← Chapters

ကောင်းကင်စက်ကွင်း၏ စွမ်းအား

Vol. 47 Ch. 641

ကောင်းကင်စက်ကွင်း၏ စွမ်းအား

Vol. 47 Ch. 641

ချင်မူ ကောင်းကင်မြေပြင်မုဒြာကို ထုတ်လွှတ်နိုင်ခြင်းမှာ လောကသခင်ခန္ဓာကြောင့် မဟုတ်ပေ။ ပထမလူသားဧကရာဇ် ပြောလိုက်သည့် စကားတစ်ခွန်း‌ကြောင့် ဖြစ်သည်။

“ဒီလောကကြီးမှာ စွန့်ပစ်ခံထားရတဲ့ ချင်မိသားစုရဲ့ မိဘမဲ့တစ်ကောင်ကြွက်တွေ... မင်းနဲ့ငါက အတူတူပဲ....” ဆိုသည့် စကားက ချင်မူ့ရင်ထဲတွင် ပထမလူသားဧကရာဇ်နှင့် ထပ်တူညီသော စိတ်ခံစားချက်များ ပေါက်ဖွားလာစေ၏။

ပထမလူသားဧကရာဇ်သည် ခိုင်ဧကရာဇ်ခေတ်၏ ပျက်သုဉ်းမှုကို ကြုံတွေ့ခဲ့ရပြီး ဤလောကကြီးတွင် အထီးကျန်စွာ ကျန်ခဲ့သော ချင်မိသားစုဝင်တစ်ယောက်အဖြစ် ခိုကိုးရာမဲ့ကာ ကောင်းကင်နှင့်မြေပြင်အား တစ်ကိုယ်တည်း သယ်ထမ်းခဲ့ရသည်။

ဤခံစားချက်က ပထမလူသားဧကရာဇ်၏ ခံစားချက်ဖြစ်သလို၊ ချင်မူ၏ခံစားချက်လည်း ဖြစ်လာသည်။

ပထမလူသားဧကရာဇ်က ခိုင်ဧကရာဇ်ခေတ်ကို သယ်ထမ်းပြီး ခေတ်တစ်ခေတ်လုံး မပျက်သုဉ်းသွားအောင် ကြိုးစားချင်ခဲ့သည်။ ချင်မူ သယ်ထမ်းထားချင်သည်မှာ‌တော့ ယနေ့ကမ္ဘာ၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာခေတ် ဖြစ်၏။

ထာဝရငြိမ်းချမ်းရေးအင်ပါယာသည် ယခုအချိန်တွင် ဘေးအန္တရာယ်ကင်းရှင်းပြီး ပြည်သူပြည်သားများ ပျော်ရွှင်စွာ နေထိုင်ကြပုံပေါ်သော်လည်း အန္တရာယ်က တရွေ့ရွေ့ တိုးဝင်လာနေကြောင်း ချင်မူ ကောင်းကောင်းသိသည်။ ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ ကောင်းကင်နတ်ဆိုးမျိုးနွယ်၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာထဲရှိ ကျောက်ရုပ်တုများ၊ ကောင်းကင်အတုနှင့် အနောက်ကမ္ဘာမြေအထက်ရှိ အထက်ကောင်းကင်ဘုံ... အစရှိသော အန္တရာယ်များအပြင်

ချိမင်ခေတ်မှ အသက်ရှင်ကျန်ခဲ့သူများကလည်း အန္တရာယ်ဖြစ်နေသည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာသာ သဲလွန်စလေးတစ်စ ဆွဲထုတ်မိလိုက်လျှင် အချိန်မရွေး သုတ်သင်ခံလိုက်ရနိုင်၏။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ၊ ယခုတင်မှ မွေးဖွားလာခဲ့သော‌ ဤခေတ်အသစ်သည်.... လေဒဏ်မိုးဒဏ်ထဲ၌ တုန်ခါလှုပ်ယမ်းနေခဲ့ချေပြီ။ အချိန်မရွေး အရာအားလုံး ပြောင်းပြန်လှန်ခံရပြီး ဖျက်စီးခံရနိုင်သည်။

ဤခံစားချက် သူ့ရင်ထဲတွင် ဖြစ်ပေါ်လာသည့်အခါ ပထမလူသားဧကရာဇ်၏ ကောင်းကင်မြေပြင်မုဒြာစွမ်းအားကို ထုတ်ဖော်နိုင်သွား၏။

မုဒြာသိုင်း၏စွမ်းအားအောက်ဝယ် ချင်မူသည် တောင့်တင်းခိုင်မာသော အင်အားတစ်ရပ် ဖြစ်သည်သာမက ကောင်းကင်နှင့် မြေပြင်ကို ထောက်ကန်ပေးထားနိုင်သည့် တိုင်လုံးကြီးပမာ ထင်ရသည်။ သူက သမိုင်းတစ်ကြော့မပြန်ရအောင် ကျရောက်လာတော့မည့် ကပ်ဆိုးကြီးအား အဆုံးသတ်ချင်နေသည်။

ဤသည်မှာ ပထမလူသားဧကရာဇ်နှင့် သူ မတူညီသော အချက်ဖြစ်သည်။

ပထမလူသားဧကရာဇ် ချင်မူ့မုဒြာသိုင်းကွက်ကို မြင်လျှင် အံ့ဩမှင်သက်သွားခြင်းမှာ ဤသို့မတူညီမှုကြောင့် ဖြစ်၏။

ချင်မူက ကောင်းကင်မြေပြင်မုဒြာသိုင်းကွက် တစ်ကွက်ပြီးတစ်ကွက် ထုတ်လွှတ်နေသည်။ ပထမလူသားဧကရာဇ်၏ မုဒြာသိုင်းက ချင်မူ မြင်ခဲ့ဖူးသော ကျန်မုဒြာသိုင်းများနှင့် မတူပေ။ သူ၏ မုဒြာသိုင်းက လက်နှစ်ဖက်လုံးကို ကောင်းကင်မုဒြာ၊ မြေပြင်မုဒြာအဖြစ် သုံး၍ သိုင်းကွက်များ ထုတ်လွှတ်ရခြင်းဖြစ်သည်။

ကောင်းကင်မုဒြာအရ ကောင်းကင်ယံရှိ တိမ်တိုက်များက လက်ဝါးများအဖြစ် ဖွဲ့တည်သည်။ လက်ဗွေရာများက နေ၊ လ သို့မဟုတ် ဓာတ်ကြီးငါးပါးကြယ်တာရာများ ဖြစ်၏။

မြေပြင်မုဒြာက ‌တောင်တန်းမြစ်ပြင်များအား လက်ဝါးအဖြစ် အသုံးချသည်။ လက်ဗွေရာများက ပင်လယ်များ၊ ရေကန်များ ဖြစ်သည်။

ကောင်းကင်မုဒြာ တုန်ခါသွားသည့်အခါ တိမ်တိုက်များက လက်ဝါးများ ဖြစ်လာသည်။ ဓာတ်ကြီးငါးပါးကြယ်များ၊ နေနှင့် လ လည်ပတ်သွားပြီး လက်ချောင်းငါးချောင်းဆီမှ ဓာတ်ကြီးငါးပါး သို့မဟုတ် နေနှင့်လ၏ စွမ်းအား ထွက်ပေါ်လာ၏။

မြေပြင်မုဒြာ တုန်ခါသွားသည့်အခါမူ မြစ်ပြင်လက်ဝါးများ ထကြွလာပြီး တောင်တန်းလက်ဝါးများ ပေါ်ထွက်လာသည်။ လက်ဗွေရာတိုင်းသည် အဆုံးမဲ့သော ပင်လယ်သမုဒ္ဒရာပမာ ဖြစ်လာ၏။

နောက်ဆုံး ကောင်းကင်ပြိုကျပြီး မြေပြင်ပျက်စီးသည့်အခါ စွမ်းအားက ပို၍ပင် ကြောက်မက်ဖွယ်ရာ‌ကောင်းလာသည်။ မြေငလျင်၊ ရေလှိုင်း၊ မုန်တိုင်း၊ မီးတောက်ပေါက်ကွဲမှုအားလုံး မြေပြင်မုဒြာနှင့်အတူ ပေါ်ထွက်လာပြီး ကောင်းကင်မုဒြာ၏ ကြယ်တာရာများက မြေပြင်အပေါ် ရွာကျသည်။

ရလဒ်အနေဖြင့် မုဒြာသိုင်းကွက်အားလုံး အဖျက်မုဒြာသိုင်းကွက်များအဖြစ် ပြောင်းလဲသွားပြီး စွမ်းအားက အဆများစွာ မြင့်တက်သွားလိမ့်မည်။ သို့သော် ယင်းက ကောင်းကင်ဘုံကို မှောက်ခုံလှန်သည့် လက်ကွက်သုံးကွက်မှ ကောင်းကင်နတ်သိုင်း ဖြစ်သည်။ ထိုမျှလွယ်ကူစွာ သုံးမရပေ။

အချိန်အနည်းငယ်ကြာသော် ချင်မူ စွမ်းအားကို ပြန်ရုတ်သိမ်းလိုက်၍ ကောင်းကင်နှင့်မြေပြင် ပြိုကျနေသော ပုံရိပ်များ ပျောက်ကွယ်သွားသည်။

“မင်း တတ်သွားပြီပဲ... သုံးလည်း သုံးတတ်သွားပြီ”

ပထမလူသားဧကရာဇ်က ကျေးဇူးတင်နေသောအပြုံးဖြင့် ပြောလေသည်။ “သိထားတာကို အသုံးချ... ငါ့မုဒြာသိုင်း မင်းကြောင့် ပိုအဆင့်မြင့်သွားဖို့ မျှော်လင့်တယ်”

ချင်မူ့တွင် ညှို့မှိုင်းနေသော အသွင်အပြင်ရှိသော်လည်း ရှေ့သို့ ဆက်သွားချင်သော ခံစားချက်လည်း ကိန်းဝပ်နေသည်။ ကောင်းကင်နှင့်မြေပြင်မုဒြာသိုင်းကွက်၏ သက်ရောက်မှုကြောင့် သူ့မှာ ထိုခံစားချက်မှ ရုန်းမထွက်နိုင်သေးပေ။ သက်ရောက်မှုအား ဖယ်ရှားရန် အချိန်အနည်းငယ် ကြာလိမ့်မည်။

“အိုင်းရား ဒီမုဒြာသိုင်းကွက်က နည်းနည်း ထူးဆန်းတယ်နော်”

ချင်မူ ပတ်ဝန်းကျင်သို့ လှည့်ကြည့်လိုက်သည့်အခါ တော်ဝင်ဥယျာဉ်မှာ အကောင်းပကတိအတိုင်း ရှိနေသေးကြောင်း မြင်လိုက်ရသည်။ သစ်ရွက်လေးတစ်ရွက်၊ ပန်းပွင့်ချပ်လေးတစ်ချပ်ပင် ပျောက်ကွယ်မသွားပေ။ သူ ယခုလေးတင် ထုတ်လွှတ်လိုက်သော ကောင်းကင်မြေပြင်မုဒြာ၏ စွမ်းအားက သိသိသာသာ ကြီးမားသည်။ ကောင်းကင်နှင့် မြေပြင်ပင် ပြိုကွဲကြေမွသွားနိုင်၏။

သူ၏ ကောင်းကင်မြေပြင်မုဒြာကြောင့် ဧကရာဇ်ယန်ဖုန်း၏ တော်ဝင်ဥယျာဉ် ပျက်စီးသွားမည်ဟု တွေးခဲ့မိသည်။ သို့သော် တော်ဝင်ဥယျာဉ် အကောင်းပကတိအတိုင်း ကျန်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ စောစောက ခံစားခဲ့ရသော ကြောက်မက်ဖွယ်ရာ ခံစားချက်က သွေးလေချောက်ချားခြင်းများလား။

“ကောင်းကင်မြေပြင်မုဒြာရဲ့ ရည်ရွယ်ချက်က ကောင်းကင်နဲ့မြေပြင် ပြိုကွဲမသွားအောင် ထောက်ကန်ပေးထားဖို့၊ ပြည်သူပြည်သားတွေရဲ့ အသက်ဘဝတွေကို ထောက်ကန်ပေးထားဖို့ပဲ... ဘာကြောင့် ကောင်းကင်နဲ့မြေပြင်ကို ဖျက်စီးရမှာလဲ”

ပထမလူသားဧကရာဇ်၏အသံ ထွက်လာသည်။ “ဒီမုဒြာရဲ့စွမ်းအားက ရန်သူ့အပေါ်ပဲ ကျရောက်လိမ့်မယ်... ပတ်ဝန်းကျင်ကို မဖျက်စီးဘူး”

ချင်မူ ပထမလူသားဧကရာဇ်အပေါ် ကရုဏာသက်သွားသည်။ “ပထမဘိုးဘေးကြီး၊ ခင်ဗျားရဲ့ မုဒြာသိုင်းကွက်တွေက ပြင်းထန်သင့်သလောက် မပြင်းထန်ဘူးပဲ... လေ့ကျင့်နေတုန်းက ကြောက်စရာစွမ်းအားကို ခံစားလိုက်ရပေမယ့် တော်ဝင်ဥယျာဉ်ကိုတောင် မဖျက်စီးနိုင်ဘူး”

ပထမလူသားဧကရာဇ်မှာ ဒေါသထွက်လွန်း၍ သူ့ကို လက်ညှိုးထိုးရင်း ပြောစရာစကား ရှာမတွေ့တော့ပေ။ အတန်ကြာမှ သူက ပြောလိုက်သည်။ “ငါ ချိမင်ကောင်းကင်ဘုံနှိမ်နင်းပြာဿဒ်ဆောင်မှာ အထပ်ရှစ်ရာမြောက်အထိ တစ်ခါတည်း တိုက်ခိုက်ခဲ့တာလေ... မင်း ငါ့မုဒြာစွမ်းအားကို မမြင်ခဲ့ဘူးလား”

ချင်မူ ရိုးသားစွာ ခေါင်းယမ်းပြီး မလုံမလဲ ပြောလိုက်မိသည်။ “ဖန်ဆင်းကောင်းကင်စက်ကွင်းပေါ်က သင်္ကေတအမှတ်အသားတွေကိုပဲ စိတ်ဝင်စားနေမိတာနဲ့ တိုက်ပွဲ မကြည့်ခဲ့ရဘူး... ပန်ကုန်းစုန်ကတော့ ကြည့်ခဲ့တယ်... သူက ချိရှီကို ခင်ဗျား အနိုင်ယူနိုင်တာ မထူးဆန်းပါဘူးတဲ့... ခင်ဗျားသိုင်းအဆင့်က သူ့ထက် အများကြီးမြင့်မားမှတော့ သူ့ကို နိုင်တာ ပုံမှန်ပဲလေ....”

ပထမလူသားဧကရာဇ်မှာ ခေါင်းငိုက်စိုက်ကျသွားသည်။ “ငါ တိုက်ခိုက်ခဲ့တာက သူ မဟုတ်ဘူး... ချိမင်ကောင်းကင်ဘုံနှိမ်နင်းပြာဿဒ်ဆောင်ပဲ... ငါ သူ့ကို တိုက်ခိုက်ချင်ရင် သိုင်းကွက်တစ်ကွက်တည်းနဲ့ သူ သေလောက်ပြီ... ကြည့်ရတာ အထပ်ရှစ်ရာအထိ တိုက်ခိုက်ခဲ့ရတာ အလကားပဲ ထင်ပါရဲ့...”

ချင်မူ ကပျာကယာ ပြောလိုက်၏။ “ပထမဘိုးဘေးကြီး၊ စိတ်မပျက်ပါနဲ့.. ခင်ဗျားရဲ့ မုဒြာသိုင်းက ကျွန်တော့် ဓားသိုင်းအောက် နိမ့်ကျပေမယ့် ကျွန်တော် ပြောင်းလဲလိုက်ရင် အင်အားကြီးလာနိုင်ပါသေးတယ်... စိတ်ချ ဧကရာဇ်ရဲ့ တော်ဝင်ဥယျာဉ်ကို ဖျက်စီးစေနိုင်ရမယ်လို့ အာမခံတယ်... နည်းနည်း ပြောင်းလဲပြီးတာနဲ့ သေချာပေါက် ခမ်းနားကြီးကျယ်သွားမှာပါ”

ပထမလူသားဧကရာဇ်မှာ အားမရှိသော လူမမာကြီးသဖွယ် လမ်းလျှောက်သွားပြီး သူ့ကို လက်ဝှေ့ယမ်းပြသည်။ “မင်း စိတ်တိုင်းကျသာ လုပ်တော့... ငါ...”

သူ ပြောရန် ပြင်လိုက်သော်လည်း သက်ပြင်းသာ ချမိသည်။ သူ့မှာ အမှန်တကယ် ကူကယ်ရာမဲ့နေတော့၏။ လမ်းလျှောက်ရင်း ချင်မူ သူ၏မုဒြာသိုင်းကွက်အား ဖြစ်ကတတ်ဆန်း ပြောင်းလဲလိုက်မည်ကို တွေးကာ ရင်ထဲ တနုံ့နုံ့ ဖြစ်နေမိသည်။ သူက လှည့်ကြည့်လိုက်ပြီး ချင်မူ ဖန်ဆင်းသင်္ကေတအမှတ်အသားများအား ဆက်လက်လေ့လာနေမှန်း မြင်လျှင် စိတ်သက်သာရာရသွား၏။ သို့သော် အနည်းငယ် စိတ်ပျက်နေသေးသည်။

“သူ ငါ့မုဒြာသိုင်းကို ဆက်မကျင့်ကြံဘူးပဲ... ငါ့မုဒြာသိုင်းက အဲဒီလောက် သေးသိမ်နေတာလား”

ရက်အနည်းငယ်ကြာသော် နန်းတွင်းသည် ချိရှီဖြင့် အပေးအယူ ဆွေးနွေးပြီး မဟာမိတ်စာချုပ် ရေးထိုး၏။ ချိရှီက ချင်မူ စာရင်းပြုစုထားသော ပစ္စည်းအနက်မှ တချို့ကို ငြင်းပယ်ခဲ့သော်လည်း အများစုတွင် သဘောတူခဲ့သည်။ သူ၏တောင်းဆိုချက်တွင်မူ ချိမင်ခေတ်မှ အသက်ရှင်ကျန်သူများ၏ နယ်မြေထဲ၌ စာသင်ကျောင်းများ၊ တက္ကသိုလ်များ တည်ထောင်ပေးရမည်၊ ကျောင်းများနှင့် တက္ကသိုလ်များမှ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများအား ချိမင်ခေတ်၏ ပြည်သူများဆီသို့ သင်ကြားပေးရမည်ဟူ၍ ပါရှိ၏။

ဧကရာဇ်ယန်ဖုန်းက သဘောတူသည်။ သူက မဟာမြို့ပျက်နှင့် နီးသော တောင်ပိုင်းနယ်စပ်ရှိ နယ်မြေကြီးတစ်ခုအား ချိမင်ခေတ်၏ပြည်သူများ အခြေချနေထိုင်ရန် ပေးလေသည်။

ချိရှီက ချင်မူ မရမက ယူခိုင်းထားသော ကောင်းကင်စက်ကွင်းကို ပေးရန်လည်း သဘောတူခဲ့၏။

ချင်မူ ဝမ်းသာလုံးဆို့သွားသည်။ သူက ချိရှီ စိတ်ပြောင်းသွားမည်စိုး၍ ချိရှီနှင့်အတူ တောင်ပင်လယ်သို့ ချက်ချင်း သွားပြီး ဖန်ဆင်းကောင်းကင်စက်ကွင်းအား ယူသည်။

ပန်ကုန်းစုန်မှာ ချိရှီ ချင်မူ၏တောင်းဆိုချက်တစ်ဝက်ကျော်ကို သဘောတူညီခဲ့သည့်အပြင် ရေအောက်နတ်ဘုရားမြို့၏ ရတနာများကိုလည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ ပေးခဲ့ကြောင်း မြင်လျှင် ရင်နာသွားသည်။ “ဆရာ၊ ဒါက မဟာမိတ်ဖွဲ့တာ‌နော်... အညံ့ခံတာမဟုတ်ဘူး... ဆရာ ဧကရာဇ်ယန်ဖုန်းဆီ ပေးတာ များလွန်းတယ်... ကောင်းကင်လက်နက်တွေ နည်းတာမဟုတ်ဘူး... ဖန်ဆင်းကောင်းကင်စက်ကွင်းဆို ရတနာတွေထဲက ရတနာပဲ... ဘာလို့ပေးလိုက်တာလဲဗျာ”

ချိရှီက သရော်တော်တော် ပြုံး၍ ပြောသည်။ “ဒီဂိုဏ်းသခင်ချင်က ကမ္ဘာကြီးကို မမြင်ဖူးတဲ့ ‌တောသားလေးထက် မပိုဘူး... ဧကရာဇ်ကလည်း ကမ္ဘာကြီးကို မမြင်ဖူးဘူး... မင်းလည်း အတူတူပဲ”

ပန်ကုန်းစုန် ဇဝေဇဝါ ဖြစ်သွားသည်။ “ဆရာ တပည့်ကို အလင်းပြပါ”

“ဒီကောင်းကင်လက်နက်တွေကို ချိမင်ခေတ်က ပြည်သူတွေ သွန်းလုပ်ခဲ့တာလေ... ငါတို့ကောင်းကင်နတ်ဘုံ အဲဒီတုန်းက ဘယ်လောက်ချမ်းသာတယ်ထင်လဲ... ‌ကောင်းကင်လက်နက်ထောင်ဂဏန်းလောက်က ငါတို့အတွက် ဘာမှမဟုတ်ဘူး.... အဲဒါတွေက ငါတို့ကောင်းကင်နန်းဆောင်တစ်ဆောင်ထဲက အရန်လက်နက်တွေပဲ ရှိသေးတယ် “

ချိရှီက အနိမ့်အမြင့်မရှိသော လေသံဖြင့် ဆက်ပြောသည်။ “ဖန်ဆင်းကောင်းကင်စက်ကွင်းကတော့ ငါတို့ချိမင်နတ်ဘုရားနိုင်ငံတော် အတော်လေး အားထုတ်ပြီး သွန်းလုပ်ခဲ့ရတဲ့ စက်ကွင်းပဲ... ပုံကြမ်းတွေနဲ့ ပန်းပဲပညာရှင်တွေ မပါဘဲ နောက်တစ်ခု သွန်းလုပ်ဖို့ မဖြစ်နိုင်ဘူး... ကောင်းကင်စက်ကွင်းက ငါတို့လူတွေကို ချိတ်ပိတ်ဖို့ သုံးတာလေးပဲလေ... အခု ငါ့လူတွေကို ပြန်လွှတ်ပေးပြီးပြီဆိုတော့ အသုံးမဝင်တော့ဘူး... ချိမင်နတ်ဘုရားနိုင်ငံတော်အနေနဲ့ ငါတို့ဘိုးဘွားမြေမှာ ရပ်တည်နိုင်မယ့် နေရာတစ်နေရာ ရဖို့ လိုအပ်တယ်... ပြီးမှ ဖြည်းဖြည်းချင်း နယ်မြေချဲ့ထွင်နိုင်မယ်... သူတို့ရဲ့ လမ်းစဉ်တွေ၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေကို ငါတို့ တတ်မြောက်သွားရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာက ငါတို့ချိမင်နတ်ဘုရားနိုင်ငံတော်ရဲ့ နတ်ဘုရားတွေကို ခုခံနိုင်မယ်ထင်လား”

ပန်ကုန်းစုန်၏ မျက်လုံးများ အရောင်တောက်သွားပြီး လက်ဝါးနှစ်ဖက် ပွတ်ကာ ချီးကျူးလိုက်သည်။

ချိရှီက ပြုံးလျက် ပြောသည်။ “ရပ်နေတဲ့အမြင့်ချင်း မတူရင် မြင်ရတဲ့အမြင်လည်း မတူတော့ဘူး.... တပည့်၊ မင်း ရပ်နေခဲ့တဲ့ အမြင့်က ကြက်အမောက်လောက်ပဲ မြင့်တယ်.... ဒါကြောင့် မြေကြီးပေါ်က တီကောင်တွေက မင်းအတွက် ကောင်းတယ်ထင်လိမ့်မယ်... ဒါပေမဲ့ ဝေဟင်ထက်က သိမ်းငှက်တွေအတွက်တော့ တီကောင်တွေဟာ ကြက်စာသက်သက်ပဲ”

ပန်ကုန်းစုန်က ဦးကုန်းချလိုက်သည်။ “ဆရာ မှန်ပါတယ်... ချင်မူတော့ သေပြီပဲ”

ချိရှီ ပြုံးလိုက်သည်။ “သူ့အမြင်က မမြင့်သေးတော့ ဝေးဝေး မမြင်နိုင်ဘူး... ဒါပေမဲ့ ဧကရာဇ်ယန်ဖုန်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာကို အုပ်ချုပ်နေပြီး အဲဒီလိုအမြင်ကျဉ်းလိမ့်မယ် မထင်ခဲ့မိဘူး.... ငါတော့ သူ့ကို အထင်သေးတယ်... ဒီလိုဧကရာဇ်မျိုးက ဒီမြေကို အုပ်ချုပ်ဖို့ မထိုက်တန်ဘူး... ငါနဲ့လိုက်ခဲ့... ဧကရာဇ်ယန်ဖုန်းကို တွေ့စရာရှိတယ်”

ဆရာတပည့်နှစ်ယောက် နန်းတော်သို့ ရောက်သည့်အခါ ယန်ကျစ်ကွေ့က အလျင်အမြန် ကြိုသည်။ “အရှင်မင်းကြီးက တော်ဝင်ဥယျာဉ်ထဲမှာ ဝန်မင်းချင် စမ်းသပ်နေတာကို သွားကြည့်တော်မူပါတယ်... ကျေးဇူးပြုပြီး ကြွပါ”

ချိရှီလည်း သူနှင့်အတူ ‌တော်ဝင်ဥယျာဉ်ထဲသို့ လိုက်သွားသည်။ အဝေးမှ လှမ်းကြည့်လိုက်သည့်အခါ တောင်အတုတစ်လုံးအပေါ်၌ ချထားသော ဖန်ဆင်းကောင်းကင်စက်ကွင်းကြီးအား မြင်လိုက်ရ၏။ စက်ကွင်း၏ ပတ်ပတ်လည်တွင် အပြင်လူများ ဝင်မလာနိုင်အောင် ဟန့်တားထားသော တံတိုင်းမြင့်မြင့်များ ရှိနေသည်။

သူတို့ရောက်သည့်အခါ ပြည်ထဲရေးဝန်မင်းများ ဖြစ်ဟန်တူသော နတ်ဘုရားသုံး၊ လေး၊ ငါးယောက် ရှိနေ၏။ သူတို့က ဧကရာဇ်ယန်ဖုန်းနှင့်အတူ စက်ကွင်း၏ပတ်ပတ်လည်၌ ရပ်နေကြသည်။ ပထမလူသားဧကရာဇ်လည်း ရောက်နေ၏။

ဘေးတွင် မိဖုရားခေါင်ကြီးက လင်ယွိရှို့နှင့် ကျန်မင်းသား၊ မင်းသမီးများအား ခေါ်လာသည်။ နန်းတွင်းသူများလည်း ရှိနေသည်။

ကောင်းကင်စက်ကွင်း၏အလည်တွင်တော့ ချင်မူက တွက်ချက်ရေးကိရိယာမျိုးစုံ ထုတ်ကာ ဧရာမတွက်ချက်ရေးလက်နက်ကြီးအဖြစ် ဖွဲ့တည်လိုက်သည်။ မည်သူမှ သူ ဘာလုပ်နေမှန်း မသိကြပေ။

“အရှင်မင်းကြီး”

ချိရှီ ရှေ့တိုးသွားပြီး နှုတ်ဆက်လိုက်သည်။ “ကျွန်တော်တို့ မဟာမိတ်ဖွဲ့ပြီးပြီဆိုတော့ နတ်ဘုရားသားတော်နဲ့ တွေ့ဖို့ ထာဝရငြိမ်းချမ်းရေးအင်ပါယာကနေ ထွက်သွားချင်ပါတယ်... နတ်ဘုရားသားတော်ကို အကြောင်းကြားရမှာ မလို့ပါ... အရှင်မင်းကြီးအနေနဲ့ နတ်ဘုရားသားတော်နဲ့ ဆုံတွေ့ဖို့ ချိမင်ရွှမ်ခုံးကမ္ဘာဆီ သံတမန်တွေ လွှတ်ပေးနိုင်မလားခင်ဗျာ”

“လွှတ်ပေးရမှာပေါ့”

ဧကရာဇ်ယန်ဖုန်းက ပြုံးလျက် မိန့်တော်မူသည်။ “ဝန်မင်းချင် ဖန်ဆင်းကောင်းကင်စက်ကွင်းကို စမ်းသပ်ပြီးသွားရင် ကိုယ်တော်  အဆွေတော်ချိရှီနဲ့အတူ ရွှမ်ခုံးကမ္ဘာဆီ သံတမန်တွေ ထည့်ပေးလိုက်ပါ့မယ်... ခဏလောက် စောင့်ပေးပါဦး”

ချိရှီ နားလည်၍ ပြုံးလိုက်ပြီး ချင်မူ စက်ကွင်းအား တွက်ချက်နေသည်ကို ကြည့်ရင်း တိတ်ဆိတ်စွာ ရပ်စောင့်နေလိုက်သည်။

ပန်ကုန်းစုန်လည်း ပြုံးနေသည်။ သူက အလွန်ကျေနပ်နေပြီး တွေးနေ၏။ ‘ဧကရာဇ်ယန်ဖုန်းက ခဏခဏ ခေါင်းဖြတ်သတ်မယ် ပြောနေတဲ့ အရူးလို့ ကြားဖူးတယ်... ဒီစက်ကွင်းကြီး အသုံးမတည့်တဲ့အကြောင်းကိုသာ ဧကရာဇ်ယန်ဖုန်း သိသွားရင် သေချာပေါက် ဒီခွေးသူတောင်းစားကို ခေါင်းဖြတ်မှာပဲ”

ဖန်ဆင်းကောင်းကင်စက်ကွင်းထဲ၌ ချင်မူသည် အတန်ကြာ တွက်ချက်ပြီးနောက် တွက်ချက်ရေးကိရိယာများ ပြန်သိမ်းကာ ပြုံးလိုက်၏။ “အခု ယုံကြည်ချက်အပြည့်ရှိပြီ”

ချိရှီက အပြုံးတစ်ခုဖြင့် လှမ်းပြောလိုက်လေသည်။ “မိတ်ဆွေလေးချင်၊ ကျုပ်တို့ ချိမင်ခေတ်ရဲ့ ကောင်းကင်စက်ကွင်းကို သုံးချင်ရင် ငါ့ကို ပြောလေ... ငါ သင်ပေးနိုင်ပါတယ်”

ချင်မူ‌ ခေါင်းယမ်းပြီး ကောင်းကင်စက်ကွင်းပေါ်ရှိ အသက်သွင်းအမှတ်အသားအား လင်းစေလိုက်သည်။ “ခင်ဗျား မသိပါဘူး...မေးနေလည်း အလကားပဲ”

ချိရှီက ဒေါသထွက်မသွားဘဲ ပြုံးလျက်သာ ပြော၏။ “အသက်သွင်းအမှတ်အသားက အဲဒါမဟုတ်ဘူး မိတ်ဆွေလေးချင်၊ မှားနေပြီ”

“မမှားဘူး”

ချင်မူက စက်ကွင်းထဲ၌ ပျံဝဲနေပြီး ဖန်ဆင်းကောင်းကင်စက်ကွင်းပေါ်ရှိ သင်္ကေတအမှတ်အသား တစ်ခုပြီးတစ်ခု လင်းလာသည်။ သင်္ကေတအမှတ်အသားများသည် စီးဆင်းနေသော ရေအလျဉ်သဖွယ် အဆက်မပြတ် ပြောင်းလဲနေပြီး စက်ကွင်းအကြီးများက စက်ကွင်းအသေးများအပေါ် ထပ်သွား၏။ စက်ကွင်းများ လည်နေ‌သောပုံစံက ချိရှီ အသုံးပြုခဲ့စဉ်ကနှင့် မတူပေ။ ဤစက်ကွင်းများသည် ပြောင်းပြန်လည်နေခြင်း ဖြစ်၏။

ဝှမ် ဝှမ် ဝှမ်

ကောင်းကင်စက်ကွင်းများ လည်နေသည့်နှုန်းက မြန်သထက် မြန်လာသည်။ သင်္ကေတအမှတ်အသားများက အရပ်လေးမျက်နှာသို့ ဖြာထွက်လာပြီး ဝင်းထဲရှိ လူအားလုံးအပေါ် ကျရောက်သွား၏။

ရုတ်တရက် တဖောက်ဖောက် မြည်သံများ ထွက်လာ၍ ချိရှီ အလျင်အမြန် လှည့်ကြည့်မိလိုက်သည်။ ဧကရာဇ်ယန်ဖုန်းနှင့် ကျန်ရှိသူများ၏ ခန္ဓာကိုယ်များ ပြောင်းလဲနေသည်ကို သူ တွေ့လိုက်ရ၏။ ဣန္ဒြေသိက္ခာအပြည့်ဖြင့် ခံ့ညားတည်ကြည်ခဲ့သော ဧကရာဇ်ယန်ဖုန်း၏ ခေါင်းမှာ ယခုတွင် ငါးခေါင်းကြီး ဖြစ်နေသည်။

ဧကရာဇ်ယန်ဖုန်း၏ ဘေးရှိ နတ်ဘုရားများ၏ ခေါင်းများမှာလည်း သစ်ပင်ထိပ်ဖျားအဖြစ် ပြောင်းသူက ပြောင်း၊ ငါးဖန်ခွက်ပုံစံ ဖြစ်သူကဖြစ်ကုန်ကြသည်။ မိဖုရားခေါင်းကြီးပင် ဧရာမပင်လယ်သားရဲကြီးတစ်ကောင် ဖြစ်သွား၏။

ချိရှိ လန့်ဖျပ်သွားပြီး ပန်ကုန်းစုန်အား လှည့်ကြည့်လိုက်သည်။ ပန်ကုန်းစုန်မှာ မြေကြီးပေါ်တွင် လူးလွန့်နေသော ပင်လယ်မြွေတစ်ကောင် ဖြစ်နေချေပြီ။

ချိရှီ သူ့ခေါင်းသူ ကပျာကယာ ထိကြည့်ပြီး အလန့်တကြား အော်လိုက်မိသည်။ သူ့ခေါင်းမှာလည်း ငါးခေါင်းသုံးခေါင်း ဖြစ်နေသည်။

ထို့အပြင် သူ၏မူလဝိညာဉ်လည်း ပြောင်းလဲသွားသည်။ နှစ်ပေါင်းများစွာ သူ ကျင့်ကြံထားခဲ့သော မှော်စွမ်းအင်များအား တစ်စက်မှ သုံးမရတော့ပေ။

ချိရှီ ထိတ်ပျာသွားပြီး သူ့ခြေထောက်များသူ ငုံ့ကြည့်လိုက်သည့်အခါ ငါးအမြီးဖြစ်နေကြောင်း တွေ့လိုက်ရသည်။ ရှိသည့်လူများအနက် ပထမလူသားဧကရာဇ်တစ်ယောက်သာ မပြောင်းလဲသေးပေ။ သို့သော် သူ၏ရုပ်ခန္ဓာမှာလည်း ပြောင်းလဲနေ၏။ တစ်ချက်တစ်ချက် သူ့ခန္ဓာကိုယ်မှ ငါးကြေးခွံများနှင့် ဆူးတောင်များ ထွက်လာတတ်သည်။

ပထမလူသားဧကရာဇ်ပင် ဖန်ဆင်းကောင်းကင်စက်ကွင်း၏ စွမ်းအားကို အပြည့်အဝမတွန်းလှန်နိုင်ပေ။

ဤသည်မှာ တစ်လက်လူကို ထိခိုက်သွားစေနိုင်သည့် ကောင်းကင်နတ်သိုင်းမဟုတ်သော်လည်း ထူးဆန်းသော ဖန်ဆင်းပြောင်းလဲခြင်းစွမ်းအားကို ပိုင်ဆိုင်ထား၏။ ပထမလူသားဧကရာဇ်က ဖန်ဆင်းကောင်းကင်နတ်သိုင်းကို သင်ယူထား၍ ခုခံနိုင်ခြင်းဖြစ်သည်။

“မကောင်းတော့ဘူး”

ချိရှီ ဒက်ခနဲ သဘောပေါက်သွားသည်။ “ချင်မူ ဒီခွေးကောင်လေး ဒီဖန်ဆင်း‌ကောင်းကင်စက်ကွင်းမှ မရရင် သေတော့မလို ဖြစ်နေတာ မထူးဆန်းဘူး... ငါ့ရဲ့ နတ်ဘုရားစီရင်ရာဓားမကို မျက်စိကျနေကတည်းက ဒီခွေးကောင်လေးက သူခိုးအိုကြီးတစ်ယောက်လို အတွေ့အကြုံရှိမှန်း ငါ သိခဲ့သင့်တယ်”

All Chapters