။ “ပထမဘိုးဘေးကြီး၊ ကျွန်တော်တို့ စိတ်ခံစားချက်က မတူပါဘူးလို့ ပြောသားပဲ... ကျွန်တော့်မှာ ခင်ဗျားလို ခံစားချက်တွေ မရှိတော့ မုဒြာသိုင်းကို မထုတ်ဖော်နိုင်ဘူး”
ပထမလူသားဧကရာဇ်က စိတ်မကောင်းဖြစ်နေသော မျက်နှာဖြင့် ခေါင်းယမ်းရင်း လှည့်ထွက်သွားသည်။ “တစ်ခါမှ မကြိုးစားကြည့်ဘဲ ဘယ်သိနိုင်မလဲ... နှစ်ယောက်လုံးက ဒီလောကကြီးမှာ စွန့်ပစ်ခံထားရတဲ့ ချင်မိသားစုရဲ့ မိဘမဲ့တစ်ကောင်ကြွက်တွေမလို့ မင်းနဲ့ငါက တူမယ်ထင်ခဲ့မိတာ...”
ဝုန်း
ရုတ်တရက် သူ့နောက် ပေါက်ကွဲသံကြီး ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ပထမဘိုးဘေးကြီး နောက်လှည့်ကြည့်လိုက်သည့်အခါ ကောင်းကင်နှင့်မြေပြင်ကြား၌ တစ်ယောက်တည်း ရပ်တည်နေသော ချင်မူ့အား မြင်လိုက်ရ၏။ သူ၏အသွင်မှာ ကျရောက်လာတော့မည့် ကပ်ဘေးကြီးအား ရင်ဆိုင်ရန် အသင့်ဖြစ်နေသည်။
ပထမလူသားဧကရာဇ် မှင်သက်သွားပြီး သူ့မျက်နှာတွင် မျှော်လင့်ခြင်းအရိပ်အယောင်တို့ ထင်ဟပ်လာသည်။
“လောကသခင်ခန္ဓာ မသင်နိုင်တဲ့အရာ မရှိဘူးပဲ” လက်တစ်ဖက်က ကောင်းကင်၊ တစ်ဖက်က မြေပြင်နှင့်အတူ ချင်မူ့တွင် ညှို့မှိုင်းနေသောအမူအရာ ရှိနေ၏။
၎
င
၎
၎